Breaking News

ဗိုလ်သူရိန် - "နာဂစ်ရယ် ကျနော်ရယ် သင်္ဘောတက်ခဲ့တာရယ်"



ဗိုလ်သူရိန် - "နာဂစ်ရယ် ကျနော်ရယ် သင်္ဘောတက်ခဲ့တာရယ်"

(မိုးမခ) မေ ၁၃၊ ၂၀၂၀

မေ ၂

အဲဒိည မိုးတွေက တအားရွာလို့။

မေ၃

မနက် ၇ နာရီရန်ကုန်ကိုလာမယ့် ကားစီးလာခဲ့တယ်။ မိုးက. ရန်ကုန် မန်းလေး လမ်းဟောင်းတစ်လျှောက် ရွာလိုက် တိတ်လိုက်နဲ့။ ပဲခူးကျော်လာတော့ လမ်းမပေါ် အပင်တွေ စလဲနေပြီ။ ရှောင်မောင်းရင်း ကားလမ်းတွေ ကျပ်လာတယ်။

ရန်ကုန် အောင်မင်္ဂလာအဝေးရောက်တော့ အိုး လမ်းမပေါ်တွေရော နေရာ အတော်များများမှာ အတော်ဆိုးရွားနေပြီ။ ညက လေမုန်တိုင်း တိုက်သွားတယ်တဲ့။ လိုင်းကားတွေ မရှိတော့ဘူး။ taxi တွေလည်း မလိုက်ကြဘူး။ ကိုယ်သွားမှာက ကြည့်မြင်တိုင်။

ဒါနဲ့ မြောက်ဥက္ကလာပ သုဓမ္မာလမ်းမအကြီးအတိုင်း လျှောက်လာလိုက်နာ ကားလမ်းမပေါ် သွတ်တွေ အထပ်ထပ် ကားတွေက ရသလောက်ပတ်မောင်းနေ။ယခုအထိ လိုင်းကားတစ်စီးမှ taxi တစ်စီးမှ မတွေ့။ 

သစ်ပင်တွေလည်း မီးပွိုင့်တွေလည်း လဲ ကျလိုကျ။

အဝိုင်းကြီးထိပ်ရောက်ပြီ။ လမ်းတွေလျှောက်နေရတုန်း။ ဘေးက ခရီးသွားတစ်ယောက်ကတော့ ပြောတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်ရောက်ရင် ကားတွေပြေးဆွဲနေပြီတဲ့။ ဒါနဲ့ပဲ လျှောက်လာလိုက်တာ ကမ္ဘာအေး ဘုရားလမ်းမှာလည်း ရှုပ်ယှက်ခက်လို့။ ခြေထောက်လည်း အတော်ညောင်းနေပြီ။ ကျနော်နောက်က အုပ်စုတဖွဲ့က ပြည်လမ်း ၈ မိုင်ကို ချီတက်မယ်တဲ့။ ပြန်စဉ်းစားမိတယ်။ ရွှေဝါရောင်တုန်းက အကျင့်ဖြစ်ထားလို့ ငါ လျှောက်နိုင်တာကွလို့ အားတင်းရင်း။

၈ မိုင်ရောက်တော့ လမ်းဘက်ကနေ အင်းစိန်လမ်းအတိုင်း မောင်းနေကျ ၄၅ ကားကြီးက ပြည်လမ်းဘက် တက်လာတယ်။ လူတွေက ကျပ် သိပ်လို့။လှည်းတန်း မြေနီကုန်းကနေ ဆူးလေသွားမှာ။ မရ ရအောင် အတင်းတိုးပြီး တက်လိုက်လာခဲ့တယ်။ တော်သေးတယ် ကိုယ်တွေက ကျောပိုးအိတ်တစ်လုံးပဲပါလို့။ ရန်ကုန်မှာ ၈ မိုင်ကနေ မြေနီကုန်းကို ကိုယ်တွေစီးလာတဲ့ လိုင်းကားသက်တမ်းမှာ အကြာဆုံးနဲ့ အကျပ်ဆုံးလို့ထင်တယ်။ ကားစီးတာ ၂နာရီ နီးပါးကြာတယ်။

ပြည်လမ်းတစ်လျှောက်လည်း စိန်ပန်းနီတွေ ပျံ့ကြဲနေပြီ။ တစ်ချို့ အပင်တွေလဲနေလို့ ဝိုက်မောင်းနေကြတယ်။ မြေနီကုန်းရောက်တော့ ဗားဂရာဘက် လမ်းထပ်လျှောက်လာရတယ်။ ပြီးမှ သင်္ကန်းတိုက်တွေနားက အမ ဝမ်းကွဲအိမ်ရောက်တော့တယ်။

ဖုန်း ရေ လျှပ်စစ်မီး အားလုံးပျက်နေပြီ။ လမ်းဘေးဆိုင်တွေကလည်း ယိုင်နဲ့နဲ့ လဲကျသူ ကျလို့။

ဒါနဲ့ ၅၄လမ်းဘက်က ကိုယ့်သင်္ဘောရုံးကို ရတဲ့ကားနဲ့ အမြန်သုတ်ချေတင်ရတယ်။ ရုံးရောက်တော့ အားရှိစရာ။ ရန်ကုန်လေဆိပ်က ပိတ်ထားတဲ့အပြင် လေယာဉ် တွေကို မန္တေးလေးဘက် ရွှေ့ထားတယ်တဲ့။ ထွက်ရမယ့်နေ့ ဘာမှန်းမသိ။ ကျနော် ဒုတိယတစ်ခေါက် သင်္ဘောလိုက်ခြင်း။အေးဂျင့်လ ငွေလည်းချထားပြီးပြီ။ အတိုးတွေကလည်း နာရီလက်သံလို စရေတွက်နေပြီ။

စိတ်ညစ်ညစ်နဲ့ လမ်းလျှောက်လာလိုက် ကားစီးလိုက်နဲ့။ အမတိုက်ခန်းပြန်လာတယ်။ တဖြေးဖြေးနဲ့ သတင်းတွေတက်လာပြီ။ ဧရာဝတီတိုင်းမှာ သေကြတဲ့သူတွေ အများကြီးပဲတဲ့။ရန်ကုန်မှာလည်း နေရာအတော်များများ ထိခိုက်ကြကုန်တယ်။ ကြည့်မြင်တိုင် ဘူတာရှေ့က ညောင်ပင်ကြီးက လမ်းမကြီးပေါ်လဲကျနေလို့ ဆရာတော်များ (သာဓုကျောင်းက ထင်တယ်) လာရောက်ပြီး ချိန်းစောတွေနဲ့ ဝိုင်းလုပ်အားပေးနေတယ်။

ရန်ကုမ်တိုက်ခန်းတွေဆိုတာက ရေလှောက်ကန် အသေးလေးတွေ။ စားသောက်ရေချိုးဖို့ထက် အိမ်သာတက်ရဖို့ မနည်းကြိုးစားရတယ်၊ ရေသန့်ဘူးကြီးတွေကလည်း ဈေးတက်ကုန်ပြီ။

မေ ၄

လေဆိပ်လိုက်ပို့မယ့် အမတွေကလည်း ရန်ကုန် ကြိုရောက်နေလို့တော်သေးတယ်။ လိုက်ပို့ဖို့ထက် အာမခံချက် အိမ်ဂရံ စာချုပ်လာချုပ်ပေးတာဆို ပိုမှန်ပါမယ်။ အဲနေ့လည်း ရုံးကိုထပ်သွားရပြန်တယ်။ ရုံးကလုံးဝပိတ်ထားပြီ။နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးကြောင့် သေကြေအိုးအိမ်ပျက်စီးနေကြရသလို ကျနော်လည်း ခေါင်းထဲက အကြွေးတွေ ပတ်ရှာလည်နေတယ်။ srps သင်္ဘောဒေသခံကိုယ်စားလှယ်အိမ်က ရုံးနောက်ကြောလမ်းမှာလို့ ရုံးအောက်ထပ်က ကဖီး ဆိုင်ကလမ်းညွှန်ချက်နဲ့ ရမ်းသမ်းပြီး သွားခဲ့တာ ရောက်သွားတယ်။ ကိုသက်အောင်က အံသြနေတယ်။ အိမ်ဘယ်လိုသိသလဲပေါ့။ ဒီလိုပဲ ကြံဖန်မေးလာရတာလို့။ လေယာဉ် ထွက်တာနဲ့ အိမ်လာခေါ်မယ့်အကြောင်းပြောတယ်။ ဖုန်းကြိုးတွေက ပျက်နေတော့ အမ အိမ်ကို သူတို့ဖုန်းချိတ်မရဘူး ဖြစ်နေတယ်။မန္တလေးကပဲ လေယာဉ်ထွက်မယ်ဆို အဲကို သွားနိုင်မလားတဲ့။ တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ အခြေအနေအရပေါ့ဗျာ ပြောပြီး ပြန်လာခဲ့လိုက်တယ်။

မေ ၅

ကြည့်မြင်တိုင်နဲ့ စမ်းချောင်းတစ်လျှောက် မုန်တိုင်းဒဏ်ကြောင့် ဆုံးရှုံးပျက်စီးသွားတာတွေကို အစ်ကိုတစ်ယောက်နဲ့ လိုက်ကြည့်ပြီး နေ့လည်ဘက် စမ်းချောင်းလမ်းထဲက ကြာဇံကြော် ဝက်သားသုတ်ဆိုင်မှာ ဝင်စားလိုက်ကြတယ်။ နေ့လည် ၃နာရီလောက်မှ အိမ်ပြန်လာတော့ အမတွေရဲ့ တိုက်ခန်းရှေ့မှာ ရုံးက ပါပလစ်ကာ ကားအပြာလေးရပ်ထားတာတွေ့တယ်။ ကျနော်လမ်းထဲဝင်လာတာတွေ့တော့ ဟာဗျာ ခင်ဗျားကို စောင့်နေတာကြာပြီ။ ဘာဖြစ်လို့လဲ။ အခု ညနေ ၅ ၃၀ ထွက်တဲ့ လေယာဉ်နဲ့ သွားရမယ်တဲ့။(အမှန်က ၇ ၃၀ မှထွက်တဲ့ TG) သူတို့ကားနဲ့ လေဆိပ်လိုက်ပို့မယ် အခု အမြန်အဝတ်အစားလဲပါတဲ့။ 

ဒါနဲ့ပဲ တိုက်ပေါ်အမြန်တက်။ အိမ်မှာရှိနေတဲ့ အမများနဲ့ ယောက်ဖကတော့ အဝတ်အစား ဝတ်သွားဖို့ကအစ သူတို့ကပြင်ဆင်ပြီးပြီ။ အငေါက်လည်း ခံနေရတယ်။ ရေချိုးဖို့ ရေမရှိတော့ ၂၀လီတာ ရေသန့်ဘူးကြီးတစ်ဘူးချိုးပြီး လေဆိပ်ကို အမြန်သုတ်ခြေတင်ခဲ့ရတယ်။ လမ်းစီးကမ်းတွေလည်း သိပ်မရှိတော့ဘူး။ လေဆိပ်အမှီဆိုပြီး ယာဉ်ထိမ်းများကို အော်ဟစ်အကူအညီတောင်းကာ ၅နာရီ အမှီမောင်းလာခဲ့ကြတယ်။

လေဆိပ်မှာလည်း လူတွေကြိတ်ကြိတ်တိုး။ အရင်ရက်က Delay ဖြစ်နေသူအများအတွက်လည်း စီစဉ်ပေးနေကြတယ် ထင်တယ်။ 

chech in ဝင်တော့ ကျနော်စိုးရိမ်စိတ်ဖြစ်မိတယ်။ငါများ ထွက်ခွာခွင့် ရပါ့မလား။ ခေါင်းထဲမှာက ငွေအတိုးတွေရယ် အင်းစိန်ထောင်ရယ် ပြေးမြင်နေတယ်။ ခရီးသွားအတော်များများကိုတော့ DELAY ကြောင့်ထင်တယ်။ခပ်မြန်မြန် စစ်ဆေးလို့။ ကျနော် အလှည့်ရောက်တော့ pass ဖြစ်တယ်။ နယ်က စသုံးလုံး အကိုကိုလည်း ကျေးဇူးတင်မိတယ်။ ဘာလို့လည်းဆိုတော့ ၂၀၀၇ တစ်နှစ်လုံး ကျနော် ရန်ကုန် နိုင်ငံရေးမှာ ပတ်ရှာလည်နေခဲ့တာ။နယ်ပြန်ရှောင်နေချိန် စစစ က အဖေ့ကို ခေါ်ယူစစ်ဆေးခဲ့တာကလွဲလို့ ကျနော် ရှောင်တိမ်းနိုင်ခဲ့တယ်။ ကံကောင်းတယ်ပြောရလား။ ထောင်နဲ့ဝေးတဲ့ ကံ ပါလာလားမသိ။ ရွှေဝါရောင်မှာ အဖမ်းမခံခဲ့ရတဲ့ ကျနော်တို့ လှုပ်ရှားသူတစ်ဖွဲ့လုံး နာဂစ်မှာ အလောင်းကောက် မီးရှို့မှု့နဲ့အကုန် နှစ်နှစ်စီ ကျကုန်ပါရောလား။

ဒီလိုနဲ့ ကျနော်ဟာ ၂၀၀၈ မေလ ၅ ရက်နေ့ နာဂစ်တိုက်အပြီး မြန်မာပြည်က ပထမဦးဆုံး စထွက်တဲ့ လေယာဉ်နဲ့ သင်္ဘော တက်ဖို့ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာခဲ့ရပါတယ်။