Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ - ၅



အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ  - ၅

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၀  

အခန်း(၅) - အမျိုးသားရေး ဝါဒ အပေါ် မာ့ခ်ဝါဒ အမြင်

[အမျိုးသားရေး ဝါဒ နှင့် မာ့ခ် ဝါဒကြား ဆက်နွယ်မှု၊ တိုင်းပြည်များ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု များအပေါ် မာ့ခ် နှင့် အိန်ဂျယ်တို့၏ မဟာဗျဟာမြောက်သုံးသပ်မှု စသည်တို့ကို ရေးသားထားသည်။ လွတ်လပ်ရေး တိုက်ပွဲကာလ ဗမာခေါင်းဆောင်များကြားထဲတွင် မာ့ခ် ဝါဒ ၏ အမြင်များ အားကောင်းခဲ့ပြီး အဆိုပါ အမြင်များမှ ဆင်းသက်လာသည့် လွတ်လပ်ရေးခေတ်ဦးဗမာ့ နိုင်ငံရေး အခြေအနေများ နှင့် ချိန်ထိုးအကဲဖျက်သင့်သည်။]

အမျိုးသားရေး ဝါဒ နှင့် လစ်ဘရယ် ဝါဒတို့ပူးပူးရပ်ရပ် ချိတ်ဆက်လျက်ရှိသည့် ၁၈၄၈ ခုနစ်တွင် လွန်စွာ ထူးခြားသည့် အမြင်သစ် တစ်ရပ် ပေါ်ပေါက်လာသည်။ အမျိုးသားရေး ဝါဒ အပေါ် အလွန် ကွဲပြားသည့် အမြင်ဖြင့် သုံးသပ်မည့် အမြင် ဖြစ်သည်။ အမျိုးသားရေးဆိုင်ရာ မေးခွန်းများကို စူးရှသည့် အမြင်ဖြင့် ချဉ်းကပ်မည့် အမြင်သစ် တစ်ရပ်ကို ကွန်မြူနစ် ကြေညာစာတန်း နှင့် အခြားသော စာအုပ် များတွင် မာ့ခ် နှင့် အိန်ဂျယ်တို့ အုတ်မြစ်ချလိုက်ပြီဖြစ်သည်။ လူ့အဖွဲ့အစည်းကို အဓိက ပိုင်းခြား ထားသည့် အရာသည် အလျားလိုက် မဟုတ်၊ ဒေါင်လိုက်ဖြစ်သည်။ အမျိုးသားရေး အုပ်စုများကြား ကွဲပြားမှု မဟုတ်၊ လူတန်းစားကွဲပြားမှု ဖြစ်သည်ဆိုသည့် အဆိုကို ၎င်း တို့စတင်လိုက်လေသည်။ အမျိုးသားရေး ဆိုသည်မှာ ဆီလျှော်မှု မရှိ၊ ထင်ရောင်ထင် မှားဖြစ်စဉ်သာဖြစ်သည်။ “ အလုပ်သမားတွေအတွက် နိုင်ငံ မရှိ” ဟု ကြွေးကြော်ခဲ့သည်။

အလုပ်သမားများ၏ အမျိုးသားရေး လက္ခဏာသည် ပြင်သစ်လည်းမဟုတ်၊ အင်္ဂလိပ်လည်း မဟုတ်၊ ဂျာမန်လည်း မဟုတ်၊ ကိုယ့်လုပ်အားသာဖြစ်သည်။ လွတ်လပ်သော ကျွန်စနစ်သာဖြစ်သည်။ ကိုယ်ပိုင် လက်လီ စျေးသည်သာဖြစ်သည်။

အလုပ်သမားတို့၏ အစိုးရသည် ပြင်သစ်လည်းမဟုတ်၊ အင်္ဂလိပ်လည်းမဟုတ်၊ ဂျာမန် လည်း မဟုတ်။ ငွေရင်း သာဖြစ်သည်။

အလုပ်သမားတို့ မွေးရပ်မြေ၏ လေသင်းနံ သည် ပြင်သစ်လည်းမဟုတ်၊ အင်္ဂလိပ်လည်း မဟုတ်၊ ဂျာမန်လည်း မဟုတ်၊ စက်ရုံ လေထုသာဖြစ်သည်။

အလုပ်သမားတို့ပိုင်သည့် မြေသည် ပြင်သစ်လည်းမဟုတ်၊ အင်္ဂလိပ်လည်း မဟုတ်၊ ဂျာမန်လည်း မဟုတ်၊ မြေကြီးအောက် ပေအနည်းငယ်အကွာတွင်ရှိနေသည့် မြေသားထုသာဖြစ်သည်။

ထို့ကြောင့် အလုပ်သမားတို့သည် အမျိုးသားရေး အမြင်အားဖြင့် မိမိကိုယ်ကိုယ် ဖွင့်ဆိုရန် အကြောင်း မရှိပေ။ အလုပ်သမားတို့၏ အကျိုးစီးပွားသည် တလောကလုံး သဘော ဆောင်သည်။ တဖြည်းဖြည်းနှင့် မဆီ လျှော် သလိုဖြစ်လာသည့် အမျိုးသားရေး နယ်နိမိတ်များအားလုံးကို ဖြတ်ကျော်တည်ရှိရမည်။

နိုင်ငံအားလုံးမှ ပစ္စည်းမဲ့များတွင် တစ်ခုတည်းသော အကျိုးစီးပွား၊ တူညီသည့် အကျိုးစီးပွား၊ တစ်ခုတည်းသော ရန်သူ၊ တူညီသည့် ရန်သူ၊ တစ်ခုတည်းသော ရုန်းကန်လှုပ်ရှားမှု၊ တူညီသည့် ရုန်းကန်လှုပ်ရှားမှု သာရှိသည်။ ပစ္စည်းမဲ့များသည် ၎င်းတို့၏ သဘောသဘာဝ အရပင် အမျိုးသားရေး ဘက်လိုက်မှုများမှ လွတ်ကင်းလျက်ရှိသည်။ ၎င်းတို့၏ အစီအစဉ်များ နှင့် လှုပ်ရှားမှုများသည် လူသားအားလုံး အရေးသာဖြစ်သည်။ အမျိုးသားရေးကို ဆန့်ကျင် သည့် သဘော ဆောင်သည်။

အရင်းရှင်စနစ် ကမ္ဘာကို ပျံ့နှံ့လာသည်နှင့် အမျှ ကုန်ထုတ်လုပ်မှုများကို တော်လှန် ပြောင်းလဲလိုက်ပြီး ရိုးရာအစဉ်အလာများ၊ ဘက်လိုက်မှုများ ကို လှဲကျင်းထုတ်လိုက်သလို လူမှု ဆက်ဆံရေးများကို ပုံသွင်းပေးလိုက်သည်။ သို့ဖြင့် အမျိုးသားရေး ကွဲပြားမှုများကို ရုပ်ပိုင်းအရရော၊ ဉာဏ်ပိုင်းအရပါ အားနည်းစေလေသည်။

အမျိုးသားရေး တစ်ဘက်သက်ရှုမြင်မှု၊ အမြင်ကျဉ်းမြောင်းမှုတို့တဖြည်းဖြည်း နှင့် လျှော့ပါးလာပြီဖြစ်သည်။ အမျိုးသားရေး ကွဲပြားမှု တဖြည်းဖြည်းနှင့် ပျောက်ကွယ် လာသည်ကို နေ့စဉ်ပင်တွေ့နေရသည်။ မာ့ခ် နှင့် အိန်ဂျယ်တို့သည် စိတ်ကူးယဉ်ဆန်သည့် ယူတိုးပီးယန်း အတွေးအခေါ်မျိုးကို အများအားဖြင့် ရှောင် လေ့ရှိသော်လည်း အထက်ဖော်ပြပါအကြောင်းရာများကို ကြည့်ပါက အနာဂတ် ကမ္ဘာ့ မြို့ပြကြီးဆိုသော ကော်စမိုပိုလီတန် အမြင်ကို တွေ့နိုင်သည်။ အဆိုပါ တလောကလုံး သဘောဆောင် gemeinschaft တွင် အမျိုးသားရေး နိုင်ငံတော်များ အတွက် နေရာ  မရှိပေ။

ယင်းကဲ့သို့သော ရပ်တည်ချက်များကို ကြည့်၍ မာ့ခ် နှင့် အိန်ဂျယ်သည် အမျိုးသားရေး ဝါဒ ၏ အရေးပါမှုကို နားလည်သူများမဟုတ်၊ ယင်းဝါဒ၏ ဆွဲဆောင်နိုင်မှုကို လျှော့ချခန့်မှန်းခဲ့သည်ဟု နှစ်ပေါင်းများစွာပင် ဝေဖန်ခဲ့ကြသည်။ အမျိုးသားရေး ဝါဒ အပေါ် လျှော့ချခန့်မှန်းခဲ့မှုသည် မာ့ခ်ဝါဒ၏ ကြီးမားသော သမိုင်းရေး ရှုံးနိမ့်မှု ဖြစ်သည် ဟု နှောင်းပိုင်း မာ့ခ်ဝါဒီများစွာက လက်ခံခဲ့သည်။  အမျိုးသားရေး ဝါဒ အပေါ် နားလည် ရေး အတွက် မာ့ခ်ဝါဒက လုပ်ပေးနိုင်သည့်အရာ အနည်းငယ်သာရှိသည်ဟု မာ့ခ်ဝါဒီ မဟုတ်သည့် ပညာရှင်များက ဆိုသည်။

ယင်းသို့သော ဝေဖန်မှုများသည် လွန်စွာ ကိုးလိုးကန့်လန့်နိုင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားရေး ဝါဒ သြဇာအကြီးဆုံး မဟုတ်လျင်တောင်မှ လွမ်းမိုးမှု အများဆုံး ကာလတွင်ပင် မာ့ခ် နှင့် အိန်ဂျယ်တို့ က ၎င်းတို့၏ အမြင်များကို ရေးသားခဲ့ခြင်းဖြစ်သည်။

မာ့ခ် နှင့် အိန်ဂျယ်တို့ကိုယ်တိုင်သည်လည်း ၎င်းတို့အပေါ် သက်ရောက်လျက်ရှိ သည့် နိုင်ငံရေး ဖိအားမှ လွတ်ကင်းခြင်းမရှိပေ။ များစွာသော ဖြစ်စဉ်များတွင် ၎င်းတို့၏ ရပ်တည်ချက် ကို ပြင်ဆင်ခြင်း၊ လျှော့လိုက်ရခြင်းတို့လုပ်ဆောင်ခဲ့ရသည်။

ယင်းသို့ရပ်တည်ချက်ပြောင်းရခြင်းကို နည်း ၂ နည်းဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သည်။ ပထမ နည်းသည် ပြဌာန်းခံ နည်းလမ်း ကျင့်သုံးမှုဖြစ်သည်။ ယင်းနည်းအရ အမျိုးသားရေး အုပ်စုများကို သမိုင်းဝင်အမျိုးသားရေး အုပ်စု၊ သမိုင်းဝင် မဟုတ်သည့် အမျိုးသားရေး အုပ်စုဟု ပိုင်းခြားလိုက်သည်။ နောက်နည်းလမ်းသည် ပိုမို လက်တွေ့ ကြပြီး အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုများကို ကွန်မြူနစ်ဝါဒ လုပ်ငန်းစဉ်တွင် ပေါင်းစည်းလိုက်ရေး ကြိုးပမ်းချက်ဖြစ်သည်။ ယင်းကဲ့သို့သော ပြင်ဆင်ပြောင်းလဲမှုများသည် အမျိုးသားရေး ဝါဒ အပေါ်ထားရှိသည့် မာ့ခ်ဝါဒီများ၏ အမြင်ကိုသာမက မာ့ခ်ဝါဒီ မဟုတ်သူများ၏ ရှုမြင်မှုကိုပါ သိသိသာသာ သက်ရောက်စေတော့မည်ဖြစ်သည်။

သမိုင်းဝင် နှင့် သမိုင်းဝင် မဟုတ်ဆိုသည့် ပိုင်းခြားချက်သည် ဟေဂယ်ထံမှ တိုက်ရိုက် ကူးယူလိုက်မှုဖြစ်သည်။ သမိုင်းဝင် မဟုတ်သည့် အမျိုးအစားသည် ဟေဂယ်ပြောကြားသကဲ့သို့ပင် သမိုင်း ဖြစ်စဉ်ကြီး ၏ ခြေထောက်အောက်တွင် အညှာအတာကင်းမဲ့စွာ ချေမွခံ ထားရသည့် အမျိုးသားရေး ရုပ်ကြွင်းများဖြစ်သည်။ အရွယ်အစားကြီးမားပြီး ကောင်းမွန်စွာ ဖွဲ့စည်းထားသည့် သမိုင်းဝင် အမျိုးသားရေး အုပ်စုများကို  “ ဟိုတစ်ကွက်ဒီတစ်ကွက်တွေ့နေရသူများ၊ အမျိုးသားရေး အုပ်စုအဖြစ် မရပ်တည်နိုင်သူများ၊ ပိုမိုကြီးမားသည့် အမျိုးသား အုပ်စုများ၏ စုပ်ယူမှုခံလိုက်ရသည့်  အုပ်စုများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ယင်းသို့သော အုပ်စုငယ်လေးများသည် အမျိုးသားရေး အုပ်စုကြီးများ၏ အစိတ်အပိုင်းဖြစ်ချင်ဖြစ် မဖြစ်လျင်လည်း နိုင်ငံရေးအရ အရေးပါခြင်းမရှိတော့သော လူမျိုးရေး အထိမ်းအမှတ်များ အဖြစ်သာ ရပ်တည်နိုင်တော့သည်။” 

ယင်းအမြင်သည် ဟေဂယ်၏ အတွေးအခေါ်ကို ရုပ်ဝါဒီဆန်အောင် ပြုလုပ်လိုက်သည့် မာ့ခ်တို့၏ ကြိုးပမ်းမှုပင်ဖြစ်သည်။ အဆိုပါ ရည်မှန်းချက်များ ပေါ်ပေါက်အောင် ကြိုးပမ်းသည့် အမျိုးသားရေး ဝါဒ နှင့် ယင်းကြိုးပမ်းမှုကို ဇတ် သတ်ရန် ကြိုးပမ်းသည့် အမျိုးသားရေး ဝါဒဟူ၍ နှစ်မျိုး ပိုင်းခြားနိုင်သည်။ မာ့ခ် နှင့် အိန်ဂျယ်တို့ဖော်ထုတ်ထားသော် အမြင်သည် လူမျိုးရေးဆန်သည် သို့မဟုတ် ဥရောပဗဟိုပြုစဉ်းစားချက်ဖြစ်သည်ဟု ဝေဖန်နိုင်မည်  ဖြစ်သည်။ ယင်းကဲ့သို့သော သမိုင်းဆိုင်ရာ အမှတ်လက္ခဏာများကို ခွဲခြား သတ်မှတ်ရာတွင် စီးပွားရေး သက်သက်ကိုသာကြည့်ခြင်းမဟုတ်ဘဲ ယဉ်ကျေးမှု အမှတ်လက္ခဏာများ အပေါ် အခြေခံ၍လည်း မာ့ခ်တို့ စဉ်းစားခဲ့ကြခြင်းဖြစ်သည်။ အမျိုးသားရေး အုပ်စု တစ်ခု သည် သမိုင်းဝင် ဟုတ် မဟုတ်ဆိုသည်ကို ပေးထားချက် အနေနှင့် လက်ခံခဲ့ကြသည်။ ထို့အပြင် ခွဲခြားမှုများလုပ်ဆောင်ရာတွင် မာ့ခ် နှင့် အိန်ဂျယ် တို့နှစ်ဦးစလုံးသည် အမျိုးသားရေး အုပ်စုများ၏ အမျိုးအစား သတ်မှတ်ချက် များ အပေါ် မေးခွန်းထုတ်ခဲ့ခြင်းမရှိပေ။ 

နောက်ပိုင်းနှစ်များတွင် ယင်းသို့သော ပိုင်းခြား မှုကို မာ့ခ် နှင့် အိန်ဂျယ်တို့နှစ်ဦးစလုံး စွန် ့ပယ်ခဲ့ကြသည်။ ယင်းနေရာတွင် လက်တွေ့ပိုင်းအချက်များကို ထည့်သွင်းစဉ်းစားထားသည့် အမြင်ဖြင့် အမျိုးသား ရေး ဝါဒ အပေါ် ကြည့်ရှုခဲ့သည်။ အထူးသဖြင့် ပိုလန် နှင့် အိုင်ယာလန် လွတ်လပ်ရေး လုပ်ဆောင်ချက်များကြောင့် အမျိုးသားရေးဝါဒ အပေါ် ထားရှိသည့် ၎င်းတို့၏ အမြင် ပြောင်းလဲသွားသည်။ ပိုလန်လွတ်လပ်ရေးကြောင့် ဥရောပ ပုလိပ်ကြီးဖြစ်သော ဇာဘုရင်၏ ရုရှား နိုင်ငံကို အားပျော့စေလိမ့်မည်ဟု မာ့ခ် ယုံကြည်ခဲ့သည်။ အိုင်ယာလန် ဖြစ်စဉ် တွင်မူ ကမ္ဘာ့ အဆင့်မြင့်ဆုံးသော အရှင်းရှင် ပါဝါ ဖြစ်သည့် ဗြိတိန်ကို အားပျော့စေလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ယင်းမှ တစ်ဆင့် အားကောင်းလှသည့် ထောက်ပြချက်ဖြစ်သော ဖိနိုပ်သူတို့၏ အမျိုးသားရေး ဝါဒ နှင့် ဖိနိုပ်ခံတို့၏ အမျိုးသားရေး ဝါဒ ဆိုသော သတ်မှတ် ချက်ကို မာ့ခ် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် မာခ့် ထားရှိခဲ့သည့် ပညာရပ်ပိုင်းဆိုင်ရာ အမွေအနှစ်သည် လွန်စွာရှုပ်ထွေးလျက်ရှိသည်။

နိုင်ငံတကာသဘောဆန်သည့် အမျိုးသားရေး ဝါဒ အပြင် နှစ်မျိုးထက် မနည်းသော အမျိုးအစားများ ထပ်မံ ခွဲခြားနိုင်သည်။ ပထမတစ်မျိုးသည် တိုးတက်သော အမြင်ရှိပြီး ဒုတိယ တစ်မျိုးသည် ပြန်လည်ပြင်ဆင်ရေး အမြင်ရှိသည်။ နောက်ပိုင်းပေါ်ထွက်လာသည့် မာ့ခ်ဝါဒီများ သည် ယင်းကဲ့သို့သော ကွဲပြားသည့် ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲကြသည်။ ယင်းဖြစ်စဉ် တစ်လျှောက်တွင် ၎င်းတို့ကြား ကွဲပြားမှု ပိုမိုကြီးမားလာပြီး မာ့ခ် နိုင်ငံရေး လှုပ်ရှားမှုတွင်း၌ အတွင်းပိုင်း ပဋိပက္ခပေါ်စေခဲ့သည်သာမက အမျိုးသားရေးဝါဒ အပေါ် မတူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် ဖွင့်ဆိုခဲ့ကြသည်။ရိုဆာ လူဇင်ဘတ် နှင့် နိုင်ငံတကာဝါဒ

ရာစုနှစ်အကူးအပြောင်းတွင် ပေါ်ထွက်လာသည့် ရိုဆာ လူဇင်ဘတ်၏ ရေးသားချက်များ သည် မာခ့်၏ နိုင်ငံတကာ ဝါဒ အပေါ် အခိုင်အမာ ရပ်တည်ထားခြင်းဖြစ်သည်။

အမျိုးသားရေးဝါဒ တွင် တိုးတက်သည့် သဘော မရှိတော့ဟု သူ(မ)က အခိုင်အမာ စွဲကိုင်ထားသည်။  လက်ရှိပေါ်ထွက်နေသည့် အရင်းရှင်စနစ် နှောင်းပိုင်းအဆင့်တွင် အမျိုးသားရေး ဝါဒသည် ပြန်လည် ပြင်ဆင်ရေး အခန်းကဏ္ဍကိုသာ ကပြနိုင်တော့သည်။ လူသားများ အနေနှင့် အမျိုးသားရေး ဖွင့်ဆိုချက်များနှင့် ၎င်းတို့ကိုယ် ၎င်းတို့ဖွင့်ဆိုလေ့ရှိခြင်းကို ရိုဆာက ငြင်းဆိုခြင်းမရှိသော် လည်း ယင်းကဲ့သို့သော အမှတ်လက္ခဏာများကို နိုင်ငံရေးဇာတ်သွင်းခြင်းကိုမူ  အသည်းအသန် ဆန့်ကျင်သည်။ အမျိုးသားရေးသည် လွတ်လပ်သည့် နိုင်ငံတော် ပါဝါသို့ဦးတည်စေသော်လည်း အခြားသူများ အပေါ် ဖိနိုပ်မှုများလည်း ဖြစ်ပေါ်စေသည်။ ပိုလန်များကို ရုရှားတို့ ဖိနိုပ်မှု၊ ရူသီနီယန်များ၊ ရုရှားဖြူများ၊ လစ်သူရေးနီးယန်းများကို ပိုလန်များ ဖိနိုပ်မှု၊ ဂျူးများကို အားလုံးက ဖိနိုပ်မှု စသည်တို့ကို ဖြစ်စေသည်။ထို့ကြောင့် အမျိုးသားရေး ဝါဒ ဆိုသည်မှာ ဘူဇွာ သဘောတရားရေး တစ်ခု ဖြစ်သည်ဟု သတ်မှတ်ကာ ဆိုရှယ်လစ်များက စိန်ခေါ်ရမည်ဖြစ်သည်။ လူတန်းစားမဲ့ လူ့ဘောင်တစ်ရပ်တွင် အမျိုးသားရေး အုပ်စု ဆိုသည့် လူမှု-နိုင်ငံရေးရာ ဖွဲ့စည်းမှု ရှိမည်မဟုတ်ပေ။

အမျိုးသားရေး ဝါဒ ဆိုသည်မှာ အလုပ်သမားများကို အမျိုးသားရေး လိုင်းတစ်လျှောက် ကွဲပြားစေ သည့် အရာသာဖြစ်သည်။ လူတန်းစား အမှတ်လက္ခဏာကို ဆန့်ကျင်၍ အမျိုးသားရေး အမှတ်လက္ခဏာကို လှုံဆော်ခြင်းပင်ဖြစ်သည်။ အမျိုးသားရေးလိုင်းတစ်လျှောက် လှုံဆော်ပါက မည်သည့်အရာများဖြစ်လာနိုင်သည်ကို အစွန်းရောက်ဆုံး ဖော်ပြနိုင်သည့် ဥပမာသည် ပထမကမ္ဘာစစ် ပင်ဖြစ်သည်ဟူ ရိုဆာက ရှုမြင်သည်။ အမျိုးသားရေး စိတ်ကစဉ့်ကလျားရောဂါ ရကာ ပြင်သစ် အလုပ်သမားများသည် ဂျာမန် အလုပ်သမားများကို ဆန့်ကျင်လာကြခြင်းဖြစ်သည်။ ယင်းသို့သော အရိုင်းအစိုင်းဝါဒ နိဂုံးချုပ်ရန်အတွက် နိုင်ငံတကာ ဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးမှသာဖြစ်နိုင်မည်။

ရိုဆာ လူဇင်ဘတ်၏ အမြင်သည် မာ့ခ်၏ အစောပိုင်းအမြင်များကဲ့သို့ပင် ပြင်းပြင်းထန်ထန် ဝေဖန်ခံ  ခဲ့ရသည်။ အမျိုးသားရေး ဝါဒ ၏ အင်အား နှင့် ဆွဲဆောင်မှုကို အခြားသူများစွာကဲ့သို ပင် ရိုဆာလည်း မမြင်နိုင်ခဲ့သည်ဟု ဆိုသည်။ အမျိုးသားရေး အုပ်စု အပေါ် သစ္စာခံမှုကို ကျော်လွှားနိုင်လိမ့်မည်ဟု ၎င်းက စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်ခဲ့သည်။

ဖိနိုပ်ခံ အမျိုးသားရေး အုပ်စုများ၏ အမျိုးသားရေး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့် လိုအပ်ချက် ကိုလည်း ရိုဆာ မမြင်နိုင်ခဲ့ဟု ထောက်ပြနိုင်မည်ဖြစ်သည်။ နိုင်ငံတကာဝါဒမှာလည်း တည်ဆဲ အင်အားကြီး အမျိုးသား နိုင်ငံများကို အထောက်အပံ့ပေးရန် ကြံစည်ထားသည့် မျက်နှာဖုံးတစ်ခုဟု စွဲချက်တင်နိုင်သည်။

အချို့သော ပညာရှင်များသည် လူဇင်ဘတ်၏ အမြင် ( ဥပမာအားဖြင့် - Hobsbawm ) ကို သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ လက်ခံကြပြီး များစွာသော ပညာရှင်များကမူ လူဇင်ဘတ်၏ အမြင်ကို ဝေဖန်ထားသည့် အယူအဆများကို လက်ခံခဲ့ကြသည်။

အော်တို ဘတ်ယာ နှင့် အမျိုးသား ယဉ်ကျေးမှု

သြစတြီးယား မာ့ခ်ဝါဒ အော်တို ဘတ်ယာ အမြင်အရမူ အမျိုးသားရေး ဝါဒ သည် မာ့ခ်ဝါဒ အတွက် ရန်ဘတ် မဟုတ်ပေ။ ဆိုရှယ်လစ် ဝါဒ မှ တစ်ဆင့်သာ အလုပ်သမားများသည် အမျိုးသားရေး အုပ်စု တစ်ခု၏ တင်းကြည့်ကြပ်ပြည့် အဖွဲ့ဝင် တစ်ဦးဖြစ်လာနိုင်သည်ဟုဆိုသည်။

ကျိုးကျော်ဆီလျှော်မှုမရှိ၊ သမိုင်းဝင်မဟုတ် သည့် အမျိုးသားရေး အုပ်စုမျိုးကို အော်တိုက ဆန့်ကျင်ပြီး ရုပ်သဘောဆန်သည့် အမြင်ကို တင်ပြခဲ့သည်။ အမျိုးသားရေး အမှတ်လက္ခဏာ များ ပေါ်ပေါက်ခဲ့မှု လမ်းကြောင်းကို ခြေရာခံပြခဲ့သလို “ရည်မှန်းချက်တူသူများ၏ အသိုက်အဝန်း တစ်ရပ်” မည်သို့ ပေါ်ထွန်းလာကြောင်း ပြသခဲ့သည်။

ဖြစ်ပေါ်တိုးတက်မှု အဆင့် ၃ ဆင့် ရှိသည်ဟု ၎င်းက ဆိုသည်။ ပထမ အဆင့်သည် မျိုးနွယ်စု လူ့အဖွဲ့အစည်း ဖြစ်သည်။ အမျိုးသားရေး အုပ်စုကို သွေး တူ မှု ဖြင့် စည်းနှောင်ထားပြီး ဘိုးစဉ်ဘောင်ဆက် လက်ခံလာသည့် အမွေဆက်ခံနိုင်သော ယဉ်ကျေးမှုဖြင့် ချိတ်ဆက်ထား သည်။ ဒုတိယ အဆင့်သည် လူတန်းစားကွဲပြားသည့် ပဒေသရာဇ် နှင့် ဘူဇွာ လူ့အဖွဲ့အစည်းဖြစ်သည်။ အမျိုးသားရေး အုပ်စုကို အုပ်စိုးသူ လူတန်းစား၏ ယဉ်ကျေးမှုဖြင့် စုစည်းထားသည်။ နောက်ဆုံး အဆင့်သည် ဆိုရှယ်လစ် အဆင့်ဖြစ်ပြီး အမျိုးသားရေး အုပ်စုကို ဘုံ တူညီသည့် ပညာရေး စနစ်၊ အတူတူ လုပ်အား စိုက်ထုတ်မှု အတွေ့အကြုံ၊ ( လူတန်းစား ကုတ်သွေးစုပ်မှု၊ ခွဲခြားထားမှုများကြောင့် လူအများစု မခံစားနိုင်ခဲ့သည့် )အမျိုးသား ယဉ်ကျေးမှု အသီးအပွင့်များကို ခံစားလိုမှု၊ အဆိုပါ ယဉ်ကျေးမှုကို လက်ခံလိုမှု တို့ဖြင့် စည်းနှောင်ထားသည်။

ယင်းသို့သော သမိုင်းဆိုင်ရာ ပိုင်းခြားမှုသည် လူမျိုးရေး မဆန်၊ ဥရောပ ဗဟိုပြု အမြင် မဟုတ် ဆိုသော ကောင်းကျိုးများရှိသည်။ တစ်ဖက်တွင်လည်း ဘတ်ယာ၏ အမြင်သည် ယဉ်ကျေးမှု အပေါ် အဓိက အခြေခံထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု အသိုက်အမြုံမတူညီခြင်းကသာ အမျိုးသားရေး အုပ်စုများကို ပိုင်းခြားလိမ့်မည်ဟု ၎င်းက ခံယူသည်။

လူတစ်ဦးချင်းစီ ဖန်တီးလိုက်သည့် အရာများသည် ဘုံပိုင်ပစ္စည်းများဖြစ်လာကြောင်း၊ အမျိုးသားရေး အုပ်စုများစွာ၊ ဒေသခံ စာပေများစွာမှ ကမ္ဘာ့စာပေ ပေါ်ထွက်လာကြောင်း ကို မာ့ခ်က အထူးပြု ထောက်ပြထားပြီးဖြစ်သည်။ ဘတ်ဆာ ကမူ အမျိုးသားရေး ယဉ်ကျေးမှု ဖြင့် ပိုင်းခြား ကန့်သတ် ရေးကို အခိုင်အမာ ပြောကြားလျက်ရှိသည်။

“ နိုင်ငံခြားကလာတဲ့ အရာတွေ  ဒီက( နိုင်ငံက ) လူတွေအပေါ် သက်ရောက်မှုဟာ ( အဲဒီ နိုင်ငံခြားက လူတွေအပေါ် ) သက်ရောက်မှုနဲ့တူမှာ မဟုတ်ပါဘူး။  အမျိုးသားရေး အုပ်စုကွဲများစွာရဲ့ယဉ်ကျေးမှုပိုင်း သားသမီးဖြစ်နေမယ်ဆိုရင် အဲဒီတစ်ဦးတစ်ယောက် အနေနဲ့သိပ်ပြီး အလေးထားခံရမှာ မဟုတ်ပါဘူး။ သံသယတောင် ဖြစ်ခံရဦးမယ်။ အမျိုးသားရေး အုပ်စုနှစ်ခုက ပေါက်ဖွားလာတဲ့ ယဉ်ကျေးမှု ဒြပ်ပေါင်းဟာ နိုင်ငံခြားဆန်နေအုံးမှာပါပဲ” ဟု ရေးသားခဲ့သည်။ ယဉ်ကျေးမှု ကပြားဖြစ်မှုကို ရွံ့ရှာနိုင်သော်လည်း ယင်းမှ တစ်ဆင့် လမ်းလွှဲသို့မလိုက်သင့်ဟု ဘတ်ဆာက ပြောကြားခဲ့သည်။

ယဉ်ကျေးမှု အမှတ်လက္ခဏာ ဆိုသည်မှာ ရှင်းလင်းပြတ်သားသည်၊ ခိုင်မာသည်၊ အမျိုးသားရေး အမှတ်လက္ခဏာ အတွက် အခြေခံ အုတ်မြစ် ကို ပေးအပ်နိုင်သည် ဆိုခြင်းမှာမူ လွန်စွာ လွမ်းမိုးမှုကြီး သည်။ ယင်းသို့သော အမြင်ကို ဖော်ထုတ်သူမှာ ဘတ်ဆာ တစ်ဦးတည်း မဟုတ်သော်လည်း မာ့ခ်ဝါဒီ အဖြစ် ဘတ်ဆာ ကိုယ်တိုင်ထင်ရှားခဲ့မူကြောင့် နောက်ပိုင်းပေါ်ထွက်လာသည့် နီယိုမာ့ခ် ဝါဒီများက ဘတ်ဆာ ကို ရှေ့ဆောင် တစ်ဦး အဖြစ် ချီးမြှောက်ခဲ့ကြသည်။

လီနင် နှင့် ( ဖိနိုပ်ခံ ) အမျိုးသားရေး အုပ်စုများ၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်

အမျိုးသားရေး ဝါဒ အပေါ် ထားရှိသည့် မာ့ခ်၏ အတွေးအခေါ်တွင် ပါဝင်နေသည့် တတိယမြောက် အမြင်ကို လီနင် က ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး သိသာထင်ရှားသော သက်ရောက်မှု ရှိသည်။  အိုင်ယာလန် အရေးတွင်ထားရှိသည့် မာ့ခ်၏ အမြင်မှ နေ၍  ဖိနိုပ်ခံ နှင့် ဖိနိုပ်သူ အမျိုးသားရေး အုပ်စုတို့ကြား ကွဲပြားမှုကို လီနင်က ဖော်ထုတ် ခဲ့သည်။ မာ့ခ် ဝါဒီများ အနေနှင့် ပထမ အမျိုးအစားများအပေါ် နားလည်မှု၊ ကိုယ်ချင်းစာမှု ပေးနိုင်သော်လည်း ဒုတိယ အမျိုးအစားကိုမူ သတိဖြင့် ကိုင်တွယ် ရမည်ဟု ဆိုသည်။ ယင်းသို့သော အမြင်သည် လက်တွေ့ကျသော အမြင်ဖြစ်သည်။ ဇာဘုရင်၏ အင်ပါယာကို ဆန့်ကျင်ရေး မာ့ခ် မဟာဗျူဟာမြောက် စဉ်းစားသကဲ့သို့ပင် ဖြစ်သည်။

အမျိုးသားရေး အုပ်စုဆိုသည်မှာ ဘာ၊ ဖိနိုပ်ခံနေရသည့်ကြားမှ အမျိုးသားရေး အမှတ်လက္ခဏာ မည်သို့ ပေါ်ထွက်လာသည် စသည့် မေးခွန်းများကို လီနင် ဖြေကြား ခဲ့ခြင်း မရှိပေ။ ယင်းတာဝန်ကို စတာလင် အတွက် ချန်ထားခဲ့သည်။ ယင်းသို့ဖြင့် အမျိုးသားရေး အုပ်စု ဆိုသည်မှာ “သမိုင်းနှင့်ချီပေါ်ထွက်သော၊ ဘာသာစကား၊ နယ်မြေ၊ စီးပွားရေး ဘဝ တူညီသည့် ခိုင်ခိုင်မာမာရှိနေသော အဖွဲ့အစည်း၊ စိတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်များကို ယဉ်ကျေးမှု တစ်ရပ်ဖြင့် ဖော်ပြလျက်ရှိသော အဖွဲ့အစည်း” ဟု စတာလင်က ဖွင့်ဆိုခဲ့သည်။ ဘတ်ဆာ၏ အမြင်မှ သိသိသာသာ ဆွဲယူထားသလို ပါတီတွင်း နိုင်ငံရေး လိုအပ်ချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။ ဇာဘုရင်၏ အင်ပါယာကြုံတွေ့ခဲ့ရသော အမျိုးသားရေး ဆိုင်ရာ မေးခွန်းအတွက် ပေးနိုင်မည့် အဖြေအဖြစ် အသုံးပြုခဲ့သလို နောက်ပိုင်းတွင်ပေါ်ထွက်လာမည့် ဆိုဗီယက် ပြည်ထောင်စု၏ အင်စတီကျူးရှင်းပိုင်း ဖွဲ့စည်းပုံ၏ အခြေခံလည်း ဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။ လက်တွေ့တွင်မူ ယင်းသို့သော လုပ်ဆောင်ချက်များတွင် အငြင်းပွား  ဖွယ်ရာများရှိနေသလို ရေရှည်တွင် အမျိုးသားရေး ဝါဒ၏ ဆွဲဆောင်မှု ကို လမ်းလွှဲပေးနိုင်ခြင်းလည်း မရှိပေ။ နောက်ဆုံးတွင် အမျိုးသားရေးလိုင်းတစ်လျှောက် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှု ဆီသို့သာ ဦးတည်စေခဲ့သည်။

သို့သော်လည်း လီနင်၏ ခွဲခြားသတ်မှတ်မှုကို နယ်ချဲ့ဝါဒ အပေါ်ထားရှိသည့် ၎င်း၏ အမြင် နှင့် အနီး ပေါင်းစည်းကြည့်ရှုမှသာ သိသိသာသာ တွေ့မြင်နိုင်မည်ဟု ဆိုသည်။ ကမ္ဘာကြီးကို လုယတ်ရန်၊ အကျိုးအမြတ် အလွန်အကျူးအတွက် အတင်းအကျပ် လုပ်ဆောင်ရန် အင်အားကြီးသည့် လက်တစ်ဆုပ်စာ နိုင်ငံ အနည်းငယ်ကို အရင်းရှင်စနစ်က အချက်ပြလိုက်ကြောင်း လီနင်က ရေးသားခဲ့သည်။ ယင်းသို့သော နောက်ခံ အခြေအနေတွင် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ကို လက်ဝါးကြီး အုပ်ထားသည့် (ဖိနိုပ်သည့် ) နယ်ချဲ့စနစ်ကို ဖိနိုပ်ခံ အမျိုးသားရေး အုပ်စုများ  တွန်းလှန်ရမည်ဖြစ်သည်။

ယင်းကဲ့သို့သော ရပ်တည်ချက်များတွင် အခက်အခဲများလည်း ရှိနေသည်။ အရင်းရှင်စနစ် ဖြစ်ပေါ်တိုးတက်မှု၏ အမြင့်ဆုံး အဆင့်တွင် အရင်းအနှီးများ၏ ကိုယ်စားလှယ်များ အဖြစ် (နယ်ချဲ့ဝါဒီ ) အမျိုးသားနိုင်ငံတော်များ လုပ်ဆောင် နေမှု အပေါ် ဝေဖန်မှု အဖြစ်သာ ( နယ်ချဲ့ဝါဒ သီအိုရီ ) ရှိနေသည်။ အမျိုးသားရေး ဝါဒ အပေါ် ဆွေးနွေးသုံးသပ်မှု မရှိသလို အမျိုးသားရေး ဖိနိုပ်မှု အပေါ် ကိုးကားမှု အနည်းငယ်သာရှိသည်။ ဖြစ်နိုင်သည်မှာ လီနင်သည် ဆန့်ကျင်ဘက်သဘော လည်းဆောင်သလို လွန်စွာ အကောင်းမြင်သည့် ယူဆချက်များကို လုပ်ဆောင်ခဲ့ မိခြင်းဖြစ်သည်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ခွင့်ပြုပေးလိုက်ပါက အဆိုပါ အခွင့်အရေးကို ကျင့်သုံးကြလိမ့်မည် မဟုတ်ဟု ယူဆခဲ့သည်။ ကွာရှင်းပိုင်ခွင့် ရှိရမည်ဖြစ်သော်လည်း ယင်းကွာရှင်းခွင့်ကို ကျင့်သုံးရန် မလိုဆိုသော အမြင်မှ ဆွဲယူလိုက်ကာ အနိမ့်ဆုံးအားဖြင့် ဆိုရှယ်လစ် ဝါဒ အောက်တွင် အမျိုးသားရေး အုပ်စုများ ကိုယ့်အသိစိတ်နှင့်ကိုယ် ဖက်ဒရေးရှင်းဖွဲ့ပေါင်းစည်းလာလိမ့်မည်ဟု လီနင် ယုံကြည်ခဲ့နိုင်သည်။

ယင်းသို့သော အကောင်းမြင်မှုမျိုးကို ထောက်ခံမည့် အထောက်အထား အနည်းငယ် သာရှိသည်။ “ဖိနိုပ်ခံ နှင့် ဖိနိုပ်သူတို့၏ အမျိုးသားရေး ဝါဒ အဖြစ် မာ့ခ် ဝါဒ က ခွဲခြားခဲ့သော်လည်း ခေတ်သစ် အမျိုးသားရေး ဝါဒ၏ သိသာထင်ရှားလွန်းသော အချက်ကမူ ( ယင်းသို့သော ယူဆချက်) ကို လွန်စွာ အခက်တွေ့စေသည်။ ဖိနိုပ်ခံရသည့် အမျိုးသားရေး အုပ်စုတိုင်းသည် ၎င်းတို့ကိုယ်တိုင် လွတ်လပ်လာသည် နှင့်အမျှ ( မလွတ်မြောက်ခင်ကပင် ) ၎င်းတို့နယ်မြေထဲတွင်ရှိသည့် လူနည်းစု အခြားသော အမျိုးသားရေး အုပ်စုများအပေါ် ဖိနိုပ်ရေးကို အရေးကြီးတာဝန် အဖြစ် သတ်မှတ်လေ့ရှိသည်”။ယင်းသို့သော အခက်အခဲများရှိနေသော်လည်း လီနင်၏ ရပ်တည်ချက် အပေါ်  အခြေတည် တွေးခေါ်ခြင်းမလုပ်ဆောင်ရန် နှောင်းပိုင်း မာ့ခ် ဝါဒီများကို တားဆီးနိုင်ခြင်းမရှိပေ။ နှစ်ဆယ်ရာစုနှစ်အတွင်းတွင် ဂရမ်ဆီ မှ သည် မော်၊  ကာပရယ် မှ သည် ချေဂွေဗားရား ထိသော မာ့ခ်ဝါဒီ များသည် အမျိုးသားရေး ဝါဒ နှင့် မာ့ခ်ဝါဒ အသားတကျရှိစေရေး ကြိုးပမ်းခဲ့သည်။ အမျိုးသားရေးပိုင်းအရ မိမိကိုယ်ကိုယ် သတ်မှတ်မှုများ အင်အားကြီးမားသည်၊ ခိုင်ခိုင်မာမာ အမြစ်တွယ်နေသည်ကို တွေ့ရသည့် အခါ မာ့ခ် ကို ဆက်ခံသူများစွာသည် အမျိုးသားရေး ဝါဒ ကို နေရာချပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းတော့သည်။ ဆိုရှယ်လစ်ရေး ရုန်းကန်လှုပ်ရှားမှုများတွင်  အမျိုးသားရေး ဝါဒ ကို ပစ္စည်းမဲ့များ ၏ အသုံးချစရာ ယာဉ်အဖြစ် အသုံးပြုရေး ကြိုးပမ်းတော့သည်။

ဆိုရှယ်လစ်အရေး အောင်မြင်မှု၏ လျှို့ဝှက်ချက်မှာ အထက်ဖော်ပြပါ အကြောင်းတရားဖြစ်သည်ဟု အချို့က ကြွေးကြော်လျက်ရှိသည်။ အချို့ကလည်း အမျိုးသားရေး ဝါဒ ကို လက်ယာသမားများ မမှန်မကန် အသုံးချမသွားစေရေး အထက်ဖော်ပြပါလမ်းကြောင်း အတိုင်း ဆိုရှယ်လစ် ဝါဒီများ လျှောက်လမ်းသင့်သည်ဟု တိုက်တွန်းလျက်ရှိသည်။

ဘာသာပြန်ဆိုသူ-အောင်ငြိမ်းချမ်း

ကိုးကား-( A Critical Introduction to Nationalism by Philip Spencer and Howard Wollman, Chapter 1 Ambivalent Legacies: Nationalism, Political Ideology and Social Theory)