Breaking News

နေသွင်ညိဏ်း - ဥပဒေစိုးမိုးရေး တွေးမိတွေးရာ

PHOTO- Reuters
ဥပဒေစိုးမိုးရေး တွေးမိတွေးရာ
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၁

မာခ် ဇူကာဘာ့ဂ်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖေ့ဘွတ် အကောင့်ကို ပိတ်ပစ်လိုက်တယ်။ အမေရိကန် သမတကို အမေရိကန် နိုင်ငံသားတယောက်က ပြောရေးဆိုခွင့် ပိတ်ပင်လိုက်တာ။ ဥပဒေ မစိုးမိုးရင် ဇူကာဘာ့ဂ် ဘယ်လုပ်ရဲမလဲ။ ဒုသမတ မိုက်ခ်က သမတကို အလိုမလိုက်ဘဲ ဖွဲ့စည်းပုံ တာဝန်ဝတ္တရား အတိုင်း သမတကိုနန်းချမယ့် လွှတ်တော် အစည်းအဝေးကို တက်တယ်။ သမ္မတ ရုံးက ဝန်ထမ်းတွေ ဝန်ကြီးတွေ ထရမ့်လုပ်ရပ်ကို သဘောမတူလို့ ထွက်ကြတယ်။ ဥပဒေ မစိုးမိုးရင် ဘယ်လုပ်ရဲကြမလဲ။ ဒါလစ်ဘရယ်လစ်ဇင် အားကောင်းလို့ပါပဲ။ 

အနောက်မှာ လစ်ဘရယ်လစ်ဇင်ဟာ ဒီမိုကရေစီထက် ပိုစောတယ်။ အင်္ဂလန်မှာ ပဥ္စမမြောက် ဂျော့ဘုရင် တရားစွဲခံရဖူးတယ်။ မြန်မာပြည်မှာ အင်္ဂလိပ်ခေတ်က ဥပဒေစိုးမိုးရေးဟာ ဘုရင်ခေတ်ထက်သာတယ်။ ဦးဘိုးလှိုင်ဟာ လစ်ဘရယ်လစ်ဇင်အကြောင်း ပြောလို့ အရာကျတယ်။ စလေဦးပုညကို ရွာသူကြီးက သတ်ပစ်လိုက်တဲ့အခါ ရှင်ဘုရင်က လူကို ခွေးက သတ်တယ်လို့ ဆိုရုံနဲ့ ပြီးခဲ့တယ်။ အောက်မြန်မာပြည်မှာ အင်္ဂလိပ်က ဥပဒေနဲ့ အုပ်ချုပ်နေတဲ့ အချိန်၊ အထက်မြန်မာပြည်မှာ မင်းကောင်းမင်းမြတ်လို့ ဆိုကြတဲ့ မင်းတုန်းမင်း လက်ထက်မှာတောင် သမီးတော်နဲ့ ချစ်ကြိုက်မိတဲ့ အရပ်သားကို သေဒဏ်ပေးခဲ့တယ်။ (ဦးထွန်းဖေ- အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီကျဆုံးရသလဲ)

လွတ်လပ်တဲ့ အိန္ဒိယကို ဦးဆောင်ခဲ့တဲ့ နေရူးဟာ လစ်ဘရယ် အင်စတီကျူးရှင်း (ဥပဒေ စိုးမိုးရေး)ကို လေးစားမှုပြရာမှာ စံပြပုဂ္ဂိုလ် (အင်္ဂလိပ် လူကြီးလူကောင်းဆန်သူတစ်ယောက်) ဖြစ်တယ်လို့  အိန္ဒိယနွယ်ဖွား နာမည်ကျော် သတင်းစာဆရာ ဖရိ ဇာကရီယာက Illiberal Democracy (2004) မှာ ချီးကျူး ထားတယ်။ နေရူးဟာ သူ့ကိုယ်သူ အိန္ဒိယကို နောက်ဆုံးအုပ်ချုပ်တဲ့ အင်္ဂလိပ်လို့ ပြောခဲ့တယ်။ အင်္ဂလန်မှာ ဝတ်လုံဘွဲ့ယူခဲ့တဲ့ နေရူးဟာ လစ်ဘရယ် အင်စတီကျူးရှင်းတွေကို တန်ဖိုးထားတဲ့နေရာမှာ အင်္ဂလိပ်တွေနဲ့ မခြားပါဘူး။ လစ်ဘရယ် အင်စတီကျူးရှင်းတွေလို့ ပြောတဲ့အခါမှာ လွတ်လပ်တဲ့တရားရေးစနစ်၊လွတ်လပ်တဲ့ မီဒီယာ၊ လွတ်လပ်တဲ့ လွှတ် တော်တို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတာတို့ ပါဝင်ပါတယ်။ နေရူးဟာ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားတဲ့ လောကီသီးသန့်ဝါဒကို လေးလေးနက်နက် ယုံကြည်သူလည်းဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေးဓလေ့မှာ ဥပဒေစိုးမိုးရေး ဆိုတာ မရှိခဲ့ဘူးလို့ ဒေါက်တာမောင်မောင်ကြီးက Burmese Political Values မှာ ရေးတယ်။ မြန်မာတွေဟာ လစ်ဘရယ်ဒီမိုကရေစီကို ဉာဏ်မမီ လို့တောင် ရေးပါတယ်။  လွတ်လပ်ခါစမြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးနုကို ဝေဖန်သူတွေက ဘဝရှင်မင်းတြားကြီး စိတ်ပေါက်တယ်လို့ ဝေဖန်ကြပါတယ်။ နေရူးနဲ့ မတူတဲ့ ဦးနုရဲ့ လစ်ဘရယ် မဆန်တဲ့ ခြေလှမ်းက ဘာသာရေးနဲ့ နိုင်ငံရေးကို ရောနှောခဲ့တာ သမိုင်းမှတ်တမ်း ကျန်ရစ်ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ဟာ ဖဆပလခေတ်မှာကတည်းက စတင်ယိုယွင်းခဲ့တာ၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်တဲ့အခါမှာတော့ လစ်ဘရယ် အင်စတီကျူးရှင်တွေသာမက၊ ဒီမိုကရေစီပါ နိဂုံးချုပ်သွားတယ်လို့ ဆိုရပါမယ်။

ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရေစီကို သူ့အကျိုးအတွက် အသုံးချလို့ ရကောင်းရနိုင်ပေမယ့်၊ လူအုပ်ကြီးကို လွှတ် တော်ထဲ ဝင်စီးခိုင်းလို့ ရကောင်းပေမယ့်၊ အမေရိကားမှာ တခြား လစ်ဘရယ် အင်စတီကျူးရှင်းတွေကတော့ မားမားမတ်မတ် ရှိနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အမှုပေါင်း ၅၀ ကျော်ကို တရားရုံးတွေက ပယ်ချခဲ့ပါတယ်။ ထရမ့်က လက်ယာယိမ်းတရားသူကြီးတွေနဲ့ ခန့်ထားတဲ့ အမြင့်ဆုံး တရားရုံးချုပ်မှာလည်း အမှုမနိုင်ပါဘူး။ လွတ်လပ်တဲ့ မီဒီယာတွေ၊ ပညာတတ်တွေကလည်း ထရမ့်ရဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ရှုံ့ချကြပါတယ်။ 

ဒီမိုကရေစီနဲ့ လစ်ဘရယ်လစ်ဇင်ဟာ မတူတဲ့ သဘောတရားနှစ်ခု ဖြစ်ပြီး ဆန့်ကျင်ဘက် နှစ်ခုက အပြန်အလှန် ထိန်းကြောင်းသွားတာက လစ်ဘရယ်ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်လို့ ဖူကူယားမားက ရေးဖူးပါတယ်။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေး ဓလေ့ထွန်းကားဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာ ခဏ ပြောလေ့ ရှိပါတယ်။ 

ဒါပေမယ့် တရားဥပဒေ စိုးမိုးရေးရဲ့ အဓိက ရန်သူဟာ မတရားတဲ့ ဥပဒေ ဖြစ်တယ်လို့ နီးဖာဂူဆန်က The Great Degeneration စာအုပ်မှာ ထောက်ပြထားပါတယ်။ မြန်မာပြည်မှာ နာမည်ကြီး တရားခံတွေ လွတ် မြောက်နေတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးတဲ့အခါမှာ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဥပဒေ စိုးမိုးရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြန်ဖြေတယ်။ 

မြန်မာပြည်မှာ လောလောဆယ် ရွေးကောက်ပွဲကို အကြောင်းပြုလို့ ဥပဒေစိုးမိုးရေးအကြောင်း ပြောနေကြတာ ကြိုဆိုရမယ့် ကိစ္စပါပဲ။ ဒါပေမယ့် ဥပဒေ စိုးမိုးရေးဆိုတာ လူတိုင်းနဲ့ ဆိုင်တဲ့၊ အဖွဲ့အစည်းတိုင်းနဲ့ ဆိုင်တဲ့ ကိစ္စဆိုတာကိုလည်း လက်ခံထားဖို့ လိုပါတယ်။ 

ဥပဒေကို စာအားဖြင့်သာမက၊ ဝိညာဉ် အားဖြင့်လည်း လေးစားလိုက်နာဖို့ လိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ တာဝန်နဲ့ ပတ်သက်လို့ ပြောကြားရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို ပြန်ကိုးကားပြီး မိမိရဲ့ လိပ်ပြာကြေးမုံရှေ့မှာ တည့်တည့်ရပ်ပြီး မိမိကိုယ်ကို မေးခွန်းထုတ်ရဲကြဖို့ တိုက်တွန်းသွားပါတယ်။

မူမမှန်၊ ရှေ့နောက်မညီတဲ့ ဥပဒေတွေနဲ့ လည်ပတ်နေတဲ့  မြန်မာပြည်မှာ ဥပဒေစိုးမိုးရေး အကြောင်းပြောကြတဲ့အခါမှာလည်း သက်ဆိုင်သူတွေ အားလုံး မိမိရဲ့ လိပ်ပြာကြေးမုံရှေ့မှာ ရပ်ပြီး မိမိကိုယ်ကို မေးခွန်းထုတ်ဖို့ဟာ ဥပဒေ စာအုပ်ပေါ်မှာ ရေးထားတဲ့ စာသားတွေထက် ပိုလို့တောင် အရေးကြီးလှပါတယ်။

နေသွင်ညိဏ်း
https://www.facebook.com/photo?fbid=1215771982173221&set=a.199697357114027
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။