Breaking News

ဇင်လင်း - ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေး





ဇင်လင်း - ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေး

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၁



ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ် ဇန္နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ ရ၃ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ အလားတူ ပြည်တွင်းစစ် သက်တမ်းသည်လည်း ရ၃ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသားများ၏ နိုင်ငံရေးအရ တန်းတူ ရည်တူရပိုင်ခွင့်နှင့် ပင်လုံကတိကဝတ်ကို လျစ်လျူရှု၍ ဟုဆိုကာ လက်နက်ကိုင်ပုန်ကန်မှုများ ၁၉၄၈ ခုနှစ်မှစတင် ဖြစ်ပွား ခဲ့ရသည်။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို ရှေးရှု၍ ဆယ်စုနှစ်များစွာ တောက်လောင်ခဲ့သော ပြည်တွင်း စစ်မီးလျှံ ကို အပြီးတိုင် ချုပ်ငြိမ်းစေရန် ဆောင်ရွက်နေသော်ငြားလည်း ချဉ်းကပ်ပုံ နည်းလမ်းအမှားများကြောင့် ငြိမ်းချမ်းရေး မရ နိုင်ဘဲ ဖြစ်နေသည်။ ယေဘုယျ ဆိုရလျှင် ပြည်တွင်းစစ်သည် နိုင်ငံရေးအငြင်းပွားမှုမှ စတင်ခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံရေး စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေထွက်နိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ (၁)ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်းတွင် လာမည့် အစိုးရသက်တမ်း ငါးနှစ်တာ ကာလအတွင်း ပြည်သူများအပါအဝင် အဓိကအင်အားစုများ ပါဝင်နိုင်မည့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှုအသစ်” ကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်မည်ဟု အလေးအနက် ပြောကြားထားသည်။

“ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှု နှစ်ပေါင်း (၇၅) နှစ်ပြည့်မြောက်မယ့် စိန်ရတုနှစ် ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ပြည်ထောင်စု ရဲ့ ပန်းတိုင်ကို အတူတကွ ဆက်ပြီးလျှောက်လှမ်းသွားမယ့်လမ်းကြောင်းတွေ ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား လှမ်းမြင်နေရ တဲ့ အားတက်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ရောက်ရှိလာဖို့ ရည်မှန်းချက်ထားပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်း တည်ဆောက်မှု အသစ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပေါ်ထွန်းရေးအတွက် မဖြစ်မနေ လိုအပ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။”

“ရရှိမည့် ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ နိုင်ငံရဲ့ရေရှည်လိုအပ်ချက်များ၊ ပြည်သူ လူထု ရဲ့လိုလားတောင့်တချက်များ နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေးအတွက် ကျမတို့အားလုံး ဉာဏ်စွမ်း ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားကြ ရပါမယ်။ နိုင်င့ံလွတ်လပ်ရေးရပြီးသည်မှာ ရ၅ နှစ်ပြည့်ဖို့ ၂ နှစ်သာလိုပါ တော့တယ်။ ဘယ်လိုနိုင်ငံမျိုးမှာ ကျမတို့သာမက နောင်လာနေက်သားများ နေထိုင်ရှင်သန်သွားရမယ် ဆိုတာကို ပုံဖေါ်ဖို့ဒီနှစ်တွေအတွင်းမှာ အထူးဂရုပြု ဆောင်ရွက်ဖို့ရာ ကို နိုင်ငံတော်အစိုးရရဲ့အဓိကလုပ်ငန်းစဉ် တစ်ရပ်အဖြစ် သတ်မှတ်ပါတယ်။ ပြည်သူရဲ့လုပ်ငန်းစဉ် တစ်ရပ်လည်း ဖြစ်ပါ တယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၁ နှစ်ဆန်းတစ်ရက်၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ကိုချုပ်ဆိုနိုင်ခဲ့ပြီဖြစ်၍ “၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ” ကို ချဉ်းကပ်မှု ပုံစံအသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်၌ နိုင်ငံရေးသန္နိဋ္ဌာန် ခိုင်မာစွာ ချထားသည်ကို မြင်ရသည်။ “ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးအတွက် ဉာဏ်စွမ်း ကိုယ်စွမ်း ရှိသမျှ ကြိုးပမ်းသွားမည်” ဟု ဆိုခြင်း သည် “နိုင်ငံရေးသန္နိဋ္ဌာန်” ဖြစ်သည်။ လွတ်လပ်ရေး ရ၅ နှစ်ပြည့်ချိန်တွင် ယင်းသန္နိဋ္ဌာန်ကို ဖေါ်ဆောင်နိုင်မည်ဟုလည်း မှန်းဆထားသည့် သဘောကို တွေ့ရသည်။

၂၀၂၁ ဇန္နဝါရီလ (၁)ရက်နေ့အတွက် သတင်းကောင်း တစ်ခုမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ် အောက်တိုဘာ၌ AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့သော NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦးကို ၂ လကျော်အကြာတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း ဖမ်းဆီးခံခဲ့ရ သည့် တပ်မတော်သား ၃ ဦးနှင့်အတူ ခရစ်နှစ်သစ်ကူးနေ့ မွန်းလွဲပိုင်းတွင် AA ရခိုင်တပ်ဖွဲ့က တပ်မတော်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။

တပ်မတော်ဘက်မှ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့် နှင့် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အွန်လိုင်းမှတဆင့် ဒုတိယအကြိမ် မိနစ်သုံးကျော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် NLD ကိုယ်စား လှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်နေသော ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှုရလဒ်ပေါ် မူတည်၍ တိုက်ပွဲတွင် ဖမ်းဆီးရမိထားသူများအနက် ကျန်းမာရေးမကောင်းသူ၊ အသက်ကြီး သူ၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသူများကိုလည်း ထပ်မံလွှတ်ပေးရန် ရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်ဟု RFA သတင်း၌ ဖေါ်ပြသည်။ ယင်း လတ်တလော ဖြစ်စဉ်သည် အနည်းဆုံး NCA လုပ်ငန်းစဉ် ရှေ့တစ်လှမ်း တက်နိုင်ရန် အထောက်အပံ့ဖြစ်နိုင်သည်ဟု ဆိုရမည်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်လည်း နိမိတ်ကောင်း တစ်ခုဖြစ်သည်။

နောက်ထပ် သတင်းကောင်း တစ်ခုမှာ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) တို့၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းသက်တမ်းကို ၂ လ ထပ်မံ တိုးမြှင့်လိုက်ကြောင်း ယင်းသုံးဖွဲ့က ဇန္နဝါရီလ (၁)ရက်နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည့် သတင်းဖြစ်သည်။ တစ်ဖက်သတ် အပစ် အခတ်ရပ်စဲရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့ အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်နှင့် လက်တွေ့လုပ်ငန်းစဉ်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်ဟု ဆိုသည်။ အထူးသဖြင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုတည် ဆောက်နိုင်ရန်် ဖြစ်သည်ဟု မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ ထုတ်ပြန်ချက်၌ ဖေါ်ပြထားကြောင်း 7Day News အရ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ပြည်သူအများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် အခြေ အနေ ဖန်တီးနိုင်ရန်၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်အားလုံး၌ တည်ငြိမ် အေး ချမ်းစေရန်၊ ပြည်သူများ၏ အသက်အိုးအိမ်၊စည်းစိမ်များကို အကာအကွယ်ပေးနိုင်ရန်၊ COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန် စသည်တို့အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။

တပ်မတော် ကလည်း အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာ များမှအပ ကျန်ဒေသများ၌ အပစ်ရပ်ကြေညာမှုကို ၂၀၂၁ ဇန်နဝါရီလကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ သို့ဖြစ်၍ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ရခိုင်အဖွဲ့ (AA) နှင့် ARSA အဖွဲ့တို့ အခြေပြုရာ ရခိုင်မြောက်ပိုင်းဒေသများသည် တပ်မတော်၏ အပစ်ရပ်ကြေညာမှု၌ အကျုံးဝင်ခြင်း မရှိချေ။ သို့သော် လည်း နိုဝင်ဘာ (၈) ရွေးကောက်ပွဲပြီးချိန်နောက်ပိုင်း တပ်မတော်နှင့် AA တို့ ဆွေးနွေးညှိနှိုင်းမှုများ ရှိနေ သဖြင့် ရခိုင်ဒေသတွင် တိုက်ပွဲများ ယာယီရပ်ဆိုင်းနေသည်။

တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့ AA တို့အကြား လက်ရှိတွင် တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းနိုင်ခြင်း မရှိသေးသော်လည်း ကြားခံ အဖွဲ့အစည်းအချို့မှတဆင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း RFA သတင်း က ဆိုသည်။ မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်တို့က ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးနေသည်ဆိုခြင်းကိုမူ ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

ပထမဆုံး အရေးကြီးသည်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် နေရာများတွင် သေနတ်သံတိတ်သွားရန် ဖြစ်ကြောင်း။ ထိုသို့ သေနတ်သံ တိတ်သွားစေရန် နှစ်ဖက်စလုံးက လိုက်နာစောင့်ထိန်းဖို့ လိုကြောင်း၊ ထိုသို့ စောင့်ထိန်း လိုက်နာနိုင် ရန် လက်တွေ့မြေပြင်၌ ထိတွေ့နေသည့် တပ်နှစ်တပ်အနေဖြင့် မြေပြင်၌ အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေးရမှာဖြစ်ကြောင်း၊ အောက်ခြေ၌ ပြေလည်မှ မူဝါဒပိုင်း ဆောင်ရွက်သူများအနေဖြင့်လည်း ညှိနှိုင်းဆောင်ရွက်မှု အဆင်ပြေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အောက်ခြေအဆင့်တွင် အရင်ဆုံး ပြေလည်အောင် ဆောင်ရွက်သင့်သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် တိုက်ခိုက်မှုများကို နှစ်ဖက်စလုံးက ရပ်ထားကြောင်း ရက္ခိုင့်တပ်တော် ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း အတည်ပြုသည်ဟု RFA သတင်းက ဆိုသည်။ ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော၂၀၁၉ တစ်နှစ် လုံးနီးပါး AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်၊ ၂၀၂၀ မတ်လ ၂၃ ရက်တွင် AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေငြာခဲ့သည်။

လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေသည့် အချိန်၊ ငြိမ်းချမ်းရေးအလားအလာကောင်း နေသည့် အချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန် ဆက်လက်ဆောင်ရွက်မှုများရှိနေမည်ဖြစ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။ တပ်မတော်က အဓိက ဆွေးနွေးသည်မှာ နှစ်ဘက်တပ်များ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဖြစ် သည်။ ထိုမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးကိစ္စ အဓိကရည်ရွယ်ပြီး ဆွေးနွေးနေကြောင်း RFA သတင်းသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြောင်းသိရသည်။

တိုက်ပွဲများမရပ်စဲနိုင်ခြင်း၏ ဆိုးကျိုးများကို အဓိကခံစားနေရသူများမှာ မြေစာပင် ပြည်သူများဖြစ်နေသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(UNOCHA)၏ ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် တွင် ၂ဝ၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားချိန်ကစပြီး ဒုက္ခသည်စခန်းများ၌ နေ ထိုင် ရသူ ဦးရေ ၁၂၅,ဝဝဝ ခန့်ရှိ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အစိုးရတပ်နှင့် ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်အထိရှိခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း စစ်ဘေးဒုက္ခသည် ရ,၈ဝဝ ကျော်အထိ ရှိနေကြောင်း၊ အဆိုပါ ဒုက္ခသည်များအနက်မှ အိမ်ထောင်စု ၁ဝဝ ကျော်ကို ပြည်နယ်အစိုးရက လာမည့် ၂၀၂၁ နှစ်ဦးပိုင်းကာလအတွင်း ပြန်လည်နေရာချထားရေး စီစဉ်နေကြောင်း စသဖြင့် ဖော်ပြ ထားသည်။ ဖေါ်ပြပါ ဒုက္ခသည်စာရင်းတွင် မပါဝင် သေးသူများလည်း ရှိနိုင်သည်ဟု ဆိုသည်။ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် ထိုင်းနိုင်ငံ အတွင်းရှိ ဒုက္ခသည် စခန်း ၉ ခုတွင် လည်း မြန်မာဘက်မှ စစ်ပြေး ဒုက္ခသည် ၉၃,၂၉၈ ဦးကို လက်ခံထားရကြောင်း Thai Border Consortium (TBC) ၏ ၂၀၂၀-ဧပြီလ အစီရင်ခံစာအရ သိရသည်။

နိုင်ငံတစ်ဝန်း၌ စစ်ပွဲများမရပ်နိုင်သေးသမျှ မြေစာပင်ပြည်သူတို့ကို ဆင်းရဲဒုက္ခနွံထဲမှ ကယ်တင်နိုင်ရန် အခက်အခဲများစွာ ရင်ဆိုင်ရဦးမည်။ ယင်းစစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခများကို စာနာထောက်ထားသောအားဖြင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လုပ်ငန်းစဉ် အကောင်အထည်ဖေါ်ရေး ဆက်လက်ဆွေးနွေးညှိနှိုင်းကြရန်လည်း အရေးကြီးနေပြီဖြစ်သည်။

အနှစ်ချုပ်သုံးသပ်ရလျှင် ယနေ့မြန်မာနိုင်ငံ၌ အပစ်အခတ်မရပ်နိုင်ခြင်းကြောင့် ၂၁-ရာစုပင်လုံညီလာခံမှ နိုင်ငံရေး သဘောတူညီမှု ရလဒ်များကို အကောင်အထည် မဖေါ်နိုင်ဘဲ ဖြစ်နေရသည်။ နိုင်ငံရေးတန်းတူညီမျှ အခွင့်အရေးရရှိရန် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းအားဖြင့် ဘုံသဘောတူမှု ရလဒ်ကောင်းထွက်နိုင်သည်။ ယနေ့တိုင် ငြိမ်းချမ်းရေး အဖြေမထွက်နိုင်ခြင်းမှာ “လက်နက်ကိုင်နည်းလမ်း” ကို မစွန့်လွှတ်နိုင်ခြင်းနှင့် “နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးခြင်း” (Political Dialogue) အပေါ် ယုံကြည်စိတ် ထက်သန်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

ဖက်ဒရယ် ပြည်ထောင်စု ခရီးစဉ် ရှေ့တစ်လှမ်းတက်နိုင်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆက်လက် ရှင်သန်အောင် လုပ်ကြရမည်။ “ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးအတွက် ဉာဏ်စွမ်း ကိုယ်စွမ်း ရှိသမျှ ကြိုးပမ်းသွားမည်” ဆိုသည့် “နိုင်ငံရေးသန္နိဋ္ဌာန်” ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားကြရမည့် အချိန်ဖြစ်သည်ဟု သုံးသပ်မိပါသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၁၀၊ အမှတ် ၁၊ ၇ - ၁ -၂၀၂၁ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။