Breaking News

သူရထိုက် - စာပေ ဗီဇ ဘဝ အစ

စာပေ ဗီဇ ဘဝ အစ
သူရထိုက်
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၁

        တစ်နေ့က ထောင်ပိုင်စာရေးဆရာကြီးရန်အောင်မောင်မောင်ရဲ့" ထောင်တစ်သက် အတွေ့အကြုံနှင့် ကြိုး စင်ပေါ်မှမှတ်စုများ" ဆိုတဲ့ စာအုပ်အထူကြီးကိုဖတ်မိတယ်။ စာအုပ်ကအတော်လေးထူတော့ အချိန်ပေးပြီးဖတ်ရတယ်။ အင်း လေ.... ထူမှာပေါ့၊ တစ်သက်တာ အတွေ့အကြုံဆိုတော့လည်း ဘယ်နည်းပါ့မလဲ၊ ဆရာကြီးရန်အောင်မောင်မောင်ဟာ အကျဉ်းဦးစီးဌာနမှာအမှုထမ်းရင်းနဲ့စာရေးခဲ့တာ အောင်မြင်တဲ့စာရေးဆရာကြီးဖြစ်ခဲ့တယ်။ ဆရာရန်အောင်မောင်မောင်ရေးတဲ့ဝတ္ထုတွေထဲကရုပ်ရှင်ဖြစ်သွားတဲ့ ဝတ္ထုတွေလည်း ရှိရဲ့၊ "သိကြားစေသက်သေညွှန်း"၊ "မေတ္တာမွန်"၊ "သည်လမ်းနှင့် သည်စခန်း"၊ "ချစ်စရာမို့ ချစ်ပါသည်" ...စတဲ့ရုပ်ရှင်ဇာတ် ကားတွေဟာ ဆရာရန်အောင်မောင်မောင်ရဲ့ဝတ္ထုတွေကနေ အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။ စာအုပ်ရဲ့ တစ်နေရာမှာတော့ အောက်ပါအတိုင်း ရေးသားထားတာကို ဖတ်ရှုလိုက်မိပါတယ်။

     " ၁၉၇၁-ခုနှစ်က ဗန်းမော်ထောင်မှ ကသာထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသော ရန်အောင်မောင်မောင်ဆိုတာက သုံးလေးနှစ်ကြာသည်နှင့် မြို့ခံစာရေးဆရာဖြစ်သွားပြီ။ သူနှင့်အတူ အစ်ကိုစောတို့လည်းရှိနေကြသည်။ စာပေလှုပ်ရှား​မှုလှိုင်းတံပိုးအနေနှင့် ကသာနှင့် အင်းတော်မြို့နယ်တို့ကို ပို မိုပြင်းထန်သည်ဟု ဆိုရမည်လားမသိ။ သူတို့ကမြို့ပေါ်တွင်သာမဟုတ်။ ကျေးရွာများအရောက် စာဆိုတော်နေ့ဟောပြောပွဲများ ကျင်းပလိုကြသည်။
       အဲဒီအထဲမှာ အင်းတော်က ကိုအောင်မင်းသိန်းမှာ အကဲဆုံး၊ အသဲဆုံး။
      ' ဆရာ.... ဟိုနှစ်တုန်းက အင်းရွာအထက် ဒေါင့်ကြီးကျေးရွာ မူလတန်းကျောင်းမှာ ဟောပြောပွဲလုပ်ခဲ့သေးတယ်ဆို '
        'အဲဒါက ထီးချိုင့်ဟောပြောပွဲသွားရင်း လမ်းကြုံလို့ပါဗျာ။ အံမယ်...သူတို့ရွာကလည်း အဆင့်အတန်းမနိမ့်လှဘူးဗျ။ မူလတန်းကျောင်းသူကလေးတွေက ပန်းစည်းတွေဆက်ပြီးကြိုကြတာ၊ ကျွန်တော်ဖြင့် ဒီတစ်ခါပဲ ကြုံဖူးသေးတယ် '
       ' မနှစ်ကလည်း အစ်ကိုစောတာဝန်ကျတဲ့ မဲဇာကျောင်းကို သွားဟောပြီးပြီနော် '

  [အစ်ကိုစောဆိုတာကတော့ ' လေ့လာမိသမျှ ကတူးကနန်းဒေသ' ဆိုတဲ့စာမူနဲ့ ၁၉၆၉ ခုနှစ်က စာပေဗိမာန်ဆု-လူမှုရေးသုတပဒေသာ ဒုတိယဆုရရှိခဲ့သူ အကိုစောဖြစ်ပါတယ်။ အဲဒီအချိန်အခါက အင်းတော်မြို့နယ် မဲဇာရွာမှာ အလယ်တန်းကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးစောမောင်ဖြစ်တယ် ။]
       ' အေးလေ...ဟုတ်ပါတယ်။ နေစမ်းပါဦး။ ခင်ဗျားဘာပြုလို့ ကျွန်တော့်ကို ဒါလောက်စကားပလ္လင်ခံပြီး ချည်တုပ်နေရတာတုန်း'
   ' ဒီနှစ်မော်လူးကို ဟောပြောပွဲ ဖိတ်ချင်လို့ပါ'
     'အံမယ်လေး..ဒါများ ကိုအောင်မင်းသိန်းရာ၊ ပြောပြောကစောရောပေါ့။ စာရေးဆရာဆိုတာ ဖိတ်ရင် ဘယ်နေပါ့မလဲ၊ နဂိုကတည်းက ဖိုးပြောချင်တွေပဲ '

       အနယ်နယ်အရပ်ရပ် စာပေဝါသနာရှင်အတော်များများကိုတွေ့ဖူးသော်လည်း သူလိုလူ ရှားမှရှားသည်။ စာပေစိတ်အင်မတန်ပြင်းပြသည်။ ထမင်းမေ့ ဟင်းမေ့။ လူကိုကြည့်လိုက်တော့ မဲမဲသဲသဲထောင်ထောင် မောင်းမောင်းတုတ်တုတ်ခိုင်ခိုင် အရပ်ခြောက်ပေ နီးပါးခန့်။ ရုပ်ရှင်ထဲက ကပ္ပလီ သရုပ်ဆောင်လိုလျှင် သူ့ကိုသာခေါ် အတော်ပဲ။ စာပေစိတ်ပြင်းထန်ပုံကတော့ ထိုအချိန်က သူ့အသက်အစိတ်လောက်ရှိပြီ။ ဘာစီးပွားရေးမျှမလုပ်။ အစ်ကိုအစ်မတွေ ကားထောင်ထားသည်ကို ငုတ်တုတ်ထိုင်ကြည့်နေသည်။ သူ့မှာမဆိုသလောက် စာအုပ်ဆိုင်လေးတော့ရှိသည်။ စာပေနှင့် နှီးနွယ်သည့် သတင်းစာကိုယ်စားလှယ် မရအရ ယူထားသည်။ ကျန်တာ စာကြည့် တိုက်ထောင်၊ မြို့နယ်အတွင်းစာပေလှုပ်ရှားမှုလုပ်၊ ဒါပဲ။ သူစာပေဝါသနာပါပုံကတစ်မျိုး။ သူနှစ်သက်သည့် စာရေးဆရာဆိုလျှင် ယင်းပုဂ္ဂိုလ်၏အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇဝင်အတိအကျ လေ့လာတတ်သည်။ နှိုက်နှိုက်ချွတ်ချွတ် အတွင်းကျကျလည်း စပ်စုတတ်သည်။ လူချင်းတွေ့လို့ကတော့ အားနာရကောင်းမှန်းမသိ၊ စွတ်ရွတ် မေးလေ့ရှိ၏။

      ဆရာဒေါင်းနွယ်ဆွေကို အရက်ဝိုင်းတွင်  " ဆရာက မွတ်ဆလင်လား " ဟုမေးရာ ဒေါင်းကြီးက ပြုံးနေ သည်။ ဘာမျှပြန်မဖြေ။ ဝန်းသိုရောက်၍ ယခုအခါ ပျံလွန်တော်မူခဲ့ပြီဖြစ်သော ဝန်းသိုဆရာတော်ဘုရားကြီးကို ဝတ်ချကန်တော့နေသည်ကို မြင်ရသောအခါ သူမျက်စိလည်သွားသည်။"
         အထက်ပါစာကိုဖတ်မိတော့ ကျွန်တော့်ရဲ့စာပေဘဝအစကိုပြန်ပြီး သတိရမိပါတယ်။ ဆရာရန်အောင်မောင်မောင်ရေးခဲ့တဲ့ သတင်းထောက်ကြီး ဦးအောင်မင်းသိန်းဆိုတာက ကျွန်တော့်ရဲ့စာပေဝါသနာကို ပျိုး ထောင်ပေးခဲ့သူတစ်ဦး ဖြစ်နေလို့ပါ၊
      ၁၉၇၅-၇၆ ဝန်းကျင်က ကျွန်တော့်အဖေတာဝန်ကျရာ အင်းတော်မြို့လေးမှာ ကျွန်တော်နေခဲ့ဖူးပါတယ်။ အဲဒီမြို့လေးဟာ အဲဒီအချိန်က တော့ မီးရထားလမ်းတစ်ခုထဲကိုပဲ အဓိကအားကိုးအားထားပြုခဲ့ရတယ်။ ကားလမ်းဆိုတာကတော့ ပတ်ဝန်းကျင်ကမြို့တွေနဲ့ပဲ ဆက်သွယ်ထားတာရှိတယ်။ ဒါပေမယ့် လမ်းကြမ်းတယ်။ မီး ရထားလမ်းကလည်း မိုးတွင်းမှာ မိုးရွာတာများပြီး တောင်ပြိုရင် ပိတ်သွားတတ်သေးရဲ့။

      မီးရထားလမ်းတစ်ခုထဲကိုပဲ အားကိုးအားထားပြုရတဲ့ အဲဒီမြို့လေးမှာ လစဉ်ထွက်မဂ္ဂဇင်း တချို့နဲ့ ရှားပါးစာအုပ်တွေရှိတဲ့ စာကြည့်တိုက်တစ်ခု ရှိတယ်။ စာကြည့်တိုက်ရဲ့ အမည်ကိုတော့ " ခေတ်ကြေးမုံ " လို့ အမည် ပေးထားလေရဲ့။ အဲဒီစာကြည့်တိုက်လေးမှာ ဦးစီးဦးဆောင်ပြုသူတစ်ဦးကတော့  ဦးအောင်မင်းသိန်းပါ၊ သူ့ကိုသတင်းထောက်ကြီး ဦးအောင်မင်းသိန်းလို့ ခေါ်ကြတယ်။ အင်းတော်မှာရှိတဲ့ ဒီ့ပြင် သတင်းထောက်တစ်ဦးက တော့ ကိုမင်း(အင်းတော်) ဖြစ်ပါတယ်။ ဦးအောင်မင်းသိန်းက" တက်ထွန်း"ဆိုတဲ့အမည်နဲ့ စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုလည်း ဖွင့်ထားလေရဲ့။

သတင်းထောက်ကြီး ဦးအောင်မင်းသိန်း

      ဦးအောင်မင်းသိန်းတို့ရဲ့ " ခေတ်ကြေးမုံ " စာကြည့်တိုက်ကဦးစီးပြီး စာပေဟောပြောပွဲတွေ ကျင်းပပြုလုပ်တယ်။ စာပေပြိုင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ပေးပါတယ်။မှတ်မိသေးရဲ့၊ ၁၉၇၈ ခုနှစ်ကပြုလုပ်ခဲ့တဲ့ စာဆို တော်နေ့အထိမ်းအမှတ်စာပေပြိုင်ပွဲနဲ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်စာပေပြိုင်ပွဲတွေမှာ ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆောင်းပါးနဲ့ပတ်သက်တဲ့စာပေဆုတွေ ကျွန်တော်ရခဲ့ဖူးတယ်။
      ကျွန်တော်ရှိနေစဉ်မှာပဲ အင်းတော်မြို့မှာ ရုပ်ရှင်ကားတစ်ကားလာရောက်ရိုက်ကူးခဲ့တယ်။ ဒါရိုက်တာကတော့ "ဦးအာဒိစ္စဝံသ"ဆိုတဲ့ဘွဲ့အမည်နဲ့ပျံလွန်တော်မူသွားပြီဖြစ်တဲ့၊ တချိန်ကရန်ကုန် တက္ကသိုလ်ဒဿနိက ဗေဒဌာနက ဆရာတစ်ဦးဖြစ်တဲ့ စာရေးဆရာကြီးဦးဆန်းလွင် ဖြစ်ပါတယ်။ ရုပ်ရှင်ကားအမည်ကတော့ " မနော်ဟရီအလှ"ပါ၊ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကတော့ ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း၊ ရုပ်ရှင်မင်းသမီးကြီးတွေဖြစ်တဲ့ ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်ချိုပြုံးနဲ့ ဒေါ်မေနွဲ့တို့ဖြစ်ကြတယ်။ သရုပ်ဆောင်မင်းသားသစ်တစ်ဦးလည်းပါရဲ့၊ ဒါပေမယ့် သူ့အမည်ကိုတော့ ကျွန်တော်မမှတ်မိတော့ဘူး။ အဲဒီဇာတ်ကားမှာ ဦးအောင်မင်းသိန်းကလည်း ဇာတ်ရံတစ်ဦးပေါ့၊
         ရုပ်ရှင်ဒါရိုက်တာ ဦးဆန်းလွင်ဟာ စာရေးဆရာတစ်ဦးလည်းဖြစ်တာကြောင့် " ခေတ်ကြေးမုံ "စာကြည့် တိုက်မှာ ရေးသူဖတ်သူ ဆွေးနွေးပွဲတခုပြုလုပ်ခဲ့သေးတယ်။ အဲဒါကလည်း စာပေဝါသနာကြီးမားသူ ဦးအောင်မင်းသိန်းရဲ့ စီစဉ်ဆောင်ရွက်မှုပဲဖြစ်ပါလိမ့်မယ်။
         အင်းတော်မြို့လေးဟာ ငယ်ပေမယ့်လည်း ဆရာရန်အောင်မောင်မောင်ဆိုခဲ့သလို စာပေအစဉ်အလာကြီးမားတဲ့မြို့လေးဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်းစာပေပြိုင်ပွဲ၊ စာပေဟောပြောပွဲတွေ ပြုလုပ်လေ့ရှိတယ်။ နံရံကပ်စာစောင် တွေပြုလုပ်တယ်။

ခေတ်ကြေးမုံ စာကြည့်တိုက်မှာ စာပေပြိုင်ပွဲက ဆုရရှိတဲ့ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေကို နံရံကပ်စာစောင်ပြုလုပ်သလို ဒီ့ပြင်နေရာနှစ်ခုမှာလည်း နံရံကပ်စာစောင်တွေပြုလုပ်တယ်။ တစ်နေရာက ကျွန်တော်ပညာသင်ယူခဲ့ရတဲ့ အင်းတော်အထကပါ၊ ဦးစီးဦးဆောင် ပြုလုပ်သူက ဆရာဦးချစ်စရာ ပါ။ ဆရာဦးချစ်စရာက မောင်သာချစ်( ဝက်လက်)ဆိုတဲ့ကလောင်အမည်နဲ့ မဂ္ဂဇင်းစာစောင်တွေမှာ  ကဗျာတွေရေးသားနေသူလည်းဖြစ်ပါတယ်။
ဆရာဦးချစ်စရာ တာဝန်ခံစာတည်းအဖြစ်ဆောင်ရွက်ခဲ့တဲ့ အင်းတော် အထက ရွှေရတုမဂ္ဂဇင်း က ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တယ်။
      နံရံကပ်စာစောင်ပြုလုပ်ခဲ့တဲ့ ဒီ့ပြင် နေရာတစ်ခုကတော့ အင်းတော်မြို့ လောကမာရဇိန်ဘုရားရင်ပြင်ပေါ်မှာဖြစ်တယ်။ သီတင်းကျွတ် မီးထွန်းတဲ့အချိန်အခါမှာ ပြုလုပ်တားပါ။ ဦးစီးဦးဆောင်ပြုလုပ်သူကတော့ ဦးပဇင်း နန်းကင်ဉာဏ်ဝင်းဖြစ်ပါတယ်။ ဦးပဇင်း နန်းကင်ဉာဏ်ဝင်းကလည်း သင့်ဘဝလို စာစောင် မဂ္ဂဇင်းတွေမှာ ကဗျာတွေ ရေသားနေသူဖြစ်တယ်။ ယခုအချိန်မှာတော့ ဦးပဇင်း နန်းကင်ဉာဏ်ဝင်းဟာ အင်းတော်မြို့ကျောင်းရဲ့ကျောင်းထိုင်ဆရာတော်ဖြစ်နေပါပြီ။ 

       စာပေလှုပ်ရှားမှုလှိုင်းတံပိုး ကြီးမားတယ်လို့ ဆရာရန်အောင်မောင်မောင်ရေးသားခဲ့တဲ့ အင်းတော်မြို့မှာ ကျွန်တော့်ရဲ့စာပေဗီဇ ကြီးထွားရှင်သန်ခဲ့တယ်။ အင်းတော်မြိုနယ် နယ်နိမိတ်ထဲမှာ မန်လည်ကျေးရွာတည်ရှိနေတယ်။ မန်လည် ကျေးရွာဟာ မြန်မာရှင်ဘုရင်တွေလက်ထက်က မြို့ဖြစ်တယ်။ အင်္ဂလိပ်လက်အောက်ရောက်မှသာ အင်းတော်ဟာ မြို့ပိုင်ရုံး စိုက်ရာနေရာဖြစ်လာပြီး မန်လည်က ကျေးရွာအဆင့်ကို ရောက်ရှိခဲ့တယ်။ မန်လည်ဟာ မဃဒေဝလင်္ကာသစ်ကြီးကိုပြုစုရေးသားခဲ့သူ မန်လည်ဆရာတော်ဘုရားကြီးရဲ့ သီတင်းသုံးခဲ့ရာ ကျောင်းတော်ရှိရာ ဒေသလည်း ဖြစ်တယ်။ ကျွန်တော် အင်းတော်မြို့မှာ နေထိုင်ခဲ့စဉ်အခါက အင်းတော်မြို့၊မြို့မကျောင်းမှာ မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့ဆိုပြီး ရှိခဲ့တယ်။ မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့ကို မန်လည်ဆရာတော်ဘုရားကြီးရဲ့ စာပေတွေတိမ်းပါး မှားယွင်းခြင်းမရှိအောင်၊ ပျက်စီးချွတ်ယွင်းခြင်းမရှိအောင်၊ တိမ်မြုပ်ပျောက်ကွယ်ခြင်းမရှိအောင်၊ တိုင်းပြည်နဲ့သာသနာကြီးပွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်။ အဲဒီအဖွဲ့ကထုတ်ဝေဖြန့်ချိခဲ့တဲ့ မန်လည်ဆရာတော်ဘုရားကြီးသီကုံးထုံးဖွဲ့ခဲ့တဲ့ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်နှင့် လီနတ္ထဒီပနီ" ကို ကျွန်တော့်အဖေဝယ်ယူခဲ့လို့ ကျွန်တော့်လက်ထဲမှာ ယခုထက်တိုင် ရှိနေပါသေးတယ်။

မန်လည်ဆရာတော်ဘုရားကြီး(Google)

      မြန်မာနိုင်ငံရဲ့ ဗုဒ္ဓစာပေလောကနဲ့ စာပေအနုပညာလောကမှာ " အထက်မန်လည်၊ အောက်လယ်တီ" ဆိုပြီး ဆိုရိုးစကား ရှိပါတယ်။ မန်လည်ဆရာတော်နဲ့ လယ်တီဆရာတော်တို့ဟာ ဒုတိယကုန်းဘောင်ခေတ်နဲ့ ပါတော်မူပြီး နယ်ချဲ့ခေတ်မှာပေါ်ထွန်းခဲ့တဲ့ မြန်မာ့ရဟန်းပညာရှင်နှစ်ပါးလည်း ဖြစ်တယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ " မဟာသုတကာရီ မဃဒေဝလင်္ကာသစ် "ကျမ်းကြီးဟာ မြန်မာသက္ကရာဇ် ၁၃၆၆ ခုနှစ်မှာ နှစ်တစ်ရာတိုင်ခဲ့ပါပြီ၊ အဲဒီအတွက် အထိမ်းအမှတ်အနေနဲ့ ရာပြည့်မဂ္ဂဇင်းတစ်အုပ်ကိုလည်း ၂၀၀၄ ခုနှစ် မတ်လက ထုတ်ဝေဖြန့်ချိခဲ့တာကို တွေ့ရတယ်။

       ၁၉၇၉ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲဖြေဆိုဖို့အတွက် ရန်ကုန် ကို ကျွန်တော် ပြန်ရောက်ခဲ့တယ်။ ရန်ကုန်ကို ကျွန်တော်ပြန်ရောက်ခဲ့ပေမယ့် လည်း ကျွန်တော့်အဖေအမေနဲ့ ကျွန်တော့်ညီနှစ်ယောက်ကတော့ အင်းတော်မြို့မှာရှိနေခဲ့သေးတယ်။ ရန်ကုန်ကိုရောက်နေတဲ့ ကျွန်တော့်ကို ဦးအောင်မင်းသိန်းက လူကြုံနဲ့ ကျွန်တော့်ဆီ စာအုပ်တစ်အုပ်လက်ဆောင်ပါးလိုက်သေးတယ်။ အဲဒီစာအုပ်ကတော့ မုံရွာတင်ရွေပြုစုတဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်ကြီးပါ။ ပိုးစားတာအနည်းငယ်ရှိပေမယ့်လည်း အဲဒီစာအုပ် ကျွန်တော့်လက်ဝယ် ရှိနေဆဲပါ။
       အနှစ်လေးဆယ်ကြာပြီးတဲ့နောက် ကိုဗစ်ရောဂါခေတ်မစားခင် ၂၀၁၉ ဒီဇင်ဘာလက အင်းတော်မြို့ကို ကျွန်တော်ပြန်ရောက်ခဲ့တယ်။
မြို့ရဲ့အနေအထားကလည်း အတော်ကလေးကိုပြောင်းလဲခဲ့ပါပြီ။ ကျွန်တော်ရှိစဉ်အခါက လျပ်စစ်မီးသိပ်မရှိခဲ့ဘူး။ မီးလုံးဆိုရင်လည်း ခရမ်းချဉ်သီးသာသာပဲလင်းတယ်။ ယခုတော့ မီးထိန်ထိန်လင်းနေပါပြီ။ ရန်ကုန်ကနေမြစ်ကြီးနားအထိ ကားလမ်းပေါက်နေပြီဖြစ်လို့ အင်းတော်မြို့ကိုလည်း ကားနဲ့သွား လာနိုင်ပြီဖြစ်တယ်။
         အင်းတော်မြို့ကိုရောက်တော့ ကျင်လည်ခဲ့တဲ့နေရာအချို့ ကိုပြန်ရောက်ဖြစ်တယ်။ "ခေတ်ကြေးမုံ" စာ ကြည့်တိုက်တော့ရှိသေးရဲ့။ ဒါပေမယ့် ကျွန်တော်တို့ရှိခဲ့တုန်းကလို စာကြည့်တိုက်က သိပ်မစည်ကားတော့ပါဘူး။ မြို့မကျောင်းမှာ ဆရာတော်ဖြစ်နေတဲ့ ဆရာတော်နန်းကင်ဉာဏ်ဝင်းကို သွား ရောက်ဖူးတွေ့ခဲ့တယ်။ ကျွန်တော့်ဆရာ ဦးချစ်စရာ(မောင်သာချစ်-ဝက်လက်) ကတော့ မန္တလေးမှာနေတယ်လို့ သိရပါတယ်။ သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုမင်း(အင်းတော်) ကတော့ ကွယ်လွန်အနိစ္စရောက်သွားပါပြီ။ ဦးအောင်မင်းသိန်းကတော့  ကျန်းကျန်းမာမာနဲ့ သွားလာလှုပ်ရှားနေတာတွေ့ရလို့ ကန်တော့်ခဲ့ပါတယ်။
ဦးအောင်မင်းသိန်းနှင့် စာရေးသူတို့ဇနီးမောင်နှံ


      စာပေရေးသားခြင်းအနေနဲ့ ကျွန်တော်ပြုလုပ်ခဲ့တာ ဘာသာပြန်ပုံပြင်ပေါင်းချုပ် ၆ အုပ်၊ အင်္ဂလိပ်စာနဲ့ပတ် သက်တဲ့ ဆောင်းပါးပေါင်းချုပ် ၁ အုပ်၊ ဒီ့ပြင် ဆောင်းပါးပေါင်းချုပ် ၃ အုပ်ကိုတစ်ဦးထဲရေးသားပြုစုခဲ့ပြီးပါပြီ။ သတင်းစာ မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာလည်း ရေးသားနေဆဲပါ။
ဒီ့ပြင် စာရေးဆရာတွေနဲ့ စုပေါင်းပြီးရေးသားခဲ့တဲ့စာအုပ်တွေလည်း ရှိပါသေးတယ်။ အဲဒီလိုရေးသားဖြစ်အောင် စတင်ခဲ့မိတဲ့ အင်းတော်မြို့လေးကိုတော့  ကျွန်တော့်အနေနဲ့ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ။ ။
                                    
သူရထိုက်