Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၉၊ ၂၀၂၂

မတ်လ ၁၈ ရက် - အာဆီယံ ရဲ့ အထူးကိုယ်စားလှယ်ခရီး၊ ကျေးရွာတွေ မီးရှို့ခံရတာ၊ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ နေ့စဥ် ဖြစ်ရပ်တွေ


တနှစ်ကျော်ကြာလာတဲ့ မြန်မာနိုင်ငံရေး အကြပ်အတည်းကို ကြားဝင်ဖြေရှင်းဆောင်ရွက်ဖို့ရာ အာဆီယံရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရတ်ဆော့ခွန်း လာမယ့် ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့နဲ့ လလာရောက်ဖို့ သဘောတူညီမှုဟာ ယမန်နှစ် ဧပြီလနှောင်းပိုင်း ဂျာကာတာ အစည်းအဝေး မှာကတည်းက သဘောတူခဲ့ပေမယ့် မြန်မာစစ်ကောင်စီရဲ့ အချိန်ဆွဲမှုကြောင့် လက နှစ်ပြောင်းလာခဲ့တာ အာဆီယံ ဥက္ကဌ နောက်အလှည့်ပြောင်းလဲတဲ့အထိ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

ခုနှစ်မှာ အလှည့်ကျတဲ့ ကမ္ဘောဒီးယား နိုင်ငံက အခြားသော အာဆီယံအဖွဲ့ဝင်တွေနဲ့စာရင် စစ်ကောင်စီနဲ့ အမြင်နီးစပ်မှု ရှိတာကြောင့်လည်း တာဝန်ယူပြီးတဲ့ လမှာပဲ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို နိုင်ငံကိုယ်စားပြုတာသဖွယ် အာဆီယံကိုယ်စားပြုတဲ့သဘောတဖုံ နဲ့ တရားဝင်ခရီးစဥ် လာရောက်ခဲ့တာဖြစ်ပါတယ်။

အခုတကြိမ် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်မှာတော့ အာဆီယံအနေနဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ပထမဦးဆုံး ကြားဝင်ဖြေရှင်းဆောင်ရွက်မယ့် ခရီးစဥ် ဖြစ်ပါလိမ့်မယ်။ ယမန်နှစ် ဧပြီလက အခြေအနေ နဲ့ အခု ၁၁ လကြာ ၂၀၂၂ ခုနှစ်မတ်လ အခြေအနေတွေနှိုင်းယှဥ်ရင် အများကြီး အပြောင်းအလဲတွေ ရှိခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်ဖို့ PDF တပ်ဖွဲ့တွေ ဒေသအလိုက် အသီးသီး ထွက်ပေါ်လာခဲ့တာ၊ လက်နက်ကိုင် ပဋိပက္ခက ယမန်နှစ် ဧပြီလထက်စာရင် ဒေသအများအပြားဆီ ပျံ့နှံ့ခဲ့တာ၊ အသက်ဆုံးရှုံးမှုတွေ ထောင်နဲ့ချီတဲ့ ကိန်းဂဏန်းတွေအထိ ရောက်ရှိနေတာ၊ စစ်ဘေးရှောင် ဦးရေက စစ်အာဏာမသိမ်းမီက ၄ သိန်းအောက် ရှိရာကနေ အခုတနှစ်တာကာလအတွင်း ၂ ဆကျော်ထိ မြင့်တက်လာတာတွေက မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပိုနက်ရှိုင်းလာနေတာ ဖြေရှင်းရပိုမိုခက်ခဲလာတာကို ပြသနေတာ ဖြစ်ပါတယ်။

မြန်မာ့အကြပ်အတည်းကို ကြားဝင်ဖြေရှင်းမယ့် အဖွဲ့အစည်းအနေနဲ့ အာဆီယံကို နိုင်ငံတကာကလည်း အသိအမှတ်ပြုထားကြပေမယ့် လက်တွေ့မှာတော့ အာဆီယံအနေနဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းမှာ အဓိကပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို သြဇာသိပ်မရှိလှတာလည်း ပကတိ အခြေအနေလို့ ဆိုရပါမယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ အချို့သော နိုင်ငံတကာ အရေးကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်ပြီး အောင်မြင်တာ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာ့အရေးမှာတော့ ကုလသမဂ္ဂက အာဆီယံလောက် အရေးထားမခံရတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အဆုံးစွန်သောအခြေအနေမှာ လက်နက်ဝယ်ယူနိုင်တဲ့ နိုင်ငံအချို့ရှိနေမယ်ဆိုရင်၊ နောက်တချက် အနေနဲ့ ရောင်းချမယ့် သယံဇာတ ဝယ်ယူမယ့် နိုင်ငံအချို့ရှိနေခဲ့ရင် ကျန််တာတွေမှာ အရင့်အရင် စစ်အစိုးရလက်ထက်လို သို့မဟုတ် မဆလ အစိုးရလက်ထက်လို အထီးကျန်မူဝါဒနဲ့ ဆက်သွားနိုင်တယ်လို့ မျှော်မှန်းကောင်း မျှော်မှန်းထားနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့ တိုက်တွန်းချက် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ တိုက်တွန်းချက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD နဲ့ စကားပြောဆိုဖို့ဆိုတာတွေကို မသိကျိုးကျွံ ပြုနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကမ္ဘာမှာလည်း ဥရောပ ယူကရိန်း-ရုရှားစစ်ပွဲရဲ့ အရေးက ပိုအရေးကြီးလာချိန် အနောက်နိုင်ငံတွေက ပိုအာရုံစိုက် ဖြေရှင်းဖို့ကြိုးစားလာနေရချိန်မှာ မြန်မာ့အရေးဟာ နောက်ရောက်သွားပြီး အခုခရီးစဥ်က နိုင်ငံတကာသတင်းတွေထဲ သိပ်ပြီးမီးမောင်းထိုးခံရဖွယ် မရှိဘူးလို့ဆိုနိုင်ပါတယ်။

မြန်မာ့အရေးကို မြန်မာနိုင်ငံတွင်းက အင်အားစုတွေ အနေနဲ့ မိမိတို့ အင်အားနဲ့ မိမိတို့ ရဲ့ မဟာဗျူဟာနဲ့ လုပ်ဆောင်ကြဖို့ နှိုးဆော်လိုက်သလိုလည်း ဖြစ်စေတယ်လို့ ထင်မြင်မိပါတယ်။

အာဆီယံရဲ့အထူး ကိုယ်စားလှယ် ခရီးစဥ် ကိစ္စအပြင် အခြားသတင်းတွေထဲမှာတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေထဲက ကျေးရွာတွေ နေ့စဥ်လိုလိုမီးရှို့ခံနေရရာမှာ ဒီနေ့ သတင်းတွေထဲမှာလည်း ကလေးမြို့အနီးအနားက ကျေးရွာတွေက လူနေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းတွေ ဖတ်ရှုရသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီပဲယင်း ပုလဲ၊ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာ နေအိမ်တွေမီးရှို့ခံရတဲ့ သတင်းတွေလည်း ဖေါ်ပြထားကြတာတွေ့ရပါတယ်။

စစ်ကောင်စီက လက်နက်ကိုင် တိုက်ခိုက်မှုရှိတဲ့ ဒေသက ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အဲဒီဒေသမှာ လူတွေအခြေချ မနေထိုင်နိုင်အောင် တနည်းအားဖြင့် PDF တွေ ကျေးရွာတွေမှာ အခြေစိုက်ပြီး စစ်ကောင်စီကို မတိုက်ခိုက်နိုင်အောင် ရွာတွေ ပျက်သည်အထိ ဒဏ်ခတ်အရေးယူတဲ့ နည်းဗျူဟာမျိုး သုံးနေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

အခု ဖြစ်စဥ်တွေဟာ ရခိုင်ပြည်နယ် ရိုဟင်ဂျာ လူမျိုးစုတွေ အပေါ်ကျူးလွန်တဲ့ ဖြစ်ရပ်တွေနဲ့ အလားသဏ္ဍာန် အတူတူပဲ ဖြစ်နေပါတယ်။ သတ်ဖြတ်မှု ရက်စက်မှုတွေကြောင့် လူတွေ တိမ်းရှောင်ထွက်ပြေးချိန််မှာ ကျေးရွာတွေကို မီးတင်ရှို့ပြီး ဒီရွာတွေမှာ ပြန်အချေမချနိုင်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာမျိုး အခုလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အထက်ပိုင်း ဒေသတွေမှာ စစ်ကောင်စီက ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြည်သူလူထု အနေနဲ့ သမိုင်းသင်ခန်းစာ ယူစရာ စစ်အာဏာရှင်တပ်ရဲ့ လုပ်နည်းလုပ်ဟန် ဆိုးရွားတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖေါ်ပုံတွေ နောက်တကြိမ် သမိုင်းမှာ တကျော့ပြန် မလုပ်နိုင်အောင် ကြိုးစားကြဖို့ သံဓိဌါန် ချကြရမယ့် အချိန်ရောက်ပြီလို့ဆိုချင်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar