Breaking News

ကိုသန်းလွင် - တင်းတိမ်ရောင့်ရဲခြင်း



ကိုသန်းလွင် -  တင်းတိမ်ရောင့်ရဲခြင်း

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၁

(၁)
၁၇ ရာစုနှစ်အတွင်းက ဂျပန်ဘုန်းတော်ကြီးဂန်ဆိုင် (Gensei) က ကဗျာတပုဒ်ရေးခဲ့ဘူးသည်။ သူသည် လမ်းလျှောက်သွားနေကျစမ်းချောင်းတွင်ရှိသော ဝါးတံတားကလေးမှာ ရေမှာမျှောပါသွားပြီဖြစ်ကြောင်းတွေ့ လိုက်ရသည်။ သူသည် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဖိနပ်ကိုချွတ်ခါ ရေထဲသို့ဆင်းလိုက်သည်။ စမ်းချောင်း ရေ၏အေးကြည်ခြင်း၊ စမ်းချောင်းအောက်ခြေ၏ မာကျောခြင်းတို့ကိုတွေ့လိုက်ရသည်။

သူ့ကဗျာ၏အဆုံးသတ်မှာ “The Point in Life is to know what is enough” ဘဝတွင်အရေးအကြီးဆုံး အရာမှာ “ဒီလောက်ဆိုတော်လောက်ပါပြီဟု ဆုံးဖြတ်နိုင်ခြင်း” ပင်ဖြစ်သည်။ “ဘေးနားကမနာလိုစရာလူတွေ ကိုအဘယ်ကြောင့်လျှောက်ကြည့်နေမှာလဲ” ဟုမေးသည်။ သင့်နှလုံးသားထဲမှာရှိသော တလက်မ စကွဲယားနေရာ လေးကို ပျော်ရွင်မှုများနှင့်ဖုံးအုပ်နိုင်လျင်ပျော်ရွင်မှုသည် စင်္ကြာဝဠာကြီးတခုလုံးကိုဖုံးအုပ်နိုင်မှာဘဲဟုဆိုသည်။

(၂)

ဘဝတခုသည် စိတ်ရှုပ်စရာတွေနှင့်ဖုံးအုပ်နေပါသည်။ ထိုအချိန်တွင် မိမိ၏စိတ်အေးချမ်းစရာနေရာလေး ကို ရှာဖွေတတ်ဖို့လိုသည်။ မိမိကိုယ်ကိုအလုပ်ရှုပ်နေသူများအတွက် တင့်တိမ်ရောင့်ရဲခြင်းသည် မဖြစ်နိုင်ဘူးဟု ဆိုသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအလုပ်များ၊ အများနှင့်သက်ဆိုင်သောအလုပ်များနှင့်ရှုပ်နေသူတစ်ယောက်အဖို့ ကျေနပ်ခြင်း၊ တင့်တိမ်ရောင်ရဲခြင်းမှာ နောက်ဆုံးမှတွေ့ရသောအရာဖြစ်ပေလိမ့်မည်။

သို့သော်အလုပ်မရှိဘဲနေခြင်း ပျင်းရိထိုင်းမှိုင်းနေခြင်းသည်တင်းတိမ်ရောင့်ရဲခြင်းမဟုတ်ပေ။ တင်းတိမ် ရောင့်ရဲသူတို့၌အလုပ်မရှုပ်ခြင်း ပါဝင်သော်လည်း မလှုပ်မရှားနေခြင်းဖြင့် တင်းတိမ်ရောင့်ရဲမှုကိုမရနိုင်ပေ။

မိန်းကလေးများသည် များသောအားဖြင့် အိမ်တွင်းရေး အလုပ်များကိုသာလုပ်ရသဖြင့်အလုပ်သိပ်မရှုပ်ပါ။ ထို့ကြောင့် မိန်းကလေးများသည်တင့်တိမ်ရောင့်ရဲလွယ်မည်ဟုဆိုကြပါသည်။ သို့ပါသော်လည်း မိန်းကလေးများ တွင် စိတ်ပျက်ဖွယ် စိတ်အနှောင့်အယှက်ရှိလာပါက စိတ်ဓာတ်သေးသိမ်ခြင်းကြောင့် အမှန်ကိုမမြင်နိုင်ပါကစိတ် တွင် ဖိစီးခြင်း (Depression) ဝင်ရောက်လာနိုင်သည်။ မနာလိုခြင်း၊ ရည်ရွယ်ချက်ကြီးမားခြင်း၊ ဘာမှလက်ဆုပ် လက်ကိုင်မရှိဘဲနှင့် မျှော်လင့်ရခြင်းတို့ကြောင့် စိတ်ကျေနပ်ရောင့်ရဲခြင်းကို မမျှော်မှန်းနိုင်။

အလက်ဇန္ဒားဘုရင်သည် (Alexander The Great) အရစ္စတာချူ၏ လောကသဘာဝကြီးတွင် လူသားများ ရှိသည့် စင်္ကြာဝဠာကြီး ကဲ့သို့ စင်္ကြာဝဠာများ အများကြီးရှိသေးသည်ဆိုသော လက်ချာကိုနားထောင်မိသည်။ မျက်ရည်စမ်းစမ်းဖြစ်နေသော အလက်ဇန္ဒားကိုမိတ်ဆွေများက အဘယ့်ကြောင့်ငိုရတာလဲဟုမေးကြသည်။ “ငါ အခုတတ်နိုင်တာကဒီကမ္ဘာတခုထဲကိုဘဲနိုင်သေးတယ် အခြားနိုင်စရာကမ္ဘာတွေ အများကြီးရှိသေးတယ်ဆိုလို့ ဝမ်းနည်းမိတာပါ” ဟုပြောသည်။ ထိုသဘောထားရှိသူမျိုးကိုတင့်တိမ်ရောင့်ရဲခြင်းကို သင်ပြရန်မဖြစ်နိုင်ပါ။

ဆိုကရေးတီးမှာ သေဒဏ်ကျခံရဆဲဆဲ အကျဉ်းထောင်ထဲတွင် မိတ်ဆွေများနှင့် ဖီလိုဆိုဖီကိုဆွေးနွေးနေ သည်ဟုသိရပါသည်။ စိတ်သောကမရောက်ဘဲ သေရခါနီးသည်ကိုမေ့ထားနိုင်သည်မှာ အံ့ဖွယ်ကောင်းသည့် တင့်တိမ် ရောင့်ရဲမှုပင်ဖြစ်သည်။

တင်းတိမ်ရောင့်ရဲခြင်းဆိုသည်မှာ ပစ္စည်းတခုကိုပိုင်ဆိုင်ထားရသလို ပိုင်ဆိုင်ထားရသည်လည်းမဟုတ်ပေ။ ဘဝနေနည်းတခုမဟုတ်သလို နေပုံနေနည်းပြောင်းလဲလိုက်ခြင်းဖြင့် တင့်တိမ်ရောင့်ရဲခြင်းကိုရယူနိုင်သည်လည်း မဟုတ်ပါ။ သင်သည်ရောဂါတခုကဲ့သို့ကုစားရန်လိုသည်။ စိတ်ထားတတ်ဖို့လိုသည်။ အဖြစ်အပျက်တခုကို စိတ် ကလးကယူဆပုံကိုပြင်လိုက်ခြင်းပင်ဖြစ်သည်။

အက်ပီကျူးရပ်(Epicurus) က လူတိုင်းသည်အေးချမ်းသော ဘဝတခုကို ပိုင်ဆိုင်သင့်သည်ဟုဆိုပါသည်။ သို့ပါသော်လည်း လူတစ်ယောက်သည် ဂုဏ်သိက္ခာ၊ သူ့အရည်အချင်းနှင့် ကျော်ကြားမှုကို လိုချင်သူတစ်ဦးသည် သူဝါသနာအတိုင်း နိုင်ငံရေးနှင့် လူထုအကျိုးကိုသယ်ပိုးသင့်သည်။ တင့်တိမ်ရောင့်ရဲသူတို့၏ ငြိမ်သက်အေးဆေး ခြင်းသည် သူ့ကိုဟန်ချက်ညီ အောင်ထိန်းသိမ်းနိုင်မည်မဟုတ်။ သူ၏လိုအင်ဆန္ဒကိုလည်း ပြည့်ဝစေမည်မဟုတ် ပေ။ စိတ်အေးချမ်းစွာနေတတ်သူတစ်ဦးကို လူမှုရေးလုပ်ငန်းများတွင်ဝင်၍ လုပ်ပါဟုလည်းမပြောနိုင်။ စိတ်ကျေ နပ်ခြင်းသို့မဟုတ် ဘဝင်မကျခြင်းတို့ကို သူ့ခံယူချက်အတိုင်းသာဖြစ်ရမည်ဟုဆိုသည်။

ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလိုသူတို့အတွက် လူ့ဘဝသည်ရွေးချယ်နေရမည်မဟုတ်ပေ။ လယ်ယာလုပ် ကိုင်သူတစ်ယောက်၊ လူပျိုလူလွတ်တစ်ယောက်၊ ဘုရင်မင်းမြတ်တို့သည် သူတို့၏ဘဝများကိုစိတ်တိုင်းကျရွေး ချယ်ခဲ့ကြခြင်းမဟုတ်ပါ။ လူချမ်းသာတစ်ယောက်အဖို့၊ ဆင်းရဲသူတစ်ယောက် ဘေးကင်းစိတ်အေးစွာအိပ်ပျော် နေခြင်းကိုအားကျနေခြင်းသည် အနှစ်သာရမရှိသောအားကျခြင်းသာဖြစ်၏။ လယ်ယာလုပ်ကိုင်စားသူ၊သို့မဟုတ် ဆင်းရဲသားတို့တွင်လည်း သူနှင့်ဆိုင်ရာစိတ်ပူပန်ရမှုများနှင့် မကင်းပါချေ။ ထို့ကြောင့်စိတ်ပူပန်ရခြင်းမှာ လူတို့ ၏ဘဝများပေါ်မှုတည်၍ ပြောင်းလဲမသွားပါ။ လူတိုင်းသည် စိတ်ပူပန်ကြရသည်သာဖြစ်သည်။

ပင်လယ်ခရီးသွားပြီးလှိုင်းမှုးသူတစ်ယောက်ကိုကြည့်ပါ။ ကုန်သယ်သည့်သင်္ဘောပင်ဖြစ်စေ၊ ဇိမ်ခံသင်္ဘော ကြီး ပင်ဖြစ်စေ၊ လှိုင်းမူးသည်ဆိုသောသူသည် လှိုင်းမူးသည်သာဖြစ်သည်။ သူစီးလာသောသင်္ဘောနှင့်မဆိုင်ပါ။ လှိုင်းမူးမှာကိုကြောက်၍ စီးသောယာဉ်ကိုပြောင်းလဲရုံဖြင့်မဖြစ်နိုင်။ မူးမှာကို စိုးရိမ်ခြင်း၊ ကြောက်ခြင်းကြောင့် သူသည် လှိုင်းမူးလိမ့်မည်သာဖြစ်၏။

သဘာဝကြီးကဖန်တီးသဖြင့် လူဖြစ်လာရသည်။ လူတို့တွင် အသက်မွေးပုံချင်းမတူကြပါပေ။ သိုးကျောင်းရ သူ၊ လယ်ထွန်သည့်သူ၊ ငှက်ဖမ်းသူ စသဖြင့်အမျိုးမျိုးကွဲပြားနေကြသည်။ မိမိနေရာမှ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်အရေးကြီးပါသည်။ ငှက်များတွင်လည်း အသားစားသောငှက်၊ အစေ့များကိုကောက်သောငှက် ဟူ၍အမျိုးမျိုးကွဲကြပါသည်။ ထို့ကြောင့်မိမိအလုပ်ကိုလုပ်ရင်းဘေးလူကိုကြည့်၍ သူ့လိုမဖြစ်ရလေခြင်းဟု မနာလို ဖြစ်နေစရာမလိုပါ။ ပိုက်ဆံချမ်းသာသူများလည်း အာဏာရှိချင်သည်။ ကျော်ကြားချင်သည်။ စာပေလောကတွင် ကျော်ကြားပြီးသူများကလည်း ပိုက်ဆံရှိလိုက်ချင်သည်။

ဝိုင်သောက်ပြီးအသားကိုအလွန်အမင်းစားခြင်းသည် လူကိုအားသန်စေပြီး အကြမ်းခံနိုင်ရည်ရှိစေပါ၏။ သို့သော် စိတ်ဓာတ်ကိုတော့ပျော့ညံ့စေပါလိမ့်မည်။ ပိုက်ဆံကိုအမြဲတွေးပြီး ကြံဆနေသူများကို ပိုက်ဆံသည် တိုးပွားစေပါလိမ့်မည်။သို့မဟုတ် ပိုက်ဆံကိုမုန်းတီး၍ ပိုက်ဆံကိုနောက်မှ စဉ်းစားခြင်းသည် ဖီလိုဆိုဖီတို့၏အင်အား ဖြစ်စေသည်။

ကျွန်တော်တို့သည်နာမကျန်းဖြစ်သောအခါ အစားကိုစားလိုစိတ်မရှိ။ စားလျင်လည်းခါးသည်၊ ကောင်းလည်း မကောင်း၊ ထိုအစားအစာများကိုပင် လူကောင်းတွေက နှစ်နှစ်ခြိုက်ခြိုက်စားနေကြသည်။ ကျွန်တော်တို့သည် ထို အချိန်တွင် အစားအစာကို အပြစ်မဖို့ကြပါ။ မိမိ၏အရသာ မခံနိုင်ခြင်းကိုသာ အပြစ်ဖို့ကြရသည်။ ထိုနည်းတူ ကျွန် တော် တို့သည် မိမိမကြိုက်သည်ကိုကြုံရတိုင်း ဘေးမှအရာဝတ္ထုများကိုအပြစ်ဖို့၍မရပါ။ ထိုအတွေ့အကြုံမျိုးကြုံ ကြသည့်အခါကျေးဇူးကိုရှာကြံ၍တင်ကြရသည်။

ထို့ကြောင့် မကြိုက်သည်များကိုကြုံသောအခါကျေနပ်စိတ်နှင့်အတူစိတ်ပျော်စရာဖြစ်ရပ်များနှင့် ကောင်း သောဖြစ်ရပ်များကို မေ့မပြစ်လိုက်ပါနှင့်၊ မကောင်းသောအရာများကြောင့်ကောင်းသောအရာများကိုပါအပြစ်မ တင်မိစေလိုပါ။

သင့်မှာမြေကွက်တကွက်ဆုံးရှုံးသွားရခြင်းကို ဝမ်းနည်းစကားဆိုမနေမိပါစေနှင့်၊ သင့်တွင်ရှိသောအခြား မြေကွက်များအတွက် ဝမ်းသာလိုက်ပါ။ ကစားစရာပျောက်သောကလေး၏ ဥပမာကဲ့သို့ ပျက်ဆီးသွားသော အရာအတွက်ငိုယိုနေမိပါလျင်အခြားကစားစရာများ၏ တန်ဖိုးယုတ်လျော့ခြင်းဖြစ်ရပါသည်။

ဘုရားရှင်က သူများအမြင် ချမ်းသာကြွယ်ဝသည့်ပစ္စည်းများကို စုဆောင်းခဲ့ခြင်းမဟုတ်ပါ။ တရားရှာလိုသည့် ဥပသကာ အပေါင်းအသင်းကိုသာ အပေါင်းအဖော်ပြု၍ တရားထူးတရားမြတ်ကိုရှာဖွေသင့်ကြောင်း ဟောကြားခဲ့ သည်။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်းထက် အသိတရားရှိမှသာ လူ့ဘဝသည် ပြီးပြည့်စုံလိမ့်မည်ဟု စိတ်ကို ဆုံးမရေးတရားကိုသာ ဟောကြားခဲ့ပါသည်။

လူသည် မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ် အောင်ဆုံးမရမည်။ ကျေနပ်တင်းတိမ်ရောင့်ရဲရမည်။ မိမိ၏တာဝန် ကို မိမိသိရပါသည်။ ဖိနပ်၏တာဝန်မှာ ခြေထောက်၏ ပုံစံအတိုင်းကွေးပေးရန်ဖြစ်ပါသည်။ ခြေထောက်ကဖိနပ် ကဲ့သို့လိုက်၍ ကွေးပေးရန်မဟုတ်ပါ။ သန့်ရှင်းလာသောအခါ ပြင်ပအရာတို့သည်လည်း မိမိအလို အတိုင်းပြုပြင် ပြောင်းလဲလာပါလိမ့်မည်။ အပြင်လူကို မမှန်မကန်ဆက်ဆံ၍မရပေ။ စိတ်ဆိုးဒေါသများနှင့်ပြော ဆိုဆက်ဆံရန် အကြာင်းမရှိပါ။ မိမိ၏ စိတ်ဆိုးဒေါသထွက်ခြင်းဖြင့် ပြင်ပအကြောင်းအရာများက ပြုပြင်ပြောင်းလဲသွားရန်ခက် ခဲပါသည်။ ပြင်ပလောကအကြောင်းအရာများကို မိမိက မှန်မှန်ကန်ကန်မြင်တတ်မှ သာ မှန်မှန်ကန်ကန် ပြောင်း လဲသွားပါလိမ့်မည်။

ပလေတိုကဘဝဆိုသည်မှာအန်စာတုံးပစ်သလို ကုသိုလ်ကံကိုကစားရခြင်းဖြစ်သည်ဟုဆိုသည်။ ကုသိုလ် ကံကိုစမ်းသပ်ရန် အံဇာတုံးကို ပစ်ဖို့လိုသလို ကျသောနေရာ ကျရာဘဝကိုလည်းအကောင်းဆုံးဖြစ်အောင်ဖန်တီး ဖို့လိုသည်။ ကျွန်တော်တို့သည် အံဇာတုံးပစ်ခြင်းကို မထိမ်းချုပ်နိုင်သလိုပင် မိမိကျရာဘဝများကိုလည်း မထိမ်း ချုပ်နိုင်ကြပါ။ အခြေအနေကပေးသလိုသာ မီးစင်ကိုကြည့်၍ ကကြရပါသည်။

နေ့စဉ်ရုန်းကန်လှုတ်ယှားနေရသော ဘဝမှ ကင်းဝေး၍ အနားယူရမည့်အချိန်ရောက်လာသောအခါ ဖီလိုဆိုဖီ နှင့်နေမည်ဟူသောအတွေးများပေါ်ပေါက်ဖူးမည်ထင်ပါသည်။ ဘာသာတရားနှင့် မနေနိုင်သရွေ ့အ ကောင်းဆုံးနေနည်းဖြစ်မည်ထင်ပါသည်။ ဆီဇာရိုနှင့်ရှေးက လူကြီးအများအပြားသည် သူတို့၏အသက်ကြီး သောဘဝများကိုဖီလိုဆိုဖီတွင် နှစ်မြုတ်၍နေခဲ့ကြသည်။

ရူးဆိုး (Rousseau) က သူသည်ဖီလိုဆိုဖီတွင် နစ်မြုတ်၍နေတော့မည်ဟု ဖီလိုဆိုဖီစာအုပ်များကိုဖတ် ၍ လေ့လာကြည့်ကြောင်း၊ ထိုစာအုပ်များသည်မိမကိုယ်ကို အထင်ကြီးခါ မိမိစွဲသန်ရာကိုရေးကြခြင်းဖြစ်ကြောင်း၊ သူတို့သည် အားလုံးလိုလိုကိုသိကြသည်။ တစ်ခုမှတော့သက်သေမပြကြပါ။ အချင်းချင်းအပုတ်ချရယ်သွမ်းသွေး ရင်း ကိစ္စပြီးနေကြသည်။ သူတို့သည်တခြားလူကို တိုက်ခိုက်သောအခါတွင် အောင်မြင်ကြပြီး သူတို့ကိုယ်သူတို့ ဝေဖန်ရာ တွင်အားနည်းကြသည်။ လူတိုင်းသည်မိမိ၏ ကန့်သတ်ချက်နှင့်သူတို့ဖီလိုဆိုဖီများသည်လည်း အကန့် အသတ်နှင့်ဖြစ်သည်။ သူတို့စကားကိုနားထောင်ခြင်းဖြင့် မသေချာမှုများသည် သေချာသည်ဟူ၍ဖြစ်မသွားပါဟု ဆိုသည်။

ရူးဆိုးက ဖီလိုဆိုဖီသည် မက်မောစရာကောင်းသော်လည်း အဖြေမထွက်နိုင်ဟုဆိုသည်။ ထိုအဆိုသည် မှန်ကန်ပါလိမ့်မည်။ သို့ပါသော်လည်း ဖီလိုဆိုဖီ နှင့်နေခြင်း ထက်ကောင်းသော ဘဝနေနည်းသည် မရှိတော့ပါ။ အမှန်တရား ကိုမတွေ့နိုင်သည်မှန်စေ၊ အမှန်ကိုရောက်ရန် တစိမ့်စိမ့်တွေးတောခြင်းသည် နေစရာကောင်း သည့် ဘဝပင်ဖြစ်ပါသည်။ ဘာသာတရား၏ ဆုံးမသွန်သင်သည့်အောက်တွင် မနေနိုင်သမျှ ဤနည်းမှာအကောင်းဆုံး နေနည်းဖြစ်ပါသည်။

(၃)

နိုင်ငံရေးသမား သခင်အောင်ဆန်းသည် စာရေးခြင်း၊ စာဖတ်ခြင်းဖြင် အချိန်ကို့ ကုန်လွန်စေချင်သူတစ် ဦးဖြစ်သည်။ ဂျိန်းဂွတ်ဒေါသည် ချန်ပန်ဇီတို့နှင့်နေရသောဘဝသည်သာ အကောင်းဆုံးဖြစ်သည်။ ဆရာတော် ဦးဗုတ် အဖို့တော့ ကျန်းဂန် အသစ်များတွေ့လျင်ပျော်၍ ကျန်းဂန်အသစ်များဖန်တီး၍နေချင်သည်။ ထိုသူများ၏ ဘဝထက် ကောင်းသောဘဝများသည်အဘယ်မှာနည်း။

ရူးဆိုးသည် ဆွစ်ဇာလန်နိုင်ငံ Bienne ဟုခေါ်သောရေကန်ကြီးအလယ်မှ စိန့်ပီတာကျွန်းတွင်တစ်ကိုယ် တည်း ၃ လကြာအောင်နေဖူးသည်။ ထိုအချိန်များသည် သူ့ဘဝအတွင် ပျော်စရာအကောင်းဆုံးအချိန်များဖြစ်ပါ သည်ဟုဆိုသည်။ ဟင်နရေီးဗစ် သူရူး (Thoreau) သည်လည်း ဝေါ်ဒင်ကန်ကြီး၏ဘေးတွင် တဲထိုး၍ တစ်ကိုယ် တည်း ၂ နှစ်ကြာအောင်နေခဲ့သည်။ ပျော်ရွှင်မှုသည်သူ့ကိုယ်ခန္ဓာအပေါက်ကလေးများက တဟူးဟူးတိုးထွက် နေကြသည်ဟုရေးခဲ့ဖူးသည်။

ဤဘဝမျိုးသည်သာ နေထိုင်၍ကောင်းသောဘဝမျိုးဖြစ်တော့သည်။

ကိုသန်းလွင်
Ref: Contentment By Plutarch.