Breaking News

ဇင်လင်း - တရုတ်နိုုုုင်ငံံ၏ တောင်တရုတ်ပင်လယ်မှ ပထဝီဝင်နိုင်ငံရေး ရွှေ့ကွက်များ



ဇင်လင်း - တရုတ်နိုုုုင်ငံံ၏ တောင်တရုတ်ပင်လယ်မှ ပထဝီဝင်နိုင်ငံရေး ရွှေ့ကွက်များ

(မိုုုုုုးမခ) ဧပြီီ၁၄၊ ၂၀၂၀ 

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းသို့ စတုရန်းမိုင်ပေါင်း (၁,၃၅၀,၀၀၀) အထိ နယ်နိမိတ်ချဲ့ထွင်ထားသည်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ ထိုဒေသတွင် လွန်ခဲ့သော (၇) နှစ်ကျော်ကာလအတွင်း တရုတ်၏ စစ်အင်အား ဆက်လက် ဖြန့်ကျက်မှုကြောင့် လုံခြုံရေးပတ်ဝန်းကျင် အခြေအနေကို ရှုပ်တွေးလာစေသည်။ ထိုသို့လုံခြုံရေးအခြေအနေ ရှုပ်ထွေးလာမှု စတင်နိဒါန်းပျိုးခဲ့သည်မှာ အမေရိကန်ပြည်ထောင်စုတွင် သမ္မတ ဘာရက်အိုဘားမား (Barack Obama) အစိုးရ၏ ၏ ဒုတိယသက်တမ်း၌ ဖြစ်သည်။ ယင်းသို့ တရုတ်၏ နယ်မြေချဲ့ထွင်မှုသည် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အကျိုး စီးပွားကို အခြေခံသည်ဟု ဆိုကြသည်။

၂၀၁၂ ခုနှစ်တွင် ကျွန်းသေးကျွန်းမွှားကလေး (၅) ကျွန်းအတွက် တရုတ်နှင့် ဂျပန် ပြဿနာ ဖြစ်ခဲ့ဖူးသည်။ သစ်ပင်ဝါးပင် မရှိ ကျောက်ဆောင်လွှမ်းသော ကျွန်းများပေါ်တွင် ဆိတ်ရိုင်းတိရိစ္ဆာန်အနည်းအကျဉ်းမှလွဲ၍ လူသူနေထိုင်မှုမရှိဟု သိရ သည်။ တရုတ် နှင့် ဂျပန် နှစ်နိုင်စလုံးက ယင်းကျွန်းစုကလေးကို ပိုင်ဆိုင်လိုမှုအတွက်၊ ထိပ်တိုက်ရင်ဆိုင်နေကြသည်။ တရုတ် ရေတပ်နှင့် ဂျပန်ရေတပ်တို့သည် လပေါင်းအတန်ကြာ အရှေ့တရုတ်ပင်လယ်ပြင်၌ ရန်စောင်နေခဲ့ကြသည်။ ထိုကျွန်းစုကို ဂျပန်တို့က ရှင်ကာကုကျွန်းစု (Senkaku Islands) ဟု ခေါ်ကြပြီး၊ တရုတ်တို့က ဒိုင်အိုယုကျွန်းစု (Diaoyu Islands) ဟု ခေါ်ဆိုကြသည်။ ထို အငြင်းပွားမှုသည် စွမ်းအင်ကိစ္စနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ဆိုသည်။ ထို ကျွန်းများ ဝန်းကျင် ပင်လယ်ကြမ်းပြင်၌ သဘာဝဓါတ်ငွေ့သယံဇာတသိုက်ရှိ နေသည်ဟု သိရသည်။ သို့သော် အငြင်းပွားမှုသည် နိုင်ငံရေး နှင့် သမိုင်းဆိုင်ရာပြဿနာများဖြင့် ထွေးရောယှက်တင်ဖြစ်နေသော ကိစ္စတစ်ခုဟုလည်း ဆိုနိုင်သည်။

ဂျပန်အမည် ရှင်ကာကုကျွန်းစု (Senkaku Islands) သို့မဟုတ် တရုတ်အမည် ဒိုင်အိုယုကျွန်းစု (Diaoyu Islands) ကျွန်းစု ပြဿနာသည် အာရှတိုက်၏ အကြီးမားဆုံး ပထဝီဝင်နိုင်ငံရေးပြဿနာ ဖြစ်သည်။ စီးပွားရေးနှင့် စစ်ရေးအင်အား အကြီးဆုံးနိုင်ငံ (၂)ခု ပါဝင်ပတ်သက်နေသည့် ကိစ္စလည်း ဖြစ်သည်၊ စေ့စပ်ညှိနှိုင်းဖြေရှင်း၍ မရဖြစ်နေသည့် ဆိုးရွားသော နိုင်ငံအချင်းချင်းဆက်ဆံရေး ပြဿနာဟုလည်း ပြောနိုင်သည်။ တရုတ်နှင့် ဂျပန်တို့သည် ကမ္ဘာ့နိုင်ငံရေးစင်မြင့်ကို ညီတူ ညီမျှ ခွဲဝေပိုင်ဆိုင်ကြခြင်းမျိုး မည်သည့်အခါကမှ မရှိခဲ့ပါ။ တစ်နိုင်ငံက အခြားတစ်နိုင်ငံအပေါ် လွှမ်းမိုး ချုပ်ကိုင်ထားခြင်း မျိုးသာ အစဉ်အလာဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)လောက်လုံးလုံး တရုတ်က ဒေသတခုလုံးကို ချုပ်ကိုင်လွှမ်းမိုး သူ ဖြစ်ခဲ့သည်။ ဂျပန်ကလည်း သူ့ကိုယ်သူ မဟာ တရုတ်ပဒေသရာဇ်နိုင်ငံတော်၏ အစောင့်အရှောက်ခံနယ်မြေအဖြစ် လက်ခံခဲ့ရသည်။ သို့သော်လည်း (၁၉) ရာစုနှောင်းပိုင်း ရောက်သောအခါ၊ ဂျပန်သည် အနောက်နိုင်ငံများကို အမှီလိုက် ရန် အတွက် စီးပွားရေး၊ နိုင်ငံရေးအရ ခေတ်မီ ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့သည့် ပထမဦးဆုံး အာရှနိုင်ငံ ဖြစ်လာသည်။

မေဂျီပြုပြင်ပြောင်းလဲရေးခေတ်ေနာက်ပိုင်းတွင် ဂျပန်သည် စစ်အင်အားတောင့်တင်းသော နိုင်ငံဖြစ်လာသည်။ ၁၈၉၅ ခုနှစ် တွင် ဂျပန်က ကျင်မင်းဆက်တရုတ်နိုင်ငံကို စစ်နိုင်ခဲ့သည်။ ယင်းစစ်နိုင်ခြင်း၏ ရလဒ်များထဲက တစ်ခုမှာ ဂျပန်တိုကျိုအစိုးရ က ရှင်ကာကုကျွန်းစုကို တရားဝင် ဂျပန်ပိုင်နယ်မြေအဖြစ် သိမ်းသွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့် ကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့်နှစ်ပေါင်း(၄၀) တစ်လျှောက်လုံး အငြင်းပွားခဲ့ကြသည်။ သမိုင်းအစဉ် အလာအရ ထိုကျွန်းစုကို တရုတ်က သူသာပိုင်ဆိုင်ကြောင်း ထုတ်ဖေါ်ကြေညာခဲ့သည်။ ဂျပန်ကလည်း ထိုကျွန်းစုသည် ခေတ်သစ်နယ်မြေပိုင်ဆိုင်ခွင့်အရ သူသာပိုင်ကြောင်း တုန့်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၂ သြဂုတ်လ လောက်က နှစ်နိုင်ငံစလုံး၏ ပြုမူဆောင်ရွက်ပုံသည် အထိမ်းအကွပ်မရှိဖြစ်လာခဲ့ပြီး၊ ပဋိပက္ခ တစ်ခုဆီ ဦးတည်လာခဲ့သည်။ ထို ကျွန်းစုပတ်ဝန်းကျင်ရေပြင်တွင် နှစ်နိုင်ငံလုံးက ကင်းလှည့်ကြသဖြင့် တရုတ် နှင့် ဂျပန် သင်္ဘောရေယာဉ်များအကြား နေ့စဉ်ရင်ဆိုင်တွေ့မှုများ ဖြစ်ခဲ့သည်။ နှစ်နိုင်ငံ ပိုင်နက်များ အတွင်း၌ ဆန္ဒပြမှုများ အဓိကရုန်းများလည်းဖြစ်ခဲ့သည်။ ဆန္ဒပြသူများသည် တဖြည်းဖြည်း အမျိုးသားရေးအစွန်းရောက်မှု အသွင်ဆောင် လာ သည်။ အစိုးရ(၂) ရပ်လုံး အနေဖြင့် အခြေအနေတည်ငြိမ်ဆီ ဦးတည်၍ သံခင်းတမန်ခင်းအရ ဖြေရှင်း ဆောင်ရွက်ကြခြင်း မျိုး မရှိဟု ဆိုသည်။ ယင်းကိစ္စတွင် အမေရိကန်ကလည်း ပါဝင်ပတ်သက်လာခဲ့သည်။ အကြောင်းခံမှာ ဂျပန်-အမေရိကန် စစ်ရေးဆိုင်ရာ သဘောတူစာချုပ်ရှိနေသောကြောင့် ဖြစ်သည်။ အကယ်၍ ဂျပန်ကို တစ်နိုင်ငံငံက စစ်ရေးအရ တိုက်ခိုက် လာခဲ့လျှင်၊ အမေရိကန်က အကူအညီပေးရန် ဖြစ်သည်။ ရှင်ကာကုကျွန်းစုသည် အဆိုပါ စစ်ရေးစာချုပ်၏ တာဝန်ခံ အကာအကွယ်ပေးမှုအောက်၌ ရှိကြောင်း ဝါရှင်တန် အစိုးရက အတည်ပြုချက်ပေးထားသည်။ တနည်းအားဖြင့် တရုတ်နှင့် ဂျပန်ရေတပ်တို့ ထိပ်တိုက်တွေ့မှုမှတဆင့် တစုံတရာ အတိမ်းအစောင်းကြောင့် ရေတပ်ချင်း စစ်ခင်းခဲ့ကြလျှင် အမေရိကန် သည် အာရှစစ်ပွဲအတွင်း ပါဝင်လာဖွယ် အကြောင်းခံရှိနေသည် ဟုဆိုသည်။

ယင်းကိစ္စနှင့်စပ်လျဉ္း၍ ဒေသဆိုင်ရာ တင်းမာမှု ဆက်လက်ရှိနေဆဲဖြစ်သည်ဟု အငြင်းပွားဖွယ် ပြောဆိုနေကြသော်လည်း တရုတ်နိုင်ငံ၏ တောင်ဘက်သို့နယ်မြေချဲ့ထွင် သိမ်းယူသည့် ကြိုးပမ်းမှုမှာ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ သို့သော် ရှုပ်ထွေး ပွေလီသော ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်အခြေအနေသည် ၂၀၁၉ ခုနှစ်တွင် ပိုမိုတင်းမာသည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိသွားသည်။ ယင်းအဆင့်တွင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ (South China Sea - SCS) ရှိ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မာစေရန် အတိအလင်း တွန်းတွန်းတိုက်တိုက် လုပ်လာသည်။ စစ်အင်အားနှင့် နိုင်ငံရေးအင်အား နှစ်ရပ်ကို ပူးတွဲ အသုံးပြုခြင်းအားဖြင့် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသည်။ ကင်းထောက် လေယာဉ်များ၊ ဒုံးလက်နက် တင် ဖျက်သင်္ဘောများ၊ စစ်လက်နက်သိုလှောင်ရုံများကို ယင်းဒေသ၌ ဖြန့်ကျက်ချထားလာသည်။ စစ်ရေးပြ ကင်းလှည့်မှု များလုပ်ဆောင်ခြင်းဖြင့် တဟုန်ထိုး ရှေ့တိုးလာသည်။

တောင်တရုတ်ပင်လယ်ဒေသ (SCS) ရှိ သူ၏ပိုင်နက် ပထဝီဝင် နယ်မြေအတွင်းသို့ချဲ့ထွင်မှုကို ခေတ္တမျှ ရပ်နားငြိမ်သက် နေခဲ့သော်လည်း၊ တရုတ်နိုင်ငံ၏ ဒေသန္တရဆိုင်ရာ သြဇာလွှမ်းမိုးလိုသော ရည်မှန်းချက် အမူအရာတို့ကို မြင်နေရသည်။ သို့တိုင်အောင် မဟာဗျူဟာအရ အလွန်အရေးပါသော ရေကြောင်းလမ်းကို ထိန်းချုပ်နိုင်သည်အထိကား အောင်မြင်မှု မရ ရှိသေးပေ။ ထိုဒေသတွင် ဗီယက်နမ်၊ ဖိလိပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်ဝမ် တို့ကလည်း နယ်မြေပိုင်ဆိုင်မှု တောင်း ဆိုနေကြသည်ဖြစ်ရာ၊ တရုတ်၏ အနေအထားမှာ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံနေရဆဲ၊ ခြိမ်းခြောက်ခံနေ ရဆဲဟု ဆိုရပေမည်။

စင်စစ်အားဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ဗြောင်ကျကျ စစ်အင်အားပြ နယ်မြေချဲ့ထွင် နေမှုများသည် ထို ဒေသအတွင်း အမေရိကန်ပြည်ထောင်စု စိမ့်ဝင်ကျူးကျော်လာမည့်အရေးကို ဆန့်ကျင်ကြောင်း ပြသနေခြင်းဖြစ်သည်။ သို့တိုင်အောင် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်ဒေသအတွင်းရှိ နယ်မြေပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများသည် ခိုင်မာ မှုရှိလှသည်ဟု မဆိုနိုင်ပေ။ နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြင်ပမှ ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် တရုတ်အနေဖြင့် သူ၏ ပိုင်နက်နှင့် သြဇာ ဆက်လက်ချဲ့ထွင်ရေးကိစ္စကို လက်လျှော့မည့်ပုံ မတွေ့ရပေ။

တရုတ်သည် SCS ေဒသရွိ သူ၏ ပိုင်နက်တွင် ကျွန်းများတည်ဆောက်ရေးစီမံကိန်းလုပ်ဆောင်နေသည်မှာ ဆယ်နှစ်ခန့်ပင် ရှိခဲ့ပြီ။ နောက်တစ်ဆင့်တွင် SCS ဒေသရှိ သူချဲ့ထွင်ထားသော နယ်မြေ ပိုင်ဆိုင်မှု ခိုင်မာရေးအတွက် စစ်အခြေစိုက်စခန်း များ တည်ဆောက်လာသည်။ စကားဘောရိုး ပင်လယ်ရေတိမ်ဒေသ (Scarborough Shoal) အပါအဝင် ရှေးက လူသူနေ ထိုင်ခြင်းမရှိသော ကျွန်းသေးကျွန်းမွှားများပေါ်တွင် တပ်စခန်းများချထားခြင်းဖြင့် သူနယ်မြေပိုင်ဆိုင်မှုကို ခိုင်မာအောင် လုပ်ခဲ့သည်။ စကားဘောရိုး ပင်လယ်ရေတိမ်ဒေသကို တရုတ်တို့က ဟွမ်ကျန်ဒေါင် (Huangyan Dao) ဟု ခေါ်ဆိုပြီး၊ ဖိလိပိုင်နိုင်ငံ၏ လူဇုံကွန်း(Luzon) မှ မိုင် ၁၄၀ အကွာတွင် တည်ရှိသည်။ တရုတ်နိုင်ငံ၏ “မဟာဗျူဟာမြောက်တြိဂံဒေသ” (China’s Strategic Triangle) တည်ဆောက်မှုနှင့်အတူ ဟွမ်ကျန်ဒေါင် စစ်စခန်းတည်ဆောက်မှုလည်း ပြီးစီးခဲ့သည် ဟု ဆိုသည်။ ယင်းတည်ဆောက်မှုတွင် လေတပ်အခြေစိုက်စခန်းများ၊ ကင်းစောင့်စခန်းများ၊ လက်နက်ခဲယမ်းဖြန့်ဖြူးရေး စခန်းများလည်း ပါဝင်သည်ဟု ဆိုသည်။ တောင်တရုတ်ပင်လယ်ဒေသ (SCS) တွင် တရုတ်၏ စနစ်တကျ ကြိုးပမ်းချဲ့ထွင် ဆောင်ရွက်မှုများသည် ဒေသတွင်း စစ်အင်အားချိန်ခွင်လျှာ ‘ပိုနေမြဲ ကျားနေမြဲ’ အခြေအနေကို ထိန်းသိမ်းလိုခြင်း မရှိ ကြောင်း တွေ့ရသည်။

လွန်ခဲ့သော နှစ်အတန်ကြာကပင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ (SCS)ရှိ သန္တာကျောက်တန်းများနှင့် ကျွန်းစုများပေါ်တွင် နယ်မြေချဲ့ထွင်ခဲ့ခြင်းဖြင့် မြေဧက ထောင်ပေါင်းများစွာ ဖြန့်ကျက်နေရာယူနိုင်ခဲ့သည်။ သို့သော် SCS ဒေသရှိ သူ၏ ပိုင်နက်နယ်မြေတစ်ခုလုံးပေါ်တွင် စစ်ရေးအရ အခြေစိုက်နိုင်မှုနှင့် လိုအပ်သည့်ပြင်ဆင်မှုများ မလုပ်နိုင်သေး ပေ။ ထိုသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် မျှော်မှန်းထားသည်ထက် ပိုမို၍ ရှည်လျားသော လုပ်ငန်းဝန်တာများရှိနေ သည်ဟု ဆိုသည်။ ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်ရန်နှင့် ဖွံ့ဖြိုးရေးလုပ်ရန်ကိစ္စသည် လွယ်ကူလှသည် မဟုတ်ပါ။ ထို့ပြင် ပင်နယ်နိမိတ်ချင်း ဆက်စပ်နေသော အခြားနိုင်ငံများကလည်း ကျွန်းများပိုင်ဆိုင်မှုကို တောင်းဆိုနေကြသည်ဖြစ်ရာ နောင် လာမည့် အနာဂတ်တွင် မည်သူပိုင်သည်ဟု ပြောရန်ပင် မလွယ်သေးဟု ဆိုသည်။

SCS ဒေသတွင် စစ်အင်အားတိုးချဲ့မှု လျှင်မြန်စွာ ဖြစ်လာနိုင်ခြေ ရှိကြောင်း ဆက်စပ်နေသော အချက် ၃ ချက်ကို တွေ့ရ သည်။ ပထမအချက်မှာ တရုတ်နိုင်ငံအနေဖြင့် ယခင်နယ်မြေချဲ့ထွင်ထားမှုကို ဆက်လက်၍ အင်အားခိုင်မာစေရန် လုပ် ဆောင်ရင်း၊ SCS ဒေသတွင်းရှိ နိုင်ငံများနှင့် ထိပ်တိုက်ပဋိပက္ခဖြစ်ရသည်။ ထိုနိုင်ငံများက SCS ဒေသတွင်းရှိ ကျွန်းစုများကို ပိုင်ဆိုင်ထိုက် ကြောင်း တစိုက်မတ်မတ် တောင်းဆိုလျှက်ရှိသည်။ ဒုတိယအချက်မှာ အမေရိကန်အစိုးရက “ပင်လယ်ရေ ကြောင်းလမ်း လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ ထုံးတမ်း ဥပဒေစည်းမျဉ်း” ကို လိုက်နာထိန်းသိမ်းသင့်ကြောင်း ကြေညာ ချက်ထုတ်ပြန်ထားသည်။ တတိယအချက်မှာ တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ဒေသ (SCS)ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများပေါ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ကတိပြုထားသော်လည်း ကတိလိုက်နာရန် ပျက်ကွက်လျှက် ရှိသည်။

တရုတ္သမၼတ ရှီကျ့င့်ဖျင် (Xi Jinping) က SCS ဒေသတွင် စစ်ရေးဆိုင်ရာ တည်ဆောက်မှုများ မလုပ်ပါဟု ကတိပြုထားခဲ့ သည်။ သို့သော် စစ်လက်နက်ခဲယမ်းများ၊ စစ်ဖက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ အဆင့်မြင့် နည်းပညာ အသုံးပြုနိုင် သော တိုက်လေယာဉ်များ၊ မြေပြင်မှ ဝေဟင်ပြစ် ဒုံးပျံများ(SAMs)၊ သဘောင်္များကို ပစ်ခွင်းနိုင်သော တာဝေးပစ်ဒုံးပျံများ၊ ဆက်သွယ်ရေး ကြားဖြတ်အနှောက်အယှက်ပေးစက်များ၊ အစရှိသည်တို့ကို ထားသိုရန် အခြေခံအဆောက်အအုံများ တည်ဆောက်ခဲ့သည်။ ဆောက်လုပ်နေစဉ်အချိန်က အရပ်ဖက်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး အတွက်ဟု အကြောင်းပြခဲ့သည်။ ဘေဂျင်းအစိုးရက နောင်အနာဂတ်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့တပ်မတော် (PLA)လည်းပါဝင်လာမည်ဖြစ်၍ အခြေခံစခန်းများလိုအပ်လာ ပါက အသုံးပြုရန်ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။ ယင်းဆောင်ရွက်ချက်များသည် တရုတ်၏ မိမိပိုင်နက်နယ်မြေအတွင်း ချဉ်းကပ်ဝင်ရောက်မှုကို ဟန့်တားသည့် Anti-Access/ Area-Denial (A2/AD) စွမ်းရည်မြှင့်တင်မှုအတွက် အကြိုခြေလှမ်း များ ဖြစ်သည်။ SCS ဒေသသည် စစ်မြေပြင်၌ ရန်သူ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ထိန်းချုပ် ဟန့် တားရန်လုပ်သည့် နည်းစနစ်ဟု ဆိုသည်။

တရုတ်၏အမြင်အရ အမေရိကန်နိုင်ငံ၏ စစ်ရေးစွမ်းရည်ကို ရှုထောင့်အသီသီးမှ နှိုင်းယှဉ်ကြည့်ပါက ၎အနေဖြင့် မမှီနိုင် သေးဟု သိနေသည်။ ကိန်းဂဏန်းအရေအတွက်အရ တရုတ်က စစ်သည်အင်အားများသည်ဆိုသော်လည်း စွမ်းဆောင် နိုင်မှု အရည်အချင်းအရ အမေရိကန်ကို မှီရန် မဖြစ်နိုင်သေးပေ။ SCS ဒေသတွင် စစ်အင်အားနှင့်သြဇာ ပိုမိုသာလွန်သည့် အဆင့်သို့ရောက်ရှိလိုပါက၊ တရုတ် အနေဖြင့် အချိန်တိုအတွင်း၌ မိမိနယ်နိမိတ်ကိုကျော်လွန်၍ စစ်တပ်ချထားနိုင်ရေး သည် လိုအပ်သည့် အဆင့်ဖြစ်သည်ဟု ဆိုသည်။ အရှေ့ဖက်ကမ်း၌ အတိုက်အခံပြုနေသည့် နိုင်ငံတစ်စုကို ရင်ဆိုင်နေရ စဉ်မှာပင် တရုတ်နိုင်ငံသည် စစ်ရေးအရ ရင်းနှီးမြှုပ်နှံမှု ဆက်လုပ်ရသည်။ စစ်မျက်နှာတစ်ခုတည်းအပေါ်၌ အာရုံ စူးစိုက် ထားရသည်။ ဟွာဝေးကုမ္ပဏီ အကြီးအကဲ Meng Wanzhou ဖမ်းဆီးခံရမှု၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး ကိစ္စ အငြင်းပွားမှု၊ ဟောင်ကောင်ဆန္ဒပြပွဲများကိစ္စ အစရှိသည့် ဖြစ်ရပ်များအပေါ် တရုတ်နိုင်ငံက အလေးဂရုထား အာရုံ စူးစိုက်မှု ပြသနေစဉ် အခြားတစ်ဖက် SCS ဒေသတွင် တရုတ်အနေဖြင့် အကျိုးဖြစ်ထွန်းစေမည့် စီစဉ်ဆောင်ရွက်မှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။ အကျိုးဆက်အဖြစ် တောင်တရုတ်ပင်လယ်ဒေသရှိ တရုတ်အကျိုးစီးပွား များကိစ္စသည် သတင်းမီဒီယာတွင် အရေးမပါသကဲ့သို့ မှေးမှိန်သွားခဲ့သည်။

ထိုသို့ အခြားအရေးကိစ္စများဖြင့် နိုင်ငံတကာကို အာရုံလွဲစေရန် တရုတ်က လုပ်ဆောင်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံက လက်ရှိ ထိန်းချုပ်ထားနိုင်သည့် တောင်တရုတ်ပင်လယ်ဒေသ (SCS) တွင် စစ်ရေးအရ ခိုင်ခိုင်မာမာ ခြေချနိုင်ရန် အဖိုးတန် အချိန်များ ရရှိသွားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် SCS ဒေသတွင် ထပ်မံချဲ့ထွင်ခြင်းမလုပ်သည့်အြပင် နယ်မြေပိုင်ဆိုင်ခွင့် ထပ်မံအရေးဆိုခြင်းလည်း မလုပ်တော့ဘဲ ရပ်ထားခဲ့သည်။ သို့သော် မကြာသေးခင်က တရုတ်သည် နည်းလမ်းအသစ်များ အသုံးပြု၍ ဘရူးနိုင်းနိုင်ငံနှင့် ချိတ်ဆက်မိသည်။ ၂၀၁၅-၁၆ မှစတင်၍ ရေနံဈေးဆက်တိုက်ကျသဖြင့် ဘရူးနိုင်းသည် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် တရုပ်ကို မှီခိုလာရသည်။ တရုတ်၏ ခေတ်သစ်ပိုးလမ်းစီမံကိန်း (Belt-and-Road initiative) မှ ဘရူးနိုင်းအား အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၉၀၀ ကမ်းလှမ်းခဲ့သည်။ ဤနည်း အားဖြင့် တောင်တရုတ်ပင်လယ်ဒေသ (SCS) တွင် အလွန်တရာလိုအပ်နေသော မဟာမိတ်နိုင်ငံကို ရရှိခဲ့သည်။ ယင်းသို့ ဘရူးနိုင်းကို မဟာမိတ်ဖွဲ့နိုင်သောကြောင့် ဘေဂျင်းအစိုးရအတွက် မဟာဗျူဟာမြောက် အကျိုးအမြတ်များ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဖိလိပိုင်ကလည်း ခေတ်သစ်ပိုးလမ်းစီမံကိန်း (BRI) မှ ပေးမည့် အကူအညီများကို မျှော်ကိုး၍ တရုတ်နှင့် ရင်းနှီးမှု ရရှိလာခဲ့သည်။ တရုတ်၏ ကြီးကျယ်ခမ်းနားသော BRI ဖွံ့ဖြိုးရေး စီမံကိန်း မဟာဗျူဟာသည် စီးပွားရေးကို ဗန်းပြထား သော်လည်း အမှန်မှာ နိုင်ငံရေးသြဇာ လွှမ်းမိုးရေး အစီအမံဖြစ်သည်။ BRI ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်သည့် SCS ဒေသများသည် တရုတ်၏ နိုင်ငံရေးသြဇာအောက်သို့ကျရောက်ရပြီး၊ SCS ဒေသသည် တရုတ်ပိုင်နက်ဖြစ်သည်ဟုဆိုလို သည့် မူဝါဒ၏ လွှမ်းမိုးမှုကိုလည်း ခံရသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့်မူ SCS ဒေသသည် ဗီယက်နမ်ပိုင်ဖြစ်သည်ဟု မာမာတင်းတင်း ရပ်ခံပြောဆိုကာ တရုတ်နိုင်ငံအား စနစ်တကျ အန်တုစိန်ခေါ်လျှက်ရှိသည်။ SCS ဒေသရှိ တရုတ်၏ စီမံကိန်းများဖြစ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်မှု၊ အထူးသဖြင့် ကျွန်းအတုများ တည်ဆောက်မှု၊ စစ်သင်္ဘောများ ဖြန့်ကျက်မှု၊ လေကြောင်းရန် ကာကွယ်ရေး စနစ်နယ်မြေ (Air Defense Identification Zone - ADIZ) တည်ဆောက်မှု၊ အခြားနိုင်ငံများအား အေးဆေးစွာ မိမိတို့၏ အလံများကို အငြင်းပွားနေသော SCS ဒေသမှ နှုတ်သိမ်းသွားရန် ဖိအားပေးမှု အစရှိသည်တို့ကို ဗီယက်နမ်နိုင်ငံက ကန့်ကွက်ငြင်းပယ်လျှက်ရှိသည်။

တရုတ်နိုင်ငံက အခြားသော နယ်မြေများသည် SCS ဒေသအတွင်းရှိ ၎၏ သြဇာလွှမ်းမိုးရာ တရားဝင်မမည်သေးသော ဒေသများဆီသို့ တစ်ရွေ့ရွေ့ ရှေ့တိုးလာနေကြသည်ဟု ဆိုသည်။ အိမ်နီးချင်း နိုင်ငံများအား အချိန်ဆွဲ ဆွေးနွေးညှိနှိုင်း ခြင်း သို့မဟုတ် လာဘ်ပေးသည့် နည်းဖြင့် ရယူခြင်း ဆိုသည့် နည်းလမ်းနှစ်ခုကို တရုတ်က အသုံးပြုလျှက်ရှိသည်။ ယူကရိန်းပိုင်နယ်မြေကို ရုရှားက သိမ်းယူပြီးနောက် လေးနှစ်ခန့်ကြာသောအခါ၊ အထက်ပါနည်းလမ်း နှစ်ခုကို ရုရှားက အသုံးပြုခဲ့ပြီးနောက် သူ၏ သြဇာအာဏာကို ပင်လယ်နက်(Black Sea) ဒေသ၌ ခိုင်ခန့်အောင် ဆက်လုပ်ခဲ့သည်။ အလားတူပင် တရုတ်ကလည်း SCS ဒေသအတွင်းရှိ ၎ပိုင်အဖြစ် ထိန်းချုပ်ထားသော နယ်မြေများတွင် စစ်အင်အား ဖြန့်ချထားခြင်းဖြင့် ဆက်လက်ထိန်းချုပ်ထားသည်။ ယင်းအခြေအနေကို အလွယ်တကူ ငြင်းပယ်၍ မရဘဲ ဖြစ်နေသည်။

မိမိပိုင်ဆိုင်သည်ဟု ကြေညာထားသော အငြင်းပွားနေသည့် နယ်မြေဒေသကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားလိုပါက ထိုဒေသ ၌ အဆောက်အအုံများ အခိုင်အမာ ဆောက်ရပေမည်။ ထိုသို့လုပ်ခြင်းကို အခြား ပိုင်ဆိုင်မှု အငြင်းပွားနေသူတို့ကလည်း ဒေါသထွက် ကြမည်မလွဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် SCS ဒေသတွင် အငြင်းပွားနေသည့် ကျွန်းစုနယ်မြေဒေသကို အခိုင် အမာ ဆက်လက်ထိန်းချုပ်ထားလိုသည့်အလျောက်၊ လေယာဉ်ပြေးလမ်းများ၊ လက်နက်ခဲယမ်းအမျိုးမျိုးထားသိုရန် အဆောက်အအုံများ၊ အခြေခံ တပ်စခန်းများ အစရှိသော စစ်ရေးအခြေခံအဆောက်အအုံများကို တွင်တွင်ကျယ်ကျယ် ဆောက်လုပ်လျှက်ရှိသည်။ ယင်းသို့သမ္မတ ရှီကျ့င့်ဖျင် လက်အောက်၌ စစ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပေါ်ပေါ်ထင်ထင်ဆောက်လုပ်လာခြင်းသည် တရုတ်၏ ရဲတင်းလွန်းသော မူဝါဒကို ကြေညာနေသကဲ့သို့ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံရပ်ခြားဒေသများတွင် ကာကွယ်ရေး အသုံးစရိတ်များပြားလွန်းသည့် ကိစ္စကို ပြဿနာလုပ် မေးခွန်းထုတ်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် တရုတ်က ဟိမဝန္တာ တောင်တန်းဒေသမှ အာရှတိုက်ပင်လယ်ပြင်များဆီအထိ လက်ရဲဇက်ရဲဖြင့် နယ်မြေများတောင်းဆိုချဲ့ထွင်လာေနသည်။ ယင်းသို့ တရုတ်၏ နယ်မြေချဲ့ထွင်တောင်းဆိုမှုများ မကြာခန လုပ်ဆောင်လာမှုသည် ကမ္ဘာ့တည်ငြိမ်မှုကို ခြိမ်းခြောက် သကဲ့သို့ ဖြစ်လာသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာတွင် အမေရိကန်ပြည်ထောင်စု၏ ရေတပ်သင်္ဘောတစ်စင်းအား တရုတ်စစ်သင်္ဘောတစ်စင်းက တရုတ်ပိုင်နက်အဖြစ်တောင်းဆိုနေေသာ SCS ဒေသအတွင်းသို့ဝင်မလာနိုင်ရန် ခြောက်ထုတ်မှုပြုစဉ် သင်္ဘောချင်း တိုက် မိတော့မလို ဖြစ်ခဲ့သည်။ အခြားဖြစ်စဉ်တစ်ခုမှာ ဇန္နဝါရီလတွင် အမေရိကန် ရေတပ်သင်္ဘောတစ်စင်း စကားဘောရိုး ပင်လယ်ရေတိမ် ဒေသ (Scarborough Shoal) တွင် ရှိနေစဉ္ တရုတ်စစ်သင်္ဘောတစ်စင်းက ရန်စမှု ဖြစ်ပွားခဲ့သည်။ ထိုနေရာဒေသသည် ဖိလိပိုင်ထံမှ တရုတ်က ၂၀၁၂ တွင် သိမ်းယူထားသော နေရာဖြစ်သည်။ နိုင်ငံရေးအရ တင်းမာမှု မြင့်မားနေချိန်မျိုးဆိုလျှင် ရန်စောင်မသင့်မြတ်မှုမှတဆင့် စစ်မီးတစ်ခု ထတောက်နိုင်လောက်ကြောင်း ယင်းဖြစ်စဉ်နှစ်ခုက သက်သေပြခဲ့ပေသည်။

တရုတ္က SCS ဒေသ၏ ၈၀ ရာခိုင်နှုန်းအထိ သူ၏ပိုင်နက်ဖြစ်ကြောင်း တောင်းဆိုနေလျှက်ရှိသည့်အပြင်၊ စစ်အင်အား လည်းတိုးမြှင့်ချထား၍ ကုန်းမြေအတု ကျွန်းအတုများဖန်တီတည်ဆောက်ေနသည်ဟု ဆိုသည်။ ဗီယက်နမ်၊ ဖိလိပိုင်၊ ဘရူးနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ထိုပင်လယ်ပြင်ဒေသရှိ ကျွန်းနှင့် ကုန်းမြေများကို သူတို့ပိုင်ဆိုင်သည်ဟု တောင်းဆိုနေကြကြောင်း သိရသည်။ ထိုအငြင်းပွားနေသော ငါးသယံဇာတ ကြွယ်သည့် ပင်လယ်ပြင်ဒေသတွင် နှစ်စဉ် ကုန်စည်ကူးသန်းရောင်ဝယ်ဖြတ်သန်းမှု တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော်ရှိသည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ်က ဖိလိပိုင်နိုင်ငံက တရုတ်၏နယ်မြေပိုင်ဆိုင်မှု တောင်းဆိုသည့်ကိစ္စကို နယ်သာလန်နိုင်ငံ (Netherlands)၊ သည်ဟိတ်ဂ်(The Hague)မြို့ရှိ နိုင်ငံတကာတရားရုံး (International Criminal Court – ICC) သို့တိုင်ကြားခဲ့ရာ၊ တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုသည် လုံလောက်သော အထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည်။

သို့သော် တရုတ်က နိုင်ငံတကာတရားရုံးအနေဖြင့် စီရင်ပိုင်ခွင့်မရှိဟုဆိုကာ၊ ထို ဆုံးဖြတ်ချက်ကို လက်မခံဘဲ ပယ်ချခဲ့ သည်။ ထိုကိစ္စကို သမ္မတ ရှီကျ့င့်ဖျင် (Xi Jinping)က သူ၏ ပထမအကြိမ် သမ္မတသက်တမ်းတွင် အောင်ပွဲဟုသတ်မှတ် ခဲပြီး၊ တောင်တရုတ်ပင်လယ်ဒေသ (SCS) တွင် စစ်အခြေစိုက်စခန်းများ ဆောက်လုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ် က ယခင် SCS ဒေသ လမ်းညွှန်မူချမှတ်ရေး စားပွဲဝိုင်းဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့သဖြင့် တင်းမာမှု လျော့ကျခဲ့သည်။ သို့သော် ထိုဆွေးနွေးပွဲများမှ နယ်မြေပိုင်းခြားသတ်မှတ်တောင်းဆိုချက်များအား မဖြစ်မနေ လိုက်နာသဘောတူရန် မဟုတ်ခဲ့ပေ။ SCS ဒေသ၏ အရှေ့မြောက်ဖက် မိုင်တစ်ထောင်ခန့်တွင် တရုတ်နှင့် ဂျပန် တို့ အငြင်းပွားနေသော ဂျပန်အမည် ရှင်ကာကုကျွန်းစု (Senkaku Islands)၊ တရုတ်အမည် ဒိုင်အိုယုကျွန်းစု (Diaoyu Islands) ပိုင်ဆိုင်မှု ကိစ္စ ပြဿနာသည် နှစ်ပေါင်းတစ်ရာပင် ကျော်နေပြီ ဖြစ်သည်။

ထိုကျွန်းစုကို ၁၉၇၂ ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံအစိုးရက အုပ်ချုပ်ခဲ့သည်။ ထိုသို့သော အခြေအနေများ ရှိနေသည့်တိုင် တရုတ်နှင့် ဂျပန် စစ်ရေးထိပ်တိုက်တွေ့မှု ဖြစ်လာရန် အလွန် အလှမ်းဝေးသည်ဟု ယူဆကြသည်။ သို့သော်လည်း တရုတ်နှင့် ဂျပန်တို့၏ ဆက်ဆံရေး အလွန်အကျွံဆိုးလာခဲ့ပါက၊ ဇာတိပုည ဂုဏ်မာန စသည်တို့ကို အရင်းခံပြီး၊ ကောက်ချက်ဆွဲယူမှု တိမ်းစောင်းခြင်း၊ မျှော်လင့် မထားသော အမှားများ ကျူးလွန်မိခြင်း စသည်ဖြင့် ဖြစ်ခဲ့လျှင်မူ အားလုံးကို စစ်ပွဲဆီသို့ ဆွဲခေါ်သွားနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ သို့သော်လည်း အထူးသတိပြု ရမည့်အချက်မှာ တရုတ်ပြည်၌ ခေါင်းဆောင်မှု အပြောင်းအလဲ ကြီးကြီးမားမားရှိခဲ့ခြင်းဖြစ်သည်။ တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲသည် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲထက် ပိုမိုထူးခြားလေးနက်သည်ဟု ဆိုကြသည်။။

လွန်ခဲ့သော ဆယ်စုနှစ်သုံးစုလုံးလုံး တရုတ်နိုင်ငံသည် ကွန်မြူနစ်ပါတီခေါင်းဆောင် တိန့်ရှောင်ပင် ချမှတ်ခဲ့သည့် မဟာ ဗျူဟာ အခြေခံလမ်းကြောင်းအတိုင်း စီမံအုပ်ချုပ်ခဲ့သည်။ လက်ရှိလည်း တိန့်ရှောင်ပင် လမ်းစဉ်အတိုင်း သွားနေဆဲဖြစ် သည်။ တိန့်ရှောင်ပင်လမ်းစဉ်၌ (၃)ပိုင်း တွေ့ရသည်။ ပထမတပိုင်းက မာ့က်စ်ဝါဒနေရာတွင် နိုင်ငံခြားပို့ကုန် ဦးစားပေး သည့် စီးပွားရေးလွတ်လပ်ခွင့် လမ်းဖွင့်ပေးခြင်းဖြင့် အစားထိုးခဲ့သည်။ ဒုတိယပိုင်းက အာဏာရှင်စနစ်နှင့်အပြိုင် အာဏာ လွန်ဆွဲမှုများ ဖန်တီးခဲ့ပြီး၊ အဂျင်္င်နီယာများနှင့် စက်မှုသိပ္ပံပညာရှင်များကို အစီအစဉ်ရှိရှိ စနစ်တကျရွေးချယ်၍ အစိုးရဌာန များတွင် အမြဲတမ်းတာဝန်ပေး အစားထိုးခန့်ထားခဲ့သည်။ နောက်ဆုံး တတိယပိုင်းတွင် မော်စီတုန်း၏ တော်လှန်သော နိုင်ငံခြားရေးဝါဒကို ပြောင်းပြန်လှန်ခဲ့သည်။ တရုတ်ပြည်ကို အမေရိကန်နိုင်ငံနှင့် မိတ်ဆွေဖွဲ့စေခဲ့သည်။

လက်ငင်းအခြေအနေတွင် တိန့်ရှောင်ပင်၏ ဗျူဟာ(၃)သွယ်သည် စိုးရိမ်ကြောင့်ကျစရာ ဖြစ်နေပြီ။ တရုတ်စီးပွားရေးသည် သူ့ပုံသဏ္ဍာန်နှင့် သူ လည်ပတ်နေခဲ့သည်။ တိုးမြင့်လာနေသော အလုပ်သမားစရိတ်စကများ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပြီ။ ငယ်ရွယ်သော အလုပ်သမားအင်အားစုကလည်း တဖြည်းဖြည်း နည်းပါးကျဆင်း လာနေသည်။ ပွင့်လင်းမြင်သာမှု မရှိသည့် အပြင် အကျင့်ပျက်ခြစားမှုများလည်းရှိေန၍ တရုတ်ပြည်နိုင်ငံရေးစနစ်အား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြ ပြီဟု ဆိုသည်။ အမျိုးသားရေးစိတ် ပြင်းထန်သော လူထု၏ ဖိစီးမှုကြောင့် တရုတ်၏ နိုင်ငံခြားရေးမူဝါဒကလည်း ဒဏ်ရာ အနာတရဖြစ်နေပြီ။ ကမ္ဘာ့အင်အားသြဇာကြီးနိုင်ငံအြဖစ် သဘာဝကျကျ ဖြစ်ထွန်းတိုးတက်လာသည့် တရုတ်ပြည်ကို ကမ္ဘာက (အထူးသဖြင့် အမေရိကန်က) ထိန်းချုပ် ထားချင်နေသည်ဟု ကိုယ့်အင်အားကို ကိုယ်ယုံကြည်နေသည့် တရုတ် စစ်တပ်နှင့် အခွင့်ထူးခံပညာတတ်အုပ်စုက ထင်မြင်ယူဆနေကြသည်။

တရုတ်သမ္မတ ရှီကျ့င့်ဖျင် အနေဖြင့် သူ့အရင်က ခေါင်းဆောင်များနှင့်မတူ ခြားနားသည့် ခေါင်းဆောင်တယောက် ဖြစ် သည်။ ယခင် သမ္မတ ဟူကျင်းတောင် တုံးက သူ့သမ္မတ သက်တမ်း(၁၀)နှစ် အတွင်း၊ နိုင်ငံတဝှမ်းက ပြည်သူလူထုကို တိုက်ရိုက်မိန့်ခွန်းပြောမှု နှစ်ကြိမ်သာရှိသည်။ တရုတ်သမ္မတ ရှီကျ့င့်ဖျင်သည် ခေတ်သစ်တရုတ် နိုင်ငံတော်ကြီး ပေါ်ထွန်း လာရန် ပြုပြင်ပြောင်းလဲဖန်တီးခဲ့သူ ဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ မှ ၂၄ ရက်အတွင်း ကျင်းပသော ၁၉ ကြိမ် မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်သည် ရှီကျ့င့်ဖျင်၏ အောင်ပွဲဖြစ်သည်။ ပါတီခေါင်းဆောင်ပိုင်း တာဝန်ရှိသူများ က “ရှီကျ့င့်ဖျင်အတွေးအခေါ်” ဆိုသည်ကို ပါတီဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းအတည်ပြုခဲ့သည်။ ရှီကျ့င့်ဖျင် အား မော်စီတုန်းနှင့် တန်းတူသတ်မှတ်သည့် သဘောဖြစ်သည်။ သမ္မတ ရှီကျ့င့်ဖျင်က တရုတ်နိုင်ငံသည် အင်အားကြီးနိုင်ငံ တစ်ခုအဖြစ် ခေတ်သစ်တစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟု ကြွေးကြော်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ် ပြည်သူလူထု၏ အကျိုးတော်ဆောင်ပါတီ ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့သည်။ ရှီကျ့င့်ဖျင်က နိုင်ငံတကာ ခေါင်းဆောင်များအား တရုတ်နိုင်ငံ၏ မဟာအင်အားကြီးနိုင်ငံအဖြစ် ဖြစ်ထွန်းတိုးတက်လာမှုကို အသိအမှတ်ပြုရန်လည်း တောင်းဆိုခဲ့သည်။

ရှီကျ့င့်ဖျင်၏ တာဝန်မှာ တရုတ်ပြည် စီးပွားရေးမဟာဗျူဟာကို ပြုပြင် ပြောင်းလဲရမည် ဖြစ်သည်။ ကွန်မြူနစ်ပါတီကို အာဏာလက်လွတ်ဆုံးရှုံးမှု မဖြစ်စေဘဲ၊ နိုင်ငံရေးစနစ်ကို အတတ်နိုင်ဆုံး ဖြေလျှော့လမ်းဖွင့်ပေးရန် သူ့အနေဖြင့် ပိုင်းဖြတ် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်၏ အိမ်နီးချင်းနိုင်များ နှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေခြင်းကိုလည်း ရှီကျ့င့်ဖျင်က ကိုင်တွယ်ဖြေရှင်းပေးရမည် ဖြစ်သည်။ အိမ်နီးချင်းဟု ဆိုရာ၌ တောင်တရုတ်ပင်လယ်ပိုင်းက နိုင်ငံများနှင့် သာမက ဒေသတခုလုံးအတွင်းရှိ အိမ်နီးချင်းနိုင်ငံအားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ရမည် ဖြစ်သည်။ တရုတ် သြဇာအာဏာကို ဆက်ထိန်းထားနိုင်ရေးအတွက် ပဋိပက္ခ မဖြစ်ရေးကို ရှောင်ရှားနိုင်ရန် ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံနှင့် လည်း သင့်မြတ်ရန်လိုသည်။ သို့မှသာ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် သူ၏ မဟာမိတ် ဂျပန်နိုင်ငံတို့နှင့် ပါ ရင်ဆိုင်နေရသည့် ထိပ်တိုက်စိန်ခေါ်မှုများ အတော်အတန် လျော့ပါးသက်သာသွား နိုင်မည်ဖြစ်သည်ဟု ဝေဖန်သုံးသပ်မှု များ ရှိသည်။

သမိုင်းအတွေ့အကြုံများအရ တရုတ်နိုင်ငံသည် နယ်မြေအငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ပါက အခြေအနေပိုမိုဆိုးရွားလာခြင်း မျိုး မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ရသည့် အစဉ်အလာရှိပေသည်။ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် ၁၉၄၉ ခုနှစ်မှ စ၍ နယ်မြေအငြင်းပွားမှုပေါင် ၂၃ ခု အနက် ၁၇ ခုကို ပြေပြေလည်လည် ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုသည်။ ရံဖန်ရံခါ အငြင်းပွားသည့် နယ်မြ၏ ၅၀ ရာခိုင်နှုန်းထက် လျော့နည်းလက်ခံရရှိခဲ့မှုများလည်း ရှိသည်ဟုဆိုသည်။ သို့သော် တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲလုပ်ခဲ့သည်။ တိန့်ရှောင်ပင်၏ မူဝါဒက ထိပ်တိုက်တွေ့မှုရှောင်၍ သိုသိုဝှက်ဝှက်နေရန် တရုတ်ခေါင်းဆောင်များအား လမ်းညွှန်ခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ စွမ်းအားကို အချိန်မတိုင်မှီ ထုတ်ဖေါ်ပြသမှု မလုပ်ဘဲ၊ လျှို့ဝှက်ထားရန် တိန့်ရှောင်ပင်က ညွှန်ကြားခဲ့သည်။ ၁၉၈၀ စုနှစ်များအတွင်း အဆိုပါ လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံက လိုက်နာခဲ့ပြီး၊ နိုင်ငံတကာအရေးကိစ္စများတွင် ပြဿနာ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့သည်။

ဂျပန်နှင့် ဗြိတိသျှတို့ကဲသို့သော ကိုလိုနီနယ်ချဲ့နိုင်ငံများ၏ လက်ဆုပ်အတွင်း ရာစုနှစ်တစ်ခုမျှ နှိမ်ချဖိနှိပ်မှုခံခဲ့ရပြီးနောက် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ရှည်လျားလှသည့် နလံပြန်ထူချိန်၏ တတိယခေတ်ကာလအတွင်း ရောက်ရှိနေပြီဟု သမ္မတ ရှီကျင့်ဖျင် က ပြောကြားသည်။ တရုတ်နိုင်ငံသည် မော်စီတုံး လက်ထက်တွင် ကိုယ်ခြေထောက်ပေါ်ကိုယ် ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး၊ တိန့်ရှောင်ပင် လက်ထက်တွင် ကြွယ်ဝချမ်းသာလာခဲ့သည်ဟု ရှီကျင့်ဖျင် က ပြောကြားသည်။ သူ့လက်ထက်တွင် တရုတ်နိုင်ငံ အင်အားတောင့်တင်းခိုင်မာ လာခဲ့သည်ဟု ရှီကျင့်ဖျင် က ဆိုသည်။

ဒုတိယကမ္ဘာစစ်ကာလမှ စတင်၍ အာရှတိုက်၏ ပင်လယ်ရေပြင်တွင် ဘေးကင်းလုံခြုံစွာ ရေကြောင်းသွားလာမှုကို အမေရိ ကန်ပြည်ထောင်စုက တာဝန်ခံထိန်းကျောင်းသူအဖြစ်ဆောင်ရွက်ခဲ့သည်။ ယခုအခါ ပင်လယ်ရေကြောင်းသွားလာမှု တာဝန်ခံထိန်းကျောင်းသူ နေရာတွင် တရုတ်နိုင်ငံက အစားထိုးဝင်ရောက်ရန် အားထုတ်နေသည်ဟု အမေရိကန်က စွပ်စွဲ ပြောဆိုလျှက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်းဖြင့် ဖိအား ပေးလျှက်ရှိသည်။ ထို့ပြင် ထိုင်ဝမ်နိုင်ငံနှင့်လည်း အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခဲ့သည်။ တချိန်တည်းတွင် တောင်တရုတ်ပင်လယ် SCS ဒေသတွင် စစ်ရေးလေ့ကျင့်မှုများအတွက် လွတ်လပ်စွာရေကြောင်းသွားလာမှု အသုံးပြုခွင့်ကို အမေရိကန်က ဆက်လက်အတည်ပြုထိန်းသိမ်းထားသည်။

တရုတ်နိုင်ငံကလည်း သူ၏ စစ်ရေးစွမ်းရည်တောင့်တင်းခိုင်မာမှုကို ပြသသည့်အနေဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် လေကြောင်းရန် ကာကွယ်ရေး နယ်မြေသတ်မှတ်ချက် ကြေညာခဲ့သည်။ ယင်းသို့လေယာဉ်ပျံသန်းမှု ကန့်သတ်ဇုံ၌ ဂျပန်နိုင်ငံနှင့် အငြင်းပွားလျှက်ရှိသော ကျွန်းစုများတည်ရှိရာ ဒေသကိုပါ ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ထိုသို့ရုတ်တရက် လေကြောင်း ပျံသန်းမှု ကန့်သတ်ကြေညာမှုကို ဝါရှင်တန်အစိုးရက ကန့်ကွက်ခဲ့သော်လည်း တရုတ်နိုင်ငံက အမေရိကန် ခရီးသည်တင် လေကြောင်းလိုင်းများအား ၎ကြေညာထားသော စည်းမျဉ်းဥပဒေတို့ကို လိုက်နာရန် အသိပေးပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် မေလ စင်ကာပူတွင် ကျင်းပသော အာဆီယံနိုင်ငံများနှီးနှောဖလှယ်ပွဲ၌ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသော အခြား နိုင်ငံများနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အက်ရှ်တန်ကာတာ (Ashton Carter) က ကျွန်းအတုများ ဖန်တီးတည် ဆောက်နေမှုကို ရပ်တန့်ရန် ဘေဂျင်းအစိုးရအား သတိပေးပြောကြားခဲ့သည်။ အက်ရှ်တန်ကာတာ က နိုင်ငံတကာဥပဒေများက ခွင့်ပြုထားသော ပင်လယ်ရေပြင်နှင့် ဝေဟင်နယ်ပယ်များတွင် အမေရိကန်ပြည်ထောင်စုပိုင် စစ်ဖက်ဆိုင်ရာ လေယာဉ်များနှင့် သင်္ဘောများ ဆက်လက်ဖြတ်သန်းသွားလာလိမ့်မည်ြဖစ်ကြောင်း ဘေဂျင်းအစိုးရ၏ သဘောထားများကို ရဲရဲတင်းတင်း ထိပ်တိုက်ဆန့်ကျင်ပြေကြားခဲ့သည်။ ပင်လယ် ရေပြင်အောက်ရှိ ကျောက်ဆောင် ကျောက်တန်းများကို လေယာဉ်ကွင်းအဖြစ် ပြုပြင်ထားခြင်းသည် အချုပ်အခြာအာဏာ သက်ရောက်ရာနေရာ မဖြစ်နိုင် သည့်အပြင်၊ ထိုနေရာများအား နိုင်ငံတကာရေကြောင်းနှင့် လေကြောင်းသွားလာခွင့် မလုပ်ရန် ပိတ်ဟန့်တားခြင်းသည် အချုပ်အခြာအာဏာပိုင်ခွင့်တွင် အကျုံးမဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က တင်းတင်းရင်းရင်းပြောကြား ခဲ့သည်။

အခြားတစ်ဖက်တွင် ဗီယက်နမ်၊ ဖိလိပိုင်၊ ဘရူးနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ထိုပင်လယ်ပြင်ဒေသရှိ ကျွန်းနှင့် ကုန်းမြေများပိုင်ဆိုင်ခွင့်ကိစ္စ၌ ပါဝင်ပတ်သက်လျှက်ရှိသည်။ သို့သော် ထိုနိုင်ငံများအနေဖြင့် တရုတ်နှင့် စစ်အင်အားချင်း ယှဉ်လျှင် အရှုံးသာ အဖတ်တင်ပေမည်။ ကမ္ဘာ့ ဒုတိယနှင့် တတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံးဖြစ်သော တရုတ်နှင့် ဂျပန်တို့သည် ၂၀၁၇ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၃၃၀ ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ဂျပန်၏ အကြီးဆုံး စီးပွားကုန်သွယ်ဖက်မျှသာမဟုတ်။ ဖိလိပိုင်၊ တောင်ကိုးရီးယား၊ မလေးရှား နှင့် ဗီယက်နမ်တို့သည်လည်း အရေးပါသော စီးပွားကုန်သွယ်ဖက်များ ဖြစ်ပေသည်။ သို့ရာတွင် ထို SCS ဒေသတွင် အန္တရာယ် အချိန်မရွေး ကျရောက်နိုင်ဖွယ်ရှိနေသည်။ ဥပမာအားဖြင့် သင်္ဘောနှစ်စီး မတော်တဆတိုက်မိရာမှ ကာလ ရှည် ကြာ တအုံနွေးနွေးရှိနေခဲ့သော ရန်ငြိုးရန်စ ယမ်းအိုးကြီး မထင်မှတ်ဘဲ ပေါက်ကွဲနိုင်ခြေရှိနေသည်ကို သတိပြုသင့်ပေ သည်။။။။

((၂၉-၁၂-၂၀၁၉ နေ့ ဆောင်းပါးရေးပြီးသည်။))

References:

- 1. China’s Next Phase of Militarization in the South China Sea By Scott N. Romaniuk and Tobias Burgers https://thediplomat.com/2019/03/chinas-next-phase-of-militarization-in-the-south-china-sea/

- 2. The China Syndrome By Fareed Zakaria (Monday, Time, Nov. 26, 2012)


- 3. China's Territorial Disputes By David Tweed https://www.bloomberg.com/quicktake/territorial-disputes