Breaking News

မောင်စွမ်းရည် - ရန်ကုန်တက္ကသိုလ်ရာပြည့်အတွက် ပြန်လည်ထုတ်ဝေသင့်တဲ့စာအုပ်ကြီး



မောင်စွမ်းရည် - ရန်ကုန်တက္ကသိုလ်ရာပြည့်အတွက် ပြန်လည်ထုတ်ဝေသင့်တဲ့စာအုပ်ကြီး

ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်

(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၀

အခုအခါမှာ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပဆင်နွှဲနေပါတယ်။ (မန်းရာပြည့်ပွဲကြီး ကိုတောင် ပြန်လည်သတိရ လွမ်းဆွတ်မိလိုက်ပါတယ်။ အထူးသတိရ လွမ်းဆွတ်မိတာကတော့ ဆရာကြီး ဦးဖေမောင်တင်ပါပဲ။ ဆရာကြီးကို ကျွန်တော်တို့က သိမီရုံပဲ ရှိပါတယ်။ ကျွန်တော်တို့တတွေ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ နှစ်စဉ် ကျင်းပပြီး သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ကန်တော့ရာမှာ မန္တလေးက ဆရာကြီးများကိုသာမက ရန်ကုန်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးဦးဖေမောင်တင်တို့ကိုပါ ထည့်သွင်းကန်တော့ပြီး ဂွမ်းစောင်၊ ပင်နီဖျင် စတဲ့ ကန်တော့ပွဲများကို နှစ်စဉ် ပို့ပေးခဲ့ပါတယ်။

ဆရာကြီး ဦးဖေမောင်တင် အသက် ၁၃၀ ပြည့် အထိမ်းအမှတ်ပွဲကို အင်္ဂလီကန် ခရစ်ယာန်သာသနာပိုင်ချုပ် အင်ဒရူးမြဟန် (ကဗျာဆရာ မောင်ပေါက်စည်(မန်းတက္ကသိုလ်)) နဲ့ ကျွန်တော်တို့နှစ်ဦး စီစဉ်ပြီး စာတမ်းဖတ်ပွဲ ပြုလုပ်ပူဇော်ရင်း ဆရာကြီးရဲ့ အပေါ်ပိုင်းရုပ်တုတခု ပြုလုပ် ပူဇော်ခဲ့ဖူးပါတယ်။ အဲဒီပွဲက စာတမ်းပေါင်းချုပ် စာအုပ်တအုပ် ထုတ်ခဲ့ဖူးပါတယ်။ အဲဒီစာတမ်းပေါင်းချုပ် စာအုပ်ရယ်၊ ဆရာကြီး စာစုစာရင်း စာအုပ်ရယ်၊ မလေးလုံ ရေးတဲ့ ‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ စာအုပ်ရယ်၊ အဲဒီစာအုပ် သုံးအုပ်ကို ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ ပြန်လည်ထုတ်ဝေသင့်တယ်လို့ ထုတ်ဝေသူ စာအုပ်တိုက်များကိုရော ရာပြည့်ပွဲ ကျင်းပရေးအဖွဲ့ဝင်များကိုရော နှိုးဆော်ပန်ကြားပါရစေ။

‘ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်’ ဆိုတဲ့ စာအုပ်ကို မလေးလုံ ရေးပါတယ်။ ခုအခါ ဘသက်ရှည် ရော၊ မလေးလုံရော မရှိတော့ပါ။ ဘသက်ရှည် စာအုပ်ကြီးကို ၁၉၇၅ ခုနှစ်မှာ ဆွေတင်နုစာပေတိုက်က ပထမအကြိမ်၊ ၂၀၁၄ ခုနှစ်မှာ မြန်မာနော့လေ့ချ်ဆိုဆိုက်ယက်တီက ဒုတိယအကြိမ် ထုတ်ခဲ့ပါတယ်။ နောက်ထပ် ထုတ်၊ မထုတ် မသိပါ။ တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ထုတ်ရင် အကောင်းဆုံးစာအုပ်ပါပဲ။ စာမျက်နှာ ၅၇၉ မျက်နှာ ဆိုတော့ ၆၀၀ နီးပါးလို့ ဆိုရမှာပေါ့။ အမှာစာကို ဆရာကြီးရဲ့ တပည့်ရင်းတဦး ဖြစ်သူ ဆရာဇော်ဂျီ ရေးပါတယ်။

ဆရာကြီး ဦးဖေမောင်တင် ကိုယ်တိုင်က ဆရာကြီးရဲ့ ဘိုးဘွားဘီဘင်မျိုးရိုးက စပြီး မွေးဖွားကြီးပြင်းပုံ၊ ပညာသင်ကြားရပုံ၊ အိမ်ထောင်ရေး စသဖြင့် အပြည့်အစုံကို ကိုယ်တိုင် ပြောပြထားခဲ့တာ ဖြစ်လို့ ပြည့်စုံမှန်ကန်တဲ့ အတ္ထုပ္ပတ္တိစာအုပ်ကြီး ဖြစ်ပါတယ်။ မလေးလုံက ဝတ္ထုရေးဆရာ ဖြစ်တဲ့အပြင် ကြည်ညို ချစ်ခင်စိတ်နဲ့ ရေးတာဖြစ်လို့ ဝတ္ထုရှည်ကြီးတအုပ် ဖတ်ရသလို အထူးစိတ်ဝင်စားစရာကောင်းလှပါတယ်။ ကြည်ညိုဖွယ်၊ လေးစားဖွယ်၊ အားကျဖွယ် ကောင်းတဲ့အပြင် ရန်ကုန်တက္ကသိုလ် သမိုင်းနဲ့ မြန်မာ့ပညာရေးသမိုင်းပါ အပြည့်အစုံ လေ့လာမှတ်သားနိုင်တဲ့ စာအုပ်ကြီး ဖြစ်လို့ ခုလို တက္ကသိုလ်ရာပြည့်မှာ ပြန်လည်ပုံနှိပ်ထိုက်လှပါတယ်။ ရာပြည့်တက္ကသိုလ်အကြောင်း သိချင်သူများအနေနဲ့လည်း ဒီစာအုပ်ကြီးကို လေ့လာရင် တခြားစာအုပ်တောင် လေ့လာစရာမလိုဘဲ တထိုင်တည်းနဲ့ ကိစ္စပြီးနိုင်ပါတယ်။ အချက်အလက်တွေ တိကျပြည့်စုံပြီး ဖတ်မငြီးတဲ့ စာအုပ်ကြီးပါ။

ဦးဖေမောင်တင်ဟာ ရန်ကုန်၊ အင်းစိန်၊ ပေါက်တောရပ်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ခရစ်ယာန် တယောက်အဖြစ်နဲ့ မွေးဖွား ကြီးပြင်းလာခဲ့သူ ဖြစ်ပေမဲ့ ငယ်စဉ်က ကျောင်းနေတော့ ဗုဒ္ဓဘာသာ မူလတန်းကျောင်းမှာ နေခဲ့ရလို့ ပရိတ်ကြီးက စပြီး ဗုဒ္ဓဘာသာ အခြေခံစာတွေ အလွတ်ကျက်မှတ် ကြီးပြင်းလာခဲ့ရသူ ဖြစ်လို့ပါ။ ပါဠိစာတွေကို အလေ့အထုံ ဖြစ်နေခဲ့ပါတယ်။ ဆယ်တန်းအောင်တော့လည်း ပါဠိဘာသာ ဂုဏ်ထူးနဲ့ တက္ကသိုလ်မှာလည်း ပါဠိဂုဏ်ထူးနဲ့ပဲ ဘွဲ့ရခဲ့သူ ဖြစ်ပြီး အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်တို့မှာလည်း ပါဠိဆရာကနေ ပါဠိပါမောက္ခ ဖြစ်သည်အထိ ပါဠိဘာသာရပ်နဲ့ ရင်းနှီးနေခဲ့ရတဲ့အတွက် ပါဠိဘာသာကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးလို ကျွမ်းဝင်ရင်းနှီးနေခဲ့ပါတယ်။ တကမ္ဘာလုံးက ပါဠိပညာရှင်တွေ မော့ကြည့်ရသူပါ။

ဆရာကြီး ဦးဖေမောင်တင်ဟာ ကျောင်းသားဘဝမှာ စာတော်သူ ဖြစ်လို့ တန်းစဉ် ဂုဏ်ထူးတွေနဲ့ ဆုတွေအမျိုးမျိုး ရရှိခဲ့သူ ဖြစ်ပါတယ်။ ပါဠိပါမောက္ခ ဖြစ်ပြီးမှာ ပထမဆုံး ဘိလပ်ပညာတော်သင်အဖြစ် ဗမာလူမျိုးထဲက အရွေးခံရပြီး အင်္ဂလန်ကို သွားရတဲ့အခါ ဥရောပနိုင်ငံများကိုလည်း လှည့်လည်ဆည်းပူးခဲ့ပြီး လန်ဒန်တက္ကသိုလ်ကနေ မြန်မာကျောက်စာ၊ မွန်ကျောက်စာတို့ကိုလည်း လေ့လာခဲ့ပါတယ်။ ဘာသာသိပ္ပံပညာကိုလည်း ဆည်းပူးခဲ့လို့ သမိုင်းလေ့လာရေးနဲ့ ဘာသာစကားလေ့လာရေးတို့ကိုပါ ဆက်လက် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆရာကြီး မြန်မာပြည်ကို ပြန်ရောက်တော့မှ သူ့သူငယ်ချင်းလည်း ဖြစ်၊ သူ့ယောက်ဖတော်သူ သမိုင်းပညာရှင် ဂေါ်ဒွန်လု(ခ်)နဲ့အတူ ပုဂံကို နေ့အိပ် ညနေ လနဲ့ချီကြာအောင် နေထိုင်ကာ ကျောက်စာ၊ မင်စာတွေကို ကူးယူပြီး မူရင်းစာလုံးပုံစံအတိုင်း ကျောက်စာပေါင်းချုပ် စာအုပ်ကြီး တအုပ် ထုတ်နိုင်ခဲ့လို့ ရှေးဟောင်းမြန်မာစာပေနဲ့ သမိုင်းလေ့လာရေးအတွက် အထူးအကျိုးရှိခဲ့ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ပုံနှိပ်ထုတ်ဝေတာပါ။

ဆရာကြီးဦးဖေမောင်တင်ဟာ ဗမာလူမျိုးထဲက ပါဠိပညာရှင်အဖြစ် ကမ္ဘာကျော်သူ ဖြစ်ပါတယ်။ လန်ဒန် ပါဠိစာပေအသင်းကြီးက ဗုဒ္ဓကျမ်းစာ ‘ဝိသုဒ္ဓိမဂ်’ကို ပါဠိဘာသာ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုဖို့ ပညာရှင် ရှာဖွေရာမှာ မရှိတဲ့အဆုံး ရွှေဒင်္ဂါး ၁၀၀၀ ဆုငွေထုတ်ပြီး ကြေညာတော့လည်း အိန္ဒိယနဲ့ သီဟိုဠ်လို ဗုဒ္ဓစာပေ ထွန်းကားရာ နိုင်ငံတွေက ပါဠိပညာရှင်တွေထဲကတောင် ဘာသာပြန်နိုင်သူ မထွက်ပေါ်ခဲ့ပါ။ နောက်ဆုံးမှာ မြန်မာပြည်က အင်္ဂလန်ကို ပညာသင်ကျောင်းသားအဖြစ် သွားတဲ့ ဖေမောင်တင်က ဘာသာပြန်နိုင်လို့ ရွှေဒင်္ဂါး ၁၀၀၀ ဆု ရခဲ့ပေမဲ့ ဒီဆုကို ဦးဖေမောင်တင်က လန်ဒန် ပါဠိအသင်းကြီးကိုပဲ ပြန်လှူခဲ့ပါတယ်။ ထိုင်းဘုရင်က ဆုချတဲ့ ရွှေဒင်္ဂါး ၁၀၀၀ ကိုလည်း အသင်းကြီးကိုသာ လှူခဲ့ပါတယ်။ လန်ဒန်က ပြန်လာတော့ ကမ္ဘာကျော်ပါဠိ ပညာရှင်၊ ဗုဒ္ဓကျမ်းစာပညာရှင်အဖြစ် ကျော်ကြားနေပါပြီ။

မြန်မာပြည်မှာ ပါဠိပါမောက္ခ၊ အရှေ့တိုင်းဘာသာရပ်များ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ တက္ကသိုလ်မှာ မြန်မာစာသင်အောင်၊ မြန်မာစာဌာနရယ်လို့ ရှိလာအောင် ကြိုးစားရင်းက နောက်ဆုံးတော့ တက္ကသိုလ်ကျောင်းအုပ်ကြီးအထိ ဖြစ်လာခဲ့ပါတယ်။ မြန်မာလူမျိုးထဲက ပထမဆုံး ကျောင်းအုပ်ကြီးပါ။ ပထမဆုံး မြန်မာစာပါမောက္ခ၊ ပထမဆုံး ပါဠိပါမောက္ခပါ။ ဒီလိုနေရင်းက အခြေခံပညာအတွက် ဖတ်စာတချို့ကို ပြုစုပေးရတဲ့အပြင် အတန်းစဉ်အတွက် ပြဋ္ဌာန်းမြန်မာစာ စာအုပ်တွေကိုလည်း ပေမူတွေကနေ စာအုပ်ဖြစ်အောင် ရှာဖွေဖော်ထုတ် တည်းဖြတ်ပုံနှိပ်ပေးရပါသေးတယ်။

တက္ကသိုလ်မှာ အင်္ဂလိပ်လူမျိုးထဲက ဆရာနဲ့ ရွယ်တူ မိတ်ဆွေ သူငယ်ချင်း၊ စိတ်တူကိုယ်တူ နှစ်ဦး ရှိပါတယ်။ မစ္စတာဖာနီဗယ် (ကြေးတိုင်မင်းကြီး) နဲ့ ဂေါ်ဒွန်လု(စ်) ခေါ်တဲ့ အင်္ဂလိပ်စာပါမောက္ခ တို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူ သုတေသနဂျာနယ်နဲ့ ဂန္ထလောကမဂ္ဂဇင်းတို့ကို ထုတ်ဝေပြီး ကျောင်းသားလူငယ်တွေအတွက် စာပေပြိုင်ပွဲတွေ၊ ဘာသာပြန်ပြိုင်ပွဲတွေ လုပ်ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲတွေထဲက မောင်ဘသောင်း (သခင်ဘသောင်း)၊ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ စာပေလူစွမ်းကောင်းတွေ မွေးထုတ်နိုင်ခဲ့ပြီ။ ‘ခေတ်စမ်းစာပေ’ ရယ်လို့ စာပေလှုပ်ရှားမှုတရပ် ပေါ်ထွန်းခဲ့ပါတယ်။ ခေတ်စမ်းစာပေဟာ ဒီနေ့ ခေတ်သစ် မြန်မာစာပေရဲ့ အခြေခံ အစပျိုးမှုပဲ ဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင် ပါမောက္ခတဦးဟာ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးတွေအတွက် ပထမပြန်စာမေးပွဲ မေးခွန်းတွေ ထုတ်ပေးရတဲ့အပြင် အဖြေလွှာတွေကို စစ်ဆေးပြီး အောင်စာရင်းထွက်သည်အထိ ဆောင်ရွက်ပေးခဲ့ဖူးတယ် ဆိုတာ မြန်မာလူမျိုးတွေ တချို့ မကြားဖူး၊ မသိဖူးလို့ ကျွန်တော် ပြောပြတဲ့အခါ အံ့ဩကြပါတယ်။ မအံ့ဩကြပါလေနဲ့။ အမေရိကန်ကို တက္ကသိုလ်ကြီးနဲ့ နိုင်ငံခြားတက္ကသိုလ်တွေပါ ဗုဒ္ဓစာပေနဲ့ ပါဠိစာပေကို သင်ကြားပို့ချပေးရတဲ့အပြင် ဟောပြောပွဲတွေ ဖိတ်ကြားလို့လည်း သွားရောက် ဟောပြောပေးခဲ့ရကြောင်း ပြောပြရပါတယ်။

တချို့က ဆရာကြီးဟာ ဝိသုဒ္ဓိမဂ် ဘာသာပြန်ဖူးခဲ့တာကိုသာ သိရှိကြပြီး တခြားပါဠိဘာသာနဲ့ မြန်မာစာပေ တွေကိုပါ အင်္ဂလိပ်လို ဘာသာပြန်ဖူးခဲ့တာကို မသိကြပါ။ တချို့ပါဠိကို အင်္ဂလိပ်လိုသာမက မြန်မာလိုပါ ဘာသာပြန်ပေးရတာပါ။ ရှေးဟောင်းစာပေတွေနဲ့ ကျောက်စာတွေကို ကူးယူ၊ တည်းဖြတ် ထုတ်ဝေရတာလည်း ဘာသာပြန်ရသလိုပါပဲ။ လက်ဝင်လှပါတယ်။ မဟော်သဓာ၊ ဝေဿန္တရာ စတဲ့ ဇာတ်တော်ကြီးတွေကို ပေမူကနေ စာအုပ်ဖြစ်အောင် လုပ်ရာမှာလည်း တည်းဖြတ်ပေးရတဲ့အပြင် တချို့ဆို ကျောင်းသုံးစာအတွက် ခက်ဆစ်တောင် ထုတ်ပေးရသေးတာပါ။ ဦးဖေမောင်တင် မကိုင်ဖူးတဲ့၊ မတည်းရဖူးတဲ့ ရှေးဟောင်းပျို့၊ ကဗျာ၊ လင်္ကာ ဆိုတာ အလွန်ရှားပါလိမ့်မယ်။ ဒါကြောင့် မြန်မာစာပေရဲ့ ကျေးဇူးရှင်ကြီး ဖြစ်ပါတယ်။

တက္ကသိုလ် သမိုင်းတခုလုံး ဆရာကြီးဦးဖေမောင်တင်ရဲ့ အထက်မှာ တယောက်မှ မရှိပါ။ ဦးဖေမောင်တင် အတ္ထုပ္ပတ္တိဟာ တက္ကသိုလ်ရဲ့ သမိုင်းပါပဲ။ မြန်မာနိုင်ငံက ပါဠိစာပေသမိုင်းနဲ့ မြန်မာစာသမိုင်းလို့ ပြောကြရင်လည်း ဦးဖေမောင်တင်ရဲ့အထက်က ဘယ်သူမှ မရှိပါ။ မြန်မာစာပေသမိုင်း ဆိုတဲ့ စာအုပ်တောင် ဦးဖေမောင်တင် မပြုစုရင် ဘယ်သူမှ မပြုစုနိုင်ပါ။ ခုထက်ထိ အတုအပတောင် မရေးနိုင်ကြပါ။ တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုချင်ရင်၊ တက္ကသိုလ်သမိုင်းကို သိချင်ရင် ဦးဖေမောင်တင်ရဲ့ အတ္ထုပ္ပတ္တိကိုသာ ဖတ်ပေတော့။ တခြား ဖတ်စရာ စာအုပ်လည်း တူတူတန်တန် မရှိသေးပါ။

ဆရာကြီးဦးဖေမောင်တင်က ‘တပည့်ဟာ ဆရာ့ထက် တော်ရမယ်’ လို့ ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။ ဆရာကြီး ဦးဖေမောင်တင်ထက် တော်တဲ့ တပည့်တော့ တဦးမှ မထွက်ပေါ်ခဲ့သေးပါ။ ဆရာ့ထက် တော်တဲ့ တပည့်တွေ ထွက်ပေါ်လာစေသတည်း။

မောင်စွမ်းရည်
၁၁ ဒီဇင်ဘာ ၂၀၂၀