Breaking News

ဆိုင်ကလုန်းမုန်တိုင်းရဲ့ အကျိုးဆက်၊ လက်နက်ကိုင်တိုက်ပွဲများနဲ့ ဆက်လက်ကျဆင်းနေဦးမယ့် စီးပွားရေး

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၅ မြင်ကွင်း

(မိုးမခ) မေ ၂၆၊ ၂၀၂၃


ဆိုင်ကလုန်းမုန်တိုင်းရဲ့ အကျိုးဆက်၊ လက်နက်ကိုင်တိုက်ပွဲများနဲ့ ဆက်လက်ကျဆင်းနေဦးမယ့် စီးပွားရေး 

ည အိပ်ရာမဝင်မီ ဖြစ်ဖြစ် နံနက်မိုးလင်းစဥ်မှာဖြစ်ဖြစ်  နေ့စဥ်သတင်းတွေ ဖတ်ကြည့်တဲ့အခါ အများဆုံးတွေ့ရတဲ့ သတင်းခေါင်းစဥ်က ဘယ်မြို့ ဘယ်ရွာမှာ စစ်ကောင်စီတပ်နဲ့ PDF နှစ်ဖက်တိုက်ပွဲဖြစ်၊ ဘယ်နှယောက်သေဆုံး၊ လက်နက် ဘယ်နှလက် သိမ်းဆည်းရတယ်ဆိုတဲ့ သတင်း၊ ဘယ်ရွာကို စစ်ကြောင်းထိုးလို့ လူပေါင်း ဘယ်လောက် တိမ်းရှောင်နေရတယ် ဆိုတဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာက လူဘယ်နှဦး ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်း သို့မဟုတ် ဘယ်နှယောက်ဖမ်းဆီး သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်း၊ ကျေးရွာက နေအိမ်ဘယ်နှလုံး မီးရှို့ခံတယ်ဆိုတဲ့ သတင်း၊ ဘယ်မြို့နယ် ဘယ်ကျေးရွာကို လက်နက်ကြီးကျည်ကျ လို့ အရပ်သား ဘယ်နှဦး သေဆုံး သို့မဟုတ် ဒဏ်ရာရတယ်ဆိုတဲ့ သတင်း၊ မြို့တွေမှာ စစ်ကောင်စီက စစ်ကောင်စီကို လူမှုမီဒီယာမှာ ဝေဖန်ရေးသားသူ ဘယ်သူဘယ်ဝါကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်း အစရှိတဲ့ သတင်းတွေက လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း နေ့စဥ် မြင်တွေ့နေကျ သတင်းလို ဖြစ်လာနေပြီး ဖတ်ရှုသူအဖို့ သတင်းတိုင်းကို ရင်ဘတ်နဲ့ ခံစားဖတ်ရှုဖို့ မလွယ်တော့ပဲ ဖြစ်နေကျ အဖြစ်အပျက်သဖွယ် မိမိရဲ့အတွေးကို တွေးပြီး အချက်အလက်တွေကိုသာ စေ့ငုံကြည့်တတ်တဲ့ အလေ့အထ ရလာတာမျိုးလည်း ဖြစ်ပါတယ်။ 

နေ့စဥ် ဖတ်ရှုသူမဟုတ်ပဲ တခါတရံမှာသာ ဖတ်ရှုသူတွေအဖို့တော့ သတင်းတိုင်းက စိတ်ကို ထိခိုက်နာကျင်စေနိုင်တာ ဖြစ်ပါတယ်။ နယ်မြို့က လူထုတချို့က သတင်းတွေဖတ်ပြီးတိုင်းမှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ခံစားရပြီး ကောင်းမွန်တဲ့မျှော်လင့်ချက်တွေ ပျောက်ကွယ်ကုန်တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်

လအနည်းငယ်အတွင်း ဖမ်းဆီးမှု သတ်ဖြတ်မှု၊ တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်သဖွယ်ဖြစ်လာနေပြီး သတင်းတွေက  မြန်မာနိုင်ငံအနှံ့အပြားက အဲလိုအကြောင်းအရာတွေကို နေ့စဥ် စုဆောင်းပေးထားတဲ့ သဖွယ် ဖြစ်နေတာပါ။  

သတင်းတွေရဲ့ ၆၀ ရာနှုန်း ၇၀ ရာနှုန်းက အထက်မှာ ရေးခဲ့တဲ့ ခေါင်းစဥ် အမျိုးအစားတွေဖြစ်ပြီး ကျန် တဲ့ ၃၀/ ၄၀ ရာနှုန်းမျှကသာ စီးပွားရေး သတင်း၊ အုပ်ချုပ်ရေး နဲ့သက်ဆိုင်တဲ့ သတင်း၊ ကုန်သွယ်ရေး၊ အခြားနိုင်ငံတကာ သတင်းတွေ ဖြစ်ပြီး စိတ်သက်သာစရာ ၊ ကျေနပ်နှစ်သက်စရာ ချီးကျူးစရာ မုဒိတာပွားစရာ သတင်းတွေက မရှိသလောက်နည်းပါးတာလည်း ဖြစ်ပါတယ်။ သတင်းတွေရဲ့ ၇၀ ရာနှုန်းလောက်က အဆိုးတွေချည်းလို့ဆိုရင် အပြင်မှာ ဖြစ်ပျက်နေတာလည်း အဲဒီအတိုင်းပဲလားလို့ မေးစရာ ရှိပါတယ်။ 

ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေသတွေမှာနေထိုင်နေရသူတွေအဖို့ဆိုရင် အပြင်မှာ ဖြစ်ပျက်နေတဲ့ အနေအထားက သတင်းတွေထဲကထက် ပိုတောင် စိတ်နာကျင်စရာ ၊ စိတ်ဒဏ်ရာရစရာ ကောင်းပြီး စကားလုံးနဲ့ ရုပ်ပုံနဲ့ ဖေါ်ပြဖို့ မလုံလောက်တဲ့ ခံစားမှုမျိုး ဒုက္ခမျိုးခါးစည်း ခံနေကြရတာ ဖြစ်ပါတယ်။ ကံကောင်းလို့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ဒေသမှာ နေထိုင်နေရသူ မဟုတ်ခဲ့ရင်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်မှု၊ မိုင်းကွဲမှု၊ ဖမ်းဆီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေကို တွေ့မြင်ကြားသိနေရမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု၊ ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးဆက် သာမန်ထက်ပိုပူလောင်တဲ့ နွေရာသီ၊ အင်အားပြင်းထန်တဲ့ မုန်တိုင်း စတဲ့ အကြောင်းအရာတွေလည်း နေ့စဥ်တွေ့မြင် ကြားသိနေရမှာဖြစ်ပါတယ်။ 

တိုင်းပြည်ရဲ့ ၉၀ ရာနှုန်းသော လူထုတွေအနေနဲ့ လူမှုအဖွဲ့အစည်းက ပေါ်ထွက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခဒဏ်၊ လူလုပ်သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ခံစားရတဲ့ သဘာဝဘေးအန္တရာယ်ဒဏ်တွေ ခံစားနေရသလို နိုင်ငံရဲ့ အာဏာကို အဓမ္မနည်းနဲ့ ရယူထားကြတဲ့ သူတွေကြောင့် ပြဿနာတွေက ဆယ်စုနှစ်များစွာ ကူးပြောင်းအမွေဆက်ခံနေကြရတဲ့ သဘောလည်းဖြစ်ပါတယ်။ 

စစ်အာဏာရှင်တွေဟာ မိမိတို့ အာဏာ၊ အကျိုးစီးပွား၊ မိမိတို့ အုပ်စုရဲ့ အာဏာကို အကျိုးစီးပွားကို စစ်အင်အားတည်ဆောက်ခြင်း၊  စစ်ဆင်စစ်တိုက်ခြင်းနဲ့ ကာကွယ်တည်ဆောက်ထားကြပြီး ကျန်တဲ့ သူတွေကို ပြည်ပအားကိုးသူတွေ အဖြစ်၊ အမျိုးဘာသာ သာသနာ ပျက်စီးစေမယ့်သူတွေအဖြစ် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ထိပါးသူတွေ အဖြစ် ပုံဖော်ရင်း၊ လူမျိုးစုတွေအကြား၊ ဘာသာမတူသူတွေအကြား အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် သွေးခွဲအုပ်ချုပ်ဖို့ ကြိုးစား လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

ကြီးမားတဲ့ လက်သည် အကြောင်းရင်း ၂ ခုဖြစ်တဲ့ နှစ်ရှည်ကြာပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုတို့ကြောင့် စိုက်ပျိုးရေး ရိက္ခာထုတ်လုပ်မှု၊  စီးပွားရေးကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနှင့်နေပြီးဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ နေအိမ်ပျက်စီး လူရာနဲ့ချီသေဆုံးစေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကုန်းတွင်းပိုင်း ဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလလယ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါကြောင့်  စပါး၊ ပဲ၊ နှမ်းနဲ့အခြားသော စိုက်ပျိုးသီးနှံ ဧကပေါင်းသောင်းနဲ့ချီ ထိခိုက်ပျက်စီးမှု ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းမှာတင် ဧက ၆ သောင်း ဖော်ပြထားပြီး အမှန်တကယ် ထိခိုက်ပျက်စီးမှုက ဒီထက်ပိုကောင်း ပိုနိုင်တာ ဖြစ်ပါတယ်။ 

စစ်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးမှု၊ ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု လျော့ကျတာ၊ ကမ္ဘာ့ လောင်စာစျေး၊ မြေသြဇာစျေးမြင့်တက်မှုတွေကြောင့် စိုက်ပျိုးစရိတ်မြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုးကျဆင်းလာရာက စားသောက်နေထိုင်စရိတ်၊ စိုက်ပျိုးစရိတ်တွေ သိသာစွာမြင့်တက်လာတာ၊ တဖန် စိုက်ပျိုးရေး ထွက်ကုန်တွေ ရောင်းချရာမှာတော့ ဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် စျေးနှုန်း ရသင့်သလောက် မရရှိတာ၊ ဥပဒေနဲ့ နည်းဥပဒေတွေ ထဲမပါတဲ့ အခွန်ကောက်ခံမှုတွေကို ထမ်းပိုးထားရတဲ့  စိုက်ပျိုးသူတွေအဖို့ လာမယ့် ၆ လ ၁ နှစ်အတွင်း ခံစားနေရတဲ့ ဒုက္ခတွေက အဆနဲ့ချီပြီး တိုးမြင့်လာဖွယ်ရာ ရှိနေပါတယ်။ 

ခုရက်ပိုင်း ထုတ်ပြန်တဲ့ သုတေသနအဖွဲ့တဖွဲ့ရဲ့ အစီရင်ခံစာအရ ရာသီဥတုပြောင်းလဲခြင်းက နိုင်ငံရေးအင်အားစုတွေ လက်နက်ကိုင် အင်အားစုတွေ အပေါ်ပါ သက်ရောက်မှု ရှိလာမယ်ဆိုတဲ့ ကောက်ချက်ချမှုကိုလည်း သတိပြု ဖတ်ရှုလိုက်ရပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း၊ ယူကရိန်း-ရုရှား စစ်ပွဲနဲ့ အနောက်အုပ်စုနဲ့ ရုရှား၊ အနောက်အုပ်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ အားပြိုင်မှု နိုင်ငံရေး နဲ့ စီးပွားရေး စစ်အေးတိုက်ပွဲတွေရဲ့ ဂယက်တွေ ရိုက်ခတ်ခံစားရမှာလည်း ရှိသလို ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းကြောင့်လည်း မြန်မာနိုင်ငံက လူထုတွေအဖို့ ဒုက္ခပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ကြရဦးမယ့် အနေအထားဖြစ်ပါတယ်။ 

ဒီလို ခံစားကြရာမှာ အပေါ်လွှာ၊ အလယ်လွှာနဲ့ အောက်ဆုံးအလွှာတွေ အဆင့်ဆင့်ရှိကြပြီး အာဏာရှိသူ၊ ငွေကြေးရှိသူ၊ ပညာတတ်သူ၊ အဆက်အသွယ်ကောင်းသူ တွေက အပေါ်လွှာ အလယ်လွှာမှာ ရှိကြပေမယ့်၊  သာမန်လူထု ကျေးလက်နေ စိုက်ပျိုးသူ မြို့ပေါ်က လက်လုပ်လက်စား အလုပ်သမားတွေအဖို့ အောက်ဆုံးအလွှာမှာ ဒုက္ခအထွေထွေကို ပိုပြီး ထမ်းပိုးခံစားကြရမယ့် သဘောလည်းဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar