Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၂)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၂)

(မိုးမခ) မေ ၁၉၊ ၂၀၂၀

၂၅-၉-၂၀၀၄ စနေနေ့က ကျနော်တို့ လော့စ်အိန်ဂျလိစ်မြို့မှာ ပ ဉ္စမအကြိမ်မြောက် မြန်မာစာပေ ဟောပြောပွဲ ကျင်းပကြပါတယ်။ စာဆိုတော်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိတဲ့ အမိမြေကို လွမ်းမိပါသေးရဲ့။

ဆရာမောင်သစ်ဆင်း (သင့်ဘဝ)၊ မြန်မာစာပါမောက္ခ ဦးစောထွန်း (စောလူ)၊ စာရေးဆရာကြီး မောင်သာရနဲ့ ကျနော်တို့တတွေ မြန်မာစာပေ ဖွံ့ဖြိုးရှင်သန်ရေးကိစ္စတွေ ဟောခဲ့ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်တွေ ကြီးစိုးတဲ့ကာလက စတင်ခဲ့တဲ့ စာဆိုတော်ပွဲအစဉ်အလာဟာ အခု အခါမှ နိုင်ငံတကာအထိ နယ်ပယ်ကျယ်ဝန်းလာခဲ့ပြီဖြစ်ပါတယ်။ မမေ့နိုင်ဘဲ ယနေ့တိုင်စွဲပြီး စာဆိုပွဲ နွှဲနေကြတာကိုတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာမလွဲပါ။

(၂)
“စာဆို” ဆိုတာ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းက “မင်းနဲ့ပြည်သူတွေကို အမြင်မတော်တာတွေ့ရင် စာနဲ့ ဆိုဆုံးမတတ်သူဖြစ်တယ်” လို့ အနက်ဖွင့်ဟောပြောခဲ့တာ မှတ်မိပါသေးတယ်။ မန္တလေး ဓမ္မဗိမာန် စာဆိုတော် အခမ်းအနားမှာ ဟောပြောခဲ့တာပါ။ “အဲ … မင်းလိုလိုက်၊ မင်းကြိုက်ရေးပြီး အခွင့်အရေး တမျှော်မျှော်လုပ်နေရင်တော့ “စာဆို”မခေါ်ထိုက်ဘူးဗျ။ စာဖား၊ စာမှောင်၊ စာအချောင် ကလောင်သမား တွေကို “စာဆို” လို့မခေါ်ဘူးဗျ” လို့ ဆရာကြီးဦးဘိုးသင်းက ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့ပါတယ်။

ကျနော်တို့နိုင်ငံမှာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” လို သီလ၊ သိက္ခာ၊ သမာဓိနဲ့ပြည့်စုံတဲ့ စာဆိုကြီး ပေါ်ပေါက်ခဲ့တာဟာ တိုင်းပြည်ရဲ့ကျက်သရေဖြစ်ပါတယ်။ ဆရာကြီးဟာ တိုင်းပြည်ရဲ့မိဘသဖွယ် စောင့်ရှောက်ခဲ့ပါတယ်။ အုပ်ချုပ်သူ အာဏာပိုင်တွေကိုလည်း “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်” ဆိုတဲ့အတိုင်း သွန်သင်ဆုံးမခဲ့ပါတယ်။ တခါသားမှာ ဝန်ကြီးချုပ်ဦးနုက ဆရာကြီးမှိုင်းကို “ဆရာကြီး … ကျနော်တို့ကို ခွေးမသားလို့ခေါ်ပြီး ဆုံးမပါဦး” လို့ ကန်တော့ပြီး ပြောခဲ့ဖူးတာ သတိရမိပါသေးတယ်။

အဲဒီအခါမှာ ဆရာကြီးက “မောင်နု …၊ နိုင်ငံရေးလုပ်တာ ပုတီးစိပ်တာမဟုတ်ဘူးကွ၊ တိုင်းပြည်မှာ တရားမျှတမှု၊ ငြိမ်းချမ်းမှု ထွန်းကားအောင် ချီးမြှင့်သင့်တာချီးမြှင့်၊ နှိမ့်ချသင့်တာ နှိမ့်ချဆိုတဲ့ နိဂ္ဂဟ၊ ပဂ္ဂဟတရား ကျင့်သုံးရတယ်။ ပုတီးချည်းစိပ်နေလို့ နိုင်ငံအရေး မပြီးသေးဘူးကွဲ့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆုံးမသြဝါဒ ပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆရာကြီးက ပြည်တွင်းစစ်မီးလောင်မြိုက်နေတာကို မရှုဆိတ်နိုင်လို့ အနယ်နယ် အရပ်ရပ်ကြွပြီး ပြည်တွင်းငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ကာလပါ။ ဆရာကြီးက လွတ်လပ်ရေး ပန်းတိုင်ရောက်အောင် အသက်သွေးချွေးနဲ့ရင်းပြီး လုပ်လာခဲ့ကြတဲ့ ရဲဘော်တွေချင်း အခုမှ သွေးကွဲပြီး စစ်ခင်းနေကြတာ မသင့်တော်ကြောင်း၊ သူမနာ ကိုယ်မသာ၊ အပြစ်တွေကို သင်ပုန်းချေပြီး ငြိမ်းချမ်းရေး လုပ်ကြစေလိုကြောင်း၊ အာဏာရနေတဲ့ မင်းတို့တတွေကလည်း မာန်တင်းပြီး အချင်းချင်း သတ်ဖြတ် ချေမှုန်းခြင်း မပြုသင့်ကြောင်း ဟောကြားခဲ့ပါတယ်။ “ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်ချင်ပါတယ်” လို့ တမ်းတရှာပါတယ်။

“ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်းကိုလဲ၊ တမျိုးကွဲ့လွမ်းသူ ဆရာဖအေမှာဖြင့် မာပါစေ သာပါစေ ဆုမွန်ကောင်းတောင်းခဲ့တဲ့အပြင်” ရယ်လို့ တောတွင်းသူပုန်တွေအပေါ်မှာ မေတ္တာထားရုံမက “ကမ္ဘာအေးစေတီဒါယကာ မောင်ရွှေနုကိုလဲ၊ အောင်ဇေယျတုလို့ မြွက်လိုက်ကဲ့” လို့လည်း အစိုးရကို မေတ္တာပို့သခဲ့ပါတယ်။

(၃)

ကံအားလျော်စွာ အစာရှာရင်း မဲနယ်အိုးထဲကျလို့ ရုပ်တွေမမှတ်မိနိုင်အောင် အသွင်ပြောင်းသွားတဲ့ တောထဲကခွေးကို တောတိရစ္ဆာန်တွေက ထူးထူးဆန်းဆန်း တန်ခိုးကြီးတဲ့သတ္တဝါထင်ပြီး တောဘုရင် မြှောက်မိကြသတဲ့။

မတော်တဆ မဲနယ်အိုးထဲကျမိတဲ့ခွေးကလည်း သွေးနားထင်မြောက်ပြီး ဟောက်လား၊ ကြိမ်းလား၊ ကိုက်လား၊ သတ်ဖြတ်လားနဲ့ အစွမ်းတွေပြနေတယ်ဆိုပဲ။ ပြီးတော့ သူတို့လို ခွေးမျိုးတူသတ္တဝါပဲလို့ ဇာတိကို မှတ်မိမယ်ထင်တဲ့ ခွေးအချင်းချင်းကိုလည်း ရက်ရက်စက်စက် ကိုက်သတ်နှိမ်နင်းစေသတဲ့။ ဒီလိုရက်စက်လွန်းတဲ့ သတ္တဝါဟာ မြင့်မြတ်တဲ့မင်းမျိုးရာဇာတော့ မဖြစ်တန်ရာဘူးလို့ ခွေးညီလာခံမှာ တီးတိုးတိုင်ပင်ကြသတဲ့။ ဒီအခါ အသက်ကြီးပြီး ဉာဏ်ပညာရှိတဲ့ ဘုရားလောင်းခွေးမင်းက ခွေးဘုရင်ရဲ့ နန်းဇာတိသရုပ်ကိုပေါ်အောင် အကြံထုတ်ပြီး လက်သိပ်ထိုးတိုင်ပင်သတဲ့။

အဲဒီအခါမှာ အာဏာပြင်းတဲ့ ရာဇာမင်းကလည်း ဟိန်းသံ၊ ခြိမ်းသံ၊ ကြိမ်းမောင်းသံပေးလို့ ဟန်ရေးဝါရေးပြနေတုန်းဘုရားလောင်းနဲ့ တိုင်ပင်ထားကြတဲ့ ခွေးအပေါင်းက ရုတ်တရက် ထပြီးအူကြသတဲ့။ အဲဒီအခါမှာ ရာဇပလ္လင်ပေါ်က ခွေးယုတ်မာဘုရင်ဟာ မနေသာမထိုင်သာ အူထဲကယားလာပြီး ရာဇပလ္လင်ပေါ်ကဆင်းပြီး အူပါလေရော။ ဒီတော့မှ “ဒီကောင်လဲ ငါတို့လို ခွေးမျိုးပဲ။ ခွေးမျိုးအချင်းချင်း ရက်စက်ရကောင်းလား” ဆိုပြီး ဝိုင်းဝန်း ကိုက်သတ်လိုက်ကြတော့မှ ဇာတ်သိမ်းသွားရသတဲ့။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဟိတောပဒေသကျမ်းလာ ခွေးပုံပြင်ပြပြီး ဆုံးမခဲ့ပါတယ်။ မတန်မရာ နေရာရနေတဲ့သူတွေဟာ “ဗြဟ္မာ့ဘုံ နွားခုန်တက်သလို” တက်လာပြီး တိုင်းပြည်မျက်နှာကို မထောက်ဘဲ စစ်မီးတောက်ကြီးကို မငြိမ်းသတ်ခဲ့ရင် တို့နိုင်ငံ ဘယ်မှာတည်ဆောက်နိုင်တော့မှာလဲ။ ဒါကြောင့် ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံကြီးကို တည်ဆောက်ကြပါလို့ ဆရာမှာချင်တယ်” လို့ တိုင်းပြည်ရဲ့ မိဘအရာ၊ ဆရာအရာမှာနေပြီး စာပေသြဝါဒ ခြွေခဲ့ဖူးပါတယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၇)၊ အောက်တိုဘာ ၂၀၀၄