Breaking News

ဇင်လင်း - အပစ်အခတ်ရပ်ပါ တွေ့ဆုံဆွေးနွေးပါ ကပ်ရောဂါဘေး လျှော့မတွက်သင့်ပါ




ဇင်လင်း - အပစ်အခတ်ရပ်ပါ တွေ့ဆုံဆွေးနွေးပါ ကပ်ရောဂါဘေး လျှော့မတွက်သင့်ပါ

(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၀

မြန်မာနိုင်ငံ၏ သမိုင်းဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်းငါးဆယ်ခန့်သာ လိုတော့သည်။ နိုဝင် ဘာလ (၈)ရက်တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအောက်တွင် အောင်မြင်စွာ ကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။ ရွေးကောက်ပွဲဖြစ်စဉ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းရေးလုပ်ငန်းစဉ်ထဲမှ အရေးကြီး သည့် တာဝန်ဖြစ်သောကြောင့် လက်ရှိအစိုးရက အားသွန်ခွန်စိုက် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလတွင် ပြည်သူလူထုကိုယ်တိုင် လူထုကိုယ်စားပြု အုပ်ချုပ်ရေးစနစ်တစ်ခုကို ဖေါ်ဆောင်ရမည် ဖြစ်သောကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ကျင်းပရန် ကြိုးစား နေကြခြင်းဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးအတွင်း မြန်မာလူထုသည် ဒီမိုကရေစီရေး ရပိုင်ခွင့်များအတွက် အသက်သွေးချွေး မြောက် မြားစွာ ပေးဆပ်ထားပြီးဖြစ်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်စေရန် ၀ိုင်းဝန်းကြိုးပမ်းကြပေလိမ့် မည်။ ဒီမိုကရေစီ လိုလားသော ပြည်သူလူထု၏ ၀ိုင်းဝန်းကြိုးပမ်း အားထုတ်မှုဖြင့် ယခုအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်မှသာ နိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းမည် ဖြစ်ပေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရန် လူဦးရေ ( ၅၀) အထိ စုဝေးဟောပြောနိုင်သည် ဟု ခွင့် စက်တင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့မှ ရွေးကောက်ပွဲနေ့ မတိုင်မီ တစ်ရက်အလို နိုဝင်ဘာလ ၆ ရက်နေ့ ညအထိ မဲဆွယ်စည်းရုံးခွင့်ရရှိမည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလအတွင်း လူစုလူဝေးနှင့် မဲဆွယ်စည်းရုံးသည့်အခါ တစ် ဦးနှင့် တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီခွာ နေရာချထားရန်၊ လေဝင်လေထွက် ကောင်းသောနေရာ ၌သာ ဆောင်ရွက်ရန်၊ အစိုးရကထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို လိုက်နာရန် စက်တင် ဘာ ၆ ရက် နေ့ထုတ် အစိုးရ သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည်။

ရွေးကောက်ပွဲအကြို မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာ ဆန်းစစ်ပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး(NCA) လုပ်ငန်းစဉ်သည် ရှေ့မတိုး နောက်မဆုတ် တစ်ဆို့မှု ကြုံနေရဆဲဖြစ်သည်။ အကျိုးဆက်အဖြစ် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအကြိမ် သြဂုတ်လက ကျင်းပနိုင်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့(FPNCC) နှင့် KNPP အဖွဲ့တို့ တက်ရောက်လာခြင်း မရှိခဲ့ပေ။ သို့သော် အဆိုးထဲက အကောင်းဟု ဆိုရမည့် ရလဒ်တစ်ခု ပေါါ်ထွက်ခဲ့သည်။

၂၁ ရာစုပင်လုံညီလာခံ နောက်ဆုံးနေ့တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(NCA-S-EAO) ၁ဝ ဖွဲ့အကြား ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး သဘောတူညီချက် စာချုပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် နှစ်ပေါင်း ရဝ ကျော်ကြာ ငြင်းဆန်လာခဲ့သော ဖက်ဒရယ်စနစ်ကို တပ်မတော်က တရားဝင် လက်ခံလိုက်ခြင်းဖြစ်၍ ထူးခြားသည့် ခြေလှမ်း တစ်လှမ်း တက်လှမ်းလိုင်ခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာ အကဲခတ်သူများက သုံးသပ်ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် နောက်ဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ အစည်းအဝေး တတိယမြောက်နေ့၌ အစိုးရ၊ တပ်မတော်နှင့် NCA-S-EAO အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့၏ ခေါင်းဆောင်များ၊ နိုငံရေးပါတီများမှ ကိုယ်စားလှယ်များက အပိုင်း ၃ ပိုင်းပါ သော ပြည်ထောင်စု သဘောတူညီချက် စာချုပ် Union Accord ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းစာချုပ် ထဲတွင် အနာဂတ်မှာ မည်ကဲ့သို့သော ဒီမိုကရေစီ စနစ်မျိုး၊ မည်သည့် ဖက်ဒရယ်စနစ်မျိုး တည်ဆောက်ကြမည်နည်း ဆိုသည့် အခြေခံမူ လမ်းညွှန်ချက်များ ပါဝင်ပြီး နောက်ပိုင်း၌ တိုင်းပြည်တာဝန် ယူရမည့် အစိုးရ အဆက်ဆက်က ယင်း အခြေခံမူများအပေါ် မူတည်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ဆက်လက်တည်ဆောက်သွားနိုင်ရန် တရားဝင် ခြေလှမ်း ဖြစ်သည်ဟု ဆိုသည်။

ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးအတွက် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိုက်ခြင်းသည် အခြေခံ အားဖြင့် နှစ်ပေါင်း ရဝ ကျော်ကြာ ငြင်းဆန်လာခဲ့တဲ့ ဖက်ဒရယ်စနစ်ကို တပ်မတော်က တရားဝင်လက်ခံလိုက်သည့် သဘောဖြစ်သဖြင့် ထူးခြားသည့် ခြေလှမ်းတခုဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါစာချုပ်သည် ယခင်နှစ်ကြိမ်က ရရှိခဲ့သည့် သဘောတူညီ ချက်များထက် ပိုမို ထူးခြားလေးနက်၍ အနှစ်သာရရှိသော စာချုပ်ဖြစ်သည်ဟု ဆိုသည်။ ခွဲမထွက်ရေးကိစ္စကို ကျော်လွှား နိုင်ခဲ့ပြီဖြစ်သဖြင့် စည်းလုံး ညီညွတ်၍ တစ်ခုတည်းသော ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ဦးတည် ဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့သည်။

ယင်း စာချုပ်သည် NCA လက်မှတ်ထိုး NCA-S-EAO အဖွဲ့များနှင့် တပ်မတော်၊ အစိုးရတို့အကြား သဘောတူစာချုပ်ဖြစ်၍ တဖက်တွင် NCA လက်မှတ်မထိုးရသေးသော အင်အားကြီး အဖွဲ့များဖြစ်သည့် UWSA "၀" အဖွဲ့ ၊ KIA အစရှိသော EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မည်သည့် အတိုင်းအတာအထိ ပါဝင်လာနိုင်မည်နည်း ဆိုသည်ကလည်း ရေရှည် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်တည်ဆောက်ရေးအတွက် အရေးပါသည့် ကိစ္စတစ်ခုဖြစ်နေဆဲ ရှိသည်။

အခြားမျက်နှာစာတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်ဖြစ်နေသည်။ ယင်းသို့ တိုက်ပွဲများ အရှိန်မြင့်လာ နေစဉ်မှာပင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲက တစ်နေ့ထက် တစ်နေ့ နီးလာနေသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ပို၍ အရေးကြီးသည်။ မြန်မာနိုင်ငံ မဲဆန္ဒရှင်ပြည်သူတို့ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည့် ပါတီကို ရွေးချယ်မည်လား။ သို့မဟုတ် သမိုင်းနောက်ကြောင်း ပြန်လှည့်စေမည့် ပါတီကို ရွေးချယ်မည် လား ဆိုသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဆန္ဒမဲပြားများကို အကျိုးရှိစွာ အသုံးချတတ်ဖို့လိုသည်။ လတ်တလောတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့ များက ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် စားဝတ်နေရေး အခက်ကြုံလာကြ၍ ပြည်သူအတော်များများ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းသည်ဟု သုံးသပ်ကြသည်။ နိုင်ငံရေးပါတီများနှင့် နိုင်င့ံအရေးကိစ္စများအပေါ်အာရုံစိုက်မှု အားနည်း နေသည်ဟုလည်း ဆိုကြသည်။ သို့သော် ပြည်သူလူထုသည် အရေးကြီးသော နိုင်ငံရေးအချိုးအကွေ့များနှင့် ကြုံတိုင်း သူတို့၏ သမိုင်းကို သတ္တိဗျတ္တိရှိစွာ ဆုံးဖြတ် ရေးသားခဲ့ကြသည်ကို တွေ့ရသည်။

စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲအတွင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ဒေသတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခဲယဉ်းသည်ဟု ပြောဆိုခဲ့သည်။ အဓိကအားဖြင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမည်ဖြစ်သည်။ ခြိမ်းခြောက်မှုကြောင့် မဲပေးရခြင်းမျိုး မဖြစ်စေလိုဟု ၎င်း က ဆိုသည်။ လုံခြုံရေးအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ' ဝ ' ဒေသတွင် မဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

' ဝ ' ဒေသနဲ့ ပတ်သက်လို့ တပ်မတော်၏ ပြောကြားချက်အပေါ် UWSA ဗဟိုက တုန့်ပြန်ရန် ဆုံးဖြတ်ချက် မချရသေး ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောကြောင်း VOA သတင်း၌ ဖေါ်ပြ သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်ကိစ္စမျိုးကို ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်မည်ဖြစ် သည်ဟု ဆိုသည်။ ' ဝ ' ဒေသအနက် အစိုးရ၏ ထိန်းချုပ်မှုအောက်၌ရှိသော ဟိုပန်နှင့် မက်မန်း မြို့နယ် ၂ ခုတွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း “ဝအမျိုးသားပါတီ” (WNP) ၏ အထွေထွေ အတွင်းရေးမှူး ဦးဆမ်ဆောင်ကားက VOA သတင်းသို့ ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁,၉၄၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၉၇၆ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ၃,၈၄၇ ဦး၊ တိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ်များအတွက် ၂၁၂ ဦး ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု ကော်မရှင်က ဆိုသည်။

စက်တင်ဘာလအတွင်း မြန်မာနိ်ုင်ငံတွင် COVID-19 ရောဂါကူးစက်မှု အခြေအနေ တစ်နေ့တစ်ခြားမြင့်တက်လာနေပြီး ကူးစက်ခံရသူ ၁,၀၀၀ ကျော်လာပြီ ဖြစ်သည်။ ရောဂါကူးစက်မှုနှုန်း မြင့်မားလာသောကြောင့် ၂၀၂ဝ ရွေးကောက်ပွဲကို မူလ သတ်မှတ်ထားသည့်အတိုင်း နိုဝင်ဘာလတွင် ကျင်းပနိုင်ခြေ ရှိ/မရှိ စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် မရှိသေးဟု ဆိုသည်။ ရှိခဲ့လျှင်လည်း အောက်တိုဘာလ၌ ထုတ်ပြန်ကြေညာမည်ဟု နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။ ၂၀၂၀ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော နယ်မြေများတွင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ၅ မြို့နယ်နှင့် ရခိုင်ပြည် နယ်ရှိ မဲဆန္ဒနယ်အချို့ပါ၀င်နိုင်ကြောင်း၊ လတ်တလောစိစစ်နေကြောင်းလည်း ဦးမြင့်နိုင်က ထည့်သွင်းပြောကြားသွားသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် COVID ကပ်ရောဂါ ကာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် လုံခြံုစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအရေအတွက် တိုးမြှင့်ခြင်း၊ မဲရုံနယ်မြေ တိုးချဲ့ခြင်းများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ထို့ပြင် မဲဆွယ်စည်းရုံးရာတွင်လည်း တိကျသည့် စည်းကမ်းများ ထုတ်ပြန်သွားရန် ပြင်ဆင်နေသည်ဟု သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီ၏ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုက်ပွဲများဖြစ်ပွာနေသည့် ရခိုင် ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ VOA သတင်းသို့ အောက်ပါအတိုင်း ပြောကြား သည်။

“ရခိုင်ပြည်နယ်အနေနဲ့ကတော့ မြို့နယ်တချို့မှာတော့ ရွေးကောက်ပွဲဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ကတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ တဘက်မှာ AA တပ်တော်ဘက်ကလည်း ရွေးကောက်ပွဲကို အနှောက်အယှက်မပေးဘူး။ သူတို့ ရွေးကောက်ပွဲကို လိုလားတယ်ဆိုတဲ့ ကြေညာချက်မျိုးထုတ်ထားတော့၊ ဒါက တစ်ဘက် မနှောင့်ယှက်ဘူး။ တိုက်ပွဲ တွေလည်း အဲဒီကာလ ကြားထဲမှာ ရပ်တန့်ထားမယ်ဆိုရင်တော့ ရွေးကောက်ပွဲက ရာခိုင်နှုန်း အပြည့် မဟုတ်ရင်တောင်မှ လုပ်နိုင်တဲ့ဒေသတွေကို လုပ်မယ်ဆိုရင် လုပ်ဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သဘောထား၊ တစ်နည်းအား ဖြင့် အစိုးရရဲ့ သဘောထားပေါ် မူတည်တယ်လို့ မြင်ပါတယ်။” ဟု ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန၌် AA အဖွဲ့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဥပမာယူ၍ အပစ်ရပ်ရေး ဆွေးနွေးရန် သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ ဦးဇော်ဌေးက တိုက်တွန်းလိုက်ကြောင်း VOA သတင်းက ဆိုသည်။ နေပြည်တော် သတင်းစာရှင်းလင်းရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီသဘာဝဘေး ဖြစ်ပွား၍ ပြည်သူများ ထိခိုက်သေကျေရချိန်တွင် “အာချေး လက်နက်ကိုင်အဖွဲ့” Free Aceh Movement (JAM) သည် အစိုးရနှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေးရယူခဲ့သည့် သင်ခန်းစာကို AA အနေဖြင့် ယူသင့်ကြောင်း ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်တွင် COVID- 19 ကူးစက်မှုကြောင့် မြို့နယ် ၁၇မြို့နယ်အနက် ၁၆မြို့နယ်၌ ညမထွက်ရအမိန့် ထုတ်ပြန် ထားရသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းနိုင်ရန် အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရနှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၂၀၂၀ နှစ်ဆန်းမှ စတင် ရပ်တန့်နေခဲ့သည်။ လတ်တလောတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့က ဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအတွက် အစိုးရထံ အကြောင်းကြားထားသည်ဟုဆိုသည်။ အစိုးရဘက်က ထို ၄ဖွဲ့နှင့် ဆွေးနွေးမှုများ အကျိုးရှိ/မရှိ ပြန်လည် သုံးသပ်နေကြောင်း ဦးဇော်ဌေးက သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်ဆိုပါက တစ်ဖွဲ့ချင်းလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်ဟု ဆိုသည်။

“နံပတ်တစ် စစ်ရှိန်လျှော့။ နံပတ်နှစ် အဲဒီ Propaganda တွေ လူမျိုးရေးတွေ၊ လူထုကြားမှာပေါ့နော် ရှုပ်ထွေးအောင် မပြောနဲ့။ နံပတ် သုံးက အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားသလား။ အမှန်တကယ် ပြည်နယ် အခွင့်အရေးကို လိုလား သလား။ အမှန်တကယ် တိုင်းရင်းသားအခွင့်အရေးကို လိုလား သလား။ လိုလားရင် ဆွေးနွေးရေးစားပွဲဝိုင်းကိုလာခဲ့။ AA တစ်ဖွဲ့တည်းလည်း ကျနော်တို့ တွေ့မယ်။ အဲဒါလည်း ကျနော်တို့ ပြောထားပြီးသား။”ဟု ဦးဇော်ဌေးက ပြောသည်။

အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် နှစ်လမျှပင် မလိုတော့သော်လည်း ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။ ရွေးကောက်ပွဲနေ့ မတိုင်မီ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ရန် ကြိုးပမ်းသင့်သည်။ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲများကျင်းပနိုင်ရန် အစိုးရနှင့် တပ်မတော်တို့က သဘောထား ကြီးစွာဖြင့် ရက္ခိုင့်တပ်တော် AA နှင့် မဖြစ်မနေ ညှိနှိုင်းဆွေးနွေးသင့်ကြောင်း ဝေဖန်ပြောဆိုလျှက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရေးနှင့် မဲဆန္ဒနယ် တစ်ခုမကျန် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ အားလုံး ပြည်ထောင်စု ငြိမ်းချမ်းရေးရည်မှန်းချက်ဆီ ဦးတည်၍ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဘုံသဘောတူညီမှု ရရှိရေး ပူးပေါင်းဆောင်ရွက်သင့်ပြီဟု သုံးသပ်မိသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၀၊ ၁၇- ၉- ၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။