မောင်စွမ်းရည် - ဘယ်ဟာက အရေးကြီးသလဲ၊ ဘာအရေးကြီးဆုံးလဲ - ပြည်သူနဲ့ အခြေခံဥပဒေ

မောင်စွမ်းရည် - ဘယ်ဟာက အရေးကြီးသလဲ၊ ဘာအရေးကြီးဆုံးလဲ - ပြည်သူနဲ့ အခြေခံဥပဒေ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၀ဒီနေ့ ဒီခေတ် မြန်မာပြည်သူတွေဟာ နိုင်ငံရေးဘက်မှာ အလွန်မျက်စိကျယ်လာခဲ့ကြပါတယ်။ အရင့်အရင် ခေတ်တွေမှာ ‘နိုင်ငံရေး’ ဆိုတဲ့ စကားလုံးဟာ နိုင်ငံရေးသမားတွေနဲ့ အားယားနေကြတဲ့ စာတတ်ပေတတ်တွေရဲ့ လက်ဖက်ရည်ဝိုင်းမှာ ‘အာလူးဖုတ်ခြင်း’နဲ့သာ ဆိုင်တဲ့ စကားတွေပဲလို့ ထင်မြင်ခဲ့ကြပုံရပါတယ်။ ဒီခေတ်မှာတော့ လူတိုင်း ပါးစပ်ဖျားမှာ ခြေ/ဥ၊ ရွေးကောက်ပွဲ၊ မဲရုံ၊ လက်သန်း၊ လက်မ စတဲ့ စကားလုံးတွေဟာ မဲမပေးရသေးတဲ့ ကလေးတွေရဲ့ ပါးစပ်ဖျားမှာတောင် ရောက်နေကြဟန် ရှိပါတယ်။
အထူးသဖြင့် ‘အခြေခံဥပဒေ’ ဆိုတဲ့ စကားကို စိတ်ဝင်စားလို့သာ စိတ်ဝင်စားနေကြပေမဲ့ အခြေခံဥပဒေကို လေ့လာဖူးတယ် မဆိုထားပါနဲ့၊ ‘ဖတ်ဖူးတယ်’ ဆိုသူတောင် အလွန်နည်းပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူတွေက အခြေခံဥပဒေ ဆိုတဲ့အထဲမှာ ငါတို့ ပြည်သူတွေရဲ့ ရရှိခံစားအပ်တဲ့ အခွင့်အရေးတွေကို အခိုင်အမာ ရေးသားထားတယ် ဆိုတာကိုတော့ သိနေကြပါတယ်။ တချို့ပုဂ္ဂိုလ်တွေက ‘အာဏာ”နဲ့ ‘ပြည်သူ’ ဆိုတာကို အဓိပ္ပာယ်တူလို့ ခံစား နားလည်ကြပေမဲ့ ‘ပြည်သူ’ ဆိုတဲ့ ဝေါဟာရကို သူတို့ပါးစပ်ထဲ ထည့်ရမှာတောင် သနတယ် ထင်နေကြသူတွေပါ။
ပြည်သူတွေဟာ နိုင်ငံတော်အတွက် စားဝတ်နေရေးကို ဖန်တီးထုတ်လုပ်နေသူတွေအဖြစ် တလေးတလေးစား မကြည့်၊ မမြင်တတ်ကြဘဲ ‘ငါတို့ရဲ့ ကျေးကျွန်တွေ’ ဆိုတာမျိုး တွေးထင် ခံစားမိနေကြဟန် ရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင်နေကြရတဲ့သူတွေက သူတို့ရဲ့ ‘လက်ညှိုး’တွေထဲမှာ ပြည်သူတွေရဲ့ အသက် ရှိနေတယ်လို့ ထင်မှတ်ပြီး ဘဝင်မြင့်နေတတ်ကြပါတယ်။
‘ရဲ’တွေကိုပဲ ကြည့်။ သူတို့ကို ‘ပုလိပ်’ လို့ ခေါ်တာ မကြိုက်ပေမဲ့ ကိုလိုနီခေတ်က အင်္ဂလိပ်ကျွန်၊ အင်္ဂလိပ်တို့ရဲ့ လက်ပါးစေ၊ ပုလိပ်တွေလိုပါပဲ။ လမ်းပေါ်မှာ မြင်မြင်သမျှ ပြည်သူတွေကို ‘တရားခံ’တွေလို့ပဲ မြင်နေတတ်ကြပါတယ်။ ‘ငါတို့ဟာ ပြည်သူတွေ ကျွေးတာကို စားနေရလို့ ပြည်သူကို စောင့်ရှောက်ကာကွယ် ရမယ့် တာဝန်ရှိသူတွေလို့ သိမြင်ခံစားရတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ‘ရဲ’တွေ မရှိဘူး မဟုတ်ပါ။ အများစုကတော့ ကိုလိုနီ ပုလိပ်စိတ်တွေ ရှိနေဆဲလို့ ခံစားနေကြရပါတယ်။
အထူးသဖြင့် ရုံးပြင်ကနား သွားကြရပြီဆိုရင် ရုံးနယ်နိမိတ်ထဲကို ဝင်လာကြသူတွေကို ကြည့်ပုံက တရားခံ ကြည့်ပါပဲ။ အမှုသည်တွေကတော့ ရုံးနယ်မြေထဲက သစ်ပင်ရိပ်ကလေးတွေမှာ မြေကြီးပေါ် ဖင်ချထိုင်ရင်း ကိုယ့်အလှည့် စောင့်နေကြရရှာသူတွေကို မြင်ယောင်ဆဲပါ။ ရဲတွေထဲမှာ သူတော်ကောင်းတွေလည်း တွေ့ဖူးပါတယ်။ ရှိတော့ ရှိတယ်၊ ရှားတယ်လို့ ပြောရင် သည်းခံပါ၊ ခွင့်လွှတ်ပါ။ ခုထိ ဒီလိုပဲ ခံစားနေရလို့ပါ။
တကယ်တော့ အခြေခံဥပဒေဆိုတာ ပြည်သူလူထုကို ကိုယ်စားပြုထားတာပါပဲ။ အခြေခံဥပဒေကို ပြည်သူလို့ မမြင်ဘဲ ‘အာဏာ” လို့သာ မြင်တဲ့လူများက ‘ပြည်သူလူထု’ ရဲ့ အကျိုးအခွင့်ကို ကာကွယ်စောင့်ရှောက်မယ်လို့ မပြောဘူး။ ပြောမထွက်ဘူး။ ‘အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်’လို့ပဲ ပြောလေ့ရှိကြပါတယ်။
ဘယ်သူဟာ ဘယ်လိုလူစားလဲလို့ ကြည့်ချင်၊ သိချင်ကြရင် သူတို့ ပြောကြတဲ့ မိန့်ခွန်း၊ သူတို့ ရေးကြတဲ့ ကြေညာချက်တွေကို လေ့လာကြည့်ပါ။ ဒီအချက်ဟာ ဒီနေ့အထိ ဒီလိုပဲ တည်ရှိဆဲ ဖြစ်တာကို တွေ့ရှိကြရပါလိမ့်မယ်။
‘အခြေခံဥပဒေကို ကာကွယ်မယ်’ လို့ ဘာ့ကြောင့် ပြောရသလဲဆိုရင် အခြေခံဥပဒေထဲမှာ ကိုယ် လိုချင်တဲ့ အချက်လေး တခုတလေကို ကွက်ပြီး ပြောစရာရှိနေလို့ဆိုတာ လေ့လာသိရှိနိုင်ကြပါတယ်။ တကယ်တော့ အခြေခံဥပဒေ ရေးဆွဲကြသူ ပညာရှင်တွေက အခြေခံဥပဒေမှာ ပြည်သူလူထုရဲ့ အကျိုးအခွင့်ကို ဟာကွက်၊ ယိုကွက် မရှိအောင် ကာကွယ်ပြီး ရေးဆွဲထားကြတာချည်း ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ အကျိုးအခွင့်ကို ချိုးဖောက်လိုသူတွေက ဒီအချက်၊ ဒီအကွက်ကို သိတယ်။ သူတို့က အခြေခံဥပဒေရဲ့ တစိတ်တဖဲ့ကို ယူသွားပြီးတော့ ကိုယ် လိုရာ အသုံးချချင်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်တွေ သွေးနဲ့ ချွေးနဲ့ ရေးဆွဲခဲ့ကြတဲ့ အခြေခံဥပဒေတခုလုံးကို ဖျောက်ဖျက်ပစ်ခဲ့ကြတယ်။ ဟိုတကွက်၊ ဒီတကွက်လောက် ပြင်တာ မဟုတ်ဘူး။ တခုလုံး အသစ်ရေးပြီး သူတို့ လိုသလို ရွေးနုတ် အသုံးချနိုင်အောင် အခြေခံဥပဒေအသစ်ကို ရေးဆွဲခဲ့ကြတယ်။ ဥပဒေပညာရှင် ဆိုသူ တချို့ကလည်း ‘မင်းဆရာ’ အဖြစ် နာမည်ရချင်တော့ အသစ်ပြင်ရေးတဲ့ တရားခံတွေထဲမှာ နာမည်စာရင်း အသွင်းခံခဲ့ကြတယ်။ သားစဉ်မြေးဆက် အရှက်ရနေမှာကိုတောင် မငဲ့ကွက်တော့ဘဲ ခြေ/ဥ တရားခံအဖြစ် ခံခဲ့ကြလေရဲ့။
ကျေးလက်တောရွာတွေမှာ ကြီးပြင်းခဲ့ဖူးသူများက ဖွတ်တို့၊ ပုတက်တို့ လိုက်တူးကြမှာပါ။ တချို့ ပုတက် မြေတွင်းထဲမှာ ဝင်နေတတ်ကြတယ်။ ‘တွင်းအောင်း’တယ် ခေါ်တာပေါ့။ အဲဒီ တွင်းလေးတွေကို နွားကျောင်းသားတွေက လိုက်တူးတယ်။ တွင်းတွေမှာ ဖွတ်၊ ပုတက် ဝင်ပြေးတဲ့ တွင်းပေါက်အပြင် သူတို့အတွက် လမ်းလွှဲထားတဲ့ တွင်းဖောက်ရှိသေးတယ်။ သူတို့အသက်ကို ကယ်တဲ့ အပေါက်ဖြစ်လို့ ‘ကယ်ပေါက်’ လို့ ခေါ်ပါတယ်။
ရပ်သံ ရွာသံနဲ့ ခေါ်တာကတော့ ‘ဂယ်ပေါက်’တဲ့။ အဲသလိုပဲ တချို့ ခြေ/ဥ ရေးဆွဲသူတွေက လက်ရှိအာဏာပိုင်များအတွက် ‘ဂယ်ပေါက်’ ပါ တခါတည်း ဖောက်ပေးထားပါတယ်။ သူတို့ လိုချင်တဲ့အခါ အဲဒီ ဂယ်ပေါက်ကလေးကို သုံးပေတော့။
အမှန်တကယ် ပြည်သူလူထုရဲ့ အကျိုးအခွင့်ကို ကာကွယ်ချင်ရင် ပြည်သူလူထုအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုလည်း ကာကွယ်ရမယ်။ မူလအခြေခံဥပဒေကို မချိုး မဖျက်ရဘူး။ လွတ်လပ်ရေးရဲ့ ဖခင်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေ ရေးဆွဲခဲ့ကြတဲ့ ဥပဒေကို မချိုး မဖောက်၊ မဖြုတ် မဖျက်သင့်ပေဘူး။ ခုတော့ ကိုယ် လိုချင်တဲ့ ‘ဂယ်ပေါက်’ မပါတဲ့ အခြေခံဥပဒေဟောင်းကို ပြင်ရုံ မဟုတ်ဘူး။ တခါတည်း ဖျောက်ဖျက်ပစ်လိုက်ကြပါတယ်။
လက်နက်နဲ့ လူတွေဟာ အရှက်မရှိရင် ကိုယ် လုပ်ချင်ရာလုပ်လို့ ရပါတယ်။ လူတွေကိုတောင် သတ်ရဲမှတော့ ဘာဥပဒေမှ ပြင်နေ၊ ဖျက်နေစရာ မလိုပါဘူး။ အခက်ပြေ၊ အရှက်ပြေ၊ ဟိုလုပ် ဒီလုပ် လုပ်နေစရာ မလိုပါဘူး။ အာဏာသိမ်းရင် သိမ်းတယ်ပေါ့။ အရှက်မရှိရင် သမိုင်းမှာ အာဏာသိမ်းသူ၊ အာဏာရှင် ဘာညာ နာမည်ကို ခံယူပေါ့။ ဆွေမျိုးအပေါင်းအသင်းတွေ အားလုံးအတွက် တိုင်းပြည်ရဲ့ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ရတနာတွေကို လိုချင်ရာ လိုချင်သလောက် ယူပြီးမှတော့ သေမထူး၊ နေမထူးပါပဲ။
ရာဇဝင်တွင်တော့မှာ သမိုင်းဝင်တော့မှာပါ။ တိုင်းပြည်ရဲ့ ဒဏ္ဍာရီကို ခိုးတဲ့ သူခိုး၊ လုယက်တဲ့ ဓားပြပေါ့။ မဟုတ်တာ၊ မကောင်းတာ လုပ်ပြီးမှတော့ သမိုင်းကောင်း မလိုချင်ကြပါနဲ့တော့။ သူခိုးဟာ သူခိုးပါပဲ။ ဓားပြဟာ ဓားပြပဲပေါ့။ ကိုယ် ရွေးထားတဲ့ ကိုယ့်လမ်းကို ကိုယ့်ဘာသာ ရဲရဲလျှောက်ကြပေတော့။ လမ်းဆုံးတော့ ချောက်ကြီး တွေ့ပါလိမ့်မယ်။
မောင်စွမ်းရည်
၄ နိုဝင်ဘာ ၂၀၂၀
နယူးယောက်