Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် အမှတ်(၉)



လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် အမှတ်(၉)

သေဆုံးနှုန်း ကျဆင်းရေး လုပ်ဆောင်ချက်များ

(မိုးမခ) မေ ၁၉၊ ၂၀၂၀


ဇန်နဝါရီလကုန်ခါနီး ဗွီဒီယိုအခွေလေးတခုကြောင့် တရုတ်ပြည်သူတွေအကြား အတော်လှုပ်ရှားသွားပါတယ်။
ဆေးရုံ ဆေးခန်းများအတွင်း သက်လတ်ပိုင်း ဆရာဝန်တဦး ခြေထော့နင်းထော့နင်းနဲ့ လူနာများ လှည့်လည်ကြည့်ရှု စစ်ဆေးနေတဲ့ပုံရိပ်များပါ။

သူကတော့ ဝူဟန့်က အထူးကူးစက်ရောဂါကုဆေးရုံကြီး ကျင်းရင်းထန်ရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျန်းတင်ယွီပါ။ သူကိုယ်တိုင်က ကြွက်သားသေရောဂါ (Amyotrophic lateral scclerosisA.L.S) တမျိုး ခံစားနေရသူပါ။ သူဟာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှာ ပါဝင်ခဲ့ဖူးပြီး ပါကစ္စတန်မှာ မေ့ဆေးဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဖူးပါတယ်။

အဲဒီဆေးရုံကြီးဟာ ကိုဗစ်-၁၉ ရောဂါသည်များ ကုသရေးအတွက် ပထမဆုံး သတ်မှတ်ပေးခံလိုက်ရတဲ့ ဆေးရုံကြီး ဖြစ်တာကြောင့် သူ့အတွေ့အကြုံတွေဟာ အလွန်အဖိုးတန်လှပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ ပြည်တွင်း သတင်းသမားများနဲ့ တွေ့ဆုံမေးမြန်းခန်းတွေသာမက နိုင်ငံရပ်ခြားက ဆေးဝန်ထမ်းများနဲ့ တွေ့ဆုံခန်း၊ ဆွေးနွေးခန်းများကို တရုတ်သတင်းမီဒီယာများမှာ အတော်များများ တွေ့ရပါတယ်။

(မေလ ၂ ရက်မှာတော့ အဲဒီဆရာဝန်ကြီးကျန်း (၅၅-နှစ်) ကို ဟူပေပြည်နယ် ကျန်းမာရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးလိုက်ကြောင်း ကြေညာချက်လည်း ထွက်လာပါတယ်။)

အဲဒီတွေ့ဆုံခန်းတွေမှာ ဒီ ကိုဗစ်-၁၉ ရောဂါကို တရုတ်ဆေးဝန်ထမ်းတွေ ဘယ်လို ကြိုးစားထိန်းချုပ်ခဲ့ကြတယ်။ အစိုးရအနေနဲ့ကလည်း ဘယ်လိုကူညီ ဖြေရှင်းပေးခဲ့တယ်ဆိုတာပေါ်လွင်လာပါတယ်။

သူ ပြောပြထားတာတွေကို အချိန်ကာလအလိုက် ကြည့်ရအောင်ပါ။

(Chronological order)—

၁။ ၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းမှာ အမျိုးအမည်မသိရတဲ့ အဆုတ်ရောင်ရောဂါသည်တွေ ရောက်လာတယ်တဲ့။ အဲဒီအချိန်ကစလို့ ဇန်နဝါရီ လကုန်ပိုင်းအထိ သူတို့ အခက်ခဲဆုံးကာလတဲ့။ ရောဂါအခြေအနေတွေက အလွန်သည်းသန် ပြင်းထန်တာ၊ ရောဂါဘာမှန်းမသိလို့ ဆေးဝန်ထမ်းများအကြား ငြင်းကြခုံကြနဲ့ ကုသမှုစနစ် မကျတာ၊ ဆေးဝန်ထမ်းအင်အား မလောက်တာ၊ ကာကွယ်ရေးဝတ်စုံများ မလောက်တာ— ဒါ့ကြောင့် ဒီအချိန် လူနာသေဆုံးနှုန်းဟာ ၁၀ % ရှိတယ်။ လူနာစုစုပေါင်း ၁၀၀၀၀ ကျော်နေပြီး ပြန်လည်ကောင်းမွန်လာသူဟာ ၁၄% ပဲ ရှိတယ်တဲ့။ ဒီအချိန်မှာ ဆေးဝန်ထမ်း ၇၀၀ ဟာ မနိုင်မနင်းနဲ့ အတတ်နိုင်ဆုံး လူနာတွေအသက်ကယ်ဖို့ ကြိုးစားခဲ့ရပါတယ်။

တချို့က ကျွန်တော်တို့ အစောပိုင်း ဖုံးကွယ်ထားတာလို့ သံသယရှိကြတယ်။ ရောဂါက အသစ်အဆန်း ဖြစ်နေတော့ ကျွန်တော်တို့ ဆရာဝန်အချင်းချင်းကြားမှာကို အချေအတင်တွေ ဖြစ်နေတာ။ ဒီကြားထဲ တခြားကူးစက်ရောဂါနဲ့ အဆုတ်ရောင်သမားတွေကလည်း ရှိနေတာ။ နောက်ပိုင်းကျမှ- ရောဂါ အကဲဖြတ်တာတွေ၊ ကုသမှုစနစ် စတာတွေ ထိန်းညှိလာနိုင်တာ။ ရောဂါအကြောင်း နားလည်လာအောင် ဖြတ်သန်းရတဲ့ ဖြစ်စဉ်ကာလတခု ဖြတ်ရတာပါ။ ဘာမှ ဖုံးကွယ်စရာမရှိပါဘူး တဲ့။

၂။ ဇန်နဝါရီ ၂၃ ရက် ဝူဟန့်ကို ပိတ်ဆို့မိန့်ထုတ်လိုက်ပြီးနောက် တတိုင်းပြည်လုံးက ဆေးဝန်ထမ်းတွေ၊ ဆေးဝါးပစ္စည်းတွေ အုံနဲ့ကျင်းနဲ့ ရောက်လာပါတော့တယ်။ (အစိုးရက ဖွင့်နိုင်သမျှ စက်ရုံတွေ ဖွင့်ခိုင်းပြီး ဆေးလုပ်ငန်းဆိုင်ရာ ပစ္စည်းအားလုံးကို အင်တိုက်အားတိုက် ၂၄ နာရီလုံး နေ့ဆိုင်း၊ ညဆိုင်း ခွဲလည်ပတ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။) သူတို့ ဆေးရုံကို စစ်တပ်နဲ့ ရှန်ဟိုင်းက ဆေးအဖွဲ့ ၂ ဖွဲ့ပေါင်း ဆေးဝန်ထမ်းအင်အား ၈၀၀ ကျော် ရောက်လာပါတယ်။

ဒီတော့မှ ကျွန်တော်တို့ အသက်ရှူချောင်လာပြီး လူနာတွေကိုလည်း အရည်အချင်းပြည့် အဆင့်မြင့်ကုသမှု (Quality treatment) လုပ်နိုင်လာပါတယ်။ သေဆုံးနှုန်းလည်း ကျလာပါတယ်။ မတ်လ ၂၈ ရက်နေ့ရောက်တော့ ပြန်လည်ကောင်းလာနှုန်းဟာ ၉၂% ဖြစ်လာပါတော့တယ်။ သေဆုံးနှုန်းလည်း ၆% အထိ ကျလာတယ် တဲ့။

ဒီနေရာမှာ အချက်အချာက- အင်အားစုများကို အရေးပေါ် ရွှေ့ပြောင်းလှုပ်ရှားနိုင်စွမ်းရှိတဲ့ တရုတ်ပြည်ရဲ့ ထူးခြားတဲ့ (unique institutional advantages) အဆောက်အအုံဆိုင်ရာ အားသာချက်များပါ။ တခြားနိုင်ငံများ လိုက်လုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် တချို့နိုင်ငံများက သံသယအမျိုးမျိုး ဝင်နေတာပါ။ (တချို့ကတော့ ulterior motive နိုင်ငံရေးအရ ထိုးနှက်ချင်တာလည်း ပါနိုင်ပါတယ်။) ဒီအားသာချက်များကြောင့် အစိုးရအနေနဲ့ အချိန်တိုအတွင်း တပြည်လုံးမှ ဆေးဝန်ထမ်း ၄၂၀၀၀ ကျော်ကို ဝူဟန်ကို ပို့လွှတ်နိုင်တာ၊ ဆေးရုံအတော်များများ ကို ကိုဗစ်-၁၉ အထူးကုဆေးရုံများ အဖြစ် ပြောင်းပစ်လိုက်နိုင်တာ၊ လူနာ ၁၀၀၀ ဆံ့ ဆေးရုံကြီး ၂ ရုံကို ၁၀ ရက်အတွင်း တည်ဆောက်လိုက် နိုင်တာ၊ နောက်ပိုင်း မပြင်းထန်သူများကို ထားရှိဖို့ အားကစားရုံတွေ၊ ပြတိုက်တွေ၊ စာကြည့်တိုက်တွေကို ယာယီဆေးရုံများအဖြစ် ဖွင့်လှစ်လိုက်နိုင်တာ စတာတွေကို လုပ်နိုင်ခဲ့ပါတယ်။

အစောပိုင်းက ရောဂါပိုးရှိပေမယ့် ရောဂါလက္ခဏာ မပြင်းထန်သူများကို ခုတင်အခက်အခဲကြောင့် အိမ်တွေမှာပဲ သီးခြားခွဲနေဖို့ ပြန်လွှတ်ထားတာပါ။ ဒါပေမဲ့ အဲဒီလိုလူနာမျိုးအတွက် ယာယီဆေးရုံတွေကို ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး ၂၉ နာရီအတွင်း ၃ ရုံ၊ နောက်ပိုင်း စုစုပေါင်း ၁၆ ရုံအထိ ဖွင့်လိုက်နိုင်တယ်။ ခုတင်ပေါင်း ၁၄၀၀၀ ရှိလာတယ်။ ဒီလို မပြင်းထန်သူများအားလုံးကို ယာယီဆေးရုံများမှာ တင်ထားလိုက်နိုင်တာတွေဟာ ရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးမှုနှုန်းကို အများကြီး လျော့ကျစေခဲ့ပါတယ်။ ရပ်ကွက်တွင်း ကူးစက်နိုင်တဲ့ဇာစ်မြစ် (ရောဂါပိုးရှိသူ source) ကို ထိန်းချုပ်နိုင်လိုက်တာ၊ သူတို့တတွေ ရောဂါအပြောင်းအလဲ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ ဆေးရုံကို အချိန်မီပို့နိုင်ပြီး ကယ်နိုင်တာ၊ သူတို့ကိုယ်တိုင် ယာယီဆေးရုံမှာနေရတော့ စိတ်အေးလက်အေး အနားယူနိုင်တာ (ဒါကလည်း လူတွေရဲ့ ကိုယ်ခန္ဓာခုခံအား immunity system အတွက် အရေးကြီးပါတယ်။) စတဲ့ အားကောင်းချက်တွေရှိတာ တွေ့ရပါတယ်။

ဒီယာယီဆေးရုံများ ဖွင့်လိုက်နိုင်မှုဟာ ကပ်ရောဂါကြီး အမြန်အဆုံးသတ်သွားရေးအတွက် အလွန်အရေးပါခဲ့ပါ တယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ လူနာတွေ ပြန်ကောင်းသွားပြီး ဆေးရုံတွေက ဆင်းသွားနိုင်တာကြောင့် အဲဒီ ယာယီဆေးရုံတွေ အကုန်ပိတ်သိမ်းနိုင်ခဲ့ပါတယ်။

(မှတ်ချက်။ ။ ရပ်ကွက်ကော်မတီများ ကျေးဇူးနဲ့ တမြို့လုံး တအိမ်တက်ဆင်း လှည့်လည်စစ်ဆေးပြီး သံသယ လူနာတွေကို ဖော်ထုတ်မှုက ရောဂါပိုးရှိသူများ ၆၀၀၀ ကျော် တွေ့ရှိလိုက်နိုင်ပြီး အားလုံးကို ယာယီဆေးရုံ တင်ပေး လိုက်နိုင်တာဟာလည်း ရောဂါပျံ့နှံ့မှုကို ထိန်းလိုက်နိုင်ပါတယ်။ မြန်မာပြည်မှာလည်း အင်းစိန်မြို့နယ်မှာ ဒီပုံစံမျိုးနဲ့ သံသယလူနာတွေ ရှာကြောင်း သတင်းတွေ့လိုက်ရပါတယ်။) ဝူဟန့်ကို ပိတ်ဆို့လိုက်မှုကတော့ အခရာကျပါတယ်။ တနေရာတည်းကို အလွန်ထိရောက်စွာနဲ့ မြန်ဆန်စွာ နှံ့နှံ့စပ်စပ် ရှာဖွေစစ်ဆေးမှု (thorough screening) လုပ်လိုက်နိုင်ပါတယ်။ ကျန်တာတွေကတော့ နောက်က လိုက်လုပ်ရတာပေါ့။

၃။ ကုသမှုနည်းနာတွေ ပိုမိုပြည့်စုံလာခြင်း။

အစောပိုင်းမှာ ရောဂါအသစ်အဆန်း ဖြစ်နေတာကြောင့် စမ်းတဝါးဝါး ကုသရပြီး ကုသနည်းစနစ်များ တသမတ်တည်း မဖြစ်ခဲ့ပါဘူး။ ဆာဆ်ရောဂါနဲ့ တူသလိုလိုရှိလို့ ဆာဆ်ရောဂါကုသနည်းတမျိုးဖြစ်တဲ့ ကော်တီဆုန်း ဟိုမုန်းဆေးတွေ နှုန်းအမြင့့်ကြီးပေး ကုသရာမှာ—

လူနာများအနေနဲ့ အစပိုင်း အတော်ထိရောက်သလိုရှိပေမယ့် နောက်ပိုင်း ရောဂါအခြေအနေ ရုတ်တရက် ဆိုးဝါးသွားပြီး ဘယ်လိုမှ ကယ်မရအဖြစ်တွေ ကြုံလာရပါတယ်။ အဲဒီဆေးရုံကြီးမှာပဲ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူကို ပထမဆုံး ရင်ခွဲစစ်ဆေးရာ (autopsy) မှု ပြုလုပ်ခဲ့ပါတယ်။ ဒီမှာတင် ရှေ့ဆေးကုသရေးအတွက် အလွန်အထောက်အကူပြုတဲ့ အချက်တွေ ပေါ်လာပါတယ်။

ဒီ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ အဆုတ်များကို ဖျက်ဆီးပစ်နိုင်ရုံမက တခြားအင်္ဂါများ-နှလုံး၊ ကျောက်ကပ် စတာတွေကိုပါ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိလိုက်ရပြီး ဒါကို အခြေခံကာ ကုသရေးမှာ တခြားအင်္ဂါ ထောက်ပံ့ရေး များကိုပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်လာရပါတယ်။

ကျောက်ကပ်စွမ်းရည် ကျဆင်းမှု၊ နှလုံးစွမ်းအင် ကျဆင်းမှု စတဲ့ တခြားအင်္ဂါကျဆင်းမှုများလည်း ရှိနိုင်တာ သိလာရတဲ့အတွက် လက်ဦးမှုရှိရှိ ဖြေရှင်းနိုင်မှုများက သေဆုံးနှုန်းကို ကျဆင်းစေခဲ့တာပါ။ အလွန်ပြင်းထန် သည်းသန်နေတဲ့ လူနာများကိုလည်း ရောဂါပြန်ကောင်းလာသူများရဲ့ သွေးရည်ကြည် (plasma) တွေ သွင်းပေးပြီး ကုသပေးတာ အောင်မြင်မှုတချို့ ရလာပါတယ်။

ဒါ့အပြင် တခြားအထောက်အကူ ကုသနည်းများ-ဥပမာ- တရုတ်ဗိနွေ္ခာဆေးများ သုံးပြီး အပူကျစေတာ၊ ကိုယ်ခနွ္ခာခုခံအားမြင့်ရေးအတွက် သုံးတာ၊ ဒီလိုနည်းတွေနဲ့ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပစ်နိုင်ရေးအတွက် အချိန်ဆွဲပေးတာ (buying some time) တွေ လုပ်နိုင်ခဲ့ပါတယ်။

(ကိုဗစ်-၁၉ ရောဂါသည် ၉၀% နီးပါး တရုတ်ဗိနွေ္ခာဆေးနဲ့ ကုသမှုရရှိခဲ့ကြပါတယ်။)

နေ့စဉ် လူနာတွေ ကိုယ်ခံအားကောင်းဖို့ အလွန်ဈေးကြီးတဲ့ အားဆေးများကိုလည်း အသုံးပြုခဲ့တာတွေ ရှိပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့အချက် ၂ ရပ် ရှိပါတယ်။

၁။ အထူးကြပ်မတ်ခုတင် (I.C.U. bed) လုံလောက်အောင် ထားလိုက်နိုင်တာ၊ ပြင်းထန်တဲ့လူတိုင်း အထူးကြပ်မတ်ဆောင်ထဲ သွင်းနိုင်လို့၊ လိုအပ်သမျှ ဆေးဝါးသုံးနိုင်တာ၊ (medical resources) ပြင်းထန်လူနာ-ဆရာဝန်-သူနာပြု အချိုးအစား ကောင်းကောင်းထိန်းပေးနိုင်တာ၊ (ဥပမာ- အသက်ရှူစက်တပ် (ventilater,ECMO .etc) ကယ်နေရတဲ့ ပြင်းထန်လူနာအတွက် အနိမ့်ဆုံး သာမန်ဆရာဝန် ၂ ဦး၊ အထူးပါရဂူ ၂ ဦး၊ အထူးကျွမ်းကျင်သူနာပြု(၃-၄ ဦး) ၂၄ နာရီ လိုအပ်ပါတယ်။ ဆရာဝန် တနေ့ ၆ နာရီ၊ သူနာပြု တနေ့ ၄ နာရီ တာဝန်ထမ်းပြီးရင် လူလဲပေးဖို့ လိုပါတယ်။ အဲဒီအချိုးအစားမျိုး လိုအပ်တာပါ။)

၂။ ရောဂါရှိသူတိုင်း အခမဲ့ အတိုင်းအဆမရှိ ကုသပေးနိုင်တာ။ ဒါတွေကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခဲ့တာပါ။

ဒီလိုနည်းများနဲ့ တရုတ်ပြည်မှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကို တိုက်ဖျက်နိုင်ခဲ့ပါတယ်။

တကယ်တော့ တရုတ်အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုစနစ် အားကောင်းတာက အလွန်အရေးသာစေခဲ့ပြီး ပြည်သူလူထု အသက်ရှင်ခွင့်အတွက် အင်အားဟူသမျှ စည်းရုံးစုစည်းကာ ဘက်စုံကဏ္ဍများမှာ တဆင့်ပြီးတဆင့် အားနည်းချက်များကို ရှာဖွေပြုပြင်ပြီးနောက် အစွမ်းကုန် တိုးတက်ဖွံ့ဖြိုးပြည့်စုံအောင် လုပ်နိုင်ခဲ့မှုက ဒီတိုက်ပွဲကြီးမှာ တရုတ်ပြည် အနိုင်ရစေလိုက်ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံများ (အထူးသဖြင့် လူထုကျန်းမာရေးစနစ် အားနည်းတဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံများ) အတွက်လည်း လုပ်နည်းကိုင်နည်းပုံစံများ (formula) ကို ထုတ်ပေးလိုက်နိုင်ပါတော့တယ်။

ဒီအတွေ့အကြုံတွေကို အခြေခံပြီး တရုတ်ဆေးအဖွဲ့ဝင်များ နိုင်ငံအများအပြားကို လှည့်လည်သွားရောက်ပြီး အကြံပေး ကူညီနေတာတွေလည်း တွေ့နေရပါတယ်။

ဒါတွေအားလုံးဟာ ကမ္ဘာရွာကြီးအတွက် (global village) ကပ်ဘေးအလွန်ကာလမှာ ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့ လူထုကျန်းမာရေးစနစ်သစ်ကြီးအတွက် အင်အားသစ်တွေ ဖြစ်စေမှာပါ။

လှကျော်ဇော

၁၇-၅-၂၀၂၀။


ကိုးကား- 1/ China Daily –30-4-2020;6-5-2020

2/ CGTN 28-4-2020 Covid19 and Frontline/