Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - လောကကြီးမှာ စာရေးဆရာပဲဖြစ်ချင်တယ် ဆိုတဲ့သူ - စာရေးဆရာ မြသန်းတင့် (၁၉၂၉-၁၉၉၈)



မျိုးသန့်ထွန်း(စစ်ကိုင်း) - လောကကြီးမှာ စာရေးဆရာပဲဖြစ်ချင်တယ် ဆိုတဲ့သူ- စာရေးဆရာ မြသန်းတင့် (၁၉၂၉-၁၉၉၈)

(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၀
 
" စာရေးဆရာအလုပ်ဟာဂုဏ်အရှိဆုံးအ လုပ်တစ်ခုလို့ငယ်ငယ်ကတည်းက ထင်ခဲ့တာ၊ဂုဏ်ဆိုတာ ပကာသနကို ပြေတာမဟုတ်ဘူး။ရိုးသားမှန်ကန်တဲ့ဂုဏ်သိက္ခာကိုပြောတာ စာရေးဆရာဆိုတဲ့ဘဝကိုဘာနဲ့မှမလဲနိုင်ဘူး"
မြသန်းတင့် (ပေဖူးလွှာမဂ္ဂဇင်းမှ-)

စာရေးဆရာမြသန်းတင့်ကို စာရေးသူတွေ့ဆုံဖူးလိုက်ပါတ ယ်။အချိန်ကား စစ်ကိုင်းရွာထောင်မီးရထာဋ္ဌာနကနှစ်စဥ်စာဆိုတော်နေ့မှာ အမြဲကျင်းပတဲ့"စာပေဟောပြောပွဲ"မှာ ဆရာနှင့်လက်ဆုံစကားပြောခဲ့ပါတယ်။ ဆရာက " မောင်ရင် ရန်ကုန်ရောက်ရင် ဖျးပုံလမ်းကကိုယ့်အိမ်ကို လာဖြစ်အောင်လာခဲ့ကွာ! ဝဲကမ်းပါ ဖိတ်ပါတယ်"တဲ့။

မှတ်မှတ်ရရ အဲဒီ ဟောပြောပွဲမှာ ဓားတောင်- သံချောင်းမွေးဖွားပုံ၊လူငယ်နဲ့လူကြီး ပြသာနာ၊ ဆရာ့မိတ်ဆွေအရာရှိကြီးရဲ့သား ဆံပင်အရှည်ထားတာကို ဖြတ်ခဲ့လို့ ထိုလူငယ် ဘဝပျက်ခဲ့ပုံ ဟောပြောတဲ့ပုံရိပ်တွေ မြင်ယောင်နေမိတယ်ဆရာ။ အခုတော့ ဆရာရဲ့စကားအသံကြားယောင်နေဆဲ။ လွမ်းဆွတ်နေဆဲပါ။  ဆရာကွယ်လွန်တဲ့နှစ် ၁၉၉၈ မှာ စာရေးသူဟာ ရန်ကုန်ကိုအခြေချခွင့်ရတဲ့အခါ ဆရာအိမ်မှာ ဆရာ မရှိတော့ပါဘူး။ ဖြစ်ချင်တော့ ဆရာ့သားငယ် ကိုဖိုးလပြည့်အိမ်ထောင်ပြုတဲ့ ဆရာမြရဲ့ ချွေးမ (မပု-မတင်ညိုသက်) ဟာ စာရေးသူရဲ့ခယ်မ (ချောချော)နဲ့ ချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေပါတယ်။ အခုမှာ ဆရာမရှိတော့အချိန် ဆရာ့အိမ်ကို ရောက်ဖြစ်နေပါ တယ်။ ဆရာကိုယ်စား ဆရာ့သား ကိုဖိုးလ လက်မှတ်ထိုး ပေးတဲ့ ဆရာ့စာအုပ်လက်ဆောင်ရတယ် ။ ဆရာ့စာအုပ်များကို အမှတ်တရနဲ့ ဖတ်တယ် ။ စုတယ် သိမ်းဖြစ်နေပါ တယ်။ ဒီအတွက် ဆရာ့မိသားစုအား အထူးကျေးဇူးတင်ပါတယ်။

မြန်မာပြည်မှာ စာရေးနိုင်ဆုံး စာရေးဆရာများအထဲက ဆရာမြသန်းတင့်ကိုတော့ အမှတ်ရနေအုံး မှာပါ။ မေ့လို့လဲ မရနိင်ပါ ။ လူသာသေသော်လည်း အမည်နာမ မသေတဲ့ စာရေးဆရာတစ်ဦးလည်း ဖြစ်လို့နေပါတယ်။ ဒါပေမယ့်လိုလဲ အခုခေတ်လူငယ်များ စာပေနဲ့ မနီးစပ်တဲ့သူများက ဆရာမြသန်းတင့်ကို အမျိုးသမီးစာရေးဆရာမလို့ထင်ရောင်ထင်မှားဖြစ်နေ ကြတုန်းပါပဲ။ စာပေနဲ့ မနီး စပ်သူတွေဖြစ်ပါတယ် ။ 

အမှတ်ရဆုံးက ဆရာမြသန်းတင့်ရေးသွားတဲ့ ဆောင်းပါး၊ ဝတ္ထုတို အရှည်၊ ဘာသာပြန်၊ ထုတ်သွားတဲ့စာအုပ်တွေ များလိုက်တာမှ လွန်ပါရော။ ဆရာရေးသွားတဲ့ စစ်နှင့်ငြိမ်းချမ်းရေး (၁၂တွဲ) ၊ အခန်းဆောင်နီ (၉တွဲ)၊ ပါရီကျဆုံးခန်း (၃တွဲ) (ယခုအခါ "ပါရီကျဆုံးခန်း"စာအုပ်ကို ဆရာ့သား ကိုဖိုးလအပိုင် "ခန်းဆောင်နီအိမ်မက်စာအုပ်တိုက်" က ထုတ်နေပါပြီ) ၊ ဓားတောင်ကိုကျော် ၊ မာယာဘုံ၊ အညာတရရုပ်ပုံလွှာ စုံလို့ စတဲ့ စာအုပ်တွေကြည့်ရင် ဆရာ ဘယ်လောက် အားထုတ်သွားသလဲ ၊ လုံလပြုသလဲ ဆိုတာ သဘောပေါက်မိပါတယ်။ ဆရာလောက် စာရေးနိုင်တဲ့သူ ရှိပါ့ဦးလားတောင် တွေး နေမိပါတယ်။ ဆရာ့သူငယ်ချင်း ဆရာဦးအောင်သင်းက စာပေဟောပြောပွဲတွေမှာ ငါ့သူငယ်ချင်းမြသန်းတင့်အကြောင်း ပြောသံ ဟောသံ ကြားနေရပါတယ်။ လူငယ်တစ်ယောက်ကပြောပါတယ် ... ဆရာမြသန်းတင့် အခုနေအခါ လွတ်လပ်တဲ့ခေတ်တခေတ်မှာ အသက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် လူငယ်တွေအတွက် ဘာတွေရေးမလဲ၊ ကောင်းနိုရာရာ အင်္ဂလိပ်စာအုပ်တွေကို ဘာသာပြန်ပေးအုံးမလဲ လို့ ရင်ခုန်စွာဖြင့် ပြောပါတယ် ။ အချို့ကျတော့လည်း ဒီလို ပြေတာကိုမကြိုက်။ ပြန်လည်း မတမ်းတ တော့ဘဲ လက်ရှိခေတ်ရဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေနဲ့ စခန်းသွားချင်ကြလေရဲ့။ ဒါကသူ့အကြိုက်၊ ကိုယ့်အကြိုက် မတူနိုင်ပါဘူး။

တစ်လောက လူမူကွန်ယက် Fbမှာ "မြသန်းတင့်(သို့) လူသားပေါင်းကူးတံတား" ခေါင်းစဥ်နဲ့ အင်တာဗျူး Videoclip လေး တွေ့ရပါတယ်။ အဲဒီမှာ ဆရာမြသန်းတင့်နဲ့ စာရေးဆရာမခက်မာ တို့ တွေ့ဆုံမေးမြန်းခန်းလေးပါတယ်။ ဆရာမြသန်းတင့် စျာပန အခမ်းအနားလဲ တွေ့ရပါတယ် ။ အဲ့ဒီအထဲမှာ ဆရာမြက သူ့မှာ "ဘာဆိုဘာမှ မဖြစ်ချင်ဘူး... လောကကြီးမှာ ဖြစ်ချင်ဒါဟာ "စာရေးဆရာပဲ" ဖြစ်ချင်တာ" ... တဲ့။ ဒါကြောင့် နောင်ဘဝ လူဖြစ်ရင်တောင် "စာရေးဆရာ"ပဲဖြစ်ချင်တဲ့ လူစားမျိုး လို့ ပြောရပါ့မယ်။ မျိုးဆက်သစ်စာရေးသူများအတွက် အတုယူသင့်တာပေါ့ ။

ဆရာမြသန်းတင့်ရဲ့ ပထမဆုံးရေးတဲ့ ဝတ္တုတို ဟာ "ဒုက္ခသည်" ဝတ္တုတိုဖြစ်ပါတယ်။ ထိုဝတ္တုတိုကို ၁၉၄၆ တာရာမဂ္ဂဇင်းတွဲ-၃၊ မှတ်-၂၁ မှာ ပထမဆုံးပုံနှိပ်စာမူဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါ ပထမဦးဆုံးရေးတဲ့ ကဗျာ က လူအသိနည်ပါးပါ တယ်။ အဲဒီ ကဗျာကို" မြသန်း "ကလောင် နဲ့ လူထူကြီးပွာရေးမှာ (ထင်တယ်) "မန္တလေးမြို့၏တနေရာ" ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာဟာ မြသန်းတင့်မဖြစ်ခင် "မြသန်း"နာမည်နဲ့ ရေးသားခဲ့ပါတယ် ။ ထိုအကြောင်းကို ဆရာမြသန်းတင့်ရဲ့သားငယ် ကိုဖိုးလ (စာရေးဆရာ-ဖိုးသော်တာ) က ပြောပြဖူး ပါတယ်။ 

ဆရာမြရဲ့နောက်ဆုံးလက်ရာကတော့ ရုရှားစာရေးဆရာကြီး အီလျာအာရင်ဘာ့ခ်၏ ကိုယ်တိုင်ရေး ဝတ္တု ကြီး Men,Years Life ၊ လူများ၊ သက္ကရာဇ်များ - ဘဝ ( ၅တွဲ၊ ၂၀၀၆က စိတ်ကူးချိုချိုထုတ်) ဂန္ထဝင် ဝတ္တုကြီး ဘာသာပြန် စာအုပ်ဖြစ်ပါတယ်။ ထိုစာအုပ်ကြီးဟာ စာဖတ်သူအတွက် အရသာစုံပေးနိုင်တဲ့ဂန္ထဝင်စာပေဆိုလဲ မမှားနိုင်ပါဘူး။ 

 နောက်တစ်ခါ ဆရာ့ဘာသာပြန်ရင်း မပြီးသွားခဲ့တဲ့ ဂန္ထဝင်သိုင်းဝတ္တုကြီးရှိပါတယ်။ ထိုဝတ္တုကြီးကို ဆရာမြ ပေးထားတဲ့အမည်က "မင်းပုန်းတောင် သိုင်းသမား"လို့ ဆရာ့ဒိုင်ယာရီမှတ်တမ်းအရ သိရပါတယ်။ မူရင်းဝတ္တုက တရုတ်ကနေ အဂလိပ်ဘာသာပြန်ပြီး ဆရာမြသန်းတင့်က အင်္ဂလိပ်ကနေ မြန်မာဘာသာနဲ့ ပြန်ခဲ့တာလို့ သိရပါတယ်။ "မင်းပုန်းတောင်သိုင်းသမား" မူရင်းစာအုပ် "OutLaws Of The Marsh" Translated by Sidney Shapiro ကို ဆရာမြသန်းတင့်ဟာ ကွယ်လွန်အချိန်အထိ အခန်း ၁၀၀ ရှိရာ အခန်း  ၄၅ ခန်း အထိပဲ ဘာသာပြန်သွားနိုင်ခဲ့ပါတယ်။ ထိုစာအုပ်ကို တိုးမြစ်စာပေတိုက်က ၂၀၁၆ မှာ ထုတ်ဝေခဲ့ ပါတယ်။ 

ဆရာမြသန်းတင့်ရဲ့ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်အပေါင်းက အုပ် (၁၀၀)  နီးပါးရှိ ပါတယ်။ ဆရာ့ နေထိုင်ခဲ့တဲ့သက်တမ်းရ အများဆုံးရေးနိုင်တဲ့ စာရေးဆရာလို့ပြောလို့ရပါတယ်။ ဒါတောင် ဆရာရေးသားပြီး စာအုပ်အဖြစ် မထုတ်ဖြစ်တဲ့စာတွေ အများအပြာရှိသေးတယ်လို့ ဆရာရဲ့သား ကိုဖိုးလ က ပြောပါတယ်။ တစ်သက်တာ စာပဲရေးသွားခဲ့သူ။ ဆိတ်ဖလူနံ့ သင်းတဲ့အခန်းကို နူတ်ပယ်လိုက်ရင် စာရေးတဲ့အခန်းဟာ နာရီပေါင်းများစွာ ရှိပါတယ်။ ဒဂုန်တာရာက "မြသန်းတင့် (သို့)  လွမ်းမောသူ " လို့ရေးတယ်။ ကျွန်တောတို့နှစ်ယောက်မှာ ခံစားမှုချင်မတိမ်းမယိမ်း။ စိမ်းသည့်အခါစိမ်း၊ နီသည့်အခါနီ၊ ပန်းနုရောင်သန်းသည့်အခါသန်း" လို့ရေးတယ်။ နောက်ထပ် ဆရာတာရာက ဆိတ်ဖလူးရနံ့ တွင် မြသန်းတင်ုကို သတိရရင်း တမ်းတလျက်ပါ လို့ရေးပါတယ် ။ ဆရာပါရဂူက ဒီလောက် ရင်းနှီးတဲ့ မြသန်းတင့်အကြောင်း တွေ့ဆုံမေးမြန်းမယ်အလုပ်မှာ ဆရာမြသန်းတင့်ဆုံးပါးသွာခဲပါတယ်။ ဒါပေမယ့် ဆရာမြ ကွယ်လွန်အပြီး (၄)နှစ်အကြာမှာ "ပါရဂူရေးတဲ့ မြသန်းတင့်"စာအုပ် ထွက်လာပါတယ်။ ဆရာပါက ဆရာမြအား "...မျက်မှေက်စာပေလောက ကောင်းကင်ပြင်၌ ထွန်းလင်းတောက်ပဆုံးကြယ်တစ်လုံးဖြစ်နေသည့်အတွက် ယင်းကြယ်တရာ ကြွေကျသွားသောအခါ မျက်မှောက်ခေတ် မြန်မာစာပေလောကအတွက် ကြီးစွာသော ဆုံးရူံးနစ်နာမှုကြီးပဲ..." လို့ရေးပါတယ်။

ဆရာနတ်နွယ်ကတော့ သူရေးတဲ "မိမိနှင့် မြသန်းတင့်" အထဲမှာ ကိုမြသန်းက မိမိ၏အရေးအသားနှင့်ဟန်ကို မနှစ်သက်ဘူးလို့ တစ်ဆင့်စကား ကြားရဖူးတယ်လို့ ရေးပါတယ်။ နောက်မှာ ဆရာမြသန်းတင့်ဟာ ဆရာနတ် စာများရော ဘာသာပြန်များကို တစ်ကြိမ်တစ်ခါဖူးမျှ ကောင်းသည်ဆိုးသည် ဝေဖန်ခြင်းမရှိခဲ့ဘူးလို့ ရေးပါတယ်။ ဒါပေမယ့် ဆရာဒဂုန်တာရာကို ဆရာနတ်ဝေဖန်တာဟာ "လွန်တယ်" လို့ ဆရာမြရဲ့သား ကိုဖိုးလက သူ့ဖေ့စ်ဘုတ်မှာ ရေးဖူးသလားလို့။  

၁၉၉၂နှစ်က တွေ့ဆုံမေးမြန်းသူ - ဝင်းငြိမ်းရဲ့ မြသန်းတင့် အင်တာဗျူးစာအုပ် ထွက်ပါတယ်။ အဲစာအုပ်ကို ကဗျာဆရာ၊ ဝေဖန်ရေးဆရာမောင်စွမ်းရည်က "ဒီစာအုပ်ဟာ ဆရာမြသန်းတင့်ရဲ့စာပေသဘောတရားကျမ်း စာအုပ်ငယ်ပါ။ စာပေအတ္ထုပ္ပတ္တိလို့ဆိုရင်လည်း မမှားနိုင်ပါ။ စာပေသမားများလက်စွဲပြုရမယ့်စာအုပ်လို့ ဆိုထားပါတယ်။

ဆရာမြသန်းတင့်ကို ပခုက္ကူခရိုင် မြိုင်မြို့ ၁၉၂၉ မေ-၃၀ ကြာသပတေးနေ့ မှာ ရှေ့နေဦးပေါတင့်နှင့် ဒေါ်လှိုင်တို့ကမွေးတာပါ။ မွေးချင်း ခုနှစ်ယောက်မှာ အကြီးဆုံးပါ။ အသက်ငယ်ငယ် နိုင်ငံအကျိုးအတွက် နိုင်ငံရေးကို လုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၁၉၄၄-၄၅မှာ ဂျပန်တော်လှန်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၇ မှာ ပခုက္ကူခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပါတယ်။ ၁၉၄၈ မှာ ရန်ကုန်တက္ကသိုလ်ရောက်တဲ့အခါ ကွန်မြူနစ်ဝါဒကို အရင်ကထက် လေ့လာလိုက်စားပါတယ်။ ထိုအချိန်မှာ စာတွေလဲ ရေးနေပါပြီ။ "စာပေသစ်မဂ္ဂဇင်း"ကိုလည်း ဦးဆောင် ထုတ်ဝေနေခဲ့ပါတယ်။ 

၁၉၅၀ မှာ ဆိတ်ဖလူးရနံ့ရှိတဲ့အရပ် - ဘဝတက္ကသိုလ်အဖြစ် သွားတက်ရပါတယ်။ ဆရာမြသန်းတင့်ရေးသားသော ၁၉၅၈ က ပဒေသရာဇ်ဆန့်ကျင်ရေးဝတ္တုဖြစ်တဲ့" လိုက်ခဲ့တော့ မြနန္ဒာ" ရေးအပြီး လိုက်ခဲ့တော့ကိုကိုးကျွန်သို့ အထိန်းသိမ်းခံဘဝနဲ့ ရောက်သွားပါတော့တယ်။

ကိုကိုးကျွန်မှ ပထမအကြိမ်လွတ်လာ အချိန်မကြာခင်မှာ ကမ္ဘာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် "ဆွီဒင် စတော့ဟုမ်းမြို့ကို ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ် တတ်ရောက်ရပါတယ်။ ထိုကြောင့် "ကိုကိုးကျွန်မှ စတော့ဟုမ်း သို့။  ငြိမ်းချမ်းရေး ညီလာခံကအပြန် ဆိုဗီယက်နဲ့ တရုတ်ကို ဝင်ပါတယ်။ ဒဂုန်တာရာလဲ အဲဒီခရီးစဥ်မှာ လိုက်ပါခဲ့တယ်။ ထိုခရီးကအပြန် ဆရာမြဟာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ အဖွဲ့ပါ ဝင်ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်အလာကောင်းပေမယ့် အခါနှောင်းခဲ့တာမို့ ပြည်တွင်းငြိမ်းချမ်ရေ ပျက်ကာ ဆရာမြကို ဒုတိယအကြိမ် ကိုကိုးကျွန်ဘဝတက္ကသိုလ်ကို (ထပ်မံထိန်းသိမ်း) ခံလိုက်ရပါတယ်။ 

၁၉၇၂ မှာ ကိုကိုးကျွန် ဘဝတက္ကသိုလ်ကအပြန် အပြီးမှာ တော်လ်စတွိုင်း၏ "စစ်နှင့်ငြိမ်းချမ်းရေး" စာအုပ်(၁၂)တွဲကို ဆရာ လုံလပြု ရေးပါတော့တယ်။ အဲဒီစာအုပ်ကို အစိုးရက "အမျိုးသားစာပေ"ဆုပေးပါတယ်။ ထိုနောက် ဆရာမြဟာ ကိုကိုးကျွန် အပြန် လက်ဆောင်တခုရရှိခဲ့ပါတယ်။ အဲဒါက နာမည်ကျော် "ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် (၁၉၇၃)" ဆိုတဲ့ ကျွန်းဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာသဘောထားရေးရာ၊ ဝါဒတွေတော့ ရှိမှာပေါ့လေ။ ။ ထိုမှာ ဓားတောင်နှင့်မြသန်းတင့် ခွဲမရသလို သံချောင်းနဲ့ပင်လယ် တို့ ခွဲခြားလို့ မရနိုင်ပါ ။အခြေခံလုပ်သမားလူတန်းစားနှင့်ပညာတတ်လူတန်းစားတို့ အပေါ်အ​ြေခခံဇာတ်လမ်းပဲပြောပြော အရင်ရှင်လူတန်းစားဆန့်ကျင့်ရေး ပြောပြော "ဓါးတောင်.." ကတော့ လူကြိုက်များတဲ့အပြင် ရုပ်ရှင်မင်းသားကျော်ဟိန်းက ရုပ်ရှင်ရိုက်ခဲ့ပါသေးတယ်။ ဒါပြင် မြို့တော်မောင်ယဥ်အောင်က စင်တင်ပြဇာတ်အဖြစ် "ဓားတောင်"ကို တင်ဆက်ခဲ့ပါတယ်။ မောင်ယဥ်အောင်ရဲ့စင်တင် "ဓားတောင်.." ပြဇာတ် ကပြခဲ့တာကို ဆရာမြသန်းတင်က ကြည့်ရူပြီး အံသြလောက်အောင် ကောင်းကြောင်း ချီကျူးခဲ့ပါတယ် ။ ဆရာမြသန်းတင့်ဟာ "ဘာသာပြန် အမျိုးသားစာပေ"ဆု (၅) ဆု ရခဲ့သော်လည်း သူသာ ဆက်ရှိနေအုံးမယ်ဆိုရင် နောက်ထပ် အမျိုးသားစာပေဆုတွေ ထပ်ကာထပ်ကာ ရရှိလိမ်မယ်လို့ ကဗျာဆရာတစ်ယောက်ကပြောပါတယ်။ သူရဲ့ကလောင်ခွဲ (၉) ချောင်းနဲ့ မြန်မာ့လူထုကို စာပေအလင်းပေးနိုင်ခဲ့ပါတယ်။

အခုအခါမှာ ဆရာမြသန်းတင့် သားငယ် ဖိုးလ က စာပေမျိုးဆက်ကို ဆက်လုပ်နေပါတယ်။ သူကိုယ်ပိုင်ထူထောင်ထားတဲ့ "ခန်းဆောင်နီစာအုပ်တိုက်"နဲ့ သူ့အဖေ စာအုပ်တွေ ဆက်ထုတ်နေပါတယ်။ အခုဆို ရင် "ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း (၂၀၁၈)" ၊ "ပါရီကျဆုံးခန်း ( ဒု-ကြိမ်၊၂၀၂၀)" ဆရာ့ဂန္ထဝင်စာအုပ်တွေကို ဆက်ထုတ်နေပါပြီ။ စာဖတ်သူမျာ  ဝယ်သိမ်းဖို့ရာ ပြင်ပေတော့။ ခန်းဆောင်နီစာအုပ်တိုက်ကနေ တရုတ် ဂန္ထဝင် စာပေနန်းတွင်းဝတ္တုကြီး"ခန်းဆောင်နီအိမ်မက်"ကိုလည်း ဆက်ထုတ်မယ်လို့ ကြားနေရပါတယ်။ ဖတ်ဖို့၊ သိမ်းဖို့၊ စုဖို့ရာ ပြင်ပေရော့။ နောင်ဘဝမှာ ရောက်ရာနေရာအရပ်ကနေ မြန်မာပြည်သားများအတွက် စာကောင်းပေမွန်များ ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ ဆရာမြသန်းတင့် ကောင်းသောဘုံဘဝ ဆိတ်ဖလူးနးရနံ့ကင်းစင်တဲ့ နေရာရောက်ပါစေ ဆန္ဒပြုရင်း ...

စာဖတ်သူများအား အစဥ်လေးစားလျက်
မျိုးသန့်ထွန်း(စစ်ကိုင်း)