Breaking News

လှကျော်ဇော - လွမ်းတေးမဆုံးနိုင်သေး

 ဓာတ်ပုံ - ဒေါ်လှကျော်ဇောထံမှ ရပါသည်


လှကျော်ဇော - လွမ်းတေးမဆုံးနိုင်သေး

(မိုးမခ) ဇွန် ၂၉၊ ၂၀၂၀

လူထုမောင်နှံ ဖြစ်တဲ့ ဦးလေးလှနဲ့ ဒေါ်ဒေါ်မာတို့ ချစ်သူဘဝက အပြန်အလှန်ရေးခဲ့တဲ့ ရည်းစားစာ အစောင်ပေါင်း ၁၅၀၀ ရှိသတဲ့။

မြေးဖြစ်သူ ဘိုဘို(ဘီဘီစီ) ရေးတဲ့ ဆောင်းပါးတစောင်မှာ ဖတ်လိုက်ရဖူးပါတယ်။ ပိုလို့အံ့သြရတာကတော့ အဲဒီရည်းစားစာတွေကို အနှစ် ၇၀ ကျော် စစ်ဘေးများ၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြားကနေ ဒေါ်ဒေါ်က မပျောက်မပျက် သိမ်းထားနိုင်ခဲ့တာပါပဲ။

မေမေကလည်း ဖေဖေက ရေးပေးခဲ့တဲ့ ရည်းစားစာတွေ ကိုယ်နဲ့မကွာ အမြဲသိမ်းထားခဲ့တာတဲ့။ ဖေဖေ့နောက် လူကြုံနဲ့ ခိုးရာလိုက်တုန်းကတောင် ပါခဲ့သေးဆိုပဲ။ ဒါပေမဲ့ ဒေါ်ဒေါ်မာလောက် ကံမကောင်းပါဘူး။ ဂျပန် တော်လှန်ရေး လုပ်ကြတော့မယ်ဆိုတော့ ဖေဖေက မေမေ့ကို တနေရာ ပို့ထားဖို့ စီစဉ်ပါတယ်။ ဒီတော့ ဖေဖေနဲ့ ပတ်သက်သမျှအားလုံး မီးရှို့ပစ်ရမယ် ပြောလို့ အဲဒီစာတွေအားလုံး မီးရှို့လိုက်ရသတဲ့။

မီးရှို့လိုက်ရတယ် ဆိုတော့ ပြောရဦးမယ်။

ကျွန်မမှာလည်း ရှားရှားပါးပါးရည်းစားစာ သုံးလေးစောင် ရှိဖူးပါတယ်။ ခင်ပွန်းသည်က မြေအောက်တာဝန်နဲ့ခရီးထွက်တုန်း ဗဟိုကို ပြန်မယ့် ဆက်သားလူကြုံနဲ့ ပါးလိုက်တဲ့စာတိုလေးများပါ။ လက်ဝါးလောက်ရှိတဲ့ စာရွက်လေးမှာ သူ ကျန်းကျန်းမာမာရှိကြောင်း၊ စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေကြောင်း သူ့အတွက် ဘာမှမပူပန်ဖို့… ဆိုပြီး အထာနဲ့ရေးပေးလိုက်တဲ့ စာကြောင်းရေ လေး၊ ငါးကြောင်းထက် ပိုလေ့မရှိတဲ့ စာလေးများပါ။ အဲဒီစာလေး သုံး၊ လေးစောင်လည်း ဖေဖေ့စာများကို မေမေ မီးရှို့ပစ်ရသလိုပဲ ၁၉၈၉ ဧပြီလ ၁၆ ရက်နေ့ညမှာ ပန်ဆန်း အသိမ်းမခံရခင်လေးတင် တခြား စာရွက်စာတမ်းများနဲ့အတူ မီးပုံရှို့ပစ်လိုက်ရပါတယ်။

အခုလည်း အဲသလိုမျိုး လွမ်းမောဖွွယ်စာလေး ၆ စောင်ကို ကျွန်မ ဖတ်ကြည့်မိတယ်။

၁၉၅၇ ခုနှစ် မတ်လ ၉ ရက်နေ့၊ ရန်ကုန်မှာ အဖမ်းခံလိုက်ရပြီး ပုဒ်မ(၅) နဲ့ ရန်ကုန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ (ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သူ) ဗိုလ်မှူးချစ်ကောင်းက သူ့ထက်လည်း အချို့စောစွာ (၇-၁-၁၉၅၇) တပ်မတော်စစ်ကြောင်းတခုရဲ့ ဖမ်းဆီးခြင်း ခံရပြီး မန္တလေးထောင်မှာ ပုဒ်မ(၅) နဲ့ အချုပ်ကျနေတဲ့ ဇနီးသည် ဒေါ်ခင်မျိုးညွန့်ဆီ ရေးသားခဲ့တဲ့ လွမ်းစာခွေများပါ။

ကျွန်မတို့မိသားစုက ဗိုလ်မှူးချစ်ကောင်းရဲ့ မိသားစုများနဲ့ ဆွေမျိုးရင်းချာတွေလို ရင်းနှီးတယ်ဆိုပေမယ့် ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွန့်နဲ့ သားသမီးလေးများနဲ့သာ ရင်းနှီးပြီး ဦးလေး ကိုချစ်ကောင်းကို မြင်ဖူးလိုက်တာက လွဲလို့ ကျွန်မ ကောင်းကောင်းမသိလိုက်ရပါဘူး။ ဒါ့ကြောင့် ရှားရှားပါးပါး မိသားစုများအရေး အများဆုံး ပါဝင်တဲ့ ဦးလေးရဲ့စာလေးတွေ ဖတ်ပြီး ဦးလေးရဲ့ စိတ်နေစိတ်ထားတွေကို ပုံဖော်ကြည့်မိပါတော့တယ်။

ဦးလေးကို ကျွန်မတင် မရင်းနှီးတာ မဟုတ်ပါဘူး။ ဖေဖေကလည်း ဦးလေး ထောင်က လွတ်လာပြီးနောက် ဖေဖေတို့ရဲ့ တရုတ်ဖြူ ကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီမှာ ခဏ ပါဝင်လှုပ်ရှား လိုက်ပြီးနောက် တောပြန်ခိုသွားလို့ သိပ်မရင်းနှီးလိုက်ဘူးလို့ သူ့စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ စွဲလမ်းနေဟန် ရှိပါတယ်။

ကျွန်မတို့ သားအဖတတွေ ၁၉၇၆ ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီဆီ ရောက်လာတော့ ဗဟိုက ရဲဘော်ထွန်း(ဗိုလ်ကျင်မောင်)က ပထမဆုံးလာကြိုဆို နှုတ်ဆက်ပါတယ်။ ဖေဖေက ရဲဘော်ထွန်းကို ပြန်နှုတ်ဆက် ပြောဆိုပြီးတာနဲ့ အေးဗျာ။ ခင်ဗျားကို တွေ့ရတာ ကိုချစ်ကောင်းကြီးကို သတိရလိုက်တာ… တဲ့။ ဖေဖေ ပြောမှပဲ ရဲဘော်ထွန်းကို သေသေချာချာ ကြည့်မိတယ်။ ဟုတ်ပ။ ဦးလေးကိုချစ်ကောင်းနဲ့ ခပ်ဆင်ဆင်ရယ်။

တကယ်တော့ ဦးလေးရဲ့ ဂန္ထဝင်မြောက်ဖြစ်တဲ့“အနှစ်၂၀”စာအုပ်ကို ဖတ်ဖူးသူတိုင်း ဦးလေးကို မစွဲလမ်းသူ မရှိပါဘူး။ ၁၉၄၀ ပြည့်နှစ်လောက်များကစလို့ ကျောင်းသားသမဂ္ဂဝင် လူငယ်လေးတစ်ယောက်ရဲ့ (အဲဒီခေတ် အဲဒီအခါတုန်းက ဗမာပြည်သူတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့) လွတ်လပ်ရေးလှုပ်ရှားမှုများကို အတွေးအခေါ် အပြောင်းအလဲဖြစ်စဉ်များနဲ့အတူ အလွန်ရသမြောက်စွာ ရေးသားထားတာပါ။

ဒီစာအုပ်က ဦးလေးရဲ့ နိုင်ငံရေးအမြင် အတွေးအခေါ်ဘဝတွေကို အတော်ဖော်ကျူးနိုင်ပေမယ့် ပုဂွလိကပိုင်းဆိုင်ရာ မိသားစုအကြောင်းအရာတွေ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် အခု ဒီစာလေး ၆ စောင်ကို ဖတ်ရတော့ နိုင်ငံရေးအရ ပြတ်သားခိုင်မာလှတဲ့ သန္နိဋ္ဌာန်များနဲ့ ယှဉ်တွဲပြီး စွဲလမ်းခဲ့ရတဲ့ သံမဏိ ရာသက်ပန်တော်လှန်ရေးသမားကြီးတယောက်ရဲ့ တခြားဘက်တဘက်က အလွန်နူးညံ့တဲ့ နှလုံးသားနဲ့ လူသားဆန်လှတဲ့ ခင်ပွန်းသည်ကောင်းတယောက်ရဲ့ လုပ်ဟန်တွေ၊ ဖခင်တယောက်ရဲ့ မေတ္တာတွေ၊ တမ်းတစိတ်တွေ စတာတွေကို သွားတွေ့ရပါတော့တယ်။ ဒါ့အပြင် နိုင်ငံရေးကိုသာ ဦးထိပ်ထားသူပီပီ နိုင်ငံရေးကိစ္စတွေ နိုင်ငံရေးပြဿနာတွေကလည်း ရောယှက် ပါဝင်နေတာတွေလည်း တွေ့ရပါသေးတယ်။

စာတွေထဲမှာ ဦးလေး ရေးထားတာလေးတွေ ကြည့်ပါဦး။

၁။ ၂၂-၄-၁၉၅၇ နေ့စွဲပါ စာမှာ-
သမီးလေး ပြေးတတ်နေပြီဆိုဒါ ကိုယ် သိပ်မြင်ချင်တာဘဲ။

သားကြီးကကော ပြောလို့ ဆိုလို့ရရဲ့လား။

ညွန့် သတင်းစာမှန်မှန်ဖတ်ပါ။

၂။ ၂၈-၅-၁၉၅၇ နေ့စွဲပါစာမှာ-
ကိုယ့်ပြဿနာဟာ ကိုယ်တဦးချင်းရဲ့ ပုဂ္ဂိုလ်ပြဿနာမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ဆိုင်တဲ့၊ ပေါ်လစီနဲ့ဆိုင်တဲ့ နိုင်ငံရေးပြဿနာ ဖြစ်တယ်။ ဒီတော့ ကိုယ် အမှုဘဲဆိုင်ရမလား၊ သို့မဟုတ် အမှုမဆိုင်ရဘဲ ဒီအတိုင်းဘဲ အချုပ်ခံနေရမလား၊ သို့မဟုတ် လွတ်မလား ဆိုဒါတွေဟာ ဘယ်အပေါ်မှာ တည်နေသလဲဆိုရင် ပါတီရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ ပြည်သူလူဒုတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ အစိုးရက ထားရှိတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပေါ်လစီအပေါ်မှာ တည်နေတယ်။

သားဟာ အဖေနဲ့အတူတူ မနေရဘူး။ အခု အမေနဲ့ ခွဲရအုံးမယ်၊ ပြီးတော့ သူ့နှမလေးနဲ့လည်း ခွဲနေရမယ်၊ သမီးလေးမှာလည်း သူ့ကိုကိုနဲ့ ခွဲရလိမ့်မယ်၊ အဲဒါတွေကတော့ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာဒါတွေကို ရေးတာဘဲလေ။ လက်တွေ့ကတော့ ညွန့် ဆုံးဖြတ်ပေတော့။

၃။ ၁-၇-၁၉၅၇ နေ့စွဲပါ စာမှာတော့-
ကိုယ်ဟာ ကလေးတွေနဲ့ အတူတူ သိပ်ပြီးနေချင်တယ်၊ ဖခင်တယောက်ရဲ့ ကြင်နာတဲ့နှလုံး၊ ကိုယ့်မှာ အပြည့် ရှိပါတယ်။ သို့သော်လည်း လက်တွေ့ကျတော့ ကိုယ်ဟာ သားတို့ သမီးတို့နဲ့ အတူတူ မနေရဘူး။ ညွန့်ဘဲ တာဝန်ယူပြီး ထိန်းသိမ်းနေရတာဘဲ၊ ဒီတော့ ကလေးတွေ ပို့ရေး မပို့ရေးမှာ ညွန့် အပိုင်ဆုံးဘဲ၊

၄။ ၂၀-၈-၁၉၅၇ နေ့စွဲပါ စာမှာ-
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အခုတလော သတင်းစာတွေမှာ ငြိမ်းချမ်းရေးရောင်ခြည် သမ်းလာပြီလို့ ရေးနေကြတာကို တွေ့ရတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့က ဝန်ကြီးချုပ် ဦးနုတို့နဲ့ ၁၅-၈-၅၇ နေ့က တွေ့ပြီး၊ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ခွင့်ပြုဘို့ ခွင့်တောင်းတယ်။ အဲ့ဒါ ဖဆပလ အလုပ်အမှုဆောင်မှာ ၁၇-၈-၅၇ နေ့က တင်ပြီး စဉ်းစားတာ မပြီးပြတ်လို့၊ ၂၄-၈-၅၇ နေ့မှာ ထပ်စဉ်းစားမယ်လို့ သတင်းစာတွေမှာ တွေ့ရတယ်။ ဒီတော့ ငြိမ်းချမ်းရေးရောင်ခြည် သမ်းလာရာကနေပြီး၊ လင်းပြီးဘဲ လာမလား၊ သို့မဟုတ် မှောင်ပြီးဘဲ သွားဦးမလားဆိုတာကိုတော့ ၂၄-၈-၅၇ နေ့မှာ ဆုံးဖြတ်ရင်တော့ သိရတော့မှာဘဲ။ ညွန့် အခု ဒီစာဖတ်နေတဲ့အချိန်မှာ ဆိုရင်တော့ သိပြီးလောက်ရောပေါ့၊ မှောင်သွားတယ်ဆိုရင်လည်း စိတ်မပျက်ဘဲ လင်းလာသည့်တိုင်အောင် ဇွဲကောင်းကောင်းနဲ့ ဆက်ကြိုးစားသွားကြရမှာဘဲ။

ကိုယ်နဲ့ ပတ်သက်ပြီး ညွန့် ဝမ်းသာစရာတခုကတော့ - ကိုယ် ဓာတ်မှန်ရိုက်ကြည့်ပြီးပြီ၊ ရောဂါ မတွေ့ရတော့ဘူးတဲ့၊ ဒါပေမဲ့ ကိုယ် ငါးကြီးဆီတော့ ဆက်သောက်နေပါတယ်။

ညွန့်ကို ထောင်ပြောင်းခွင့် မပြုဘူးဆိုတော့ ညွန့်ပို့လိုက်မယ်ဆိုတဲ့ သမီးလေးဓာတ်ပုံကိုဘဲ ကြည့်ပြီး အလွမ်းဖြေရတော့မှာဘဲ။

၅။ ၁၅-၁၀-၁၉၅၇ နေ့စွဲပါ စာမှာတော့-
သားနဲ့သမီးတို့ရဲ့ဓာတ်ပုံကို ရတော့ ကိုယ် အထပ်ထပ်ကြည့်မိတယ်။“သားတို့ရုပ်ရည် သီတာမည်သား” ဆိုဒါလို ကြည့်လို့မဝနိုင်ဘူး။ သမီးကလည်း သားနဲ့တူတာပါဘဲ။ သားတို့ သမီးတို့ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကလေးတွေကိုလည်း ညွန့်ရဲ့စာထဲမှာ ဖတ်ရလို့ ကိုယ့်မျက်စိထဲမှာ မြင်ယောင်နေတယ်။ သားလည်း အတော်ထွားလာပြီနော်။ အခု ဒီဇင်ဘာလ ၃၁ ရက်နေ့ဆိုရင် ၅ နှစ်ပြည့်ပြီ။ သားကို စာသင်ဘို့အရွယ် ရောက်နေပြီ။ အိမ်က လာမခေါ်ဖြစ်ဘူးဆိုရင်လည်း ထောင်ထဲမှာဘဲ စာတတ်အောင်သင်ပါ။ ကျောင်းမှာလို အချိန် သတ်မှတ်ပြီး စနစ်တကျသင်ပါ။ ညွန့်လည်း သားတို့ သမီးတို့ကို ပြုစုရမဲ့ တာဝန်ရှိတယ်။ ဒီအပြင် ကျန်တဲ့အချိန်တွေမှာလည်း အချိန်ကို အလဟသ မဖြုံးဘဲ၊ တနေ့တနေ့ အချိန်တွေ အီးရောအီးရောနဲ့ ကုန်မသွားစေဘဲ၊ အကျိုးရှိရာရှိကြောင်း အလုပ်တခုခုကို လုပ်ပါ၊

သင်ပါ၊ လေ့လာပါ၊ စာဖတ်ပါ၊ သင်ကြားလေ့လာမှုအတွက် ဘယ်တော့မှ အသက်အရွယ် ကြီးရင့်တယ်လို့ မရှိဘူး၊ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူး။

အခြား အခန်းတွေအားလုံးမှာ လူတွေ ပြွတ်သိတ်နေပြီး ကိုယ်က တယောက်ထဲ အခန်းကြီး တခန်းနဲ့ဆိုတော့ ဆိုင်ရာ တာဝန်ခံတွေကတော့ သူ့ရည်ရွယ်ချက်နဲ့သူ ထားဒါဘဲ၊ ကိုယ်တော့ ကြပ်ကြပ်တည်းတည်း နေကြရတဲ့ တခြားလူတွေကို အားနာမိတာ အမှန်ဘဲ။

၆။ ၁၁-၁၁-၁၉၅၇ နေ့စွဲပါ စာမှာ-
အောက်တိုဘာ ၃၀ ရက် နေ့စွဲနဲ့ ညွန့်ပေးလိုက်တဲ့စာ နိုဝင်ဘာ ၇ ရက်နေ့က ကိုယ်ရတယ်။

အဲ့ဒီနေ့ဟာ မဟာအောက္တိုဘာဆိုရှယ်လစ်တော်လှန်ရေး အနှစ် ၄၀ မြောက်နေ့ကြီးဘဲ။ ဒီနေ့မှာ ကိုယ့်ချစ်ဇနီးဆီ က စာရတော့ ကိုယ်အထူးဘဲ ဝမ်းမြောက်မိတယ်။ ပိုပြီးမင်္ဂလာရှိတဲ့ အထိမ်းအမှတ်နေ့ကြီး ဖြစ်သွားတာပေါ့။

တကယ်ကတော့ အောက်တိုဘာဆိုရှယ်လစ်တော်လှန်ရေးကြီးကို အသိအမှတ်မပြုဘဲ၊ ဆန့်ကျင်နေတဲ့ အင်အားစုဟာ ဗမာပြည်မှာ အင်မတန်ကို ကျဉ်းမြောင်းပါတယ်။ ညွန့်ဘဲ စဉ်းစားကြည့်လေ၊ ဗမာပြည်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဖဆပလ၊ ပမညတ တို့က အောက်တိုဘာတော်လှန်ရေးကြီးကို အသိအမှတ်ပြုတယ်၊ ကြိုဆိုတယ် ဆိုတော့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဖဆပလ၊ ပမညတ တို့ကလွဲရင် ကျန်အင်အားစုဆိုတာက ဗမာပြည်မှာ လက်တဆုပ်စာထက် ပိုမှာ မဟုတ်တော့ဘူး။ ဒါဟာ ဗမာပြည်အတွက် ကောင်းတဲ့ အခြေအနေဘဲ။

သားကိုတော့ ဆရာမဒေါ်အမာဆီမှာ စာသင်ဘို့ ကိုယ်အပ်ပါတယ်။

(သားသမီးကို ပညာမသင်သောမိဘသည် ရန်သူမည်၏ လို့ လောကနီတိက ဆိုပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ သား မောင်စိုးချစ်ထွန်းကို ပညာသင်ကြားဘို့အတွက် ဆရာမဆီမှာ လေးစားစွာ အပ်နှံပါတယ် ခင်ဗျား - မြန်မြန်စာတတ်အောင် သင်ပေးပါ ခင်ဗျား။)

ဒါတွေကတော့ ဦးလေးရဲ့စာတွေထဲက ကောက်နုတ်ချက်အချို့ ဖြစ်ပါတယ်။ (မှတ်ချက်-မူရင်းစာပါ သတ်ပုံအတိုင်း ဖြစ်ပါတယ်။)

ဦးလေးရဲ့စာတွေထဲမှာ ဒေါ်ဒေါ့်ဆီက ဘယ်နေ့စွဲနဲ့စာကို ဘယ်နေ့မှာ ဖတ်ရတယ်ဆိုတာတွေ အတိအကျ ပါပါတယ်။ ဒီတော့ ဒေါ်ဒေါ်ကလည်း အပြန်အလှန် စာတွေ ရေးခဲ့တာပေါ့။ ဒါပေမဲ့ ဒေါ်ဒေါ့်စာ တစောင်မှ မရှိတော့ပါဘူး။ ဦးလေး ထောင်ကအထွက် ထောင်တာဝန်ခံတွေက ဦးလေးပစ္စည်းတွေ စစ်ဆေးရာမှာ ဒေါ်ဒေါ့်စာလေးတွေ သိမ်းသွားသတဲ့။

ဒါ့ကြောင့် ဒေါ်ဒေါ့် အမှတ်တရ အမြတ်တနိုး သိမ်းထားတဲ့ ဦးလေးရဲ့စာလေးတွေသာ ကျန်ခဲ့တာပါ။

ဒီတော့ ကျွန်မက ဦးလေးစာတွေဖတ်ရင်း ဒေါ်ဒေါ် ဘယ်လိုများ ပြန်စာတွေ ရေးပါ့မလဲလို့ စဉ်းစားကြည့်မိပါတယ်။

ဒီမှာတင် ကျွန်မ သဘောကျလွန်းလို့ အမှတ်တရ သိမ်းထားတဲ့ ကဗျာလေးတပုဒ်ကို သတိရလိုက်မိပါတယ်။

ကျွန်မတို့တတွေ ပန်ဆန်းမှာ နေခဲ့ကြရစဉ်က ဗဟိုရုံးက စာကြည့်တိုက်ဟာ စာအုပ်အမျိုးအစား အတော်စုံလင်ပါတယ်။ ဘာသာစုံနဲ့ကို ရှိတာပါ။ ဒီအထဲကမှ ကျွန်မတို့တတွေ အလွန်ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ ရှိခဲ့ပါတယ်။ ကျွန်မတို့တတွေ ဆိုတာက ၁၉၇၄-၇၅-၇၆ ခုနှစ် မ.ဆ.လ စစ်အစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးများအပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးအတွင်း ခြေစုံပစ် ဝင်လာတဲ့ အုပ်စုကို ဆိုလိုတာပါ။

အများတကာ့ အများစုဟာ ကျောင်းသားလှုပ်ရှားမှုများ၊ အလုပ်သမားလှုပ်ရှားမှုများမှာ အနည်းနဲ့ အများ ဆိုသလို ပါဝင်ခဲ့ဖူးသူများ၊ သို့မဟုတ် အဆက်အစပ်ရှိသူများပါ။ တချို့ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသမား ဖြစ်ခဲ့ဖူးသူများပါ။

ဒီတော့ အဲဒီစာကြည့်တိုက်ထဲက တရုတ်ဘာသာကနေ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုရေးထားတဲ့ Red Crag - ကမ္ဘားနီ (၁၉၄၉ တရုတ်ပြည်တပြည်လုံး လွတ်မြောက်ခါနီး ချုံကင်း အကျဉ်းထောင်ထဲက အဖမ်းခံထားရတဲ့ တရုတ်ကွန်မြူနစ် မြေအောက်ပါတီဝင်များအကြောင်း) နဲ့The Song of Youth လူငယ်တေးသံ (ပီကင်းတက္ကသိုလ်က ကျောင်းသားလှုပ်ရှားမှုများအကြောင်း) ဆိုတဲ့ စာအုပ်တွေဟာ ကျွန်မတို့ရဲ့ သည်းခြေကြိုက်တွေပေါ့။ ကျွန်မတို့တတွေ အဖွဲ့ဖွဲ့ပြီး စုပေါင်းဘာသာပြန်ကြမယ်တောင် လုပ်ခဲ့ဖူးပါတယ်။

တရုတ်က ရုပ်ရှင်ရိုက်ကူးထားတာလည်း ရှိပါတယ်။

အဲဒီ လူငယ့်တေးသံ စာအုပ်ထဲက ကဗျာတပုဒ်ကို ကျွန်မက သဘောကျပြီး သိမ်းထားပါတယ်။

ဇာတ်လမ်းနောက်ခံက ၁၉၃၁ ခုနှစ်။

စက်တင်ဘာ ၁၈ ရက်နေ့ အရေးတော်ပုံကစလို့ ၁၉၃၅ ဒီဇင်ဘာ ၃ ရက်နေ့ လှုပ်ရှားမှုကာလများအတွင်းက ပီကင်းတက္ကသိုလ်ကျောင်းသားများရဲ့ နိုင်ငံရေးလှုပ်ရှားမှုများအကြား ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အဖြစ်မှန်တွေအပေါ် အခြေခံပြီး ဝတ္ထုပုံစံ ရေးထားတာပါ။

တရုတ်ကွန်မြူနစ်ပါတီ မြေအောက်အဖွဲ့ဝင်များရဲ့ သက်စွန့်ဆံဖျား စည်းရုံးလှုပ်ရှားမှုတွေ၊ ကျောင်းသား အဖွဲ့အစည်းများအကြား အစိုးရ (ထိုအချိန်က ပီကင်းစစ်ဘုရင် ကြီးစိုးနေပါတယ်) ရဲ့ သူလျှိုများ ထိုးဖောက် ဝင်ရောက်လာမှုတွေ၊ ကျောင်းသားအဖွဲ့များအကြား အတွေးအခေါ် အရှုပ်အထွေး အမျိုးမျိုးတွေ၊ ကျောင်းသားခေါင်းဆောင်အချို့ ဖမ်းဆီးခံရပြီး နှိပ်စက်မှုအမျိုးမျိုး၊ စစ်ကြောရေးအမျိုးမျိုး စတာတွေ၊ အသေခံသွားသူတွေ ရှိသလို သစ္စာဖောက်ပြီး ကိုယ့်တပ် ကိုယ်ပြန်နင်းသူတွေ စတဲ့ အဖြစ်အပျက်အမျိုးစုံကို ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ။ တချို့နေရာမှာ ဇာတ်လမ်းပိုနာအောင် ကဗျာအဖွဲ့အနွဲ့လေးတွေလည်း ပါပါတယ်။

အဲဒီကဗျာတွေထဲက တပုဒ်ကို ကျွန်မက သဘောကျလို့ သိမ်းထားမိတာပါ။

ဇာတ်လမ်းထဲမှာ ဖမ်းမိပြီး ထောင်ထဲမှာပဲ ကျဆုံးသွားရတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ရဲ့ ကျန်ရစ်သူ ချစ်သူမိန်းကလေးရဲ့ ကဗျာပါ။ သူမက အစက နိုင်ငံရေးသမား မဟုတ်ပါဘူး။ လှုပ်ရှားမှု ဖြိုခွဲခံလိုက်ရပြီးနောက် သူတို့ချစ်သူနှစ်ဦးစလုံး အဖမ်းခံလိုက်ရပါတယ်။ ထောင်ထဲမှာပဲ မြေအောက်ပါတီဝင် အမျိုးသမီးတဦး စည်းရုံးမှုနဲ့ နောင်ကျမှ တော်လှန်ရေးသမား ဖြစ်လာတာပါ။

ကဗျာလေးက (တရုတ်က အင်္ဂလိပ်ဘာသာပြန်စာအုပ်က ဖြစ်လို့) အင်္ဂလိပ်လိုပါ။ ဒါကို မြန်မာမှုပြုဖို့ ကျွန်မတို့တွေထဲက (ကို)ဖိုးနီကို အကူအညီတောင်းမိပါတယ်။ သူက ကဗျာကို ဘာသာပြန်ပေးပေမယ်၊ ဒီလို ပြောလာပါတယ်။ ကဗျာမူရင်းက တရုတ်လို။ အဲဒါကို အင်္ဂလိပ်လို ပြန်ထားတာ။ ဒါကို တခါထပ်ပြီး ဗမာလို ပြန်ထားရတာဆိုတော့ မူရင်းအဓိပွာယ်တွေများ လွဲနေမလားဗျာ… တဲ့။

ဒီတော့ ကျွန်မလည်း မတတ်နိုင်တော့ဘူး။ အင်္ဂလိပ်လို မူရင်းကဗျာပါ ထည့်ပေးလိုက်ပါတယ်။ ခံစားကြည့်ကြပါ။


ရဲသွေးနီတဲ့စစ်သည်တော်
သင် မသေဘူး..

သင့်ဟစ်ကြွေးသံက ကြည်လင်စူးရှ တက်ကြွပြတ်သားလှချည့်

ခြေဖဝါးအောက်က ပထဝီမြေလွှာ တုန်ခါမြည်ဟည်းသွားရဲ့

ယွီဟွားတောင်ပေါ်က မိစ္ဆာကျည်ဆန်တွေဟာ

သင့်ကို ဘယ်လိုမှ မချေမှုန်းနိုင်ဘူး....

ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ သင်း(ဒင်း)တို့ကိုသာ

သေမင်းက ခေါ်သွားလိမ့်မယ်။


နွေတည
ကြည်လင်ဝင်းပ မွှေးမြမြ ညချမ်းလေးပေါ့

အမည်နာမမရှိ.... အလေ့ကျပွင့်တဲ့ ပန်းကလေးတွေ

ပြတင်းအပြင်ဘက်မှာ ဖူးလို့ပွင့်လို့......

အခန်းထဲက တောက်ပတဲ့ အလင်းတန်းမှာ

မှေးစက်နေတဲ့ သင့်ရဲ့မျက်နှာ.. ငြိမ်သက်ဆဲ...

ပြတင်းအရှေ့ဘက် နိုင်းတင်းဂေး ညဉ့်ငှက်ကလေးရဲ့ တေးသံက

ချိုမြငြိမ့်ညောင်းသာယာလွန်းတယ်.....

ကြွေလွင့်ရတဲ့ စစ်သည်တော်ရေ

စိတ်ချလက်ချသာ အနားယူပါတော့

သင် ချစ်တဲ့ မိန်းကလေးဟာ

သင် ချန်ရစ်ထားခဲ့တဲ့ လက်နက်ကို ကိုင်စွဲလိုက်ပြီလေ.....။


ဟော... သူကိုယ်တိုင် ထွန်းညှိပေးလိုက်တဲ့

ကလဲ့စားချေမယ့် ဒေါသမီးတောက်တခုက

သူမရင်ထဲမှာ တညီးညီး တောက်လို့ပါလား....

ချစ်သူများ.. .အကြင်နာကင်းမဲ့စွာ ခွဲခွာရတဲ့ အဖြစ်မျိုး

ဘယ်တော့မှ မဖြစ်စေဖို့.......

ကလေးတွေ..... မိဘရဲ့နွေးထွေးတဲ့ လက်မောင်းပေါ်မှာ

စိတ်ချလက်ချ ခိုလှုံမှေးစက်နိုင်ကြဖို့......

ပြီးတော့.... လူငယ်တွေအတွက် သင့်ရဲ့အိပ်မက်တွေ

တကယ်ဖြစ်တည်လာဖို့......

သူမကတော့..

မျက်ရည်ကို သုတ်ပြီး...ဆက်လက်ချီတက်ခဲ့ပြီ...။


အို....ရဲသွေးနီတဲ့စစ်သည်တော်

သင် ချန်ရစ်ထားခဲ့တဲ့ လက်နက်ကို

သူမ... ကိုင်စွဲထားလိုက်ပါပြီ... ။


Brave Warrior.
You did not die,

Your clear inspiring voice,

Rings out through this land trampled underfoot,

The shot fired at Rain Blossom Mount,

Did not destroy you,

But those digging their own graves.

Summer night, clear, fragrant night,

Outside your window nameless wild flowers bloom:

A bright room shines on your calm sleeping face,

The Nightingale is singing in front of your window,

Soft and sweet she sings.

Rest assured fallen warrior,

The girl you love has taken up the weapons you laid down,

You lit the fire of vengeance in her breast,

She has wiped away her tears and is marching on,

So that lovers may never more be cruelly parted,

So that children may nestle in their parents arms,

And all the dreams of youth may come true.

Brave warrior,

She has taken up the weapons you laid down.

(Rain Blossom Mount - သေဒဏ်စီရင်တဲ့ တောင်ကုန်း။)


အကြောင်းအရာတွေက ဆင်တူယိုးမှားရှိလို့သာ သုံးရတာပါ။ တကယ်တော့ ဒေါ်ဒေါ် (ဒေါ်)ခင်မျိုးညွန့်က ဦးလေးနဲ့ မတွေ့ခင်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီဝင် အမျိုးသမီးကေဒါတဦး ဖြစ်ပြီးနေပါပြီ။

ပြည်သူလူထုအကျိုးမှတပါး အခြားမရှိသူ၊ ပြည်သူဘက်တော်သားများအနေနဲ့ ပြည်သူတွေရဲ့ လွမ်းချင်း မဆုံးမချင်း မိမိတို့ရဲ့ဘဝများအတွင်းမှာလည်း လွမ်းချင်းတွေ ပြည့်နေဦးမှာပါ။

ပြည်သူလူထုကြီးတရပ်လုံး မလွတ်မြောက်မချင်း ဒီလို လွမ်းတေးတွေ ကြားနေရဦးမှာပါ။

ဒီလို လွမ်းတေးတွေ ဆုံးစေချင်ပါပြီ။


လှကျော်ဇော

၃-၈-၂၀၂၀။

မှတ်ချက်။ ၂၀၂၀ မှာ ကျရောက်မယ့် ဗိုလ်မှူးချစ်ကောင်း ရာပြည့်အထိမ်းအမှတ်အတွက် ဂုဏ်ပြုရေးသားပါ တယ်။