Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၈)



ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၈)

ထောင်ဆိုတာ....တာဝတိံသာမဟုတ်ဘူး

(မိုးမခ) မေ  ၁၉၊ ၂၀၂၀


​ အမိန့်ချပြီးတော့ ထောင်ဝန်ထမ်းတွေက ဆရာတော်နှစ်ပါးကို "ကောဝိဒခေါ် မောင်ကျား၊ ရာဇဓမ္မခေါ် စိန်မောင်လို့ ရင့်ရင့်သီးသီး ခေါ်ကြသတဲ့။ ထောင်ဗူးဝမှာ "သင့်ရဲ့စည်းစိမ်၊ ဥစ္စာ၊ ဂုဏ်၊ ပါဝါတွေကို ထောင်ဗူးဝမှာ ထားခဲ့ပါ" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားပေမယ့် အားလုံးက လေးစားကြည်ညိုခဲ့ရတဲ့ ဆရာတော်တွေကို ဒီလို ရိုင်းစိုင်းတဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေနဲ့ ခေါ်ပြောဆက်ဆံတယ်ဆိုတာ သိရတော့ ရင်ဘတ်ထဲက အောင့်သလို နှလုံးသားထဲက စစ်ကနဲ နာကျင်သလို ခံစားခဲ့ရတယ်။ ရန်ကုန်က ဖမ်းခံရတဲ့ဆရာတော်ကြီးလဲ ဒီလို ဖြစ်မှာပါဘဲ၊ ဒီထက်တောင် ဆိုးမလားမသိ။ တိပိဋကဆရာတော်ဆိုရင် မချမ်းဘောတောင် အပို့ခံရတာ။ အဲဒီကာလက ခုလို သစ်တော မပြုန်းသေးတော့ ဘယ်လောက်အေးမယ်ဆိုတာ စဉ်းစားသာကြည့်။

ဆရာတော်နှစ်ပါးကို သင်္ကန်းတွေ အတင်း ချွတ်ခိုင်းပြီး ထောင်အဝတ်အစားတွေလဲခိုင်းပြီးတဲ့နောက်မှာတော့ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်တဲ့။ အဲဒါကတော့ ငလျင်လှုပ်တယ်ဆိုတဲ့အဖြစ်ပဲ။ လှုပ်တဲ့အင်းအားကလဲ တော်တော် ပြင်းသတဲ့။ အဲဒီလို လှုပ်လိုက်တော့မှ သူတို့ကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတဲ့ထောင်ပိုင်တွေ၊ ဒုထောင်ပိုင်တွေ အပါအဝင် ထောင်ဝန်ထမ်းတွေအားလုံးရော၊ တာဝန်ရှိသူတွေ အားလုံးပါ အတော်ကြီးကို ကြောက်သွားကြသတဲ့။ ဆရာတော်ကတော့ "ဒါ ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက်အဖြစ်မျိုးနဲ့ ကြုံတာပါ၊ သိပ်လဲ..မကြောက်ကြပါနဲ့။ ငါ့တို့ အဲဒီလောက် သမာဓိ အားမကောင်းပါဘူး" ပြောခဲ့သတဲ့။

ဘုန်းကြီးကောက ညပိုင်းရောက်ရင် သူ့ကျောင်းနဲ့ သဒ္ဓမ္မကျောင်း ရှေ့မှာ လမ်းလျှောက်ရင် ပဋ္ဌာန်း၊ ပရိတ်စတဲ့ နှုတ်ကပါတ်တော်တွေကို နေ့စဉ် ရွတ်ပွားပြီး အမျှ ဝေနေတတ်သလို ဘုန်းကြီးဦးရာဇကလဲ အပြင်မှာကတည်းက မေတ္တာ့သုတ်ကို အခေါက်ရေ (၈၄၀၀၀)ပြည့်အောင် ပွားများ စီးဖြန်းထားပြီး ပဋ္ဌာန်း ပစ္စယနိဒ္ဒေသကိုလဲ အခေါက်ရေ( ၈၄၀၀၀)အပြည့် ရွတ်ဘို့ အဓိဋ္ဌာန်ပြီး စရွတ်လို့ အတော်လေး ခရီးပေါက်နေတဲ့အချိန်တဲ့။ အဲ...ဒီ..ပဋ္ဌာန်းအဓိဋ္ဌာန်ကိုတော့ ထောင်ထဲရောက်မှ ပြည့်မီအောင် ရွတ်နိုင်ခဲ့တယ်လို့ မိန့်ဘူးတယ်။

တိုက်ဟောင်းထဲက ဦးဇင်းလေးနှစ်ပါးကို လူဝတ်လဲခိုင်းတော့ မလဲလို့ဆိုပြီး အတော် ရိုက်နှက်ပစ်ကြသတဲ့။ ဒါကို ဘုန်းကြီးကော သိသွားတော့ ဦးဇင်းလေးတွေဆီ သွားပြီး "မောင်ပဉ္စင်းတို့..အသား အနာ မခံကြနဲ့၊ လဲပေးလိုက်ကြ။ သိက္ခာဆိုတာ အဝတ်အစား လဲရုံနဲ့ ကျတာ မဟုတ်ဘူး။ 'ဝတ် ဉာတ် သိမ် ကံ၊ ပရိသံ၊ ငါးတန် ဥပသမ္ပဒဆိုတဲ့ သိက္ခာတင်တဲ့အင်္ဂါတွေ၊ စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ဝိဇာနန ဆိုတဲ့ သိက္ခာချတဲ့ အင်္ဂါတွေကို သိထားပြီးလျှက်နဲ့ကွာ" လို့ ဆုံးမတော့ ဦးဇင်းလေးနှစ်ပါးက လက်အုပ်ကလေးတွေချီပြီး "တင်ပါ့ဘုရား။ တပည့်တော်တို့ ဒီအင်္ဂါရပ်တွေကို သင်ခဲ့ပြီးပါပြီဘုရား။ ဒါပေမယ့်...တပည့်တော့်တို့..အမြဲတစေ..မြတ်မြတ်နိုးနိုး ဝတ်နေတဲ့ သင်္ကန်းတွေကို ချွတ်ခိုင်းတော့ စိတ်ထဲမှာ အတော် ခံစားရပြီး စိတ်မကောင်းလွန်းလို့ သေချင်သေပါစေ ဆုံးဖြတ်ပြီး တင်းခံထားတာပါဘုရား" လို့ ငိုပြီး လျှောက်တော့ ဘုန်းကြီးကောလဲ အတော် စိတ်မကောင်းဖြစ်သွားသတဲ့။

ဆရာတော့်ဦးရာဇကို ဖမ်းလိုက်ချိန်မှာ ဆရာတော်က လာဖမ်းတဲ့ သူတွေကို "အေး..မင်းတို့ ငါ့ကို ဖမ်းပြီး ထောင်ချလိုက်ပြီဆိုရင် မင်းတို့ထောင်ကို ငါ့တို့က ကမ္မဋ္ဌာန်းကျောင်းလို နေပြမယ်" လို့ ကြုံးဝါးခဲ့တဲ့အတိုင်း ထောင်ထဲမှာ တရားထိုင်လိုက်၊ ပုတီးစိပ်လိုက်၊ မေတ္တာပို့လိုက်၊ မပြည့်သေးတဲ့ ပဋ္ဌာန်းအဓိဋ္ဌာန်ကို ပြည့်အောင်ရွတ်လိုက်၊ နိုင်ငံရေး အကျဉ်းသားတွေကို သီလပေးလိုက်၊ တရားဟောလိုက်၊ နိုင်ငံရေးအကျဉ်းသားတွေကို လမ်းလျှောက်ချိန်ကြုံရင် စာသင်သလိုမျိုးလုပ်လိုက်နဲ့ အပြင်မှာလိုပဲ နေကြသတဲ့။ ဆရာတော်နှစ်ပါး လုပ်ကိုင်လှုပ်ရှားနေတာကို ကြည့်ပြီး တိုင်းမှူးက "ဒို့ဆရာတော်တွေကတော့ ..ထောင်ကို ကမ္မဋ္ဌာန်းကျောင်းလို နေပြမယ်လို့ ပြောခဲ့တဲ့အတိုင်း တကယ်နေသွားတာဗျ" လို့ ဂုဏ်ယူစွာနဲ့ ပြောသတဲ့။

ဆရာတော်များနဲ့ အခန်းချင်းကပ် နေခဲ့ရတဲ့ မိုးကျော်လေး ပြောပြတာက "နှစ်ပါးလုံးကို သီးသန့်(၁)တိုက်က တန်းစီး ကိုမိုက်ကယ်(မိုက်ကယ်ကျော်ဝင်း၊ ကလေးရှစ်လေးလုံးသပိတ်မှာ ခေါင်းဖြတ်လူသတ်နဲ့ ထောင်ကျလာသူ)က နေ့စဉ် ဆရာတော်နှစ်ပါးကို ချက်ပြုတ်ပြီး ဆွမ်းကပ်ပါတယ်။ အသားငါးပစ္စည်းတွေကတော့ ဆရာတော်ကြီးတွေရဲ့ထောင်ဝင်စာ လာတဲ့ဟာတွေကို ချက်ပေးတာပါ။ အဝတ်လျော်တာလည်း ပုံမှန်ကတော့ သူလုပ်တာပါ။ ကျွန်တော်တို့ကတော့ ရံဖန်ရံခါ လုပ်ရပါတယ်။ သူက အကုန်လုပ်ပေးနိုင်တာကလည်း သွားလို့ လာလို့ ရလို့ပါ။ အဲ့ဒီ အချိန်က ထောင်ထဲ ဖိနှိပ်မှုက အရမ်းပြင်းထန်တော့ တခန်းနဲ့ တခန်းတောင် စကားပြောရဖို့ ခက်ပါတယ်" လို့ ပြောပြပါသေးတယ်။ သူတို့တွေကတော့ ဆရာတော်တွေအဝတ်ကို လျှော်စရာရှိရင် ရေချိုးချိန်နဲ့ ကြုံရင် လျှော်ပေးကြတယ်တဲ့။

ဘယ်သူမှ မရတဲ့ အခွင့်အရေးတစ်ခုလဲ ရခဲ့သေးတယ်။ အဲဒါကတော့ စာဖတ်တဲ့ကိစ္စ။ ဆရာတော် ဖတ်ချင်တဲ့စာအုပ်တွေကို တိုင်းမှူးက ရှာပေးပြီး သတ်မှတ်ထားတဲ့နေရာမှာပဲ ဖတ်ရသတဲ့။ ဒါပေမယ့် ဆရာတော်နှစ်ပါး ကျမ်းပြုဖို့ ကိစ္စကိုတော့ တိုင်းမှူးက ခွင့်မပြုဘူးလို့ မိုးကျော်လေးက ပြောတယ်။ 

အဲဒီခေတ်ကသာ အကျဉ်းသားတွေ စာဖတ်ခွင့် မရပေမယ့် အခုခေတ်တော့ အကျဉ်းထောင်တိုင်းလိုလိုမှာ စာကြည့်တိုက်တွေ ထားပေးလာသလို၊ တီဗီလဲ ကြည့်ခွင့်ရ၊ ခြင်ထောင်လဲ ထောင်ခွင့်ရ၊ ဆန်လဲ အတန်အသင့်ကောင်းလာ၊ ပဲဟင်းလဲ..နဲနဲတော့ ပျစ်လာပါပြီ။ လော်စပီကာ အသေးလေးတွေ ကိုင်ပြီး ဆန္ဒပြခွင့်လဲ ရနေပါပြီလို့တော့ မရေးတော့ပါဘူး။(ရွှေဘိုထောင်မှာ ထောင်ဝန်ထမ်းတွေက NLDအစိုးရကို ဒုက္ခပေးတဲ့ အဖြစ်အပျက်ကို ရည်ညွှန်းသည်)

မိုးကျော်လေးက ပြောတာ တခု ရှိသေးတယ်။ အဲဒီ ငလျင်မလှုပ်ခင် မန္တလေးထောင်မှာ တော်တော် ထူးခြားတာတစ်ခု ဖြစ်တယ်တဲ့။ အဲဒါကတော့ ထောင်ဆူတာတဲ့။ ရိုးရိုးဆူတာမျိုးမဟုတ်ဘဲ တထောင်လုံး ဆေးရုံဆောင် အချုပ်ဆောင်ပါမကျန် ဆူတာ၊ နှစ်ပတ်လောက်တောင် ကြာမယ်ထင်တယ်တဲ့။ အဲဒီလိုဖြစ်တော့ ထောင်သက် အတော်ရင့်တဲ့ ဝန်ထမ်းအဖိုးကြီး ဦးလှရွှေက ပြောတယ်တဲ့။ ဦးလှရွှေက အရင်က တပ်ကြပ်ကြီး၊ ထောင်သားတွေ ပြေးတာများတော့ အဲဒီတုန်းက တရစ်ဘဲ ကျန်တော့သတဲ့။ သူက တောင်ဝှေးနဲ့ မျက်မှန်နဲ့ ဖြစ်နေပြီ။ သူက “ဒါ ထောင်နိမိတ်ပဲ၊ တိုင်းပြည်မှာ ကောင်းရင်လဲ အကောင်းဆုံးအခြေအနေဖြစ်မယ်၊ မင်းတို့ အကုန်လွတ်နိုင်တယ်၊ ဆိုးရင်လဲ အဆိုးတကာ့ အဆိုးဆုံး လာမယ်၊ စောင့်သာ နေကြလို့ ပြောတယ်တဲ့။ အဲလို ဖြစ်ပြီး မကြာဘူး၊ တတိုင်းပြည်လုံး စာသင်တိုက် ဆရာတော်တွေ၊ စာသင်သား သံဃာတော်တွေ တွန်းဖမ်း၊ စစ်ကြောရေးသွင်း၊ နှိပ်စက်၊ လူချွတ်၊ ထောင်ချ၊ ရဲဘက်စခန်း ပို့ကြသလို နိုင်ငံရေးသမားတွေ ကျောင်သားတွေလဲ တလတွန်း ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချ လုပ်ကြတော့တာဘဲ ... တဲ့။

ဘုန်းကြီးဦးရာဇဟာ ထောင်ထဲရောက်သွားရင် ဒုက္ခ တအားရောက်မှာကို ကြိုတွေးပြီး တပည့်တွေကို ကြိုပြေးခိုင်းလေရော့သလားလို့ စဉ်းစားမိတော့ မျက်ရည်တောင် လည်တယ်။ ဆရာတော်တို့ လွတ်လာတော့ တပည့်ဒကာတွေ အများအပြား လာကန်တော့ကြတယ်။ တစ်ဖွဲ့ လာ ကန်တော့လိုက်၊ ပြန်သွားလိုက်။ နောက်တစ်ဖွဲ့ ဝင်လာလိုက်၊ စကားပြောလိုက် လုပ်လာရင်းက ည(၁၂)နာရီလောက်အရောက် အိပ်ရာဝင်ပြီး ခေါင်းအချလိုက်မှာတော့ မျက်ရည်တွေ တအားကျလာသတဲ့။ ဒီအကြောင်းကို ဝင်းဖေမောင်နဲ့ အင်တာဗျူးစာအုပ်မှာ "ထောင်ထဲရောက်တုန်း ငါ မျက်ရည် မကျဘူး။ ပြန်လွတ်လာတဲ့နေ့မှ တစ်ညလုံး မျက်ရည်ကျတယ်။ ဘာဖြစ်လို့ကျမှန်းလဲ မသိဘူး။ ငါ့ဟာ ငါလဲ စဉ်းစားလို့ မရဘူး" လို့ ဖြေထားတယ်။ "ငါ့ကို လွှတ်ပေးတော့မယ်ဆိုတော့ ထောက်လှမ်းရေးက ဆရာတော် နိုင်ငံရေး ဆက်လုပ်ဦးမှာလားမေးတယ်။ "အေး..လူကို..လူလို အုပ်ချုပ်တဲ့ အစိုးရ မရမချင်း ငါကတော့ နိုင်ငံရေးဆက်လုပ်နေဦးမှာပဲ" လို့ ဖြေခဲ့လိုက်တယ်ကွ။ နောက်ပြီး..စာနယ်ဇင်းသမားတွေ လာ အင်တာဗျူးတော့လဲ ငါ..ဒီလိုပဲ ပြောလိုက်တယ်။ သူတို့က လူကို လူလို အုပ်ချုပ်တဲ့အစိုးရမှ မဟုတ်တာ"။

ဆရာတော် အလုပ်ချင်ဆုံးကိစ္စတစ်ခု လုပ်သွားခွင့် မရတာကတော့ အတော် စိတ်မကောင်း ဖြစ်မိတယ်။ အဲဒါကတော့...ထောင်မှာ ဝတ်ခဲ့တဲ့ စွပ်ကျယ်လေးနဲ့ တက်ထရွန်ပုဆိုးလေးကို ဝတ်၊ ထောင်ထဲမှာတုန်းကလို သံတိုင်လေး ကိုင်ပြီး ဓာတ်ပုံ ရိုက်ချင်တာတဲ့။ သူပျံတော်မူခါနီးလို့ အတ္ထုပ္ပတ္တိရေးရင် ဒီဓာတ်ပုံလေးကို....ထည့်.....သုံး...ဘို့...တဲ့။ နောက်ပြီး..ထောင်ထဲမှာ ဝတ်ခဲ့တဲ့ အဝတ်အစား တစ်စုံကိုလဲ သိမ်းထားသတဲ့။

အပြင်ရောက်တော့ တပည့်တွေ ထောင်ကျလောက်မယ့် ကိစ္စနဲ့ နီးတိုင်း .... ဘဝနဲ့ရင်းပြီးမိန့်လိုက်တဲ့ ဩဝါဒလေးကတော့.... "မင်းတို့ကောင်တွေ..လုပ်တော့မယ်ဆို..စဉ်းစားပြီးတော့မှ..လုပ်ကြဗျာ။ ထောင်ဆိုတာ တာဝတိံသာ မဟုတ်ဘူး"။