Breaking News

မောင်ရစ် - ကိုဗစ်အကြောင်း ဆက်ပြောကြရအောင် ...


photo from Vox


မောင်ရစ် - ကိုဗစ်အကြောင်း ဆက်ပြောကြရအောင် ...
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၁



ဆရာမောင်စွမ်းရည်၏ ကိုဗစ်စာချိုးက သည်လိုပါ ...

မျက်နှာ ဖုံးအုပ်၊
ဆား ပလုတ်ကျင်း
ဂျင်းပြုတ်ရေသောက်
၆_ပေဝေးခွာ
သေချာလက်ဆေး
ကိုဗစ်ဝေး၊၊

အားရှိဖို့ ခံနိုင်ရည် ရှှိဖို့

ကိုဗစ်အလွန် လူနာတွေ ပြန်နာလန်ထူဖို့လည်း အရေးကြီးတယ်လို့ ဆေးပညာရှင်တွေက ထောက်ပြပါတယ်။ ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းကလည်း သူ့စာမျက်နှာမှာ ထုတ်ပြောထားတာ ဖတ်ရတယ်။ လက်ရှိမိတ်ဆွေတွေထဲက ဆုံးပါးသူအချို့မှာ ကိုဗစ်ရောဂါပိုး အနှုတ်ပြပြီး အိမ်ပြန်ရောက်မှ နာလန်မထူဘဲ ဆုံးပါးရတာကို ကြုံရပါတယ်။ အိမ်ပြန်ရောက်လည်း အောက်စီဂျင်ရှုနေရတုန်းပဲလို့ ပြောကြတာလည်း ကြားရပါတယ်။

Vitamin D အားကောင်းနေရင် ကိုဗစ်၁၉ကို ခံနိုင်ရည် ပိုရှိတယ်လို့ သုတေသနတွေမှာ ဆိုကြပါတယ်။ နိုင်ငံပေါင်းစုံက ကျောင်းတွေ စင်တာတွေမှာ သုတေသနလုပ် စစ်တမ်းတွေ ထုတ်ကြတယ်။ ဥရောပမှာ D3 ကို မြှင့်ပေးနိုင်ဖို့ အစားအစာထဲမှာ ဗီတာမင်ဒီထည့်သွင်းဖို့တောင် အစိုးရတွေက အားပေးတာတွေ ရှိပါသတဲ့။

ဒီဓာတ်အားကောင်းတာ လူဖြူတွေများတယ်၊ အသားအရောင်ရှိသူတွေက ဒီဓာတ်အားနည်းတတ်လို့ ပိုးကူးတာ နာဖျားတာ ပိုဖြစ်တယ်တဲ့။ ဖြူဖြူမဲမဲ D အားနည်းရင် ကိုဗစ်ကူးတာနဲ့ တိုက်ခိုက်မှုကို ပိုခံစားရတယ်၊ ပြန်နေကောင်းဖို့လည်း အချိန်ပိုကြာသတဲ့။
 
သုတေသနဆိုတာ အငြင်းပွားစရာတွေ ရှိကြမြဲပဲ သို့သော် D3 ကိုတော့ လျော့မတွက်ကြပါနဲ့။ ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းကတော့ အတိုက်အခံတွေကြားထဲက မြန်မာပြည်မှာ ဆေးအလှူလုပ်နေတာ အသက်တွေအများကြီး ကယ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ကျန်းမာရေးအတွက် အစားအသောက်နဲ့ အားဆေးတွေ အခန်းကဏ္ဍလည်း အလွန်လိုအပ်ပါတယ်။ မျက်နှာဖုံး လက်ဆေး ဝေးဝေးနေ စကားသိပ်မပြောကြနဲ့ ဆိုတာလည်း လိုအပ်တယ်။ ဗီတာမင် ဒီသရီး ခုခံအားလိုမျိုးပဲ လူမှာ အင်အားရှိရင် ခံနိုင်ရည်ရှိတာမို့ ပိုးကို တိုက်ထုတ်နိုင်တာ တွန်းလှန်နိုင်တာကို သုတေသနတွေက မှတ်ချက်ချပါတယ်။

လေကောင်းလေသနိ့ လည်ပတ်နေဖို့

နောက်တခုကတော့ လူတွေကြားထဲသွားရင် အဆောက်အဦတွေ အခန်းတွေ အမိုးအကာတွေအောက်ကို တတ်နိုင်သလောက် ရှောင်ကြဖို့ သက်ဆိုင်ရာတွေက သတိပေးပါတယ်။ ဒါကြောင့် အရေးပေါ်လုပ်သားတွေကလွဲရင် ရုံးတွေ စက်ရုံအလုပ်ရုံတွေကို ပိတ်ထားပါတယ်။ အလုပ်လုပ်ဖို့ ဖွင့်ထားတဲ့ အဆောက်အဦတွေမှာလည်း လူစုလူဝေးမဖြစ်အောင် လေကောင်းလေသန့် လည်ပတ်နေအောင် ventilation ကို အထူး ဂရုစိုက်ကြပါတယ်။ လေကောင်းကောင်း လည်ပတ်နေရင် ကာဘွန်ဒိုင်အောက်ဆိုက်လည်း နည်းတယ်၊ လေသန့်နေတယ် ဆိုရင် ကိုဗစ်လို လေကနေ ပြန့်နေတဲ့ aerosal လေအမှုံအမွှားတွေလည်း ပတ်ဝန်းကျင်မှာ ခနချင်း ပျောက်ကုန်တော့ ကူးဖို့ အခွင့်နည်းတာပေါ့။

ဒါကြောင့် လုပ်ငန်းတွေ စားသောက်ဆိုင် ဆံသဆိုင်တို့ ဖွင့်ကြတဲ့အခါ အပြင်မှာ ဖွင့်ကြဖို့ သက်ဆိုင်ရာက တိုက်တွန်းခဲ့တာပါ။ ပိုးကူးကျဆင်းတုန်းက အပြင်ဆိုင်ဖွင့် ခွင့်ပြုပြီး အခုလို ပိုးကူးမြင့်လာတော့ အပြင်ထွက် ဆိုင်ဖွင့်တာကို ပြန်ပိတ်ထားပါတယ်။ အခုလို ကာလကြာလာတော့ အပြင်ဘက်က သဘာ၀ဝန်းကျင် လေတိုက်ထဲမှာ ကူးစက်ဖို့ နည်းတယ်လို့ ယူဆမှုက ရာခိုင်နှုန်း ၆၀ ကျော်တော့ သေချာပါတယ်။

အတွင်းထဲမှာ လူစုချင်တယ်ဆိုရင် လေသန့်မှုတိုင်းစက်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ၆၀၀ ယူနစ်အောက်မှာ ရှိမှ စိတ်ချရတယ်တဲ့။ သာမန် အတွင်းခန်းတွေဟာ ယူနစ် ၁၀၀၀ လောက် ရှိတတ်တယ်။ လေသန့်အားနည်းရင် ပိုးတွေ အောင်းနေ လည်ပတ်နေနိုင်တော့ ကူးစက်အား မြင့်နိုင်တယ်ပေါ့။ ဆေးရုံတွေဟာ လေသန့်လည်ပတ်မှု ၁ နာရီ ၆ ကြိမ် ထက် မြင့်တယ်တဲ့။ ၁ နာရီအတွင်း လေအသစ် သွင်းပြီး လည်ပတ်တာ ၁ နာရီအတွင်း ၆ ခါ လဲတယ်ပေါ့။ ပြီးတော့ လေသွင်းထုတ်စနစ်တွေမှာ လေစစ်စကာတွေက အလွန်အဆင့်မြင့်တယ်၊ အသေးစိတ်တယ် ဆိုကြပါတယ်။ လေယျာဉ်တွေ ပျံသန်းနေချိန်မှာ လေသန့်နှုန်း အလွန်မြင့်တယ်၊ သူတို့ လေသစ်ကို လဲနှုန်းက ၁နာရီကို ၁၄ ကြိမ် ရှိသတဲ့။ လေယျာဉ်ထဲ ပျံသန်းချိန်မှာ ကိုဗစ်ကူးနိုင်ဖို့ အခွင့်အလွန် နည်းပါတယ်။ အကာအကွယ်တော့ တပ်ဆင်ပြီး ဝေးဝေးထိုင် စကားတော့ မပြောကြနဲ့ပေါ့။ လေဆိပ်ထဲမှာ စောင့်တုန်း လေယျာဉ်ပေါ်တက်တုန်းတော့ လေမသန့်လို့ ကူးချင် ကူးနိုင်တယ် အနားမှာ ကိုဗစ်ပိုး ရှိများ ရှိနေခဲ့သော်ပေါ့။

အခု ကူးစက်နှုင်္နးတွေ အလွန်မြင့် အလွန်သေကုန်ကြတာ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ လကုန်ပတ်တွေမှာ ဖြစ်တာပါ။ အောက်တိုဘာမှာ အမေရိကားမှာ ကျဆင်းစပြုနေပါပြီ။ အဲသည်အချိန် (အောက်တိုဘာ ဝန်းကျင်) လူတွေက လမ်းပေါ်မှာ ဆန္ဒပြနေခဲ့ကြတုန်းက ကိုဗစ်ကူးကုန်တော့မှာပဲ စိုးရိမ်ကြသော်လည်း အဲသလောက်မဆိုးခဲ့တာ အပြင် လေတိုက်ထဲမှာ မို့လို့ ကောက်ချက် ဆွဲချင် ဆွဲနိုင်ပါတယ်။
 
ဒါဆို နိုဝင်ဘာ လကုန် ဒီဇင်ဘာလကုန်ပိုင်း ဘာလို့ ကူးကုန် နာကုန် သေကုန်ကြတာလဲ ဆိုရင် - အိမ်တွင်း ဆိုင်တွင်းမှာ မိသားစုတွေ စုဝေးကြတာကြောင့်ပါ။ Thanksgiving, Chrismas Holidays, Newyear စတဲ့ နေ့တွေမှာ မိသားစုတွေ မိတ်ဆွေတွေ စုဝေးကြ ဆုံကြ စားကြရာကနေ small gathering တွေကနေ အားနည်းသူတွေဆီ ကူးစက်ပြီး ထိခိုက်မှုတွေ တဟုန်ထိုး တက်ကုန်ကြတာလို့ မှတ်ချက်ချသူတွေက ချကြပါတယ်။ အိမ်တွင်း အခန်းတွင်း ကူးစက်မှုတွေကနေ ဒုက္ခရောက်ရတယ်လို့ ထင်ကြပါတယ်။ စိတ်မရှည်လို့ သီးမခံနိုင်လို့ လူတွေ စုကြ တွေ့ကြတာကနေလည်း ကူးကုန်ကြပါတယ်။ အချိန်ကြာတော့လည်း စည်းကမ်းတွေ မလိုက်နာချင်တော့ဘူးပေါ့။

သည်တော့ အိမ်တွင်း အဆောက်အဦတွင်း ရုံး စက်ရုံ ခန်းမတွေမှာ လေကောင်းလေသန့် ပြန့်နှံ့လည်ပတ်နေဖို့ လေသန့်နေဖို့ အလွန်အရေးကြီးတာကို ပရိသတ်တွေလည်း နားလည်ဖို့ လိုလာပါတယ်။ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင် ကျောင်းခန်းတွေ အဆောင်တွေမှာ လေသန့်နှုန်း အလွန်မြင့်ဖို့ ထိန်းသိမ်းထားဖို့ အရေးပါတယ် ဆိုတာ သိသာတယ် မဟုတ်လား။ လူလူချင်းလည်း သိပ်အနားမကပ်ဖို့ မျက်နှာဖုံးတပ်ထားဖို့လည်း ဆက်ပြီး လိုအပ်ပါတယ်။ အမေရိကန်လွှတ်တော်ကို ဝင်စီးတော့ ကာကွယ်ရတဲ့ လုံခြုံရေးတွေဟာ အခန်းတွင်းတွေထဲမှာ မျက်နှာဖုံးမစီးသူတွေဆီကနေ ကိုဗစ်ကူးတာ လူ ၃၀ ကျော်တယ်လို့ ကြားပါတယ်။ စဉ်းစားစရာတွေပါ။ သာမန်အိမ်တွေကတော့ ပြတင်းပေါက်ကလေး နဲနဲ ဟ ထား ဖွင့်ထား ရင်ကို လေသန့်ရှိနေနိုင်ပါတယ်တဲ့။

မောင်လူပေကို မေးတော့ သူတို့ စီးတီးစာကြည်တိုက်က ကာဘွန်ဒိုင်အောက်ဆိုက်ယူနစ်ကို ၆၀၀ အောက်မှာပဲ ထားတယ်တဲ့။ သတိပေးအသံ မြည်တယ်တဲ့။ သူတို့ လေသွင်းထုတ်စနစ်က အပြင်လေကို တိုက်ရိုက်သွင်းပြီး လည်ပတ်ထားတယ်တဲ့။ recycle air လို့ခေါ်တဲ့ အတွင်းလေကို လှည့်ထားတာမျိုး မလုပ်တော့ဘူးတဲ့။ လေအသစ်တွေချည်း လည်ခိုင်းတယ်ပေါ့။ ဆောင်းတွင်းမှာ စာကြည့်တိုက်အတွင်းက နည်းနည်းတော့ အေးတာပေါ့တဲ့။ အပြင်လေတိုက်ရိုက်ဝင်တော့ အေးတာပေါ့။ အပူပေးစနစ်တွေကလည်း အရင်တုန်းကလို အမြန်မနွေးတော့ဘူးတဲ့။ ဒါက ဗဟုသုတအဖြစ် မေးကြည့်လို့ သိရတာပါ။ သူတို့ မြို့တော်စည်ပင်သာယာ အင်ဂျင်နီယာတွေဟာ ကိုဗစ်ပိုးအတွက် ကာကွယ်မှု လုပ်ပေးထားတာ သိရတာပေါ့။ ဒါတောင် စာကြည့်တိုက်ထဲ လူပေးဝင်သေးတာ မဟုတ်ဘူး။

အခုတော့ ကာကွယ်ဆေးလည်း ထွက်ပါပြီ။ တဖြေးဖြေးနဲ့ ဆေးထိုးပြီးသူတွေ များများ တိုးတိုးလာမှာပါ။ သို့သော် လူတဦးချင်းစီ ကာကွယ်ရေးအပြင် အဆောက်အဦအတွင်းထဲမှာလည်း ပြင်ဆင်ကာကွယ်ရေးတွေ လုပ်ပြီး လူတွေအတွက် စိတ်ချရအောင် သက်ဆိုင်ရာတွေက လုပ်ဆောင်ထားပြီလားလဲ မိမိဘာသာ လေ့လာကြည့်ကြပေါ့။