Breaking News

ကျော်ဇံသာ - သတင်းဓာတ်ပုံသမိုင်းကြောင်း နှင့် ဂျိုးဇက်ပူလစ်ဇာ


ကျော်ဇံသာ - သတင်းဓာတ်ပုံသမိုင်းကြောင်း နှင့် ဂျိုးဇက်ပူလစ်ဇာ

(မိုးမခ) မေ ၁၈၊ ၂၀၂၀
(စာရေးသူ ဖေစ့်ဘွတ်ကနေ ယူပါတယ်)

(Photojournalism by The Editors of TIME-LIFE BOOKS, 1971 မှ ထုတ်နှုတ်ပြန်ဆိုပါသည်။)

သတင်းစာထဲ သတင်းရုပ်ပုံထည့်သွင်းဖော်ပြတာကို ၁၈၄၂ The Illustrated London News မှာ အစောဆုံးတွေ့ရတယ်။ အဲဒီသတင်းစာ စထုတ်တဲ့နှစ်ပဲ။ ပုံကတော့ ၀ိတိုရိယဘုရင်မကို လုပ်ကြံမယ့်သူတယောက် ပစ္စတိုနဲ့ ချိန်နေတဲ့ပုံဖြစ်တယ်။

သတင်းက တကယ့်သတင်းကြီး၊ ဝိတိုရိယဘုရင်မကို လုပ်ကြံဖို့ကြိုးပမ်းမှု သတင်း။ ဘုရင်မနဲ့ ကြင်ယာတော် မင်းသားအဲလ်ဘတ် တို့ လန်ဒန်မှာ မြင်းရထားနဲ့ သွားနေတုံး လူငယ်တယောက် ကုတ်အောက်ခံ ကိုယ်ကျပ်အင်္ကျ ီထဲက ပစ္စတို ဆွဲထုတ်ပြီးချိန်လိုက်တယ်။ အဲဒီမှာ လျှင်တဲ့ ရဲအရာရှိတဦးက ချက်ချင်းပဲ လူငယ့်လက်ထဲက ပစ္စတိုကိုပုတ်ချလိုက်တယ်

“ATTEMPTED ASSASSINATION OF THE QUEEN”, The Illustrated London News, For the Week Ending Saturday, June 4, 1842.



ဓာတ်ပုံရိုက်ကူးတဲ့ အတတ်ပညာပေါ်လာတာ နှစ်အနည်းငယ်ရှိလာခဲ့ပြီ ဖြစ်ပေမဲ့ ဒီဖြစ်ရပ်ကို ဘယ်သူမှ ကင်မရာနဲ့ မရိုက်နိုင်ခဲ့ပါဘူး။ ဒီမြင်ကွင်းကို ပန်းချီဆရာတယောက်က ရေးဆွဲပြီး သတင်းနဲ့အတူ ပူးတွဲဖော်ပြလိိုက်တာဖြစ်တယ်။

ဒီလိုသတင်းကို ရုပ်ပုံနဲ့တကွ ဖော်ပြလိုက်တာ အဲဒီတုန်းက လူတိုင်းလက်ခံကြိုဆို ခဲ့ကြတာ မဟုတ်ဘူး။ ချက်ချင်းဆိုသလိုပဲ အင်္ဂလန်ရဲ့ဂုဏ်ထူးဆောင်ကဗျာဆရာကြီး (Poet Laureate) William Woodsworth (April 7, 1770 – April 23, 1850) က မကျေမနပ် ညည်းတွားတုံ့ပြန်လိုက်တယ်။ ဒီလို ပုံနဲ့သရုပ်ဖော်တာဟာ အရသာကင်းမဲ့လွန်းတယ်၊ လူတွေကို ဒါမျိုးတွေကျွေးလိုက်တဲ့အတွက် စာဖတ်ခြင်း စာရေးခြင်းတို့လို အရေးကြီးကိစ္စတွေကို မေ့လျော့သွားနိုင်ဖွယ်ရှိတယ်လို့လဲ ယူဆသတဲ့။

“Illustrated Books and Newspapers” လို့အမည်ပေးထားတဲ့ သူ့ရဲ့ဆွန်းနက်ကဗျာ (sonnet) ကဗျာ တပုဒ်မှာ အခုလိုထည့်ရေးလိုက်တယ်။

…တချိန်က စာတတ်ပေတတ် တို့ရဲ့မြေမှာ
အခုတော့ စကားပြေနဲ့ ကဗျာ နာမည်ပျက်ပြီး
အမှိုက်သရိုက်အတတ်ပညာရဲ့အစေအပါးဖြစ်သွားလေရဲ့၊
လူလားမြောက်တဲ့အရွယ်ကနေ ကလေးဘဝဆီ
တကယ်ပဲ နောက်ဆုတ်ရလေပြီ၊
သွားစမ်းပါ…
မသတီစရာ ဒီရုပ်ပုံစာရွက်
မျက်စိနဲ့ပဲ စိုက်ကြည့်
ရွတ်ဆို နားဆင်နိုင်တာဘာမှမရှိတော့၊
အို သခင်…
နိမ့်ကျလျှောဆင်း ဖြစ်ရခြင်းမှ ကယ်တင်ပါ။ 



Woodsworth ရဲ့ဒီလိုတု့ံပြန်ရေးသားချက်ဟာ အင်္ဂလိပ်ရေလက်ကြားရဲ့အခြားတဘက်မှာ ပါ ပဲ့တင်ရိုက်ခပ် သွားတယ်။

ပြင်သစ်မှာ Rachel လို့ပဲ လူတွေသိကြတဲ့ နာမည်ကျော်အလွမ်းမင်းသမီးတယောက် ၄ ဇန္နဝါရီ ၁၈၅၈ မှာဆုံးတော့ ဓာတ်ပုံဆရာတယောက်က မင်းသမီးအိပ်ခန်းထဲ ခိုးဝင်ပြီး ရုပ်အလောင်းကိုဓာတ်ပုံရိုက်တယ်၊ အဲဒါ မင်းသမီးမိသားစုက ဒေါသပေါက်ကွဲပြီး “invasion of privacy” ကိုယ်ရေးကိုယ်တာ ဝင်စွက်ထိပါးမှု (?) နဲ့ တရားစွဲတာ သတင်းစာဘက်က လျော်ကြေးပေးရတယ်။

ရုပ်ပုံနဲ့ဖော်ပြတဲ့ သတင်းစာပညာ (picture journalism) ဟာ တချို့နေရာတွေမှာ စိတ်အားထက်သန်မှု အားပေးမှု သိပ််မရရှိသလို တခြားအခက်အခဲတွေနဲ့လဲ ရင်ဆိုင်ခဲ့ရတယ်၊ တခုသောအခက်အခဲက ဒီပုံကို ပုံနှိပ်သတင်းစာမျက်နှာပေါ် ဘယ်လိုတင်မလဲဆိုတဲ့ ပြဿနာပဲဖြစ်တယ်။

အင်္ဂလန်နဲ့ အမေရိကန်မှာတော့ သစ်ထွင်းပုံစံ (woodcuts) ကိုအဓိက သုံးခဲ့တယ်။ တကယ်တော့ သစ်ထွင်းပုံဟာ ဓာတ်ပုံပညာနဲ့ သိပ်ဟပ်စပ်မှုမရှိပေမဲ့ ၂ နိုင်ငံစလုံးမှာ ဒီနည်းကိုပဲ နှစ်အတန်ကြာသုံးခဲ့တယ်။

အဆင့်ဆင့်ပြောင်းလဲလာပုံ


အစောတုံးက သတင်းထဲမှာ ဓာတ်ပုံမသုံးသေးဘူး၊ သတင်းဖြစ်တဲ့နေရာကို ပန်းချီဆရာ တယောက်သွားပြီး ပုံကြမ်း (rough sketch) ခြစ်လာမယ်၊ အဲဒီနောက် သစ်ထွင်းပုံလုပ်ဖို့ သင့်လျော်အောင် ထပ်ဆွဲမယ်၊ လိူင်းဖြောင့်လိုင်းနက်တွေကို ထင်းထင်းရေးမယ်၊ အရိပ်ကို စုတ်ချက်သေးသေးတွေ သီးခြားရေးမယ်။ အဲဒါကို မျက်နှာပြင်ညီ သစ်သားပေါ်ပုံတူပွါး၊ တခါတခါပြောင်းပြန်ရေးရတယ်၊ ကျွမ်းကျင်တဲ့ လက်မှုပညာသည်က လိုင်းတွေချန်ထား မလိုတာထွင်းထုတ်ရတယ်။

အဲဒါကို မြေစေးပျော့ပျော့မှာ ပုံစံခွက်ဖြစ်အောင်ဖိ၊ သတ္တုရည်လောင်း၊ ပြီးတော့မှ တံဆိပ်ထုသလို စာမျက်မျက်နှာပေါ် အကြိမ်ပေါင်းထောင်ချီထုရတယ်။

၁၈၄၀ ပြည့်လွန်မှာ ကင်မရာကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီဖြစ်ပေမဲ့ သတင်းထဲ ရုပ်ပုံဖော်ပြမှု တဟုန်ထိုးတိုးတက် ပြောင်းလဲလာတာ မတွေ့ရသေးဘူး။ ဓာတ်ပုံကို သာမန်စက္ကူပေါ် ကူးယူဖေါ်ပြနိုင်တဲ့ နည်းပညာမရှိသေးဘူး။ အရောင်အထူအပါး မခွဲဘဲ အဖြူအမဲလောက်ပဲ ဖော်ပြနိုင်ပြီး အဲဒီကြားက (halftone) မီးခိုရောင် (gray) ကူးလို့မရသေးဘူး။ ဒါကြောင့် ဓာတ်ပုံကို ပန်းချိီပြန်ဆွဲ သစ်ထွင်းပုံဖော် လုပ်ရပြန်သေးတယ်။ ဓာတ်ပုံဟာ ပန်းချီဆရာအတွက် ပုံကြမ်း (Sketch) နေရာမှာဝင်ရောက်ကူညီရတဲ့အဆင့်လောက်ပဲ ရှိခဲ့သေးတယ်။

သတင်းဓာတ်ပုံပညာ (photojournalism) အရှိန်ရလာဖို့ နည်းပညာတိုးတက်မှု လိုအပ်နေဆဲ ဖြစ်ပြီး လိုအပ်တဲ့ တည်ထွင်မှုတွေဟာ ၂၀ ရာစုဆန်းတဲ့အထိ သိပ်မတွင်ကျယ်သေးဘူး။

တချိန်တည်းမှာပဲ သတင်းထဲရုပ်ပုံဖော်ပြတာကို အထင်အမြင်သေးတဲ့ William Wordsworth ရဲ့အယူအဆကလဲ ရှိနေသေးတော့ သတင်းရုပ်ပုံကို လူကြိုက်များလာအောင် ပျိုးထောင်လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်။


ဂျိုးဇက် ပူလစ်ဇာ (April 10, 1847 – October 29, 1911) Photo: Wikipedia

ဂျိုးဇက် ပူလစ်ဇာ


အဲဒီလိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးလာသူကတော့ ဂျိုးဇက် ပူလစ်ဇာ (Joseph Pulitzer) ဖြစ်တယ်။ သူဟာ ငွေရေးကြေးရေး အရှုံးပေါ်နေတဲ့ The New York World သတင်းစာကို ၁၈၈၃ မှာဝယ်ယူလိုက်တယ်။ ၃ နှစ်အကြာ အဲဒီသတင်းစာဟာ ထုတ်ဝေခဲ့ဖူးသမျှ သတင်းစာတွေအနက် အမြတ်အများဆုံးသတင်းစာ ဖြစ်လာခဲ့တယ်။

ပူလစ်ဇာဟာ ကိုလံဘီယာ သတင်းစာပညာသင်ကျောင်း (Columbia School of Journalism) နဲ့ ပူလစ်ဇာဆု (Pulitzer Prizes) ကို တည်ထောင် တည်ထွင်သူအဖြစ် ဒီကနေ့ လေးစားခံနေရပေမဲ့ သူဟာ သတင်းကို ကြီးအောင် တမင်ဆွရေးတဲ့သူတွေ (sensationalists) ရဲ့ဘိုးအေကြီးလဲဖြစ်တယ်။

သူ့ရဲ့သတင်းစာမှာ သွေးထွက်သံယိုသတင်းတွေကို ဆက်တိုက်ဖော်ပြပြီး သွေးစွန်းနေတဲ့အိပ်ယာတွေ တံခါးတွေရဲ့ပုံကို ကွက်ပြီးဖော်ပြနိုင်အောင် တည်ထွင်ခဲ့တယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေ စွပ်စွဲခံရသူတွေရဲ့ ပုံတွေကိုဖော်ပြတယ်။ သူ့သတင်းရုပ်ပုံတွေကတဆင့် ဝရမ်းပြေးတွေကို ရဲက လိုက်လံဖမ်းဆီးနိုင်ခဲ့တာတွေရှိခဲ့တယ်။

“ကျုပ်တို့ဟာ အတတ်ပညာတိုးတက်အောင်လုပ်ဆောင်ရင်း သတင်းစာပရိသတ်ကို ပညာပေး ပျော်ရွှင်မှုပေးပြီး တရားဥပဒေစိုးမိုးရေးကိုလဲ အထောက်အကူပြုနို်င်တယ်” လို့ သူပြောခဲ့တယ်။

ပူလစ်ဇာဟာ ရာဇဝတ်မှုမကျူးလွန်တဲ့ လူတွေရဲ့ပုံကိုဖော်ပြတာဟာ ဥပဒေနဲ့ မဆန့်ကျင်ဘူး၊ သတင်းကို ပိုပြီးစိတ်ဝင်စားဖွယ် ဖြစ်စေတယ်ဆိုပြီး ဝန်ကြီးတွေ ကျောင်းဆရာတွေ ရှေ့နေတွေ မင်းသားမင်းသမီးတွေရဲ့ ပုံတွေကို ထည့်သွင်းဖော်ပြလာတယ်။

ဒါပေမဲ့ “ဘရုတ်ကလင်းက ထင်ပေါ်ကျော်ကြား လှပျိုဖြူများ” ဆိုပြီး မိန်းမလှလေးတွေပုံကို စုပြုံဖော်ပြလိုက်တဲ့ အခါမှာတော့ ပြဿနာ တက်ပါလေရော။ The Journalist ဆိုတဲ့ သီးသန့်သတင်းစာတစောင်က ဒီလုပ်ရပ်ဟာ သတင်းစာရဲ့ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ဖြစ်တယ်လို့ထောက်ပြပြီး ကြီးမားတဲ့မှားယွင်းမှုပဲ လို့ဝေဖန်တယ်။ ဓာတ်ပုံတွေပါလာပြီး နောက်တနေ့မနက်မှာ အမျိုးသမီးတွေကို ဓာတ်ပုံရိုက်ခဲ့သူရဲ့ စတူဒီယိုကို သက်ဆိုင်ရာ အဖေတွေ အကိုတွေ ရည်းစားတွေ ဒေါသတကြီးဝိုင်းခဲ့ကြတယ်။

ပူလစ်ဇာကတော့ “ဒီလို အနုပညာမြောက်တင်ပြချက်နဲ့ပတ်သက်ပြီး သတင်းစာတွေက အင်တာဗျူးတွေလုပ် ခေါင်းကြီးပိုင်းမှာ ထင်ရာတွေရေး ဥပဒေအရဘာဖြစ်တယ် ညာဖြစ်တယ်လို့ ပြောဆိုရေးသားမှုတွေ ပွက်လောရိုက်နေချိန်မှာ ကျွနုပ်တို့ရဲ့စာမျက်နှာတွေကို တင့်တယ်စေခဲ့တဲ့ ချစ်စရာကောင်းလေးစားထိုက်သော အမျိုးကောင်းသမီးတွေဆီက ကန့်ကွက်ခြင်း မကျေနပ်ခြင််း လုံးဝမရှိခဲ့ပါဘူး” လို့တုံ့ပြန်ခဲ့တယ်။

နောက်တော့ ပူလစ်ဇာရဲ့ World သတင်းစာဟာ လမ်းဘေးစျေးသည်တွေ ပုံကနေ သမ္မတ Chester A. Arthur (1881-1885) ရဲ့အဝတ်ဘီဒိုအထိ ရုပ်ပုံမျိူးစုံနဲ့ ဝေဝေဆာဆာ ဖြစ်လာတယ်။

၁၉ ရာစုအကုန်မှာ ခရီးဆောင်ကင်မရာတွေ၊ နောက်ဖလင်လိပ်တွေနဲ့အတူ အဖြူအမဲကြားက မီးခိုးရောင် အနိမ့်အမြင့်တွေ နဲ့ ကူးယူနိုင်တဲ့ နည်းပညာတွေ ပေါ်ပေါက်လာခဲ့ပြီး လက်နဲ့ပုံထွင်းခဲ့ရတဲ့စံနစ် မှေးမှိန်သွားတော့တယ်။ 

ကျော်ဇံသာ