Breaking News

မြင့်ကျော် - သတင်းမှားနဲ့ ရွေးကောက်ပွဲ


မြင့်ကျော် - သတင်းမှားနဲ့ ရွေးကောက်ပွဲ

(မိုးမခ)ဇွန် ၂၉၊ ၂၀၂၀

နိုင်ငံရေးပါတီတွေ အပြင်းအထန် ပြိုင်ဆိုင်ကြတဲ့ ရွေးကောက်ပွဲလိုကာလမှာ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ရာမှာ နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်စည်းရုံးကြရာမှာ  သတင်းအချက်အလက်တွေနဲ့ စည်းရုံးတာကလည်း အဓိက ကျတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဘာတွေလုပ်ပေးမယ် ဘယ်လို မူဝါဒတွေ ချမှတ်မယ် ဘယ်ဥပဒေတွေ ပြဌာန်းပေးမယ် စသဖြင့် ကတိကဝတ်တွေနဲ့ မဲဆွယ်သလို တဖက်ပါတီ တဖက် နိုင်ငံရေးသမားရဲ့ အားနည်းချက်တွေကို ဖေါ်ထုတ်တဲ့နည်းအားဖြင့်လည်း ကိုယ့်ဘက် မဲရအောင် လုပ်ကြတာမျိုးပါ။

ဒါလိုလုပ်တာကတော့ ဘယ်နေရာ မှားလဲ မေးရင် ဘယ်နေရာမှမမှားဘူးလို့ လို့ပဲပြောရမှာပါ။

ဒါပေမယ့် သတင်းမှားတွေ သတင်းတုတွေနဲ့ ဖျားယောင်တာ လုပ်ကြံသတင်းတွေနဲ့ ပြိုင်ဘက်ကို အားနည်းအောင် လုပ်တာကတော့ တရားမဝင်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီလို သတင်းမှားတွေ သတင်းတုတွေ နဲ့ လှည့်ဖျားတာကို ဘယ်သူတွေ လုပ်ကြသလဲဆို နိုင်ငံရေးသမားတွေက တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ထောက်ပံ့ထားတဲ့ ကြေးစား အဖွဲ့အစည်းတွေက လုပ်ပေးကြတာမျိုးပါ။

၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ နောက်ကွယ်က ပါဝင်ခဲ့တဲ့ Cambridge Analytica အဖွဲ့က ထင်ရှားတဲ့ သာဓက တခုပါ။ strategic communication consultancy (မဟာဗျူဟာကျ ဆက်သွယ်ရေး အတိုင်ပင်ခံ) ဆိုတဲ့ လှပတဲ့စကားလုံးအောက်မှာ လုပ်ဆောင်တဲ့ ကုမ္ပဏီရဲ့တာဝန်က မဲဆန္ဒရှင်တွေရဲ့ စိတ်နေစိတ်ထား အကြိုက်တွေကို စုဆောင်းလေ့လာပြီး ရွေးခြယ်မှု ပြောင်းလဲသွားအောင် သွေးဆောင်ဖျားယောင်တဲ့ အလုပ်ပါ၊

နိုင်ငံရေးပါတီနောက်ခံနဲ့ မီဒီယာ

မြန်မာနိုင်ငံမှာတော့ အဲလောက်ထိ ရှုပ်ထွေးတဲ့ အဆင့်မျိုးလုပ်နေကြတာ မရှိသေးသည့်တိုင် နိုင်ငံရေးပါတီ/ နိုင်ငံရေးသမားတွေက ထောက်ပံ့ထားတဲ့ မီဒီယာအချို့ရှိနေတာလည်း ငြင်းလို့မရတဲ့အဖြစ်ပါ၊

နိုင်ငံရေးပါတီတခုက လူသိရှင်ကြား သတင်းမီဒီယာတခုကို တည်ထောင်တာဟာ ပြဿနာမဟုတ်ပါဘူး။ ပါတီနာမည်ခံထားတဲ့ သတင်းစာ၊ ဂျာနယ်တွေ ရှိနေတာ သိရှိကြပါတယ်။

သို့ပေမယ့် နိုင်ငံရေး ပါတီတခုခု သို့တည်းမဟုတ် နိုင်ငံရေးသမားတစ်ဦးဦးက နောက်ကွယ်က ပံ့ပိုးထားပြီး ကိုယ့်အဖွဲ့ကို ပုံရိပ်မြှင့်တင်ဖို့ တဖက် အတိုက်အခံကို တိုက်ခိုက်ဖို့ ထိုးနှက်ဖို့ လုပ်ဆောင်နေတာမျိုးက မရိုးသားမှုဖြစ်ပါတယ်။ သတင်းမီဒီယာက အသုံးချခံရတာမျိုးပါ၊ ဥပဒေအရတော့ တားမြစ်ထားတာ မရှိသော်လည်း သတင်းမီဒီယာ အနေနဲ့ ကျင့်ဝတ်ဖောက်ဖျက်ရာကျပါတယ်။

ဒီလိုအဖြစ်မျိုး အခြေအနေမျိုးက နိုင်ငံအတော်များများမှာ တွေ့မြင်ရလေ့ရှိပြီး မြန်မာနိုင်ငံမှာလည်း အတိုင်းအတာတခုထိ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကိုယ့်ထက် အခြေအနေပိုဆိုးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်၊ ဒေသတွင်း နိုင်ငံတနိုင်ငံကို ဥပမာပြရရင် ကမ္ဘောဒီးယားပါ။

သတင်းမီဒီယာ အတော်များများက နိုင်ငံရေးပါတီနောက်ခံတွေနဲ့ ချည်းဖြစ်တာ တွေ့ရပါတယ်၊ အာဏာရ အစိုးရကလည်း လက်ဝင်ပါသလို အတိုက်အခံတွေကလည်း နောက်ကနေ ပံ့ပိုးပြီး မီဒီယာကို အသုံးချကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ဝန်းကျင် ကမ္ဘောဒီးယားရောက်စဉ် စဉ်းစားမိတာတခုက မြန်မာနိုင်ငံက အဲဒီတိုင်းပြည်လောက် မဆိုးသေးတာကိုတွေ့ရတော့ စိတ်သက်သာရမိသော်လည်း ခုနှစ်ပိုင်းတွေမှာ မီဒီယာတွေ စီးပွားရေးအရ ရပ်တည်ရ ခက်ခဲလာနေတာ တကြောင်း ၊ အွန်လိုင်းမီဒီယာဆိုတဲ့ အမျိုးအစားအောက်မှာ သတင်းသမား ၃ ၊ ၄၊ ၅ ယောက်လောက်နဲ့ အွန်လိုင်းမီဒီယာ လုပ်လို့ ရလာတာတကြောင်း သတင်းကျင့်ဝတ် မီဒီယာကျင့်ဝတ်ကို ထိန်းဖို့ခက်ခဲလာတာလည်းတွေ့ရပါတယ်။ မီဒီယာသဘာဝက ကြားနေတယ် ဘက်မလိုက် ဘူးလို့ ဆိုသော်လည်း အဲဒီစံတွေကို တိတိကျကျ လိုက်နာခြင်းမပြုဘဲ ပြစေချင်တဲ့ မျက်နှာစာပဲ ပြတာမျိုး၊ ကိုယ့်အားနည်းချက်ထက် တဖက်အားနည်းချက်ကိုပဲ ရွေးချယ် ဖော်ပြတဲ့ နည်းတွေနဲ့ မီဒီယာကို သိက္ခာကျစေပါတယ်။

ဒါတွေက ဥပဒေဘောင်အတွင်းက မီဒီယာနဲ့ ရွေးကောက်ပွဲ ဆက်စပ်မှုတွေပါ။

ဥပဒေရဲ့ ပြင်ပက သတင်းတု/သတင်းမှား

ဒါဆို ဥပဒေနဲ့ မညီတဲ့ အပိုင်းက ဘာတွေလဲလို့ဆိုရင် သတင်းတု၊ သတင်းမှား ဖန်တီးပြီး တဖက် နိင်ငံရေးအဖွဲ့အစည်း လူပုဂ္ဂိုလ်ကို တိုက်ခိုက်ကြတဲ့နည်းပါ။

ရာနှုန်းပြည့် လုပ်ကြံဖန်တီးထားတဲ့ သတင်းမျိုး၊ အချက်အလက်မှန်တချို့နဲ့ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တချို့ရောပြီး သတင်းထုတ်လုပ်ကာ ပရိသတ်ကို ဝေဝါးအောင် လုပ်တာမျိုး ၊ အဆိုးဆုံးအခြေအနေမှာတော့ အကြမ်းဖက်မှု ၊ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်လာစေအောင် လှုံ့ဆော်တဲ့ သတင်းမျိုးတွေ အထိ ဖန်တီးခြင်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာခေတ်လို လူတိုင်းက ပို့စ်တွေရေးခွင့်ရှိပြီး သတင်းဌာနအမည်ခံ သတင်းဌာနအတုတွေ မှိုလိုပေါက်တဲ့ ခေတ်မျိုးမှာ ဒီနည်းနဲ့လည်း ရွေးကောက်ပွဲမှာ အသာစီးရအောင် လုပ်ကြတာမျိုးဖြစ်ပါတယ်။

တကယ်တော့ သတင်းတုတွေ၊ သတင်းမှားတွေ သတင်းဌာနအမည်ခံ အတုအယောင် ဖေ့စ်ဘွတ်ပေ့ချ်တွေ ဝက်ဆိုက်တွေက ပြီးခဲ့တဲ့ ၂၀၁၂ ရခိုင်ပဋိပက္ခ ကစလို့ မန္တလေး ပဋိပက္ခ စတာတွေမှာ လှုံ့ဆော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီလို သတင်းတုတွေ သတင်းမှားတွေ သတင်းဌာနအယောင်ဆောင်တွေကို ဖော်ထုတ်တာ ပလက်ဖောင်းပေါ်က ဖယ်ရှားတာတွေက အရင့်အရင်ကတည်းက လုပ်သင့်နေတာဖြစ်ပါတယ်။

ခု ရွေးကောက်ပွဲ နဲ့ ဆက်နွယ်တဲ့အခါမှာမှ ဒီကိစ္စက အများအာရုံစိုက်စရာ ပြန်ဖြစ်လာတယ်လို့ ဆိုရမလား မသိပါ။