Breaking News

လှကျော်ဇော - မော်ရဲ့ သမိုင်းအမွေအနှစ်



လှကျော်ဇော - မော်ရဲ့ သမိုင်းအမွေအနှစ်

(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၀

မနက် လေ့ကျင့်ခန်းပြုလုပ်နေကျ ပန်းခြံထဲအဝင် အမျိုးသမီးကြီးတဦးက သူတို့ရဲ့ နိုင်ငံ တော်အလံလေးတလက်လာကမ်းပေးပြီး - 
"ဒီနေ့ ဥက္ကဋ္ဌမော် အသက်(၁၂၇)နှစ် ပြည့် မွေးနေ့အထိမ်းအမှတ်လေ ... " တဲ့။

ပန်းခြံထဲရောက်တော့လည်း လူတိုင်းလက်ထဲမှာ အလံနီလေးတွေ တလူလူလွှင့်လို့။

"ကျွန်တော်တို့ဘဝတွေ ပိုမိုသာယာအေးချမ်းလာလေလေ ကျေးဇူးရှင်ဥက္ကဋ္ဌမော်ကို သတိရလာလေလေ ဖြစ်ပြီး လာလာ ဂါရဝပြုနေရတာ ..." လို့ စက်တင်ဘာ (၉) ရက် မော်ကွယ်လွန်တဲ့အထိမ်းအမှတ်နေ့က ပီကင်းမှာရှိတဲ့ မော်ဂူဗိမာန်ကို တနေကုန်တန်းစီပြီး (ဗိမာန်ပိတ်ချိန်ကျော်ချိန်) ညပိုင်းရောက်လာတဲ့အထိ ဇွဲရှိရှိစောင့်နေတဲ့ လူတန်းကြီးထဲက လူတဦးက သတင်းထောက်ကို ပြောနေတာပါ။ အဲဒီနေ့က ဗိမာန်ကို ည(၁၀)နာရီကျော် လူ ကုန်မှ ပိတ်ရပါတယ်။

ဟုတ်ပါတယ်။ ဒီလိုနေ့မျိုးများမှာ မော်ကို ပြည်သူလူထုက သတိရဂါရဝပြုကြတာ အစဉ်အလာလို ဖြစ်နေပါပြီ။

ကိုဗစ်ကြောင့် ခရီးအသွားအလာတွေ ထိန်းချုပ်လိုက်ရလို့သာ။ နို့မို့ ဒီလို ခရီးသွားရာသီမျိုးဆိုရင် မော်ရဲ့ဇာတိ ဟူနန်ပြည်နယ် ၊ ချန်ရှားမြို့နဲ့ ရှောက်စန်းမြို့ငယ်လေးက မော်ကိုမွေးခဲ့တဲ့အိမ် (အခုပြတိုက်လုပ်ထား) တို့ ဆိုတာတွေမှာ ခရီးသွားလာ လည်ပတ်သူများနဲ့ ပြည့်လျှံနေတဲ့ သတင်းတွေ ကြားနေရတတ်ပါတယ်။

အခုလည်း မော်မွေးနေ့အထိမ်းအမှတ်အဖြစ် တရုတ်ပြည်ထုတ် ဂလိုဘယ်တိုင်းမှာ အယ်ဒီတာချုပ်ရဲ့ မော်သမိုင်းအမွေအနှစ်ဆိုတဲ့ ဆောင်းပါးတစောင်ပါလာပါတယ်။

Mao’s legacy foundation for China’s rejuvenation 
http://www.globaltimes.cn/content/1211048.shtml
By Hu Xijin Source: Global Times Published: 2020/12/26

ဒီဆောင်းပါးမှာ စိတ်ဝင်စားဖွယ်အချက်အချို့ ပါပါတယ်။ ကြည့်ရအောင်ပါ။

၂၀ရာစုရဲ့ ကြီးမြတ်သူကြီးလို့ မော်ကို ခေါ်ဆိုလိုက်ပြီး တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်ပေးပြီး ပါတီနဲ့ပြည်သူလူထုကို ခေါင်းဆောင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပေးလိုက်ခြင်းဖြင့် မော်ဟာ တရုတ်လူမျိုးများရဲ့ပြန်လည်နိုးကြားလာမှု (rejuvernation) ကိုဖော်ဆောင်ပေးသူလို့ ဆိုထားပါတယ်။

အချိန်တွေ ကြာလာလေလေ သူ့ရဲ့ပြောင်မြောက်လှတဲ့ အောင်မြင်မှုများဟာ ပိုမိုပြီး သမိုင်းအဓိပွါယ်ဆောင်တဲ့ အချက်များ ဖြစ်လာလေလေ ပါပဲ ... တဲ့။

ဒါ့ကြောင့် တရုတ်ပြည်သူများဟာ မော်ကို အမှတ်ရ လွမ်းဆွတ်နေမိတာပါ တဲ့။

မော်ဟာ သူရဲ့နောက်ဆုံးအချိန်ပိုင်းမှာ အမှားအချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါကိုလည်း အသိအမှတ်ပြုရမှာပါ။ ကျွန်တော် မော့်အကြောင်းရေးတိုင်း ဒီအကြောင်းထည့်ထည့် ရေးမိပါတယ်။ ဒီတော့ လူတချို့က ဒီလိုမေးလာပါတယ်။

"ခင်ဗျားက မော်ကိုအမှတ်တရ ဂါရဝပြုတိုင်း ဘာလို့ သူ့အမှားတွေကို ထည့်ပြောနေရတာလဲ။ လူတိုင်း အမှားအယွင်း လုပ်ကြဖူးတာချည်းပဲ။ ဘာလို့ မော့်အမှားတွေကို ထပ်ချည်းတလဲလဲ ပြောနေတာတုံး" တဲ့။

ကျွန်တော့်အဖြေကတော့ - ဒီကြီးမြတ်တဲ့ ပုဂွိုလ်ကြီးရဲ့အမှားတွေကို အသိအမှတ်ပြုခြင်းဟာ ကျွန်တော်တို့တိုင်းပြည်အတွက် ရေရှည်လက်တွေ့ကျတဲ့ သင်္ကတေ တရပ်ပါ။ ကျွန်တော်တို့ဟာ ဒီကြီးမြတ်သူကြီးကို လေးစားမြတ်နိုး ဂါရဝပြုရမှာဖြစ်ပေမယ့် သူရဲ့အားနည်းချက်များကို မသိချင်ယောင်ဆောင် ရှောင်ဖယ် မပစ်သင့်ပါဘူး။ ဒါကကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကို တိုးမြှင့်ခိုင်မာ တောင့်တင်းပေး စေနိုင်ပါတယ်။

တကယ်တော့ မော်ဟာ သူ့အနီးကပ်ဆွေမျိုးအများအပြား တော်လှန်ရေးအတွက် အသက်စွန့်လွှတ် လှူဒါန်းသွားရမှုအပါအဝင်စွန့်လွှတ်မှုပေါင်းများစွာကို ရင်ဆိုင်ရပြီး  တရုတ်ပြည်ရဲ့အခက်အခဲဆုံးကာလများ အန္တရာယ်အရှိဆုံးကာလများ ကျော်လွှားနိုင် အောင်ကြိုးစားပြီး တရုတ်ပြည်သူများရဲ့ ကံကြမ္မာအပြောင်းအလဲအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားသူဖြစ်တဲ့အတွက် မော့်အပေါ်လေးစားကြည်ညိုမှုဟာ တရုတ်ပြည်သူများအကြား ကြာလေ ကြီးမားနက်ရှိုင်းလေ ဖြစ်လာနေတာပါ။ မော်နဲ့အတူ သူ့ရဲ့ခေတ်ပြိုင် ရဲဘော်များရဲ့ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်မှုများသာ မရှိခဲ့ရင် ဒီနေ့ တို့များရဲ့ဘဝဟာ အိန္ဒိယတို့၊ အင်ဒိုနီးရှားတို့၊ ဖီလစ်ပိုင်တို့က ဘဝတွေနဲ့ အလားတူဖြစ်နေမှာပါ။ (၁၉၅၀ ခုနှစ်များက တရုတ်ရဲ့ဂျီဒီပီ ဟာ အိန္ဒိယနဲ့ အတူတူပါပဲ။)

မော် တည်ထောင်ပေးခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အနှစ်(၇၀)ကျော်ပါပြီ။

အလွန် ဆင်းရဲအားနည်းချည့်နဲ့ပြီး နိုင်ငံခြားအင်အားစုများရဲ့ အနိုင်ကျင့်အစော်ကားခံခဲ့ရတဲ့ တရုတ်ပြည်ကြီးဟာ ယခုအခါ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးနိုင်ငံ အဖြစ်ရောက်လာနေပါပြီ။ မော်နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်မှု၊ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံတွေကို ဘယ်တရုတ်နိုင်ငံသားကမှ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကိုပဲ ကျွန်တော်တို့ရဲ့ ပြင်ပအတိုက်အခံများက ဒီခံယူချက် တွေကို ပျက်စေချင်လို့ အမျိုးမျိုးလှုံ့ဆော်ပေးနေတာပါ။

တကယ်တော့ ကျွန်တော်တို့တရုတ်အမျိုးသားတွေ မိမိတို့နိုင်ငံတိုးတက်မှု ခြေလှမ်းနဲ့အညီ စိတ်ဓာတ်ရေးရာတွေမှာလည်း ကြံ့ခိုင်တောင့်တင်းဖို့လိုပါတယ် ... တဲ့။

ဒါတွေကတော့ တရုတ်ပြည်သူတွေ ရေကြည်သောက်နေရစဉ် ရေတွင်းတူးပေးခဲ့သူများအပေါ် ဂါရဝပြုလွမ်းဆွတ်နေကြပုံ တစေ့တစောင်းပါ။

လှကျော်ဇော
၂၇ - ၁၂ - ၂၀၂၀