Breaking News

ဇင်လင်း - ၂၀၂၀ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဖြစ်လာနိုင်မည်လား


ဇင်လင်း - ၂၀၂၀ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဖြစ်လာနိုင်မည်လား

(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၀

ယခု ၂၀၂၀ နှစ်ဦးဖြစ်သည့် ဇန္နဝါရီလတွင် မြန်မာ့နိုင်ငံရေးဖြစ်ထွန်းတိုးတက်လာမည့် အတိတ်နိမိတ် အသွင်ဆောင်သော သတင်းကောင်း အချို့ကြားရသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဇန္နဝါရီ ၁၇-၁၈ နှစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် ရက္ခိုင့်တပ်ဖွဲ့ (AA) က နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သော ချင်းပြည်နယ် ပလက်ဝ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းကောင်း ကြားရသည်။ AA က ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို နှစ်လခွဲကြာမျှ ထိန်းသိမ်းထားခဲ့ပြီးနောက် ဇန္နဝါရီ ၂၁ ရက်နေ့တွင် ပြန် လွှတ်ပေးခဲ့သည်။ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးသည့် ရည်ရွယ်ချက်မှာ ရခိုင်နှင့် ခူမီးအမျိုးသားများအကြား အပြန်လှန် နားလည်ယုံကြည်မှု တည်ဆောက်လို၍ ရေရှည်ခရီးကို ထောက်ရှုပြီး ဦးဝှေ့တင်းအား လုံခြုံပြီး ဘေးအန္တရာယ်ကင်းသည့် နေရာ၌ ပြန်လည်လွှတ်ပေးခဲ့ကြောင်း AA က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

AA ၏ ထုတ်ပြန်ချက်တွင် “ယခုအချိန်တွင် ရခိုင်နှင့် ခူမီး အမျိုးသားများကြားတွင် အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှု များအပြင် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများဖြစ်သည့်အလျောက် ညီရင်းအကို ဆက်ဆံရေးကို ပြန်လည် တည်ဆောက်လို ပြီး မိမိတို့အချင်းချင်းကြားတွင် ဖြတ်သန်းရမည့် ရေရှည်ခရီးကို ထောက်ရှူ၍ ပြန်လည်သင့်မြတ်လိုသော သဘောထားဆန္ဒ ရှိသောကြောင့်” လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ချင်းပြည်နယ် အမျိုး သား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နေပြည်တော်တွင် ပြုလုပ်မည့် လွှတ်တော်ပုံမှန်အစည်းအဝေး တက်ရောက်ရန် ခရီးသွားစဉ် ကုလားတန်စီမံကိန်းအဖွဲ့ဝင်များနှင့်အတူ AA အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ယခုကဲ့သို့ ဦးဝှေ့တင်းကို AA က ပြန်လွှတ်ပေးခဲ့ခြင်းသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ ခရီးစဉ်အပြီးတွင် ရုတ်တရက် ဖြစ်ပေါ်လာသဖြင့် နိုင်ငံရေးအကဲခတ်များက မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ အရေးပါသည်ဟု ရှုမြင်ကြသည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) သည် ၂၀၂၀ ခုနှစ်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ ထူးခြားသည်ဟု နိုင်ငံတကာ နိုင်ငံရေးအကဲခတ်များက ဆိုကြသည်။ ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် သမ္မတ ရှီကျင့်ဖျင်၏ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက် ပုံဖော် မည့် စာမျက်နှာသစ်များ” ဆိုသည့် ဆောင်းပါးကို အစိုးရသတင်းစာများ၌ ဖေါ်ပြခဲ့သဖြင့် ထူးခြားသော ခရီးစဉ်ဖြစ် သည်။ သူ့ဆောင်းပါးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင် အထည်ဖေါ်ရန် အရေးပါသည်ဟု ဖေါ်ပြထားသည်။ CMEC ၏ မဏ္ဍိုင် သုံးခုဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ရန်ကုန်မြိုသစ် စီမံကိန်းတို့ကို အကောင်အထည်ဖေါ်ရေး ကြိုးပမ်းရန်လိုကြောင်း ရှီကျင့်ဖျင် က ဆောင်းပါးတွင် ရေးသားထားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဇန္နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်လာရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ထူထောင်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုနနှှင့် ရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ လျှပ်စစ် ကဏ္ဍ၊ လမ်းပန်းဆက်သွယ် ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ မြန်မာ့ထွက်ကုန်ပစ္စည်းများတင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်ဟု အစိုးရသတင်းတွင်ဖေါ်ပြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ ဆွေးနွေးကြရာ၌ ထူးခြားသည့် အချက် မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်လာရေးကိစ္စများ ပါဝင်လာခြင်းဖြစ်သည်။ ထိုအခင်းအကျင်းကို လေ့လာပါက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြဿနာဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏ အရေးပါမှုကို မြင်သာစေသည်။ အခြားတစ်ဖက်တွင် တရုတ်နိုင်ငံ၏ Belt and Road ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအကောင်အထည်ဖေါ်ရာတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန် ကိစ္စမှာ အလွန်အရေးပါသည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ဒုတိယနေရာ၌ ရှိသည်။ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အစီရင်ခံစာအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီမံကိန်း ၄၃၀ ခု လုပ်ကိုင်နေသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀,၉၃၄.၆၁၆ ရှိသည်။

မြန်မာသည် လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးအခင်းအကျင်းအရ တရုတ်ပြည်အတွက် အရေးပါသကဲ့သို့၊ တရုပ်နှင့် အာဏာချိန်ခွင်လျှာ ညှိနေသည့် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အာဆီယံ နိုင်ငံများအတွက်လည်း အရေးပါလျှက်ရှိသည်။ ထို့ကြောင့် လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးသည် တရုတ် နိုင်ငံနှင့်တကွ တောင်အာရှနှင့် အာဆီယံ နိုင်ငံများအတွက်လည်း အရေးကြီးကြောင်း မြင်နိုင်သည်။

နောက်ထပ် သတင်းကောင်း တစ်ခုမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ (FPNCC) တို့အကြား ညီလာခံ တစ်ခုဖြစ်မြောက်ရေးကိစ္စ အပါအဝင် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်အစိုးရ ဘက် က ကြားဝင်ကူညီမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးချဲ့ လုပ်ကိုင်လိုသော အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယားတို့ကလည်း မြန်မာ့ငြိမ်းချမ်းရေးကို အလေးထားစောင့်ကြည့်နေ ကြပေသည်။

ဇန္နဝါရီ ၂၁ ရက်နေ့ မြန်မာတိုင်းမ်သတင်းတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်အုပ်စု အကြား လက်နက် ကိုင် ညီလာခံ တစ်ခုဖြစ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် တရုတ်အစိုးရ ဘက်က ကြားဝင်ကူညီမှုများရှိနေသည်ဟု သိရသည်။

''ပူးပေါင်းဆောင်ရွက်မှု ပိုများလာတယ်။ ညှိနှိုင်းမှု နောက်ပြီးတော့ ဖက်ဒရယ်အခြေခံမူ ညှိတာတို့ ဘာတို့လုပ်နေတယ်။ တရုတ်ကလည်း ကျွန်တော်တို့နဲ့ မြောက်ပိုင်းအဖွဲ့ နီးစပ်လာအောင် ကြားဝင်ပေးတာရှိတယ်။ ညီလာခံကတော့၂၁ ပင်လုံ ကို မီမမီတော့ မသိဘူးဗျ'' ဟု NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြောင်း မြန်မာတိုင်းမ်သတင်း၌ ဖေါ်ပြသည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ” စတုတ္ထအစည်းအဝေးကို ၂ဝ၂ဝ ပထမ ၄ လပတ်ကာလအတွင်း ကျင်းပရန် ရှိနေသည်။ ထိုအစည်းအဝေးမတိုင်မီ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုး ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မည့် ‘တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ’ တစ်ခု ဖြစ် လာရန် ကြိုးပမ်းနေသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ယခုနောက်ပိုင်း NCA လက် မှတ်ရေးထိုးထားသည့် အဖွဲများ (NCA-S-EAOs) ၏ အစည်း အဝေးများတွင် NCA လက်မှတ် မထိုးသည့် အဖွဲအစည်း (NCA-NS-EAOs) အချို့ ပါဝင် တက်ရောက်နေသည်ဟု ချင်းမိုင်အခြေစိုက် သတင်းထောက်များ က ပြောကြောင်း သိရသည်။ ယခု ဇန္နဝါရီလလယ်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ(NCA-S-EAOs) ၏ ညိနှိုင်း အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ တက်ရောက် ခဲ့သည်ဟု သိရသည်။ ထိုအခင်းအကျင်းများအရ NCA လက်မှတ်မထိုးသည့် အဖွဲ့များနှင့် NCA လက်မှတ်ထိုးသည့်အဖွဲ့များအကြားတွင်လည်း ငြိမ်းချမ်းရေး ညီလာခံတွင် မျက်နှာစုံညီတက်နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ရှိလာနေကြောင်း တွေ့ရသည်။

ဤအတောအတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ခေါင်းဆောင်များနှင့် တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ လာမည့် ဇန္နဝါရီလ ၂၈ ရက်နေ့မတိုင်မီ နှစ်ဖက် သီးခြားစီ တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သတင်း ကြားရသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် အစိုးရနှင့် (Bilateral Ceasefire) သဘောတူ ညီမှု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော် လက်တွေ့မြေပြင်တွင် အကောင်အထည် မပေါ်နိုင်ဘဲ အငြင်းပွားဖွယ် ကိစ္စများ နှစ်ဦးနှစ်ဖက်အကြား ပေါ်ပေါက်နေပြီး၊ ညှိနှိုင်းမရသည့် ကိစ္စများ ရှိနေသေးသည်ဟု ဆိုသည်။

Nationwide Ceasefire Agreement အပစ်ရပ် လက်မှတ်ရေးထိုးထားထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) သည် တပ်မတော်နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားမှု အများဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်နေသည်။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အဖွဲ့များထံ ဖြေရှင်းပေးရန် တင်ပြခဲ့သော်လည်း ဆိုင်းငံ့ခံ ထားရမှုများ ကြုံခဲ့ရသည်ဟု ဆိုသည်။ ယင်းအခြေအနေများကို ကျော်ဖြတ်ဖြေရှင်းနိုင်ရေးအတွက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင်များနှင့် တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ လာမည့် ဇန္နဝါရီလ ၂၈ ရက်နေ့ မတိုင်မီ နှစ်ဖက် သီးခြားစီ တွေ့ဆုံ ဆွေးနွေးသွားမည်ဟု RCSS ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းငင်း က သတင်းထောက်အား ပြောကြောင်း RFA သတင်းအရသိရသည်။ RCSS အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် သက်ဆိုင်သည့် နားလည်မှု လွဲမှားခြင်းကိစ္စများကို အဓိကထား ဆွေးနွေးသွားရန်ရှိကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က ဆိုသည်။

"အဓိက တချို့နေရာတွေ ကျနော်တို့ နားလည်မှု လွဲနေတဲ့အပိုင်းတွေ လည်းရှိတယ်။ ဘာပဲပြောပြော တချို့ကိစ္စတွေ ကလည်း ဘယ်လို ပြောမတုန်း JMC နဲ့ ဆိုင်တဲ့အပိုင်းတွေမှာပဲ ကျနော်တို့ဆွေးနွေးမယ့် အနေအထားတွေ ရှိပါတယ်။ ဒီမှာ အသေးစိတ်တွေ ပြောလို့တော့ အဆင်မပြေဘူး။" ဟု ၎က ဆိုသည်။

ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား ထပ်မံ ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်သကဲ့သို့ JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရန်လည်း ယခု အစည်းအဝေးသည် အဓိက ကျကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က ဆိုသည်။

နောက်ထပ် သတင်းထူးတစ်ခုမှာ ရခိုင်ပြည်နယ်မြောက် ပိုင်းအရေးတွင် ထိခိုက်ခံစားခဲ့ သူအားလုံးအတွက် စာနာဝမ်းနည်း ကြောင်းနှင့် တာဝန္ခံမႈ၊ တရားမျှတမှုရှိစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇန္နဝါရီ ၂၁ ရက်နေ့တွင် အ လေးအနက်ကတိပြုသည်ဟု ‘၇ ရက်သတင်း နေ့စဉ်သတင်းစာ’ ၌ ဖေါ်ပြသည်။ သမ္မတ ဦးဝင်းမြင့် သည် လွတ်လပ်သောစုံစမ်းစစ် ဆေးရေးကော်မရှင်(ICOE)၏ အပြီးသတ်အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ပထမဆုံး သတင်းထုတ်ပြန်ချက်၌ ထိုသို့ဖော်ပြခြင်းဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ပြစ်မှုကျူးလွန်သူများ အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် အ ထောက်အထားခိုင်လုံပါက တရားစွဲဆိုရန် သမ္မတက သဘောတူ ကြောင်း ဖော်ပြထားသည်။ တစ်ဆက်တစ်စပ်တည်းပင် ရခိုင်ပြည်နယ်မြောက် ပိုင်းအရေးတွင် ကွပ်ကဲမှုအဆင့်ဆင့်၌ မှားယွင်းစွာ လုပ်ဆောင်ခဲ့သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက်စုံစမ်းစစ်ဆေး၍ စစ်ဘက် တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဟု တပ်မတော် ကလည်း သတင်းထုတ်ပြန်ခဲ့ကြောင်း ‘၇ ရက်သတင်း နေ့စဉ်သတင်းစာ’ ၌ ဖေါ်ပြသည်။

ICOE ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြုချက်များပါဝင်ပြီး အကြံပြုချက် ၂၂ ချက်၌ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရန် အကြံပြုထားကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက်ခဲ့သော ပစ္စည်းဥစ္စာဖျက်ဆီးခံရမှုများ၊ လုယက်မှုများ၊ အရပ်သားများ ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုကြီးများကို ဆက်လက် စုံစမ်း စစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများပြုလုပ်စေရန် သမ္မတက ကော်မရှင်၏ အစီရင်ခံစာကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး သို့ပေးပို့ထားသည်ဟု သတင်းထုတ်ပြန်ထားသည်။ သမ္မတရုံး၏ ကြေညာချက်နှင့်ပတ်သက်၍ တပ်မတော်က ယခင် ထုတ်ပြန်ထားချက် အတိုင်း အပြောင်းအလဲမရှိဘဲ ICOE အစီရင်ခံစာနှင့်အညီ တပ်မတော်သားများအနေဖြင့် ချိုးဖောက် ကျူးလွန်မှုများရှိပါက စုံစမ်းဖော်ထုတ်အရေးယူမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

ဖေါ်ပြပါ မြန်မာ့နိုင်ငံရေး လတ်တလော ဖြစ်စဉ်များကို ခြုံငုံလေ့လာပါက အစိုးရနှင့် တပ်မတော်တို့အနေဖြင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် ယခင်ကထက် ပိုမို ချိတ်ဆက်ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ထို့အပြင် NCA လက် မှတ်ရေးထိုးထားသည့် အဖွဲများ (NCA-S-EAOs) နှင့် NCA လက်မှတ် မထိုးသည့် အဖွဲ့များ (NCA-NS-EAOs) အချင်းချင်း အကြားတွင်လည်း ငြိမ်းချမ်းရေးအတွက် ချိတ်ဆက်လုပ်ဆောင်မှုများ ပိုရှိလာသည်။ လက်ရှိအခြေအနေအရ နိုင်ငံတကာ ကလည်း မြန်မာ့ငြိမ်းချမ်းရေးကို လိုလားထောက်ကူနေကြသည်။ ဤအခင်းအကျင်းအတိုင်း ပုံမှန်ဆက်လက်ဆောင်ရွက် နိုင်ပါက ၂၀၂၀ ပထမ ၄ လပတ်အတွင် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖွယ်ရှိသည်။ ယင်းညီလာခံ ကျင်းပနိုင်ပါက မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အလားအလာကောင်းမည်ဟု သုံးသပ်မိပေသည်။

၂၀၂၀ ဇန္နဝါရီ ၂၇ ရက်၊ နေ့ထုတ် ဒီလှိုင်းစာစောင် ၌ ဖေါ်ပြသည့် ဆောင်းပါး။