Breaking News

မောင်စွမ်းရည် - ရန်ကုန်တက္ကသိုလ်ထွက် ကလောင်ရှင်များ



မောင်စွမ်းရည် - ရန်ကုန်တက္ကသိုလ်ထွက် ကလောင်ရှင်များ

(မန်းတက္ကသိုလ်နဲ့ နောက်ခံအခြေအနေချင်း နှိုင်းယှဉ်ကြည့်ခြင်း)

(မိုးမခ) မေ ၁၄၊ ၂၀၂၀

မြန်မာ့ခေတ်သစ် စာပေအစ ‘ခေတ်စမ်း’ကလို့ ပြောနိုင်မယ်ဆိုရင် မြန်မာ့ခေတ်သစ်စာပေဟာ ရန်ကုန်တက္ကသိုလ်က အခြေပြုခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မဘ်။ ဒါပေမဲ့ ဆရာကြီးရွှေဥဒေါင်းတို့လို၊ ဆရာကြီးပီမိုးနင်းတို့လို စာရေးဆရာကြီးတွေကလည်း သူတို့အရင် အစောကြီးကတည်းက ခေတ်အတွေး၊ ခေတ်အကြောင်းခြင်းရာတွေကို ခေတ်စကားပြေနဲ့ ကောင်းကောင်းကြီး ရေးနေကြပြီ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ခေတ်အတွေး၊ ခေတ်အရေးကို အုံနဲ့ ကျင်းနဲ့ အုပ်စုလိုက် ရေးလာကြတာကတော့ ရန်ကုန်တက္ကသိုလ်ကပါပဲ။ ခေတ်အတွေး၊ ခေတ်အရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဦးဆောင်ဖော်ထုတ်သူ ကတော့ ဆရာကြီးဦးဖေမောင်တင်ပဲ ဖြစ်မယ် ထင်ပါတယ်။ ဆရာကြီးကို ခေတ်အတွေး၊ ခေတ်အရေးမှာ ဝိုင်းဝန်းအားပေးကြသူတွေထဲမှာ အင်္ဂလိပ်ပညာရှင်ကြီးတွေလည်း ပါရှိတာကိုတော့ တို့ဗမာတွေ မဟုတ်လို့ဆိုပြီး ထိမ်ချန် ဖယ်ရှားထားခဲ့လို့ဖြင့် မသင့်ဘူး၊ မရဘူးလို့ ထင်ပါတယ်။ မစ်စတာဂျေအက်စ်ဖာနီဗယ်၊ မစ္စတာစတီးဝပ်၊ မစ္စတာဂျီအိတ်ချ်လုစ်ဟာ မြန်မာ့ရှေးစာပေ ရှေးသမိုင်းတို့ကို ဖော်ထုတ်ပြီး ခေတ်စာပေထွန်းကားရေးကို အားပေးခဲ့ကြပါတယ်။ အထူးသဖြင့် ဂန္ထလောကမဂ္ဂဇင်းဆိုရင် တက္ကသိုလ်ကလောင်ရှင်လေးတွေ ကလောင်သွေးစရာ ဖြစ်ပေမယ့် ဒီကလောင်ရှင်လေးတွေရဲ့ ခေတ်ဆန်တဲ့ ဝတ္ထုကဗျာတွေက ပြင်ပစာပေလောကကိုလည်း စိမ့်ဝင်ပျံ့နှံ့ ခဲ့တယ် မဟုတ်ပါလား။ ကျေးဇူးရှင်တွေကို ဗိုလ်နေဝင်း နှင်ထုတ်ခဲ့တယ်။

ဆရာကြီးဦးဖေမောင်တင်က ‘ခေတ်စမ်းပုံပြင်များ’နဲ့ ‘ခေတ်စမ်းကဗျာများ’ ဆိုတဲ့ စာအုပ်ငယ်လေး နှစ်အုပ်ကို ထုတ်ဝေပြီး အားစမ်းကြည့်ခဲ့ပါတယ်။ အဲဒီကာလမှာ ‘ဝတ္ထုတို’ဆိုတဲ့ ဝေါဟာရတောင် မထွန်းကားသေးလို့ ‘ပုံပြင်’လို့ပဲ သုံးထားတာကို သတိပြုမိစေချင်ပါတယ်။ ဆရာကြီးဦးဖေမောင်တင် က ခေတ်ကို ‘စမ်း’ကြည့်တာ အောင်မြင်သွားခဲ့တယ်လို့ ဆိုရပါမယ်။ ၁၉၃၀ တဝိုက်မှာ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မြကေတု၊ တက္ကသိုလ်မောင်သန့်စင်၊ ကုသ၊ ခင်စောမူ အစရှိတဲ့ တက္ကသိုလ် ကလောင်ရှင်တွေကို ခေတ်စမ်းသူများအဖြစ် ပေါ်ထွက်လာခဲ့ကြပါတယ်။

သိပံ္ပံမောင်ဝ ဆိုတာ ခုခေတ်မှာ ‘သိပ္ပံမှူးတင်’တို့ သုံးစွဲတဲ့ အနက်အဓိပ္ပာယ်နဲ့ ‘လောကဓာတ် သိပ္ပံ’(ဆိုင်းယင့်)ကို ဆိုလိုတာ မဟုတ်ဘဲ ကောလိပ်သိပံ္ပ (တက္ကသိုလ်)ကို ဆိုလိုတာ ဖြစ်ပါတယ်။ တက္ကသိုလ် ဆိုတဲ့ ဝေါဟာရ မသုံးစွဲသေးလို့ (မတွင်ကျယ်သေးလို့) သိပ္ပံမောင်ဝလို့ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က (တက္ကသိုလ်မောင်သန့်စင်လိုပဲ) သူဟာ တက္ကသိုလ်ကျောင်းထွက် ကလောင်ရှင်ပါဆိုတာ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ သိပ္ပံအခေါ် နှစ်ခု ယှဉ်ပြိုင်နေ ပြီး နောက်ကျမှ ယှဉ်ပြိုင်ပေါ်လာတဲ့ ဝေါဟာရနှစ်ခုက ‘ဝိဇ္ဇာ’နဲ့ ‘သိပ္ပံ’ ဖြစ်ပါတယ်။ အရင် ‘သိပ္ပံ’က တက္ကသိုလ် ကောလိပ်လို့ အဓိပ္ပာယ်ရပြီးနောက် ‘သိပံ္ပ’က ‘လောကဓာတ်ပညာ’လို့ ခေါ်ဖူးတဲ့ ‘ဆိုင်းယင့်’ဘာသာရပ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီလိုနဲ့ ‘သိပ္ပံမောင်ဝ’တို့ တက္ကသိုလ်မောင်သန့်စင်တို့ ဆိုတဲ့ ရန်ကုန်တက္ကသိုလ်က ကလောင်ရှင်တွေ ပေါ်ထွက်လာခဲ့ကြပါတယ်။

ရန်ကုန်ကောလိပ်နဲ့ ‘ဖွားဖက်တော်’လို့ ဆိုနိုင်သူ ပညာရှင် စာရေးဆရာကြီးတဦးလို့ မော်ကွန်းထိုးရ မှာကတော့ ဆရာကြီးဦးဖေမောင်တင်က နံပါတ်တစ်ပါပဲ။ ဦးဖေမောင်တင်ကမှ ခေတ်စမ်းစာရေးဆရာတွေ တပြုံတမကြီးကို မွေးထုတ်ခဲ့ပါတယ်။ တကယ်တော့ မန်းတက္ကသိုလ်က ဦးစွာပေါ်ထွက်ခဲ့တဲ့ ဦးသိန်းဖေမြင့်၊ ဇေယျာမောင်၊ ဒေါ်အုန်း၊ လူထုဒေါ်အမာတို့ဟာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်တွေပဲ။

၁။ မှတ်ချက် - ၁၈၈၀ မှာ ရန်ကုန်ကောလိပ်ဖွင့်။ ၂၊ ၁၉၁၂ မှာ ဦးဖေမောင်တင် ပါဠိပါမောက္ခ ဖြစ်ကြပါတယ်။ မန္တလေးက နှစ်နှစ်ပဲ သင်ပေးလိုက်နိုင်တာကိုး။

မြန်မာပြည်ရဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဒုတိယကမ္ဘာစစ်ကြီးက ခေတ္တကြားဝင်ဟန့်တားခဲ့ပါ တယ်။ ဒုတိယကမ္ဘာစစ်နဲ့အတူ ဗမာလူငယ်တွေက အင်္ဂလိပ်ကို ဂျပန်နဲ့ ပေါင်း မောင်းထုတ်ခြင်း၊ ဂျပန်ကို အင်္ဂလိပ် ပေါင်း တော်လှန်ခြင်း ဆိုတဲ့ ခါယမ်းသွားတဲ့ လှုပ်ရှားမှုကြီးတွေ၊ နိုင်ငံရေးငလျင် ကြီးတွေ ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ စစ်ကြီးပြီးလို့ စာတွေ ပေတွေ ပြန်ရေးလာကြတဲ့အခါ၊ စစ်ကြီးက ပေးလိုက်တဲ့ နိုင်ငံရေးအသိ၊ တော်လှန်ရေးအသိတွေလည်း စာပေမှာ ထင်ဟပ်လွှမ်းမိုးခဲ့ပါတယ်။ မြန်မာ အပါအဝင် အာရှနိုင်ငံတွေဟာ ဗြိတိသျှ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ အစရှိတဲ့ အနောက်ဘက်က အရင်းရှင်နယ်ချဲ့သမားတွေရဲ့ လက်အောက်ကို ရောက်ခဲ့ရာက ဒုတိယကမ္ဘာစစ်မှာ စစ်ကြီးတွေရဲ့ တောင်ပံအောက်ကနေ တော်လှန်စစ်တွေ ဆင်နွှဲခဲ့ကြပါတယ်။

အရင်းရှင် နယ်ချဲ့စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ နိုင်ငံရေးဝါဒတရပ်လည်း ယှဉ်တွဲပြီး ပါလာခဲ့ပါ တယ်။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဆိုတဲ့ နိုင်ငံရေးသဘောတရားတွေ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ သဘောတရား တပ်ဆင်လာကြသလို စာပေလှုပ်ရှားမှုတွေမှာလည်း နိုင်ငံရေး သဘောတရားတွေ တပ်ဆင်လာခဲ့ကြပါတယ်။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒ ဆိုတာမျိုးတွေနဲ့ ကြွေးကြော်ပြီး စာပေလှုပ်ရှားမှုတွေ လုပ်လာခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ကတ္တားခြားပြီး ပေါ်ထွက်လာခဲ့တဲ့ ‘ခေတ်စမ်း နောက်ဆက်တွဲ’လို့ ဆိုနိုင်တဲ့ စာပေလှုပ်ရှားမှုကတော့ ‘စာပေသစ် လှုပ်ရှားမှု’လို့ ဆိုပြီး ဆိုရှယ်လစ် သရုပ်မှန်စာပေဝါဒကို သွင်းယူလာခဲ့တဲ့ စာပေလှုပ်ရှားမှု ဖြစ်ပါတယ်။ သူတို့ဟာ လက်ယာနယ်ချဲ့အရင်းရှင်များကို ဆန့်ကျင်ရင်း ‘လက်ဝဲဝါဒီ’တွေ ဖြစ်လာခဲ့ကြပါတယ်။ ဒဂုန်တာရာမဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေသူ ဒဂုန်တာရာနဲ့ သူ့ရဲ့ အသိုင်းအဝိုင်းလို့ ဆိုနိုင်တဲ့ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကျော်အောင်၊ အောင်လင်း စသူတို့ဟာ စာပေသစ်သမားတွေပဲ ဖြစ်ကြပါတယ်။ လက်ဝဲနိုင်ငံရေးလောကရဲ့ အကွဲအပြဲဂယက်ကြောင့် လက်ဝဲစာပေသမားတွေအတွင်းမှာပဲ အဖြူနဲ့ အနီ၊ အဖြူနဲ့ အဝါ စသဖြင့် ကွဲပြဲတိုက်ခိုက်ကြတာမျိုး တွေ ရှိလာခဲ့ပါတယ်။ နိုင်ငံငယ်လေးတွေရဲ့ မရင့်ကျက်တဲ့ လက္ခဏာတရပ်ပဲ ဖြစ်ပုံရပါတယ်။

စာပေသမားတွေဟာ လက်ဝဲဝါဒီတေွ ဖြစ်ကြပြီး သူတို့မှာ စုဝေးစရာ စင်မြင့်အဖြစ် ဒဂုန်တာရာရဲ့ တာရာမဂ္ဂဇင်း ရှိခဲ့ပါတယ်။ နိုင်ငံရေးလောကနဲ့ မပတ်သက် မဆက်စပ်တဲ့ ကဗျာဆရာများလည်း ရန်ကုန်တက္ကသိုလ်မှာ ရှိခဲ့ပေမယ့် အစုအဝေးလိုက် မဟုတ်ပါ။ တက္ကသိုလ် ကလောင်အသင်း၊ စာပေကလပ်လိုဟာမျိုး မရှိပါ။ မင်းယုဝေ၊ ငွေတာရီကို အတွဲလိုက် တကြိမ်၊ ဂုဏ်ဝင်း၊ နောင်၊ နွယ် တို့ အတွဲလိုက် တကြိမ် ပေါ်ထွက်ခဲ့ရမှာ ‘ခေတ်စမ်း’ကို အင်အားမဖြစ်ပေါ်ခဲ့ပါ။ ဦးဆောင်သူလည်း မရှိခဲ့ပါ။

ရန်ကုန်တက္ကသိုလ်ရဲ့ ခေတ်စမ်းခေတ်မှာ ဆရာကြီးဦးဖေမောင်တင်လို ကျောင်းအုပ်ကြီးကိုယ်တိုင်က ဦးဆောင်မှု ရှိခဲ့ပါတယ်။ မန်းတက္ကသိုလ်မှာတော့ ဦးဖေမောင်တင်လို လူကြီးတဦးဦးရဲ့ အားပေး ဦးဆောင်မှုမျိုး မရှိခဲ့ပေမယ့် ကလောင်ရှင်အသင်းနဲ့ တကသလို အဖွဲ့အစည်းအတွင်းမှာ ဝါသနာတူ၊ ယုံကြည်ချက်တူသူတွေ စုစည်းလှုပ်ရှားမှု သဘောဆောင်ခဲ့ပါတယ်။ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ အသင်းအဖွဲ့အစည်း စာစောင်များအပြင် မန်းတက္ကသိုလ် ကလောင်ရှင်အသင်းစာစဉ် ဆိုပြီး ကဗျာ စာအုပ်တွေ ဆက်တိုက်ထုတ်ခဲ့ရာမှာ ၁၀ အုပ်လောက် ထုတ်တဲ့အနက် ငါးအုပ်က ငါးနှစ်ဆက်တိုက် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ ယုံကြည်ချက်တူ၊ ဝါသနာတူသူ ကျောင်းသားတွေရဲ့ ခိုင်မာတဲ့ ညီညွတ်မှုအင်အားကြောင့် ‘အလုပ်ဖြစ်’ခဲ့တာလို့ ယူဆပါတယ်။ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း ဟာ ရန်ကုန်တက္ကသိုလ်က ကလောင်ရှင်အသင်းကို အားကျပြီး တည်ထောင်ခဲ့တာပါ။ စည်းလုံး ညီညွတ်မှုကြောင့် လုပ်ဆောင်နိုင်မှုစွမ်းအား ပိုခဲ့တာ ဖြစ်မယ်လို့ ယူဆပါတယ်။ မန်းတက္ကသိုလ်မှာ ကဗျာရေးသူတွေ အထူးများပြားပါတယ်။ ကဗျာဆရာထဲမှာ မောင်သိင်္ဂါ ဆိုတာ မောင်သာနိုးပါ။ နောက်တော့ သူက ဆရာကြီးဦးဖေမောင်တင်ရဲ့ လမ်းကြောင်းကို လိုက်မိဟန်ရှိပါတယ်။ အိန္ဒိယတက္ကသိုလ်ပြန် ဆန်းထွန်း(မန်းတက္ကသိုလ်)နဲ့ ဆရာပါရဂူတို့နဲ့ ပါဠိဘာသာကို အိမ်မှာသင်ရင်း တန်းတူလေ့လာ တတ်ကျွမ်းသူတဦး ဖြစ်လာပြီး ပါဠိ၊ အင်္ဂလိပ်စာတို့ကို ဘာသာပြန်သူ ဖြစ်လာတဲ့အပြင် မြန်မာကဗျာများကို အင်္ဂလိပ်ကို ဘာသာပြန်သူ၊ ဘာသာစကားပညာရှင်တဦး လည်း ဖြစ်လာပါတယ်။ မောင်သိန်းနိုင်ကတော့ ဇာတ်သဘင်၊ ရုပ်သေး စတဲ့ အနုပညာအကြောင်း များကို လေ့လာရေးသားရင်း စကားပြေနဲ့ စာပေဆုရသူတဦး ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မန်းတက္ကသိုလ်ကျောင်းသားများအတွင်းမှာ စကားပြေ၊ ကဗျာ၊ ဘာသာဗေဒ သုတေသီ စသဖြင့် ထောင့်စုံစေ့အောင် အားထုတ်မှုရှိခဲ့ကြောင်း တွေ့ရပါတယ်။

ရန်ကုန်တက္ကသိုလ် တ.က.သ နဲ့ ကျောင်းသားညီညွတ်ရေးအသိုင်းအဝိုင်းထဲမှာ ပန်းချီနန်းဝေလို၊ မောင်ငွေထွန်းလို အနုပညာများ ရှိခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မှာတော့ ဝင်းဖေတယောက်၊ ပန်းချီ ထူးချွန်သူ ပေါ်ပေါက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက ဝတ္ထုတိုတွေလည်း စာတစောင် ပေတဖွဲ့ ဖြစ်အောင် ရေးသားထုတ်ဝေနိုင်ခဲ့တဲ့အပြင် ပန်တျာကျောင်းအုပ်လို အလုပ်တာဝန်မျိုးကို ယူနိုင်သည်အထိ ဘက်စုံအနုပညာနယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ မန္တလေးမှာ ပန်တျာ ကျောင်းအုပ် လုပ်ရာကထွက်ပြီး ရန်ကုန် ရုပ်ရှင်လောကကို ပြန်တော့လည်း အကယ်ဒမီရသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကာတွန်းကိုလည်း သူ့ရဲ့သူငယ်ချင်း ပေါ်ဦးသက်နဲ့အတူ ကြေးတန်းစား အထည်တမျိုး ကာတွန်းပညာရှင်အဖြစ်နဲ့ လူထုနေ့စဉ်သတင်းစာမှာ အောင်မြင်စွာ ပါဝင်ရေးဆွဲခဲ့ပါ တယ်။ ဒါကြောင့် ဝင်းဖေဟာ စွယ်စုံအနုပညာရှင်လို့ ပြည်သူလူထုက အလိုအလျောက် ခေါ်တွင်ခြင်း ခံရသူ ဖြစ်လာခဲ့ပါတယ်။

ရန်ကုန်မှာ ကာတွန်းဘဂျမ်းဟာ မြန်မာ့သမိုင်းမှာ အထူးချွန်ဆုံး ကာတွန်းဆရာတဦး ဖြစ်ပါတယ်။ သူဟာ ဆရာဇဝနတို့၊ လူထုဒေါ်အမာတို့နဲ့ တက္ကသိုလ်မှာ ခေတ်ပြိုင်ဖြစ်ခဲ့ပါတယ်။ ကာတွန်းကို ရွှေတလေးက စတင်ခဲ့ပေမယ့် ဦးဘဂျမ်းကတော့ ကာတွန်းခေတ်တခေတ် ဖြစ်လာအောင် အလုပ် လုပ်နိုင်ခဲ့ပါတယ်။ မန္တလေးမှာလည်း ဝင်းဖေက ပေါ်ဦးသက်နဲ့ တွဲပြီး ကာတွန်းတခေတ် ထူထောင် နိုင်ခဲ့တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်တွေဟာ ဘက်စုံမှာ ထူးချွန်သူတွေကို မြှင့်တင်ဖော်ထုတ်ပေးရာ စင်မြင့် ဖြစ်နေပါရော့လားလို့ ကောက်ချက်ဆွဲမိလာပါတယ်။

ရန်ကုန်တက္ကသိုလ်မှာပဲ ဖြစ်စေ၊ မန္တလေးတက္ကသိုလ်မှာပဲ ဖြစ်စေ တက္ကသိုလ်ဆိုတာ လူငယ် ပညာတတ်ကလေးတွေကို အကွက်ဖော် အရောင်တင်ပေးရာဌာန ဖြစ်ပါတယ်။ ကျောင်းက သင်ပေးတာ မဟုတ်ဘဲ ဝါသနာတူ၊ စိတ်ကူကိုယ်တူတွေ အစုအဝေးလိုက် တွေ့ဆုံပေါင်းစည်းမိခြင်း ဆိုတဲ့ တက္ကသိုလ်သဘာဝကိုက တက္ကသိုလ်ရဲ့ ‘အကွက်ဖော် အရောင်တင်ပေးခြင်း’ ဆိုတဲ့ ဂုဏ်ရည် ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မိုးကုတ်ပတ္တမြား ကျောက်မျက်အရိုင်းကို အကွက်ဖော် အရောင်တင်ပေး သလို အရည်အချင်း ဂုဏ်သတ္တိကို ဆိုလိုပါတယ်။ ဆရာကြီးရွှေဥဒေါင်းက တက္ကသိုလ် မရောက်ဖူးပါ။ ရောက်ဖူးချင်တယ်လို့ တမ်းတခဲ့ပါတယ်။ တက္ကသိုလ်ဟာ လူငယ်တွေကို ‘ပေါလစ်ရှ်’ လုပ်ပေးလိုက် တဲ့ နေရာပဲလို့ အင်္ဂလိပ်စကားလုံးကို သုံးပြီး မှတ်ချက်ပေးခဲ့ဖူးပါကြောင်း။



မောင်စွမ်းရည်

၂၀၂၀ ဖေဖော်ဝါရီ ၃ ရက်

နယူးယောက်