Breaking News

ဇင်လင်း - အမျိုးသား သွေးစည်း ညီညွတ်ရေးဖြင့်သာ အာဏာရှင်စနစ်ကို ချေမှုန်းနိုင်မည်



ဇင်လင်း - အမျိုးသား သွေးစည်း ညီညွတ်ရေးဖြင့်သာ အာဏာရှင်စနစ်ကို ချေမှုန်းနိုင်မည်

(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၁

မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် ယခု ၂၀၂၁ နှစ်ဆန်းချိန်တွင် တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုသည့် စက်ဝန်းထဲမှ မလွတ်မြောက်နိုင်သေးဘဲ ရှိသည်။ ဤသို့နှစ်ပေါင်းများစွာ နိုင်ငံရေးရာသီဥတု မတည်မငြိမ် ဖြစ်ရခြင်း၏ အရင်းခံအကြောင်းကို ဆန်းစစ်လျှင် စစ်အာဏာရှင်စနစ်ကြောင့်ဟု အဖြေထွက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုသည့် မေလ ၁၀ ရက် အတုအယောင် လူထုဆန္ဒခံယူပွဲ (Fake Referendum) အပြီးတွင် စစ်အာဏာ ရှင်စနစ် ပိုမိုအားကောင်းခဲ့သည်။ အတုအယောင် ဆန္ဒခံယူပွဲဟု ပြောရသည်မှာ မဲစာရင်းအမှားများဖြင့်သာမက မဲစာရင်းအလိမ်များ ဖြင့်ပါ အဓမ္မ မဲထည့်ခိုင်းခဲ့သောကြောင့် ဖြစ်သည်။ နာဂစ်မုန်တိုင်တွင် ကွယ်လွန်သွားကြသူများကိုပင် မဲထည့်ခိုင်းခဲ၍ ဖြစ်သည်။ ထိုနာဂစ်ဖွဲ့စည်းပုံအရ တပ်မတော်က ရွေးကောက်ပွဲ ၀င်စရာမလိုဘဲ လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်း အသာစီးယူခွင့် ရရှိသွားသည်။ ထို့အပြင် အစိုရအဖွဲ့၌ အရေးပါသည့် ၀န်ကြီးဌာန သုံးနေရာကို တပ်မတော်အား ပေးလိုက်ရသည်။ နယ်စပ်ရေးရာ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်၏ လက်အောက်တွင် ထားရှိခွင့်ပြုလိုက် ရသည်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေဖြင့် ယင်းဝန်ကြီးဌာနများအား တိုက်ရိုက်စီမံ အုပ်ချုပ်ခွင့် မရရှိသဖြင့် အစိုးရ၏ ပုံရိပ်ကို များစွာ ထိခိုက်နေရသည်။

ပြည်သူလူထု၏ နေ့စဉ်ဘဝ ကိစ္စရပ်မြောက်မြားစွာသည် ပြည်ထဲရေး၏ စီမံပိုင်ခွင့် အောက်၌ ကျရောက်နေသောကြောင့် နေရေးစားရေး အဆင်မပြေတိုင်း အောက်ခြေ သာမန်ပြည်သူတို့က အစိုးရအား အပြစ်တင် ဝေဖန်နေကြပေသည်။ ဥပမာ အားဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနသည် ပြည်ထဲရေးအောက်၌ ရှိနေသဖြင့် နိုင်ငံသားမှတ်ပုံတင်ကိစ္စနှင့် အိမ်ထောင်စု စာရင်း ကဲ့သို့သော ကိစ္စများ အဆင်မပြေလျှင် အစိုးရကိုသာ အပြစ်တင်တတ်ကြသည်။ တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင်လုပ်ရန် ခက်ခဲလေ့ရှိသဖြင့် မလုပ်ဘဲနေကြသဖြင့် ရွေးကောက်ပွဲကာလတွင် မှတ်ပုံတင်မရှိသည့် ပြဿနာ အများအပြားတွေ့လာရသည်။ နေရပ်ပြောင်းရွှေ့ရသဖြင့် မိသားစုစာရင်း ပုံစံ(၁၀) တောင်းခံသည့်အခါတွင်လည်း ရက်ပိုင်း အတွင်း ချောချောမောမော မရဘဲ၊ ပညာပြမှုများကြုံရသဖြင့် နေရာအသစ်၌ ဧည့်စာရင်းဖြင့်နေကြရပြန်သည်။ နိုင်ငံသား ဖြစ်ပါလျှက် မလိုအပ်ဘဲ တရားမဝင် ဒဏ်ကြေးပေးကာ နေထိုင်ကြရသည်။ ထိုသို့သော အောက်ခြေပြဿနာများ ကြုံကြရ သည့်အခါ မသိနားမလည်သော ပြည်သူတို့က အစိုးရကိုသာ အပြစ်ဖို့လေ့ရှိသည်။ ယင်းသို့သော အောက်ခြေတွင် ဖြစ်ပေါ်နေသည့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများနှင့် တရားဥပဒေ၏အကာအကွယ်ကို တန်းတူမရရှိမှုများနှင့် ပတ်သက်လာလျှင် အစိုးရကိုသာ အုပ်ချုပ်မှုညံ့ဖျင်းသည်ဟု ဝေဖန်ပြစ်တင်ကြပေသည်။ ထိုသို့ အမြီးအမောက်မတည့် ဖြစ်နေရသော ကိစ္စအဝဝသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေးအာဏာ ခွဲဝေမှု အလွဲများ ထည့်သွင်းထား ၍ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံသားများမှာ အောက်ခြေ အာဏာပိုင်အဆင့်ဆင့်ကို ကြောက်နေကြရသဖြင့် ရပ်ရွာအေးချမ်းသာယာရေး ကို ထိခိုက်နေပေသည်။ ထိုအချင်းအရာများနှင့် ဆက်စပ်နေသော ပြဿနာမှာ အစိုးရဝန်ထမ်းများအတွင်း အကျင့်ပျက် လာဘ်စားမှု ဓလေ့စရိုက် ပိုမို ကျယ်ပြန့်လာခြင်း ဖြစ်ပေသည်။ လာဘ်ပေးလာဘ်ယူစနစ် ကျယ်ပြန့်လာလေ၊ အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေး ဖေါ်ဆောင်မှုကို ထိခိုက်လာလေ ဖြစ်ပေသည်။ ထိုကဲ့သို့သော အခြေခံ လူမှုပြဿနာများ ကို စနစ်တကျ ကိုင်တွယ်အရေးမှု မရှိခြင်းကြောင့် အစိုးရ၏ သြဇာအာဏာ ပုံရိပ်ကျဆင်းနိုင်သည်ကို အစိုးရအသစ် တာဝန် ယူချိန်တွင် အထူးဂရုစိုက်ဖို့ တိုက်တွန်းလိုသည်။

အကျင့်ပျက်လာဘ်စားမှု အမြစ်တွယ်လာခြင်း အချိန်ကြာလာလေ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် ခက်လာလေ ဖြစ်နေသည်။ အစိုးရဝန်ထမ်းများ အကျင့်ပျက်မှု အတိုင်းအတာ ကြီးမားလာသည်နှင့်အမျှ မူးဟစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမှု၊ သယံဇာတများ မှောင်ခိုတူးဖေါ်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုရောင်ဝယ်မှုများနှင့် ကာဆီနိုလောင်းကစားရုံများ ကျယ်ပြန့် လာမှုတို့ကို တွေ့ရပြီး၊ လက်နက်ကိုင် အကြမ်းဖက်မှုများကိုလည်း သက်ဆိုးရှည် စေသည်။ ဤသို့ဖြင့် အစိုးရက ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအားလည်း ထိခိုက်ပျက်စီးစေသည်။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ချည့်နဲ့စေပြီး အာဏာရှင်စနစ် သက်ဆိုးရှည်စေလိမ့်မည်။

သာမန် တိုင်းရင်းသားပြည်သ ူအများစုအနေဖြင့် ငြိမ်းချမ်းရေး ရရှိမှသာ နိုင်ငံ၏ စီးပွားရေး ပညာရေး လူမှုရေး စိုက်ပျိုးရေး စသည်တို့အပါအဝင် သိပ္ပံနှင့် နည်းပညာများပါ ဘက်စုံတိုးတက်ဖွ့ံဖြိုးမည်ဟု ယုံကြည်နေကြသည်။ အခြားတစ်ဖက်တွင် စစ်ပွဲများရှိမှ မိမိတို့ အကျိုးစီးပွား ဖြစ်ထွန်းမည်ဟု ကိုယ်ကျိုးရှေ့တန်းတင် စဉ်းစားနေကြသူများလည်း ရှိနေသည်။ တနည်းအားဖြင့် စစ်ပွဲများကို ဖန်တီးခြင်းဖြင့် စီးပွားဖြစ်နေသူများလည်း ရှိနေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ရလုရခင် အခွင့်အလမ်းပေါ်လာတိုင်း ပဋိပက္ခ တစ်မျိုးမဟုတ် တစ်မျိုးပေါ်လာလေ့ရှိပြီး အခွင့်အရေးကောင်းကို လက်လွတ်ခဲ့ရသည့် အကြိမ်ပေါင်း မနည်းတော့ဟု ဆိုချင်သည်။

နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် လက်တွေ့မြေပြင်အခြေအနေ အပေါ်မူတည်၍ ပြည်သူအများ အကျိုးအတွက် ဖြစ်နိုင်ခြေအရှိဆုံး အကျိုးအရှိဆုံးလမ်းကြောင်းကို ရွေးချယ်ရမည် ဖြစ်သည်။ နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု လုပ်ရုံမျှဖြင့် လည်း ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သည်ကိုလည်း သတိပြုသင့်၏။ ဒီမိုကရေစီ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို ချမှတ် သည်ဆိုပါက ဒီမိုကရေစီကျင့်စဉ်နှင့် ဆီလျော်ညီညွတ်သည့် စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး လုပ်ကြဖို့လည်းလိုသည်။ ဆိုလို သည်မှာ ငါ့အတွက် ငါ့ပါတီအတွက် အကျိုးအမြတ် မရှိလျှင် ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်ဆိုသော စိတ်မျိုး မထားကြဘဲ၊ ဒီမိုကရေစီကို လက်ခံလျှင် လူလူချင်း အသွေးအရောင်၊ အရည်အချင်း၊ အတွေးအမြင်စသည်တို့အပေါ်အခြေခံ၍ ခွဲခြား ဆက်ဆံမှု မပြုဖို့လိုသည်။ တနည်းဆိုရလျှင် နိုင်ငံသား အချင်းချင်း အပြန်အလှန် လေးစားရန်ဖြစ်သည်။ ထို့ပြင် အများစု ၏ သဘောထားကို အနည်းစုက လိုက်နာနိုင်ရမည်။ လူများစုကလည်း လူနည်းစု၏ သဘောဆန္ဒ အယူအဆကို လေးစားရ မည်။ အသိအမှတ်ပြုရမည်။ အားကြီးသူက အားနည်းသူအပေါ် ဗိုလ်ကျအနိုင်ကျင့်ပြီး၊ မိမိတို့အကျိုးကို ဗဟိုပြု၍ ဆုံးဖြတ် ချက်များ မချဖို့လိုသည်။

ယနေ့ မြန်မာ့ငြိမ်းချမ်းရေး ပြဿနာ အဖြေရှာရာတွင် NCA လမ်းစဉ်အတိုင်း သွားလိုသူများ နှင့် ထိုလမ်းစဉ်ကို ပြန်လည် သုံးသပ်ညှိနှိုင်းပြီးမှ လမ်းကြောင်းအသစ် ရှာလိုသူတို့အကြား အားပြိုင်နေသည်ကို မြင်နေရသည်။ ယနေ့ခေတ်တွင် လက်နက်အင်အားဖြင့် ငြိမ်းချမ်းရေး ရယူရေးဆိုသည့် အယူအဆမှာ ခေတ်ကုန်နေပြီ ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးသည့် နည်းနာဖြင့် အဖြေရှာသည့် ယဉ်ကျေးမှုအသစ် ခေတ်စားနေပြီ ဖြစ်သည်။ NCA သည် ငြိမ်းချမ်းရေးခရီးအစ နိုင်ငံရေး ဆွေးနွေးပွဲတံခါးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုဖူးသည်။ ခရီးလမ်းဆုံး မဟုတ်ဘဲ၊ NCA သည် ငြိမ်းချမ်းရေးခရီး အစသာဖြစ်ကြောင်း ဆိုလိုသည်။ NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးပြီးမှသာလျှင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကိစ္စ စတင်ဆွေးနွေးနိုင်မည့် သဘောဖြစ်သည်။ သို့သော် တာဝန်ရှိသည့် အစိုးရနှင့် တပ်မတော်တို့က ပွင့်လင်းမြင်သာစွာ တာဝန်ခံမှု ရှိရန် အမှန် လိုအပ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး အခြေအနေအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် တပ်မတော်တို့အကြား အပြန်အလှန်ယုံကြည်မှု မရရှိသေးသောကြောင့် ဖြစ်သည်။

ယခုနှစ်ဆန်း ဇန်နဝါရီ ၁၅ ရက်နေ့က အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(NLD)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ ချုပ်(SNLD) တို့ တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ရာ၊ အလွန် အဆင်ပြေ ကောင်းမွန်သည်ဟု နှစ်ဖက် တာဝန်ရှိသူများက ပြောကြောင်း သိရသည်။ NLD အစိုးရ၏ ဒုတိယသက်တမ်းတွင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မည်ဆိုပါက ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့် တက်တက်ကြွကြွ ပါဝင်ကူညီသွားမည်ဟု ဆွေးနွေးခဲ့ကြောင်း SNLD တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က RFA သို့ပြောသည်ဟု သိရသည်။ ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် တိုင်းရင်းသား နိုင်ငံရေးပါတီများအပြင် လက်နက် ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ ကိုလည်း NLD အနေဖြင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ပြီး ဆွေးနွေးမည်ဆိုပါက SNLD က ကူညီမည်ဟု ဆိုသည်။

“အဓိကအားဖြင့် အမျိုးသား ညီညွတ်ရေးကိစ္စပေါ့ဗျာ။ အမျိုး သားညီညွတ်ရေးကိစ္စတွေ ငြိမ်း ချမ်းရေးကိစ္စတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ ကိစ္စတွေ။ ပြည်ထောင်စုကိုသွားတဲ့အချိန်မှာ စံတန်ဖိုးအနေနဲ့အမျိုးသားတန်း တူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ စုံလင်ကွဲပြားမှုတွေ စုပေါင်းခေါင်း ဆောင်မှုတွေ၊ လူနည်းစုကို ကာ ကွယ်ခြင်းဆိုတဲ့ စံတန်ဖိုးပေါ့။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုင်စွဲတဲ့ စံတန်ဖိုးတွေကို ဆွေးနွေးတယ်၊ တင်ပြ တယ်။” ဟု စိုင်းကျော်ညွန့်က ပြောကြောင်း 7Day News အရ သိရသည်။

ထို့အပြင် နှစ်ပါတီသည်လွန် ခဲ့သည့် နှစ်ပေါင်း ၃ဝကျော်က တည်းက အတူတူအလုပ်လုပ်ခဲ့ကြသော်လည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း အကြောင်းအမျိုး မျိုးကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း သို့သော် ယခုအကြိမ်တွင် အမျိုးသား ညီညွတ်ရေး တည်ဆောက်သည့် ကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ဆောင် သည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယူဆကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။ ဇန်နဝါရီ ၁၅ ရက် တွေ့ဆုံမှုုကို လွမ်းခြုံပြောရလျှင် အလွန် ကောင်းမွန်သည်ဟု စိုင်းကျော်ညွန့်ကဆိုသည်။ နှစ်ပါတီ တရားဝင်တွေ့ဆုံမှု မတိုင်မီ နှစ်ကြိမ်တိုင် တွေ့ဆုံညှိ နှိုင်းမှုပြုလုပ်ခဲ့ပြီးဖြစ်သည်။ တောင်ကြီးမြို့၌ တွေ့ဆုံခြင်းသည် သုံးကြိမ်မြောက်တွေ့ဆုံခြင်း ဖြစ်သည်ဟု စိုင်းကျော်ညွန့် က ပြောသည်။

ထို့အပြင် လာမည့်သက် တမ်းငါးနှစ်တွင် SNLDအား တာဝန်ပေးအပ်လာပါက ကူညီဆောင်ရွက်သွားရန် အသင့်ရှိသည် ဟုလည်း SNLDက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် NLD ဘက်မှ SNLDအား ကမ်းလှမ်းခဲ့ ခြင်းများရှိသော်လည်း ယင်းအချိန် သည် ပါတီတည်ဆောက်ရေး လုပ်ငန်းကို လုပ်ဆောင်နေရသ ဖြင့် NLD ကို မကူညီနိုင်ခဲ့ကြောင်း ယခု အကြိမ် တွင်မူ တာဝန်ပေးအပ်လာပါက ကူညီဆောင်ရွက် ရန်အသင့်ရှိကြောင်း စိုင်းကျော် ညွန့်က 7Day News သို့ပြောသည်။

“အားလုံးရာနှုန်းပြည့်နီးပါး အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ရှမ်းပြည်နယ်ကဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ လာ တယ်။ တွေ့ခွင့်ရတယ်။ သူတို့ဆန္ဒတွေ တင်ပြလာတာတွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို စုစည်းပြီးတင်ပြမှာပါ။” ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ထို့အပြင် မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် NLD ကိုယ်စားလှယ်များက ဒေသခံတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရေး ဆောင်ရွက်ရာတွင် အဆင်မပြေခဲ့သော်လည်း ယင်းပါတီများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေး တာဝန်ပေး အပ်ပါက ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း SNLD ပါတီက တွေ့ဆုံမှု အပြီးတွင် ပြောကြောင်းသိရသည်။ ပြည်သူလူထုလိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်လာရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေးတွင် NLD အပါအဝင် အခြားဒီမိုကရေစီအင်အားစုများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးသည် SNLD ပါတီ ၏ မူဝါဒထဲတွင်ပါဝင်ပြီးသားဖြစ်ကြောင်းလည်း စိုင်းကျော်ညွန့်က ပြောသည်။

လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ (LNDP) ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ ဆုံရာတွင် လားဟူတိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးရရှိရေး၊ အုပ်ချုပ်ရေးအပိုင်းတွင် ကိုယ်စားပြုပါဝင်ခွင့်ရရှိရေး၊ လားဟူ အမျိုးသားဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုတွင် ပါဝင်ခွင့်ပြုရေး ဆွေးနွေးခဲ့သည်ဟု LNDP ဥက္ကဋ္ဌ ဒေါ်အေးသီတာ မြင့် က ပြောသည်။ ‘ဝ’အမျိုးသားပါတီကမူNLD ၏ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးဆောင်ရွက်မှုများကို ပူးတွဲ ဆောင်ရွက်မည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွင် ‘ဝ’ တိုင်းရင်းသားများ ထဲထဲ ဝင်ဝင် ဆောင်ရွက် ခွင့်ရရန်လည်း ဆွေးနွေးခဲ့ပြီး ‘ဝ’တိုင်းရင်းသား များကို သီးခြားမမြင်ရန်တင်ပြခဲ့သည်ဟု ‘ဝ’အမျိုးသားပါတီ (WNP) ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် က ဆိုသည်။

ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်ခရီးစဉ်တွင် ရွေးကောက်ပွဲ အနိုင်ရ ပါတီများ၊ တစ်သီးပုဂ္ဂလများ အားလုံးနှင့် သုံးရက်အတွင်းအပြီး တွေ့ဆုံနိုင်ခဲ့သဖြင့် အပြည့်အဝ အောင်မြင်သည်ဟု သိရ သည်။ ခြုံငုံသုံးသပ်ရရင် NLD အစိုးရ၏ ရည်မှန်းချက်သည် ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ နှင့် ‘ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး’ ဖြစ်သည်။ NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လမ်းပြမြေပုံ ရ ချက်ကို လေ့လာကြည့် လျှင်လည်း ဒီမိုကရေစီကို သွေဖည်သော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု အတိအလင်းကြေညာထားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေးအတွေ့အကြုံများအရ ပြောရလျှင် မြန်မာနိုင်ငံကို “ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု” အဖြစ် ထူထောင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိ အစိုးရကသာ အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များသည် သိကြားမင်းက ဖန်ဆင်းထားသူများ မဟုတ်သဖြင့် ခြောက်ပြစ်ကင်း သဲလဲစင်များ မဟုတ်ကြပါ။ သို့ရာတွင် ယခင့် ယခင် စစ်အစိုးရများနှင့် ယှဉ်ကြည့်လျှင် အဂတိလိုက်စားမှု ရာခိုင်နှုန်း သိသိသာသာ နည်းသည်မှာ သေချာသည်။ စစ်ဗျူရိုကရေစီ ယန္တရားအဟောင်းကြီးကို ပြုပြင်ပြောင်းလဲ နေရချိန်ဖြစ်၍ စိတ်တိုင်းကျနိုင်မည်တော့ မဟုတ်သည့်တိုင် ပြည်သူလူထုကို ပေးထားသည့် ကတိကဝတ်များကို လက်ရှိ NLD အစိုးရ ကသာ အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းလိမ့်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် တိုင်းရင်းသားအင်အားစုအားလုံး စိတ်ဝမ်းမကွဲဖို့ လိုသည်။ သွေးစည်းညီညွတ်ရေးကို အထူးဂရုပြု စောင့်ထိန်းကြရမည့် အချိန်ဖြစ်သည်။ နွားကွဲလျှင် ကိုက်မည့် အန္တရာယ်ရှိသည်။ ကျားဆိုးများက အဆင်သင့် စောင့်နေသည်ကို မမေ့ကြဖို့လိုသည်ဟု သုံးသပ်မိပါသည်။။။

Published in the First Weekly News Journal; Vol.11, No.454; 29- 1- 2021.