Breaking News

ဇင်လင်း - တစ်နိုင်ငံလုံး ချွင်းချက်မရှိ အပစ်ရပ်မှသာ COVID-19 ရောဂါ ထိန်းချုပ်နိုင်မည်

photo -Myanmar-Now

ဇင်လင်း - တစ်နိုင်ငံလုံး ချွင်းချက်မရှိ အပစ်ရပ်မှသာ COVID-19 ရောဂါ ထိန်းချုပ်နိုင်မည် 

(မိုးမခ) မေ ၁၆၊ ၂၀၂၀

၂၀၂၀ မေလ ၉ ရက်နေ့စွဲဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ မေလ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် တပ်မတော် အနေဖြင့် နိုင်ငံတကာ စံနှုန်း အတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသည့် အကြမ်းဖက် အဖွဲ့ အစည်းများရှိရာ နေရာဒေသများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့ အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

လက်ငင်းပေါ်ပေါက်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေးကိစ္စ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်နေကြ သည့် အချိန်မျိုးတွင် စစ်ဆင်ရေးအားလုံးရပ်ထားရမည့်အစား ရခိုင်ဒေသ၌ ပိုမိုတိုက်ခိုက်နေသည့်အပေါ် ပြည်သူလူထု က အလွန် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ၁၀ မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း ငါးသောင်း ခုနှစ်ထောင် ကျော်လာပြီဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC)က မတ်လ ၃၁ ရက်နေ့က စာရင်းထုတ်ပြန် ခဲ့ကြောင်း RFA သတင်း၌ ဖေါ်ပြခဲ့သည်။ မတ်လတစ်လအတွင်း ကျောက်တော်မြို့နယ်တွင် ဒုက္ခသည် တစ်သောင်း ကျော် တိုးလာခဲ့ပြီး ဖေဖော်ဝါရီလက ရှိသည့် လူဦးရေထက် သုံးသောင်းကျော် တိုးလာသည်ဟု REC အဖွဲ့ အတွင်းရေးမှူး ကိုဇော်ဇော် ထွန်း က ပြောသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များအား ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ နိုင်ငံတကာ NGO အဖွဲ့များ၏ အထောက်အပံ့ရောက်ရှိမှုများလည်း နှောင့်နှေးလျှက်ရှိသည်။ သို့ဖြစ်၍ ရခိုင်ဒေသခံ ပြည်သူများ ဒုက္ခရောက်နေကြရသည်ဟု ကိုဇော်ဇော်ထွန်းက ဆိုသည်။ 

ကမ္ဘာ့ ကုလသမဂ္ဂ က ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်လျှက်ရှိသော COVID-19 ကပ်ရောဂါကာလတွင် စစ်ပွဲများ ရပ်ထားကြရန် မေတ္တာရပ်ခံထားသည်။ သို့သော် ရခိုင်မြောက်ပိုင်းဒေသနှင့် ချင်းပြည်နယ် ပလက်ဝဒေသများတွင် ကိုဗစ် ကပ်ရောဂါကာလအတွင်း တိုက်ပွဲများ ပြင်းထန်စွာ အဆက်မပြတ် ဖြစ်ပွားနေသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် ရေကြောင်းတိုက်ခိုက်မှုများပါ မကြုံစဘူး ဖြစ်ပွားသေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူ အများအပြားမှာ စစ်ပွဲများကြောင့် အတိဒုက္ခ ကြီးစွာ ရောက်နေကြရသည်။ 

ယင်းသို့သော စစ်ဘေးဒဏ်သင့်နေရသည့် အခြေအနေများနှင့်ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(Arakan League For Democracy) ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့် ကို ‘ငြမ်းမီဒီယာ’ က ဆက်သွယ် မေးမြန်းထားကြောင်း သိရသည်။ ‘ငြမ်းမီဒီယာ’ ၏ ဆက်သွယ်မေးမြန်းချက်မှ ကောက်နှုတ်ချက်တစ်ရပ်ကို ဖေါ်ပြလိုသည်။ 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က ‘ငြမ်းမီဒီယာ’ ၏ ကပ်ရောဂါနှင့် ပတ်သက်သည့် မေးခွန်း တစ်ခုကို ယခုကဲ့သို့ ဖြေကြားခဲ့သည်။

“ကိုဗစ်သာရခိုင်ပြည်ထဲ ရောက်ခဲ့ရင် ကျနော်တို့ဘဝက ပြီးသွားပြီ။ သတ်မှတ်ထားတဲ့ Mask တွေ တပ်စရာလည်း မရှိဘူး။ မြင်လည်း မမြင်ဖူးဘူးဗျာ။ သတင်းတွေလည်း အမှောင်ချထားတယ်။ သတင်းလည်း သူတို့ မသိဘူး။ ဆင်းရဲတယ်ဆိုတာ ထမင်းစားစရာ တစ်ခုတည်း မရှိတာ မဟုတ်ဘူး။ အသိဉာဏ်လည်း ဆင်းရဲတယ်ဗျ။ အဲဒီလူတွေကို အသိပညာ ပေးတယ် ဆိုတာ အကြိမ်ကြိမ် ပေးရတယ်။အကြိမ်ကြိမ် ပြောဆိုရတယ်။ နားမှာ နားရည် ဝလာအောင် လုပ်ရတယ်။ အဲဒီလုပ်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ လုပ်ငန်းတွေ ကမ္ဘာပေါ်မှာ မီဒီယာလုပ်ငန်းတွေ ရှိတယ်။ ဖုန်းတွေကနေ လုပ်ရတာ ရှိတယ်။ အဲဒီ ဟာတွေကိုဖြတ်တောက်တဲ့ အတွက် ကျနော်တို့ဟာ ရက်စက်ခြင်း ကိုခံရတဲ့သူတွေ ဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားတဲ့ အတွက် ခုနက ပြောသလိုပေါ့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခြားရမယ်။ ခြောက်ပေ မဟုတ်ဘူး။ ခြောက်လက်မ ခြားနိုင်စရာ အကြောင်းမရှိဘူး။ စခန်းတစ်ခုမှာ လူနှစ်ရာ ရှိတဲ့အခါမှာ လူလေးရာ၊ငါးရာ ဖြစ်နေပြီ။ လက်ကို ဆေးဖို့ မပြော နဲ့ သောက်ရေမရှိဘူး။ ချိုးစရာ ရေမရှိဘူး။ ဆပ်ပြာမပြောနဲ့ ဘာမှကို မရှိဘူး။ ဒီလို အတိဒုက္ခ ရောက်နေတဲ့ နေရာကြီး လေဗျာ။ ကိုဗစ်သာ ရောက်လာရင် ကျနော်တို့ ရခိုင်တွေ ပွဲသိမ်းသွားပြီ။ မျိုးပြုန်းသွားပြီ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီလို မျိုးတုန်းသွားတယ်ဆိုတဲ့ဟာကို တမင်သက်သက် လုပ်နေကြလေ သလားလို့ ကျနော်ခံစားမိတယ်။” ဟု ဦးဦးလှမြင့် က ပြောကြားသွားသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခွင့်ရရှိရေးကိစ္စ အစိုးရထံတင်ပြဆွေးနွေးသွားမည်ဟု NCA လက်မှတ် ထိုးထား သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ၇ရက်နေ့စဉ် သတင်းသို့ ပြောကြားခဲ့သည်။ ALP သည် လက်ရှိတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA)အဖွဲ့တို့ အကြားတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ဒုက္ခသည်စခန်းအချို့သို့ သွားရောက်၍ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသ မှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။ ALP သည် အစိုးရ၏ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး လမ်းညွှန်ချက်များကို အသုံးပြု၍ ရသေ့တောင်မြို့နယ်ရှိ စစ်ရှောင် စခန်းလေးခု၊ စစ်တွေနှင့် မင်းပြားမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့၌ ရောဂါကာကွယ်ရေး အသိပညာပေးမှု လုပ်ဆောင်ခဲ့သည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။ အစိုးရထံမှ အထောက်အပံ့ ရမည်ဆိုလျှင် COVID-19 ရောဂါ အသိပညာ ပေးလုပ်ငန်းများကို ၁၇ မြို့နယ်လုံးတွင် လုပ်လို သည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ထပ်တိုးလာသော ဒုက္ခသည်များအတွက် ရိက္ခာထောက်ပံ့ပေးရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နှင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့(WFP) များထံ ကမ်းလှမ်းထားသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အကူအညီအပြင် အဝတ်အထည်၊ ဆေးဝါးနှင့် ငွေကြေးအကူအညီ များလည်း လိုအပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ အထူးသဖြင့် ဒုက္ခသည်များအတွက် အရေး တကြီးလိုအပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးဆိုင်ရာ နည်းပညာ ထောက်ပံ့ရေးပစ္စည်းများ ဖြစ်သည်ဟု သတင်း များအရ သိရသည်။ ကယ်ဆယ်ရေးစခန်းများသို့ လူမှုအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့များ လာရောက်၍ ပညာပေးခြင်း မရှိသကဲ့ သို့ အထောက်အပံ့ပေးခြင်းလည်း မရှိသေးကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။ 

ထိုအတောအတွင်း COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စားလှယ်များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ အစိုးရကော်မတီနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင် ၁၀ ဖွဲ့ (NCA-S EAO) ကိုယ်စားလှယ် အချို့သည် COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် မေလ ၅ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အပစ်ရပ် ၁၀ ဖွဲ့က သတင်းထုတ်ပြန်ခဲ့ဟု ၇ရက်နေ့စဉ်သတင်း၌ ဖေါ်ပြ သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ကို COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရက ဆက်သွယ်ခဲ့ရာ ကချင်အဖွဲ့(KIA)၊ ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့(SSPP/SSA) တို့က ပူးပေါင်းဆောင်ရွက်မည်ဟု အကြောင်း ပြန်ကြားထား ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးက ဧပြီ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် NCA မထိုးရသေးသည့် ရှစ်ဖွဲ့ထံသို့ ကော်မတီ ဖွဲ့စည်းပြီးကြောင်း အခြေအနေ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ အခက်အခဲရှိပါက ကော်မတီသို့ ဆက်သွယ်ရန်၊ ပူးပေါင်းဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က ဆိုသည်။ NCA လက်မှတ်မထိုးရသေးသော ရှစ်ဖွဲ့အနက် လေးဖွဲ့က သူတို့အနေဖြင့် ကော်မတီ များဖွဲ့ထားပြီးကြောင်းနှင့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ပူးပေါင်းဆောင်ရွက်မည့်အကြောင်း တရားဝင် ပြန်လည် ဆက်သွယ်လာသည် ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက COVID- 19 ကာကွယ်ရေးအတွက် သတင်း အချက်အလက်ဖလှယ်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ အကူအညီလက်ခံခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်အချို့ကိုမူ ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲ ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

UWSA အနေဖြင့်လည်း အစိုးရ၏ ကော်မတီဖွဲ့စည်းမှုကို ကြိုဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုထား သည်။ မိုင်းလားအဖွဲ့အနေဖြင့် အစိုးရက ကော်မတီမဖွဲ့စည်းမီ ကတည်းကပင် ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက် နေသည်။ တရုတ်နိုင်ငံမှ ပြန်လည်စေလွှတ်လိုက်သည့် မြန်မာနိုင်ငံသား ၃,ဝဝဝ ကျော်ကို မိုင်းလားဒေသ၌ Quarantine ထားရှိသကဲ့သို့ အစိုးရကလည်း အဆိုပါ လူဦးရေ ၃,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာအဆင်ပြေစေရန် ဆန်အိတ် ၁,ဝဝဝ နှင့် စားဆီနှစ်ပီပါကို မိုင်းလားအဖွဲ့ထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။ SSPP အနေဖြင့်လည်း သံသယလူနာများကို အစိုးရ ဆေးရုံများသို့ စေလွှတ်ခြင်းအပါအဝင် အောက်ခြေ၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံမှုသည် ကမ္ဘာတစ်ခွင်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်နေကြောင်း မီဒီယာသတင်းများ ကြားသိနေရသည်။ ကမ္ဘာတစ်ခုလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄, ၁၁၇,ဝ၉၈ ရှိ၍ သေဆုံး သူ ၂၈၀, ၆၉၇ ဦး ရှိလာပြီဖြစ်ကြောင်း မေလ ၁၀ ရက်နေ့ worldometer စာရင်းဇယားအရ သိရသည်။ မေလ ၁၁ ရက်နေ့ သတင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ လူနာ ၁၈၀ ဦးရှိပြီး ထိုလူနာများအနက် ၆ ဦးသေဆုံးခဲ့သည်။ လူနာ ၆၈ ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ မေလလယ်တွင် တရုတ်နှင့် ထိုင်းအပါအဝင် ပြည်ပနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်နေရဆဲရှိသည်။ ထို့ကြောင့် နယ်စပ်ဒေသများတွင် ရောဂါထိန်းချုပ် ကာကွယ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စနစ်တကျ လက်တွဲလုပ်ဆောင်ရေးမှာ အရေးကြီးပေသည်။ 

လတ်တလော ကမ္ဘာ့ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံနှံမှု ပြဿနာကို အပြင်းအထန် ကြိုးပမ်း ရင်ဆိုင် နေရချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ် ပြဿနာကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားလာနေ သဖြင့် စိုးရိမ်စရာ စိတ်မကောင်းစရာ ဖြစ်နေသည်။ ပြည်သူအများ နေထိုင်ရာ နယ်နိမိတ်အတွင်း အပြန်အလှန် ပစ်ခတ်မှုများ ကြောင့် မြေစာပင် အရပ်သားသူ အရပ်သားများသေဆုံး နေရသည်။ အထူးသဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနေဖြင့် အရပ်သားများအကြား ရောနှောနေထိုင်ခြင်းကြောင့် ဖြစ်ကြောင်း ‘ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ’ KACC ၏ ထုတ်ပြန်ချက်၌ ဖေါ်ထားသည်။ ယင်းသတင်းကို ၇ ရက်နေ့စဉ်သတင်း၌ ဖေါ်ပြထားသည်။ ထို့ကြောင့် ရေရှည် အကျိုးအတွက် AA အဖွဲ့အနေဖြင့် ပလက်ဝ နယ်နိမိတ် အတွင်းမှ ဆုတ်ခွာပေးမှသာ ဒေသခံ ပြည်သူတို့အသက်အိုးအိမ် လုံခြုံရေး ရရှိနိုင်မည်ဟု KACC က ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အထူးအရေးကြီးသတင်းတစ်ပုဒ်မှာ ရခိုင်ဒေသတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ၈ မြို့နယ်၌ အင်တာနက် ဖြတ်တောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများ သတင်းအဆက်အသွယ် ပြတ်တောက် နေသည်ဟု ဆိုသည်။ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူးနဲ့ မိုင်တဲလ်ဖုန်း အားလုံး ဆက်သွယ်၍ မရတော့ဟု ဆိုသည်။ ယင်းဖြစ်ရပ် များသည် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ဆက်နွယ်နေသည်ကို သတိပြုသင့်သည်။ တချိန်တည်းမှာပင် ကျောက်တော်၊ မင်းပြားမြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်နေပြီး၊ နေအိမ်များ မီးရှို့ဖျက်ဆီး ခံရ ခြင်းများ ရှိနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သတင်းများက ဆိုသည်။
ဤသို့ဖြင့် အင်တာနက်ပြတ်တောက်မှုကြောင့် အမှန်အကန် သတင်းများကို ထိုဒေသ ခံ ပြည်သူတို့ဘာမျှ သိခွင့်မရရှိဘဲ မျက်စိပိတ်နားပိတ် ဖြစ်နေရသည်။ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရကို ကူညီနေသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ မော်တော်ယာဉ် စစ်တွေမြို့ မှ ရန်ကုန်သို့ ဧပြီ ၂၀ ရက်က ထွက်ခွာလာစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား အကျော်၊ ရာမောင် ဇက်ဆိပ်အနီးမှာ လက်နက်ကိုင်အဖွဲ့ဝင် တစ်စုက ပစ်ခတ် တိုက် ခိုက်ခြင်း ခံရသည်။ သတင်းမှန် ရယူရန် အခက်အခဲရှိသဖြင့် ထိုသတင်းနှင့် ပတ်သက်၍ ကောလဟလများ ဦးစွာ ထွက် ပေါ်ခဲ့သည်။ သတင်းမှောင်ချမှု အကျိုးမရှိကြောင်း ဤဖြစ်ရပ်က သက်သေပြနေသည်။ ထို့ကြောင့် လက်ရှိအခြေအနေ တွင် ရခိုင်ပြည်နယ်သတင်းများအပေါ် အရပ်ပြောကောလဟလ သတင်းများ က လွှမ်းမိုးနေသည်။ ပြည်သူများအကြား ပေါ်ပေါက်နေသော သတင်းများကို သတင်းထောက်များက စိစစ်အတည်ပြု တင်ပြခွင့် မရခြင်းကြောင့် သတင်းကပ်ရောဂါ ဘေး (Infodemic) သင့်နေသည်ဟု ဆိုရသည်။ အစိုးရနှင့် တပ်မတော်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် သတင်းမီဒီယာ ပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်မှု အားနည်းနေသမျှ သတင်းလွတ်လပ်စွာ စီးဆင်းခွင့်လည်း အားနည်းနေဦးမည်ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်းတွင် ကိုဗစ်ကပ်ရောဂါ သတင်းအမှားများ၊ သတင်းအတုအယောင်များ ပျံ့နှံ့နေသကဲ့သို့ ရခိုင်တိုက်ပွဲ သတင်းများတွင်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းများ ရောနှောပေါ်ထွက်လာသည်။ 

ယနေ့ကဲ့သို့သော ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့လာနေတဲံ Coronavirus ခေါ် COVID-19 ကပ်ရောဂါကြီးနှင့် ရင်ဆိုင်နေရချိန် တွင် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲများ ရပ်တန့်ကြပြီး၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်၌ အားလုံး ဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်ကြရေး အထူးအရေးကြီးနေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မေတ္တာရပ်ခံထားသည်။ တိုက်ပွဲများအတွင်း အပြန်အလှန်ပစ်ခတ်ကြသော ကျည်ဆံများ၏ အန္တရာယ်ထက် COVID-19 ကပ်ရောဂါကြီးဘေး၏ အန္တရာယ်က ပို၍ ကြောက်စရာကောင်းသည်ကို လက်နက်ကိုင်စစ်သားတိုင်း အလေးအနက် သတိပြုသင့်သည်။ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအားလုံး မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးရည်မှန်းချက်ကို ထည့်သွင်းစဉ်စားကာ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဘုံသဘောတူညီမှု တစ်ခု ရအောင်ရှာ၍ ပြည်ထောင်စုအကျိုး ရှေးရှုဆောင်ရွက်သင့်သည်ဟု သုံးသပ်မိသည်။