Breaking News

မောင်လူပေ - အမေရိကန်သမ္မတရွေးကောက်ပွဲ ၂၀၂၀ မနက်ဖြန်





မောင်လူပေ - အမေရိကန်သမ္မတရွေးကောက်ပွဲ ၂၀၂၀ မနက်ဖြန်

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၀

အမေရိကန်သမ္မတရွေးကောက်ပွဲသမိုင်းမှာ အငြင်းပွားမှုအများဆုံး၊ စွတ်စွဲမှုအများဆုံး၊ မဲပေးသူအများဆုံး ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကြီးဟာ နိုဝင်ဘာလ (၃)ရက်မှာ မဲပေးဖို့ နောက်ဆုံးရက်ဖြစ်တယ်။ ကြိုတင်မဲတွေလည်း သုံးပုံတစ်ပုံခန့်သောပြည်သူအများ သန်းတစ်ရာကျော်က ပေးပြီးနေကြပြီ။ လက်ရှိသမ္မတထရန့် နဲ့ ဂျိုးဘိုက်ဒင်တို့ ယှဉ်ပြိုင်နေကြတယ်။ 

အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်အရ သမ္မတရွေးပွဲမှာ popular vote လို့ခေါ်တဲ့ တစ်ပြည်လုံးမှာ မဲအများစုရသူ အနိုင်ရတဲ့စနစ် မဟုတ်ပါဘူး။ Electoral college လို့ခေါ်တဲ့ပြည်နယ်အလိုက်ပေးရတဲ့ မဲအများစု ရသူက နိုင်ပါတယ်။ Electoral college မဲစုစုပေါင်း (၅၃၈)မဲရှိတယ်။ အနိုင်ရရေးအတွက် အဲဒီမဲပေါင်း (၂၇၀)ရဖို့ လိုပါတယ်။ (၅၃၈)မဲဆိုတာ ဘယ်လိုဖြစ်လာတာလဲဆိုတော့ အောက်လွှတ်တော်အမတ်ပေါင်း (၄၃၅)ဦး၊ အထက်လွှတ်တော်အမတ်ပေါင်း(၁၀၀) နဲ့ ပြည်နယ် အုပ်ချုပ်မှုကင်းတဲ့ မြို့တော် DC က (၃) ဦး တို့ကို ကိုယ်စားပြုတဲ့ စုစုပေါင်း (၅၃၈)မဲသာ ဖြစ်ကြပါတယ်။

မဲတွေအကြောင်း ထပ်ပြီး ရှင်းပြရရင်တော့ အများစုသော (၄၈)ပြည်နယ်မှာ ပြည်နယ်အလိုက် လူများရင် များသလောက်၊ လူနည်းရင် နည်းသလောက် ရထားတဲ့ ဒီ Electoral college မဲတွေကို ပြည်နယ်တွင်းမှာ နိုင်သူက အကုန်ယူ။ (၄)မဲရတဲ့ Maine ပြည်နယ် နဲ့ (၅)မဲရတဲ့ Nebraska ပြည်နယ်၊ ပြည်နယ်နှစ်ခုမှာသာ မဲအရေအတွက်အရ မျှယူကြရတယ်။


ဥပမာပြောရရင် အမေရိကန်ပြည်ထောင်စုမှာ လူနေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဟာ Electoral college မဲအရေအတွက် အများဆုံး (၅၅)မဲ ရတယ်။ ဒါကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာ အနိုင်ရမယ့်သမ္မတလောင်းဟာ ဒီ(၅၅)မဲကို ရရှိပါလိမ့်မယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒီမိုကရက်ပါတီသာ အမြဲအောင်ပွဲခံတဲ့အတွက် ဒီမဲတွေကိုရရှိမယ့်သူက ဂျိုးဘိုက်ဒင်ဖြစ်ပါမယ်။ ဒီလိုနဲ့ မဲအရေအတွက် အနည်းဆုံး(၂၇၀) အထိ ရပြီဆိုရင် သူသမ္မတ ဖြစ်ပြီပေါ့။ 

Electoral college မဲတွေမှာ ကယ်လီဖိုးနီးယားပြည်နယ်က (၅၅)မဲနဲ့ အများဆုံး၊ တက္ကဆပ်ပြည်နယ်က (၃၈)မဲနဲ့ ဒုတိယ၊ နယူးယောက်ပြည်နယ်က (၂၉)မဲနဲ့ တတိယ လိုက်ကြတယ်။ လူဦးရေအများဆုံး ပ၊ ဒု၊ တ ရှိတဲ့ ပြည်နယ်တွေလည်း ဖြစ်ကြတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ်လို သမ္မတရွေးပွဲတိုင်းမှာ အပြာရောင်အမှတ်အသားဖြစ်တဲ့ ဒီမိုကရက်ပါတီကို အမြဲမဲပေးတဲ့ပြည်နယ်တွေကို အပြာရောင်ပြည်နယ် Blue state လို့ ခေါ်ပြီး ရှေးရိုးစွဲ ရီဗာဗလစ်ကန်ပါတီကို အမြဲမဲပေးတဲ့ ပြည်နယ်တွေကိုလည်း အနီရောင်ပြည်နယ် Red state လို့ ခေါ်တယ်။ အဲဒီပြည်နယ်တွေရဲ့ မဲတွေက ရွေးကောက်ခံသမ္မတလောင်းတွေ အပိုင်ရမဲ့ မဲတွေပေါ့။ 

သမ္မတရွေးပွဲတိုင်းမှာ ပါတီတစ်ခုကို အမြဲမဲမပေးပဲ အပြောင်းအလည်းလုပ်တဲ့ပြည်နယ်တွေကိုတော့ Swing state တွေလို့ ခေါ်ကြတယ်။ ဒီပြည်နယ်တွေကသာ ရွေးကောက်ပွဲရလာဒ်ကို အဓိက အပြောင်းအလဲဖြစ်စေတာဖြစ်တယ်။ ဘယ်ပါတီကို မဲပေးကြမယ်ဆိုတာ မသေချာတဲ့ အဲဒီ swing state ပြည်နယ်တွေရဲ့ Electoral college မဲတွေရရှိရေးအတွက် သမ္မတလောင်းတွေက အသည်းအသန် ကြိုးစားကြတာပါ။ ဒီနှစ်မှာ swing state တွေထဲက ပြည်နယ် (၆)ခုကို ပစ်မှတ်ထားပြီး မဲဆွယ်နေကြတယ်။ ငွေတွေပုံသုံးပြီး မဲဆွယ်တဲ့နေရာမှာ ငွေလေးပုံသုံးပုံလောက်က ဒီပြည်နယ်တွေမှာ သုံးနေတာပါ။ 

(၁) Wisconsin (၁၀မဲ)
၂၀၁၆ ရွေးကောက်ပွဲမှာ ထရန့်က ပွတ်ကာသီကာအနိုင်ရခဲ့တယ်။ ဆန္ဒပြပွဲတွေ၊ ဗိုင်းရပ်ပိုးကူးစက်မှုတွေကြောင့် ဒီ ၂၀၂၀ မှာတော့ ဘိုင်ဒင်က နိုင်မယ်လို့ စစ်တမ်းတွေမှာပြနေတယ်။ ဒီပြည်နယ်မှာ အနိုင်ရတဲ့သူက သမ္မတဖြစ်မယ်လို့ ပြောနေကြတဲ့ ပြည်နယ်ဖြစ်တယ်။

(၂) Michigan (၁၆မဲ)
အရင်က အပြာပြည်နယ်ဖြစ်ပေမယ့် ၂၀၁၆က အနီပြည်နယ်အဖြစ်ပြောင်းပြီး ထရန့်ကို ထောက်ခံခဲ့တဲ့ ဒီပြည်နယ်ဟာ ၂၀၂၀မှာတော့ အပြာဖက်ကို ပြန်ပြောင်းလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်။ ထရန့်ကတော့ အဲဒီပြည်နယ်က (၁၆)မဲကို ဆက်လက်ရရှိရေးအတွက် အသည်းအသန် မဲဆွယ်နေဆဲ။

(၃) Pennsylvania (၂၀မဲ)
မဲအရေအတွက်(၂၀)အထိ ရမယ့် ဒီပြည်နယ်မှာ ၂၀၁၆က မဲလေးသောင်းကျော်အသာနဲ့သာ ထရန့်နိုင်ခဲ့ပေမယ့် အခု ၂၀၂၀မှာတော့ ဘိုင်ဒင်က သာနေတယ်လို့ စစ်တမ်းတွေက ညွှန်ပြနေတယ်။ သမ္မတထရန့်က ဒီပြည်နယ်ကို အဓိကပစ်မှတ်ထားပြီး မဲဆွယ်နေတုန်းပဲ။ အပြာဖက်ယိမ်းမဲ့သဘောရှိတယ်။ 

(၄)Arizona (၁၁မဲ)
သမိုင်းအရ ရွေးကောက်ပွဲအများစုမှာ အနီဖက်ယိမ်းတဲ့ ပြည်နယ်ဖြစ်ပေမယ့် မဲစစ်တမ်းအရတော့ ဘိုင်ဒင် ရှေ့ကပြေးနေတယ်။ အပြာဖက်ယိမ်းမဲ့သဘောရှိတယ်။

(၅) Florida (၂၉မဲ)
၂၀၁၆မှာ သမ္မတထရန့်ကို မဲပေးခဲ့သလို ၂၀၂၀ မှာလည်း ထရန့်ဖက်ကိုပဲ ယိမ်းမယ်လို့ စစ်တမ်းတွေက ပြသနေတယ်။ ထရန့်ရဲ့ နိုင်ကိုနိုင်ရမယ့် ပြည်နယ်တစ်ခုလည်း ဖြစ်တယ်။

(၆) North Carolina (၁၅မဲ)
ဘိုင်ဒင်အတွက် အပြာပြည်နယ်တွေအများစုမဲရှိနေတာမို့ ဒီပြည်နယ်မှာ ရှုံးရင်တောင် ကိစ္စမရှိပေမယ့် ထရန့်အတွက်ကတော့ နိုင်ကိုနိုင်ရမယ့် ပြည်နယ်ဖြစ်တယ်။ မဲစစ်တမ်းတွေအရတော့ ဘိုင်ဒင်က အနည်းငယ်မျှ အသာရနေတယ်။

ဒီလောက်ဆိုရင်တော့ အမေရိကန်သမ္မတရွေးကောက်ပွဲ ၂၀၂၀ အကြောင်းကို အကျဉ်းမျှ မိတ်ဆက်ပေးနိုင်ခဲ့ပြီလို့ ထင်တယ်။ ရွေးကောက်ပွဲရဲ့ စနစ်၊ ပြည်နယ်တွေရဲ့ အရေးပါမှုတွေကို အဓိက ပြောပြခဲ့တာပါ။ ကြိုတင်ကောက်ယူတဲ့ မဲစစ်တမ်းတွေအရတော့ ဘိုက်ဒင်က အသာရနေဆဲပါ။ ဒါပေမယ့် အဖြေကို အတိအကျပြောမရသေး။ ၂၀၁၆တုန်းကလည်း ဟယ်လရီကလင်တန်က စစ်တမ်းတွေမှာ သာခဲ့ပေမယ့် မဲပေးတဲ့နေ့မှာမှ ထရန့်ထောက်ခံသူတွေထွက်လာကြပြီး စံချိန်တင်မဲပေးသွားလို့ ထရန့်နိုင်ခဲ့တယ်။ 

သမ္မတထရန့်ဟာ စီးပွားရေးသမားပီပီ တရားမှု မတရားမှုတွေ မတွက်တော့ပဲ မဲရရှိရေးအတွက် လက်ဦးမှုယူပြီး သတင်းမှားတွေ နည်းပေါင်းစုံနဲ့ဖြန့်၊ သွေးခွဲစကားတွေပြော၊ တစ်ဖက်လူကို အပုတ်ချ၊ ပြည်သူကိုကြောက်လန့်အောင်ချောက်လှန့်နဲ့ အနိုင်ရအောင် ကြိုးစားနေတာမို့ သူ့ကိုလည်း လျှော့တွက်လို့မရဘူး။ အာဏာရှင်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က အနိုင်ရစေလိုသူဟာလည်း သူပဲဖြစ်နေတယ်။

 (တရုတ်က ဘိုင်ဒင်သမ္မတဖြစ်ပြီး အမေရိကန်ဒီမိုကရေစီစနစ်က ကမ္ဘာ့ဇာတ်ခုံမှာ ပိုမိုအားကောင်းလာမှာ လုံးဝမလိုလားဘူး။ ချမ်းသာကြသူ အာဏာရှင်အချင်းချင်း ဘယ်လောက်စကားများရန်ဖြစ်ကြပါစေ၊ တရုတ်ပြည်အာဏာရှင်စနစ်တည်ငြိမ်ရေး အတွက် ထရန့်နိုင်မှ ဖြစ်မယ်။)

ကိုဗစ်ကြောင့် ကြိုတင်မဲတွေများတဲ့နှစ်ပါ။ အချို့ပြည်နယ်တွေမှာ မဲရေတွက်ဖို့ အချိန်ပေးရမှာမို့ ရွေးကောက်ပွဲပြီးလို့ သုံးလေးရက်နေမှ အဖြေထွက်မယ်လို့ မှန်းတု့သူလည်းရှိတယ်။ နှစ်ခြမ်းကွဲနေတဲ့နိုင်ငံမှာ ဘယ်သူနိုင်နိုင် ဆန္ဒပြပွဲတွေဖြစ်မှာမို့ အယ်လ်အေ၊ နယူးယောက်၊ ဆန်ဖရန် စတဲ့မြို့တွေက စတိုးဆိုင်ကြီးတွေမှာတော့ သုံးထပ်သားတွေကာနေကြပြီ။ သူဌေးရပ်ကွက်တွေလည်း လုံခြုံရေးတွေ ချနေကြပြီ။ လူအများလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သေနပ်တွေဝယ်စုဆောင်းနေကြတယ်။ ကျွန်တော်ခေတ္တနေထိုင်ရာ ဆန်ဖရန်စစ္စကို ဗေးဧရိယာကတော့ အေးချမ်းစွာစုပေါင်းနေထိုင်တာ အသားကျနေပြီမို့ သိပ်ဆိုးမယ် မထင်ရပါ။ 

စနစ်တွေက အသားကျပြီးဖြစ်လို့ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင်၊ အမေရိကန်ပြည်ထောင်စုဟာ များစွာ ပြောင်းလဲသွားရန် မရှိပါဘူး။ စီးပွားရေးရော နိုင်ငံရေးရော နေမြဲအတိုင်းသာ ရှိနေပါလိမ့်မယ်။ ကျွန်တော့ ခန့်မှန်းချက်အရတော့ ထရန့်ရှုံးပါလိမ့်မယ်။ အဖြူကြီးစိုးတဲ့ ပြည်နယ်အချို့မှာ အကြမ်းဖက်မှုအချို့ ရှိနိုင်ပါတယ်။ ခန့်မှန်းချက် မှန်မမှန်ကိုတော့ ပိတ်ကားပေါ်မှာသာ ရှုစားကြပါစို့ရဲ့။

ချစ်တဲ့
မောင်လူပေ