Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် (၁၁)



လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် (၁၁)

ကျူးဘားရဲ့အားကျဖွယ်လူထုကျန်းမာရေးစနစ်

မိုးမခ ၊ ဇွန် ၂၊ ၂၀၂၀

(က)
ဆေးဝန်ထမ်းနဲ့ ဆေးအဖွဲ့များ

မတ်လဆန်းကစလို့ သတင်းမီဒီယာတွေမှာ ပြန့်နေတဲ့ သတင်းတခုကတော့ ဗြိတိသျှပိုင် အပျော်စီးသင်္ဘောကြီး M.S.braemar ခရီးသည် ၁၀ဝ၀ ကျော်နဲ့ ကရစ်ဘီယံပင်လယ်တွင်း ဘယ်နိုင်ငံကမှ ကမ်းကပ်ခွင့်မပြုလို့ တဝဲလည်လည် ဖြစ်နေတယ် ဆိုတာပါ။

အဲဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၂၀ ကျော်၊ ခရီးသည် ၂၀ ကျော် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေပြနေပြီး အဲဒီလူနာတွေအတွက်ရော၊ ကျန်သူများအတွက်ပါ ကျန်းမာရေးအရ ဖြေရှင်းစရာရှိတာတွေ ဖြေရှင်းနိုင်ဖို့ အမြန်ဆုံး နိုင်ငံတနိုင်ငံက ကမ်းတက်ခွင့်ပေးရမှာပါ။

မတ်လ ၁၈ ရက်နေ့မှာတော့ ကျူးဘားနိုင်ငံက အဲဒီသင်္ဘောကို ကမ်းကပ်ခွင့် ပေးလိုက်ရုံမက သင်္ဘောပေါ်က လူနာများကိုရော သင်္ဘောသားများကိုပါ ကမ်းတက်ခွင့်ပြုလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တိကျတဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပြီး အင်္ဂလန်က စေလွှတ်လိုက်တဲ့ လေယာဉ်တွေပေါ် တင်ပေးလိုက်နိုင်ပါတယ်။

ဒီတော့ သတင်းမှတ်ချက်ရေးသူတဦးက ဘယ့်နှယ် ဒီမိုကရေစီမရှိဘူးလို့ အပြောခံရတဲ့နိုင်ငံက လူ့ကရုဏာတရား အပြည့်အဝ ပြလိုက်ပါရောလား တဲ့။

တကယ်တော့ အနောက်တိုင်း အရင်းရှင်ကမ္ဘာရဲ့ လွှမ်းမိုးမှုကြီးမားတဲ့ ကမ္ဘာ့သတင်းမီဒီယာတွေက အမှောင်ချထားလို့သာ ကျူးဘားနိုင်ငံရဲ့ ကောင်းသတင်းများကို ကမ္ဘာက သိသင့်သလောက် မသိရပေမယ့် ကျူးဘားရဲ့ အထူးသဖြင့် ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ ကောင်းသတင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများ (ဥပမာအာဖရိက၊ လက်တင်အမေရိက)မှာ ကျော်ကြားပြီးသားပါ။

အာရှတိုက်မှာဆိုလည်း အင်မတန်ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် ကပ်ဘေးနဲ့ကြုံရတဲ့အခါတိုင်း ကျူးဘား ဆေးအဖွဲ့ဟာ အစောဆုံးရောက်ရှိပြီး အကြာဆုံးနေသွားတတ်တဲ့အဖွဲ့အဖြစ် အသိအမှတ်ပြုခံရပါတယ်။ ဥပမာအချို့ ပြရရင် ၂၀ဝ၄ ခုနှစ် ဆူနာမီဒဏ်ခံရတဲ့ သီရိလင်္ကာ၊ ၂၀ဝ၅ ခုနှစ် ငလျင်ဒဏ်ခံရတဲ့ ပါကစ္စတန် (ကက်ရှမီးယားဒေသ)၊ ၂၀ဝ၆ ငလျင်ဘေးတွင်းက အင်ဒိုနီရှား၊ ၂၀ဝ၈ စစ်ချွမ်းငလျင်ဘေးတုန်းက တရုတ်ပြည် စတာတွေမှာ ကျူးဘားဆေးအဖွဲ့ရဲ့ ဂုဏ်သတင်းဟာ အလွန်ကို မွှေးပါတယ်။ အသက်တွေ အများကြီး ကယ်နိုင်ရုံမက နောက်ပိုင်းလိုက်ရတဲ့ ပြန်လည်နာလန်ထူရေး၊ ထူထောင်ရေးလုပ်ငန်းများမှာလည်း အတတ်ပညာအရ ကျွမ်းကျင်မှုများနဲ့အတူ အလွန်စေတနာကြီးစွာ တက်ကြွစွာ လုပ်ဆောင်တယ်လို့လည်း နာမည်ကောင်းရပါတယ်။

ကက်ရှမီးယားလို အလွန်ရာသီဥတု ဆိုးဝါးတဲ့နေရာမှာ ဘယ်နိုင်ငံက ဆေးအဖွဲ့မှ ၂ ပတ်ထက် ပိုမနေနိုင်ပါ။ (ကုလသမဂွရဲ့ သတ်မှတ်ချက်ကလည်း ၂ ပတ်ပါပဲ။ ဆေးအဖွဲ့ဝင်များရဲ့ ခံနိုင်ရည်ကို ထိခိုက်မှာစိုးလို့ပါ။) ဒါပေမဲ့ ကျူးဘားဆေးအဖွဲ့ကတော့ ၂ လကျော် ၃ လနီးပါးအထိ (တောင်းဆိုပြီး) နေပေးခဲ့ပါတယ်။

ထို့အတူ အာဖရိကတိုက်မှာလည်း အခုနောက်ပိုင်းဖြစ်လာတဲ့ အီဘိုလာကပ်ရောဂါအထိ ဘယ်အချိန်မှာမှ နောက်မကျခဲ့ပါဘူး။

အနောက်တိုင်း သတင်းမီဒီယာတွေက ဘယ်လောက် ပိတ်ဆို့ ပိတ်ဆို့၊ အမှန်တရားဆိုတာ ရေရှည်ပိတ်ဆို့ထားလို့ မရပါဘူး။

အခု ကိုဗစ်-၁၉ ဆိုတဲ့ ကမ္ဘာကပ်ဘေးဆိုးကြီးကို တွန်းလှန်တိုက်ခိုက်ဖို့ တကမ္ဘာလုံးဆိုင်ရာ တပ်ပေါင်းစုကြီး ဖွဲ့ရတဲ့အခါမှာတော့ တောက်လျှောက် ကပ်ဘေးဆိုးကြီးတွေကို ကျော်နင်းတိုက်ခိုက်လာတဲ့ ကျူးဘားလို ဆေးအဖွဲ့တွေဟာ ရှေ့တန်း ရောက်လာပါတော့တယ်‌/

ကိုဗစ်ရောဂါကို သူတို့နိုင်ငံအတွင်း ဘယ်လို တိုက်တယ်ဆိုတာ အရင်ကြည့်ရအောင်ပါ။

သူတိုနိုင်ငံ ကျင့်သုံးနေတဲ့ ကျန်းမာရေးစနစ်အကြောင်းလည်း နည်းနည်းပါးပါး သိနိုင်ပါတယ်။ (သူတို့နိုင်ငံနဲ့ မိုင် ၉၀ ပဲ ဝေးပြီး သူတို့နိုင်ငံအပေါ် အနှစ် ၆၀ ကျော် တင်းကျပ်ပြင်းထန်စွာ ဘက်ပေါင်းစုံက ပိတ်ဆို့ထားတဲ့ ကမ္ဘာ့နံပတ် (၁) အင်အားအကြီးဆုံး အမေရိကန်နိုင်ငံက အဖြစ်အပျက်များနဲ့ နှိုင်းယှဉ်ကြည့်ပါ။)

ကျူးဘား ဆေးဝန်ထမ်းတွေဟာ ရောဂါပေါ်လာမှ လူနာဆီ သွားတာမဟုတ်ပါဘူး။ ဒီရောဂါ အန္တရာယ်ရှိလာပြီ ဆိုကတည်းက တနိုင်ငံလုံးက လူတွေဆီ ကျန်းမာရေးဌာနက အင်တာနက်ကတဆင့် ဖြေကြားဖို့ မေးခွန်းတွေ ပို့ပါတယ်။ အင်တာနက်နဲ့ လက်လှမ်းမမီသူများဆီကို တအိမ်တက်ဆင်း သွားရောက်မေးမြန်း စာရင်းယူပါတယ်။
(သူတို့ဆီမှာ အစကတည်းက ရပ်ကွက်အလိုက် တာဝန်ယူတဲ့ ဆေးအဖွဲ့များ ရှိပြီးသားပါ။) လိုအပ်တဲ့သူအားလုံး စစ်ဆေးပါတယ်။ ဒီလိုနည်းနဲ့ ‌ရောဂါသည်များကို စောစောစီးစီးတွေ့၊ ခွဲခြားထား၊ စောစောကု၊ ထိတွေ့သူများ မြန်မြန်ရှာ စတာတွေကို ထိထိရောက်ရောက် တနိုင်ငံလုံးမှာ လုပ်နိုင်ခဲ့ပါတယ်။ မတ်လ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါသည်ပေါင်း ၄၀၊ သေဆုံးသူ ၁၀ ယောက်ရှိခဲ့ပြီး တိုင်းပြည်တလွှား ပိတ်ဆို့မှုများကို အဆင့်ရှိစွာ လုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ကျူးဘားရဲ့ ကျန်းမာရေးစနစ်ဟာ လူတိုင်း အခမဲ့ကုသမှု ခံယူနိုင်ပါတယ်။

အခုတော့ တကမ္ဘာလုံးလှည့်ပြီး ကူညီနေကြပါပြီ။ နိုင်ငံပေါင်း ၄၀ ကျော်ရဲ့ အကူအညီတောင်းဆိုတာကို လက်ခံရရှိထားပြီး ၁၉ နိုင်ငံကို ၂ ပတ်အတွင်း ဆေးအဖွဲ့များ စေလွှတ်လိုက်နိုင်ပါတယ်။ ဒီတခါ ကျူးဘား ဆေးအဖွဲ့များကို အကူအညီတောင်းသူများဟာ ဖွံ့ဖြိုးဆဲနိုင်ငံများသာမက အီတလီလို အချက်အလက်ပြည့်စုံတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများပါ ပါလာတာကိုကြည့်ရင် ကျူးဘားဆေးအဖွဲ့ရဲ့ ကျော်ကြားမှုကို မှန်းဆနိုင်ပါတယ်။

ဒီတော့ ထုံးစံအတိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုက သူတို့ရဲ့ ကွန်မြူနစ်နိုင်ငံအတွက် လှည့်ငွေရှာပေးနေတဲ့ ကျွန်ဆရာဝန်တွေပါလို့ ရက်ရက်စက်စက် ပြောပါတယ်။

အီတလီကို သွားတဲ့ ကျူးဘားဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာကာလို့ပီးရဲစ်ဒိုက်စ်က “ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်ခြင်းကို ပြသဖော်ဆောင်ဖို့ ရောက်လာတာပါ။ အီတလီအစိုးရက ကျွန်တော်တို့အတွက် နေရေးထိုင်ရေး အကုန်စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ငွေကြေးကိစ္စ ဆွေးနွေးတာ တခါမှ မပါခဲ့ပါဘူး”လို့ ပြန်ချေပ ပြောဆိုခဲ့ပါတယ်။

တကယ်လည်း ကျူးဘားတွေ သွားအကူအညီပေးနေတဲ့ တိုင်းပြည်စာရင်းကို ကြည့်ရင် သိသာပါတယ်။ ဥပမာ အာဖရိကက အဆင်းရဲဆုံးနိုင်ငံများ ဆီရာလယွန်တို့၊ ကရစ်ဘီယံက ကျွန်းနိုင်ငံများဖြစ်တဲ့ ဘာဘေဒိုးစ်၊ စိန့်ကတ်စ်တို့ စတာများပါ။

တကယ်တော့ ကျူးဘားအနေနဲ့ တခြားနိုင်ငံများကို ဆေးအဖွဲ့တွေ လွှတ်တာ ၁၉၆၃ ခုနှစ်ကတည်းက စပါတယ်။ ပြင်သစ်လက်ထဲက လွတ်လပ်ရေးတိုက်ယူခဲ့တဲ့ အယ်လ်ဂျီးရီးယားကို ဆရာဝန်၊ သူနာပြု၊ အတတ်ပညာရှင် ၅၅ ဦး ပါဝင်တဲ့ ဆေးဝန်ထမ်းအဖွဲ့ကို လွှတ်ပြီး အဲဒီက ကျန်းမာရေးစနစ်ကို ထူထောင် တည်ဆောက်ပေးခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်လယ်များကစလို့ ၁၉၇၄ အထိ အာဖရိကတိုက်ရှိ လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံများသို့ ဆေးဝန်ထမ်းများ မပြတ်လွှတ်ပေးခဲ့ပါတယ်။

ကျူးဘားအနေနဲ့ ဒီကိစ္စတွေကို အလွန်အနစ်နာခံပြီး လုပ်ဆောင်ခဲ့တာပါ။ ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေး အာင်ပြီးချိန်မှာ ကျူးဘားရှိ ဆရာဝန် ၆၀ဝ၀ အနက် ထက်ဝက်ကျော် တိုင်းပြည်က ထွက်ခွာသွားခဲ့တာပါ။ (သူ့နိုင်ငံမှာကို ဆေးဝန်ထမ်း မလောက်ငပါဘူး။)

တောင်အာဖရိကနိုင်ငံက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတိုက်ပွဲ အောင်မြင်ပြီးနောက် (၁၉၉၄-၂၀ဝ၄) အထိ ကျူးဘားက ဆေးဝန်ထမ်း ၄၅၀ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ မရှိတဲ့အရပ်တွေဆီ ပို့လွှတ် ကူညီပေးခဲ့ပါတယ်။

အခုအချိန်မှာ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ ကျူးဘားဆေးဝန်ထမ်းပေါင်း ၅ သောင်းကျော် ရောက်ရှိနေပြီး ၁၉၆၉ ခုနှစ်ကစလို့ ကျူးဘားက ဆေးဝန်ထမ်း ၄ သိန်းခွဲကျော်၊ နိုင်ငံပေါင်း ၁၆၀ ကို စေလွှတ်ပြီး လူပေါင်း ၁.၆ ဘီလီယံကျော်ကို အခမဲ့ ဆေးဝါးကုသပေးခဲ့ကြောင်း ဒေါက်တာဂျော်ချ်ဒဲကာလ်ဒို (ကျူးဘား နိုင်ငံရပ်ခြား ဆေးပညာအဖွဲ့ အဖွဲ့မှူး)က မတ်လ ၂၁ ရက် အစည်းအဝေးတခုမှာ ပြောသွားပါတယ်။

အခု ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် လွှတ်ထားသူပေါင်းဟာ ၂၈၀ဝ၀ ရှိနေပြီး မတ် ၂၂ ရက်နေ့ထိ တယောက်မှ ကူးစက်ခံရသူ မရှိသေးပါဘူးတဲ့။

* * *
အပိုင်း (ခ)
ဆေးပညာမွေးမြူရေးကျောင်းများ

နောက် ကျူးဘား နာမည်ရတဲ့ ဆေးနဲ့ဆိုင်တဲ့ကဏ္ဍတရပ်လည်း ရှိပါသေးတယ်။ ဒါကတော့ ဆေးပညာသည်များကို မွေးမြူပေးမှုပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (တနည်း) ဆင်းရဲတဲ့နိုင်ငံများမှာ အတွေ့ရများတဲ့ အပူပိုင်းဆိုင်ရာ ကူးစက်ရောဂါဆိုင်ရာ ဆေးသင်တန်းများပါ။ (Cuba IPK—the International Pedro Kouri Institute of Tropical Diseases) ဒီကျောင်းဟာ နိုင်ငံပေါင်း ၁၂၄ နိုင်ငံက ကျောင်းသားများ (အမေရိကန် အပါအဝင် လက်တင်အမေရိကနိုင်ငံများ)ကို ခေါ်ယူပြီး ဆေးပညာရှင်များ၊ သုတေသနသမားများကို မွေးမြူပေးနေပါတယ်။ အခု ကျောင်းသားပေါင်း ၁၂၂ ဦး ရှိပြီး အဲဒီအထဲမှာ အခုအမေရိက က (M.D) ဘွဲ့ရသွားတဲ့ ကျောင်းသား ၃၃ ဦး ရှိပါတယ်။

ဒီကျောင်းသားတွေ ကျောင်းကိုပေးရတဲ့ ကတိခံဝန်ချက်ကတော့ မိမိအမိနိုင်ငံကို ပြန်သွားပြီး ဆေးဝန်ဆောင်မှု မရရှိသူများကို ဆေးကုသပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်မှာ ဟာဗာနာမှာ လက်တင်အမေရိကနိုင်ငံများအတွက် အထူးဆေးသင်တန်းကျောင်း တကျောင်းလည်း ဖွင့်ထားပါသေးတယ်။ (Havana;s Latin America Medical School) ဒီကျောင်းက အမေရိကန်နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာရှ၊ အာဖရိက၊ ပစိဖိတ်နိုင်ငံများက ကျောင်းသားများကို လက်ခံ သင်ကြားပေးနေပါတယ်။

သင်ရိုးညွှန်းတမ်းများဟာ သမားရိုးကျ တက္ကသိုလ်များက သင်ရိုးညွှန်းတမ်းများလို တသမတ်တည်း မရှိတာ တွေ့ရပါတယ်။ တချို့ အလွန်ဆင်းရဲ ခေတ်နောက်ကျတဲ့ နိုင်ငံများက ယဉ်ကျေးမှုနိမ့်ကျလှတဲ့ ဒေသခံ တိုင်းရင်းသားများလည်း ကျောင်းသားများအဖြစ် ပါလာတတ်လို့ သူတို့တွေအတွက် အခြေခံပညာများကို ၃ လ တန်သည်၊ ၆ လ တန်သည်၊ သီးခြားခွဲသင်ပေးရတာတွေ ရှိပါတယ်။ ဒါ့အပြင် တခြားနိုင်ငံများကို စေလွှတ်တဲ့ အဖွဲ့တွေထဲမှာလည်း အဲဒီသင်တန်းသားတွေကို ထည့်လွှတ်ပြီး သင်တန်းဘာသာရပ် တရပ်အဖြစ် သင်ကြားပေးတာပါ။ 

(ဥပမာ-၂၀၁၀ ဟေတီငလျင်ဘေးကြီးအတွင်း အဲဒီကျောင်းက ဘွဲ့ရ ၅၅၇ ယောက် (နိုင်ငံပေါင်း ၂၇ နိုင်ငံက)ကို ကျူးဘားဆရာဝန်များက အုပ်ချုပ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ရော၊ နောက်ပိုင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများပါ ပြုလုပ်ဖို့ စလွှတ်ခဲ့ပါတယ်။ ထို့အတူ ဟာရီကိန်း လေမုန်တိုင်းဒဏ် ခံရတဲ့ ကရစ်ဘီယံကျွန်း နိုင်ငံငယ်လေးများဆီကိုလည်း အလှည့်ကျ စေလွှတ်ခဲ့ပါတယ်။

ဒီကရတဲ့ အတွေ့အကြုံတွေဟာ သူတို့နိုင်ငံတွေကို ပြန်ရောက်တဲ့အခါ ဆေးလုပ်ငန်းတွေ လုပ်ဖို့အတွက် အလွန် အဖိုးတန်ပါတယ်။ ကျွန်မတို့ကျောင်းက ဘဝမှန်တဲ့ ဘဝနာတဲ့ ကျောင်းသားလေးတွေ များတော့ ဒီကျောင်းသားလေးတွေဟာ အလွန်လုံ့လဝီရိယ ရှိကြပြီး ဘေးအန္တရာယ်ကျရောက်နေတဲ့ အကူအညီတွေ လိုအပ်နေတဲ့ ဘယ်အရပ်ကိုမဆို စွန့်စွန့်စားစား သွားရောက်ဖို့ အဆင်သင့် ရှိနေတတ်တယ်။ ဒါကြောင့် ကျွန်မတို့မှာ ဘယ်တော့မှ လူအားမလုံလောက်ဆိုတာ မဖြစ်ခဲ့ပါဘူး။ သူ့ထက်ငါ ဦးအောင် တောင်းဆိုတဲ့သူတွေ အပြည့်ပါ။ အခုလောလောဆယ် ကျောင်းမှာ နိုင်ငံပေါင်း ၁၀ဝ ကျော်က ကျောင်းသားပေါင်း ၉၀ဝ၀ ကျော် ကျောင်းတက်နေပါတယ်။ ကျွန်မတို့အနေနဲ့ လူနာတိုင်း အခမဲ့ဆေးကုသမှု ခံယူရရှိရေးကို လူ့အခွင့်အရေးတရပ် အဖြစ် သဘောထားပြီး၊ လူမှုရေး တရားမျှတမှုအတွက် အစွမ်းကုန် ကြိုးစားနေပါတယ်တဲ့။ အဲဒီကျောင်း ဒုကျောင်းအုပ်က ပြောတာပါ။

ဒီလိုမျိုး လုပ်ငန်းတွေ လုပ်ဆောင်လာရာမှာ အတော်အောင်မြင်တာတွေ တွေ့ရပါတယ်။ ဥပမာတချို့ ကြည့်ရအောင်ပါ။

(၁) ၂၀ဝ၁ခုနှစ်က လွတ်လပ်ရေးရခဲ့တဲ့ တီမောက သမ္မတ(ဟောင်း) ရာမို့စ်ဟိုတာက သူ့ရဲ့ကြေညာချက်မှာ တီမောနိုင်ငံအနေနဲ့ နိုင်ငံအတော်များများကို မိတ်ဆွေစစ်များအဖြစ် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် အာမခံချက်ရှိတဲ့ ကျန်းမာရေးစနစ်ထက် ကောင်းတဲ့လက်ဆောင် ရှိဦးမလား။ အဲဒီလက်ဆောင်ကို ကျူးဘားပြည်သူတွေက ပေးတာဖြစ်ပါတယ်လို့ ထည့်ပြောသွားတာပါ။‌အဲဒီတီမောမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ လူထုကျန်းမာရေးစနစ်ကို ကျူးဘားနိုင်ငံက အစအဆုံး တည်ဆောက်ပေးတာပါ။ အခုလည်း ကျူးဘား ဟာဗာနာဆေးတက္ကသိုလ်များက (၂၀ဝ၀-၂၀၁၉ အတွင်း) ဘွဲ့ရ တီမောဆရာဝန် ၉၅၀ ကျော်ဟာ ကျူးဘားဆရာဝန်များရဲ့ အကူအညီနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီး တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

(၂) ဗင်နီဇွဲလားနိုင်ငံမှာဆို ကျူးဘားဆေးဝန်ထမ်း ၃ သောင်းကျော် ရောက်ရှိနေပြီး တနိုင်ငံလုံးရဲ့ ကျန်းမာရေးစနစ်မှာ ဝင်ရောက် လုပ်ဆောင်ပေးနေပါတယ်။‌ဆေးကုသပေးရုံမက ဒေသခံလူတွေကိုလည်း ဆေးပညာတွေ သင်ကြားပေးနေပါတယ်။ (ကျူးဘားရဲ့ ဆေးအဖွဲ့ လွှတ်မှုသမိုင်းမှာ အကြီးဆုံးနဲ့ ဘက်ပေါင်းစုံဆုံး ဆေးအဖွဲ့ ဖြစ်ပါတယ်။) အဲဒီဆရာဝန်များရဲ့ အခကြေးငွေအဖြစ် ဗင်နီဇွဲလားနိုင်ငံက ရေနံနဲ့ ကျူးဘားကို ပေးဆပ်ရပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုခံရတဲ့ နိုင်ငံအချင်းချင်းကြား အဲသလိုနည်းမျိုးနဲ့လည်း အခက်အခဲတွေကို ကျော်နင်းနိုင်ဖို့ ကြိုးစားကြတာ တွေ့ရပါတယ်။ (ဒါဟာ နိုင်ငံရေးအရ အန်တုမှုတရပ်လည်း ဖြစ်ပါတယ်။)

***

အပိုင်း (ဂ)
ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ

နောက် ဆေးသုတေသနလုပ်ငန်းများမှာလည်း ကျူးဘားဆေးဝန်ထမ်းတွေရဲ့ စွမ်းရည်ကို အံ့မခန်း တွေ့ရပြန်ပါတယ်။

အခု အီတလီအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော် ၄၀ နီးပါးကို သွားရောက်ကူညီနေတဲ့ ကျူးဘားဆေးအဖွဲ့များမှာ ကိုဗစ်-၁၉ ရောဂါကုသရေးမှာ နာမည်ကျော်နေတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေး (Interferon Alpha 2B) ပါ ပါသွားပါတယ်။ ဒီဆေးကို တရုတ်ပြည်မှာ ကိုဗစ်-၁၉ ရောဂါကုသရေးမှာ အောင်မြင်စွာ သုံးစွဲပြပြီးပါပြီ။

ဒီဆေးကို ကျူးဘားပညာရှင်မျာက ၁၉၈၆ ခုနှစ်ကတည်းက ထုတ်နိုင်ခဲ့တာပါ။ ကျူးဘားနိုင်ငံအနေနဲ့ သုတေသနလုပ်ငန်းများ လုပ်ရာမှာ ငွေကြေးအခက်အခဲ ကြီးပါတယ်။ ဒါကြောင့် တချို့လုပ်ငန်းတွေကို ငွေကြေးတတ်နိုင်တဲ့ နိုင်ငံများနဲ့ ပူးတွဲလုပ်ဆောင်ရရှာပါတယ်။

ဒီဆေးကို အများအပြား ထုတ်လုပ်ပေးတာက တရုတ်အစိုးရပါ။ တရုတ်နိုင်ငံအနေနဲ့ကလည်း ဆေးသုတေသန လုပ်ငန်းများကို လုပ်ဆောင်ရာမှာ ‌ငွေကြေးအရ အတော်များများ သုံးစွဲနိုင်ပေမယ့် တချို့နယ်ပယ်တွေမှာ (အထူးသဖြင့် ဆေးဝါးအသစ်များ၊ ကာကွယ်ဆေးအသစ်များ ထုတ်လုပ်ရာမှာ ဖြစ်စေ၊ ဈေးကွက်ရှာဖွေရာမှာ ဖြစ်စေ) ကမ္ဘာ့ဆေးဝါးဆိုင်ရာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံတကာ ဆေးကုမွဏီကြီးများ (အဓိက အမေရိကန်နဲ့ ဥရောပပိုင်)ကို မထိုးဖောက်နိုင်ပါဘူး။

ဒါကြောင့် (ကျူးဘားလို) တခြားဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ တပ်ပေါင်းစုဖွဲ့ပြီး တရားမျှတမှုရှိတဲ့ လူထုကျန်းမာရေးစနစ် တရပ် ပေါ်ထွက်ရေး ကြိုးစားနေတာပါ။

ဒီဆေးဟာ ဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးမှာ ကိုယ်ခန္ဓာ ခုခံကာကွယ်ရေးစနစ် အားကောင်းစေနိုင်တာဖြစ်လို့ အရင်က ပေါ်ပေါက်ခဲ့တဲ့ ဗိုင်းရပ်စ် ကပ်ရောဂါများ (သွေးလွန်တုပ်ကွေး၊ အသည်းရောင်ရောဂါများ၊ အတ်စ်၊ အီဘိုလာ)မှာ အသုံးပြုဖူးပြီး၊ အခု ကိုဗစ်-၁၉ မှာလည်း အသုံးတည့်နေတာ တွေ့ရပါတယ်။

ကျူးဘားဟာ တရုတ်နိုင်ငံနဲ့သာမက တခြားနိုင်ငံများ စင်ကာပူ၊ ဂျပန်၊ ထိုင်းနိုင်ငံများနဲ့လည်း သုတေသနလုပ်ငန်းများမှာ ပူးတွဲလုပ်ဆောင်နေပြီး (ကူးစက်ရောဂါ ကုသဆေးများ၊ ကာကွယ်ဆေးများ၊ ကင်ဆာရောဂါကုသဆေးများ)ကို ထုတ်လုပ်နေပါပြီ။

ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ ဆေးကုမွဏီအများအပြားလည်း ပူးတွဲတည်ဆောက်ထားပြီးပါပြီ။

ဒီလို နိုင်ငံတကာက လိုအပ်တဲ့ နေရာတိုင်းမှာ အမြဲရှေ့တန်းက ပါဝင်နေပြီး နာမည်ကောင်းရနေတဲ့ ကျူးဘား ဆေးအဖွဲ့ကို သက်ဆိုင်ရာ နိုင်ငံများကသာမက နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အသိအမှတ်ပြုတာ တွေ့လာရပါတယ်။

၂၀၁၇ က ကုလသမဂွက နိုင်ငံရှိ လူဦးရေ ၃.၅ သန်းအတွက် အရေးပေါ် ဆေးဝါးကုသပေးခဲ့မှုအတွက် အသိအမှတ်ပြုခြင်း- ဆိုပြီး ကျူးဘားနိုင်ငံမှ ဟင်နရီရီဗ် နိုင်ငံတကာ ဆေးတပ်ဖွဲ့ကို ဆုချီးမြှင့်ခဲ့ပါတယ်။ (Cuba Henry Reeve International Medical Contingent)

အခုလည်း (ကိုးကား www.plenglish.com/index.php?o=rn&id=55933&SEO=.) စပိန်တောင်ပိုင်းက ကျူးဘားအနွယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့က အခု ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြီးကို နိုင်ငံ အများအပြားမှာ ရှေ့တန်းက ကူညီတိုက်ဖျက်ပေးနေတဲ့ ကျူးဘား နိုင်ငံတကာ ဆေးတပ်ဖွဲ့ကြီးကို ‘နိုဘယ်လ်ငြိမ်းချမ်းရေးဆု’ ပေးဖို့ တောင်းဆိုလိုက်ပြီး နိုင်ငံတကာကလည်း ဝိုင်းဝန်း တောင်းဆိုပေးဖို့ လှုံ့ဆော်လိုက်ပါတယ်။
နိုဘယ်လ်ဆုတွေဆိုတာ အနောက်အင်အားကြီးနိုင်ငံများရဲ့ ထောက်ခံမှုရှိမှ ရတာကြောင့် ဒီကျူးဘားဆေးအဖွဲ့အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။

ဒါ့အပြင် လူကရုဏာတရား အခြေခံနဲ့ (ဘယ်နိုင်ငံက အကူအညီ တောင်းတောင်း) တက်တက်ကြွကြွ စေတနာတရား ထက်သန်စွာနဲ့ ကူညီလုပ်ဆောင်ပေးလေ့ရှိတဲ့ ကျူးဘား ဆေးအဖွဲ့ဝင်များကလည်း ဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို မလွမ်းလောက်ပါဘူး။

သူတို့သွားခဲ့တဲ့ နိုင်ငံအများအပြားက ပြည်သူတွေရဲ့ မေတ္တာကို အပြည့်အမောက် ရပြီးသားပါ။

ဒါပေမဲ့ ဒီလို နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးဖို့ တောင်းဆိုခြင်းခံရတာကိုတော့ ကျူးဘား ဆေးအဖွဲ့ဝင်များရဲ့ အောင်မြင်မှုကြီးတရပ်အဖြစ် လှမ်းဂုဏ်ပြု ချီးကျူးလိုက်ပါရစေ။

ကျူးဘားဆေးအဖွဲ့ဝင်များရဲ့ နိုင်ငံတကာစိတ်ဓာတ် ပျံ့နှံ့ အဓွန့်ရှည်ပါစေ။

လှကျော်ဇော
၃၀-၅-၂၀၂၀