မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၂ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၄၊ ၂၀၂၁စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့တိုက်ပွဲဆက်ရှိနေတယ် အားမပျော့သေး မလျော့သေးဘူးဆိုတာကို တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြဖို့ လှုံ့ဆော်ထားတဲ့နေ့ မတ်လ ၂၄ ရက်နေ့ နံနက်ခင်း ရန်ကုန်မြို့ရှုခင်းက လမ်းတိုင်းရှင်းပြီး စျေးသွားတဲ့သူ၊ လမ်းမှာ သွားလာတဲ့ကားတွေ သိသိသာသာ မရှိသလောက်နီးပါး ဖြစ်ပြီး ရှင်းနေပါတယ်။
စည်ပင်သာယာက ဦစီးတဲ့ စျေးတွေကတော့ တံခါးဖွင့်ထားပေမယ့်လည်း အသားငါးဆိုင် မဖွင့်သလောက်၊ ဟင်းရွက်ဆိုင် အနည်းငယ်နဲ့ ကုန်ခြောက်ဆိုင် အနည်းငယ်မျှသာ ဖွင့်ကြတာပါ။ လက်ဘက်ရည်ဆိုင်လိုမျိုးလည်း တံခါး တချပ်လောက်ဖွင့်ထားပြီး လူနည်းနည်းပါးပါးရှိတဲ့ဆိုင်၊ တချို့ဆိုင်တွေကတော့ လုံးဝပိတ်ထားတာတွေ့ရပါတယ်။ လမ်းမတန်းတွေပေါ်က စီးတီးမတ်လို ဆူပါမားကက်တွေ၊ လက်ဖက်ရည်ဆိုင်ကြီးတွေ၊ ကားပစ္စည်းဆိုင်၊ အဝတ်အစားရောင်းတဲ့ ဆိုင်၊ ကုန်စုံစတိုးဆိုင် ဆေးပစ္စည်းဆိုင် အားလုံးနီးပါး ပိတ်ထားကြတာတွေ့ရပါတယ်။ ခါတိုင်းနေ့တွေမှာ တွေ့နေကျ စားသောက်ဆိုင် ဘီယာဆိုင်လိုမျိုးတွေလည်း ဒီနေ့တော့ အားလုံးပိတ်ထားကြတာပါ။
လမ်းမကြီးတွေရှင်းလင်းနေပြီး ပုဂ္ဂလိကဘဏ်ခွဲအချို့လောက်ပဲ ဖွင့်ကြတာတွေ့ရပါတယ်။
အခုလို ဆန္ဒပြသူတွေက နှိုးဆော်လို့ စီးပွားရေးလုပ်ငန်းတွေပါ တစ်ရက်တာ ပိတ်ကြတယ်ဆိုတဲ့ အဖြစ်က စစ်ကောင်စီ အနေနဲ့ အာဏာက သူတို့လက်ထဲမှာ အပြည့်အဝမရှိဘူးဆိုတာကို သက်သေပြသလို ဖြစ်နေတာကြောင့် မခံချိမခံသာ ဖြစ်နေမယ်လို့ ထင်ပါတယ်။
ဒါကြောင့်လည်း မွန်းလွဲပိုင်းမှာတော့ ကုမ္ပဏီတွေက ဖွင့်တဲ့ ဆူပါမားကက်တွေရဲ့ တာဝန်ခံတွေကို မြို့တော်ခမ်းမ စစ်ကောင်စီကို အစည်းအဝေး ဆိုပြီးဖိတ်ကြားပြီး ညအထိပြန်ခွင့်မပေးဘဲ ထားတယ်လို့ သတင်းတွေ ကြားသိနေရပါတယ်။ အာဏာဆိုတာ သူတို့လက်ထဲမှာ ရှိတယ်ဆိုတာကို သက်သေပြဖို့ကြိုးစားတာလို့ ယူဆပါတယ်။ သူတို့ရဲ့ အာဏာက လက်နက်နဲ့ အကျဥ်းထောင်နဲ့ ခြိမ်းခြောက်တဲ့ အာဏာဖြစ်ပြီး ဒီလိုအာဏာပြခြင်းမျိုး အနိုင်ကျင့်ခြင်းမျိုးကို အာဏာရှင်စနစ်လို့ လူအများက မှတ်ယူပြီး အဲဒီလိုလုပ်ရပ်မျိုးတွေကို ရွံ့ရှာမုန်းတီးကြတာဖြစ်ပါတယ်။
စစ်တပ်က လက်နက်နဲ့ ခုလို အနိုင်ကျင့် အာဏာကျင့်သုံးတာကို စစ်အာဏာရှင်လို့ ခေါ်ဆိုကြတာလည်း ဖြစ်ပါတယ်။ ခု တိုက်ပွဲက ဒီလိုစနစ်မျိုးကို အဆုံးသတ်စေချင်လို့ တိုက်ပွဲဝင်ကြတဲ့ အရေးတော်ပုံတိုက်ပွဲလည်း ဖြစ်ပါတယ်။
တဖက်မှာ လူထုအများစုကြီးက အပြင်မထွက်ဘူးလို့ ဆုံးဖြတ်ပြီး ဆန္ဒပြကြတဲ့နေ့မှာပဲ ရန်ကုန်မြို့ရဲ့ အချို့သောရပ်ကွက်တွေကို စစ်ကား၊ရဲကား၊ စည်ပင်ကားတွေနဲ့ လှည့်ပြီး လမ်းထိပ်တွေက ပုံထားတဲ့ သဲအိတ်တွေ ရှင်းခိုင်းတာ၊ အတားအဆီးပစ္စည်းတွေကို စည်ပင်ကားပေါ်ကောက်တင်တာ၊ လမ်းသွယ်တွေ လမ်းမတွေမှာ မကြာသေးခင်ကမှ ရပ်ကွက်လုံခြုံရေးအတွက် တပ်ဆင်ထားကြတဲ့ သံတခါးတွေ၊ အကာအရံတွေ ကို ဖြုတ်ယူပြီး ကားနဲ့တင်ကာ ယူဆောင်သွားတာတွေလည်း တွေ့မြင်ရပါတယ်။ ဆိုရှယ်မီဒီယာမှာ တယောက်က အဲလို ဖြုတ်ယူသွားတဲ့ တံခါးတွေ အကာအရံတွေကို တနေရာမှာ သွားရောင်းခဲ့ကြတယ်လို့လည်း တနေ့က ရေးထားတာ ဖတ်ရဖူးပါတယ်။ ဒီနေ့ ဖြုတ်ယူသွားတဲ့ တံခါးတွေ အကာအရံတွေလည်း တနေရာရာမှာ သွားများရောင်း နေမလားလို့ တွေးမိပါသေးတယ်။
ဒီနေ့ တခြားထူးခြားတဲ့ သတင်းတပုဒ်က မတ်လဆန်းက ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ လူငယ်တွေ ရာဂဏန်းနဲ့ (၆၀၀ ခန့်ဟု ဆို) အင်းစိန်ထောင်က ခုမနက် လွတ်လာတဲ့ သတင်းပဲဖြစ်ပါတယ်။ မနက်ပိုင်းမှာ လွတ်မြောက်လာတဲ့သူတွေ သူတို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးကို ဝိုင်ဘီအက်စ် ဘတ်စကားတွေနဲ့ လိုက်ပို့ကြတဲ့ မြင်ကွင်းတွေလည်း ဆိုရှယ်မီဒီယာမှာ တွေ့မြင်ရပါတယ်။ ဆန္ဒပြသူ ကျောင်းသားလူငယ်တွေ၊ သတင်းထောက်အချို့တွေနဲ့ ပျောက်ဆုံးနေလို့ သေစာရင်းသွင်းထားသူအချို့ပါ ပြန်လည်လွတ်မြောက်လာကြပါတယ်။
မြန်မာစစ်တပ်ကတော့ သပိတ်တိုက်ပွဲတွေမှာ တက်ကြွစွာဆောင်ရွက်တယ်လို့ စွပ်စွဲခံရသူများ၊ အင်န်အယ်ဒီပါတီဝင်များ၊ CRPH နဲ့ ဆက်သွယ်တယ်လို့ သံသယရှိသူများကို ပြန်လွှတ်ပေးခြင်း မရှိပါဘူး။ မတ် ၂၄ နေ့မှာတင်ပဲ နယ်မြို့တွေမှာ စစ်တပ်ရဲတပ်က အရပ်သားပြည်သူတွေကို ရန်စပြီးဖမ်းဆီးသွားတာတွေ လုပ်နေတုန်းပါပဲ။ ဒီနေ့မှာ စစ်တပ်က ပစ်ခတ်လို့ မန္တလေးမှာ ၂ ဦး၊ ကျောက်ပန်းတောင်းမှာ ၁ ဦး ကျဆုံးပါတယ်။ ကျဆုံးသူ ဦးရေ စာရင်းအရ ၃၀၀ ကျော်ပါပြီ။
ရန်ကုန်မှာ ခုလို တိတ်ဆိတ်သော ဆန္ဒပြမှု လုပ်ဆောင်နေသလိုပဲ မြန်မာနိုင်ငံရဲ့ မြို့ကြီးအချို့မှာလည်း လုပ်ဆောင်ကြတယ်လို့ ကြားသိရပါတယ်။ ဆိုရှယ်မီဒီယာတွေကနေ သတင်းအချိန်မီမရတဲ့ နယ်မြို့အချို့မှာတော့ ပြည်သူတွေက လမ်းပေါ်ထွက် သပိတ်မှောက်စစ်ကြောင်းတွေ ထွက်ကြပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သပိတ်တိုက်ပွဲခေါ်သံတွေ ရည်မှန်းချက် ဦးတည်ချက် နည်းနာ ချိတ်ဆက်မှုတွေ ပိုပြီး ခိုင်မာလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တိတ်ဆိတ်သော ဆန္ဒပြမှုအပြီးမှာတော့ သပိတ်ကော်မီတီတွေက မြို့ရွာအနှံ့မှာ (အားလုံးစုဝေး မတ်လတော်လှန်ရေး၊ ၂၅ ရက်နေ့) ဆိုပြီး ကြွေးကြော်ပိုစတာတွေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ မတ်လဟာ တော်လှန်ရေးလ၊ ဖက်ဆစ်တော်လှန်ရေးလအဖြစ် သမိုင်းမော်ကွန်းပြန်လည်ထိုးနှက်လိုက်ပါပြီ။ အကြမ်းဖက်စစ်အုပ်စုတွေ စစ်အာဏာရှင်ခေတ်အဆက်ဆက် (နေဝင်း၊ စောမောင်၊ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်) ၁၉၆၂ကနေ ခုထိ တပ်မတော်နေ့ဆိုပြီး ပြည်သူလူထုကို လှည့်ဖြားသွေးခွဲဖိနှိပ်တဲ့ နေ့ရက်ဟာ နိဌိတံသွားပြီ ဖြစ်ပါတယ်။
မတ်လ ၂၄၊ ကုလလူ့အခွင့်အရေးကောင်စီကတော့ တညီတညွတ်တည်း ထပ်မံဆုံးဖြတ်ချက်များချမှတ်ရာမှာ စစ်ရာဇဝတ်မှုများ သတ်ဖြတ်အကြမ်းဖက်မှုများ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်တွေကိုပါ စောင့်ကြည့်မှတ်တမ်းယူမယ်၊ တာဝန်ခံမှု တာဝန်ယူမှုနဲ့ သီးခြားစောင့်ကြည်မယ်လို့ ထုတ်ပြန်ပါတယ်။ ထိပ်က စစ်ကောင်စီခေါင်းဆောင်တွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေအပြင် စစ်တပ် ရဲတပ်အသီးသိးက ခေါင်းဆောင်တွေ တပ်သားတွေအထိကို မှတ်တမ်းပြု အမှုတည်ဆောက်ဖို့ ဆက်အရေးယူနိုင်ရေး ကုလမှာ ဆက်တင်ပြဖို့ သူတို့ လုပ်ကြမယ် ထင်ပါတယ်။
အာဆီယံ၊ ရုရှား၊ တရုတ် စတဲ့ မြန်မာစစ်တပ်၏ မိတ်ဖက်တွေကလည်း ခုချိန်မှာ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းတဲ့အကြောင်း မက်ဆိတ်တွေ ပို့ပေးနေကြပါတယ်။ ထိပ်ကစစ်ခေါင်းဆောင်တွေကတော့ နိုင်ငံရေးစာပွဲပေါ်ကို ပြန်တက်လာဖို့ မလွယ်တော့ပေမယ့် ဒုတိယတန်းခေါင်းဆောင်တွေ ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်သူတွေ၊ သူတို့စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ မိသားစုတွေအားလုံး ပြည်တွင်းပြည်ပဒဏ်ခတ်မှုတွေနဲ့ ဆက်ရင်ဆိုင်ရမှာကို မလိုလားသူတွေကတော့ အခွင့်အရေးရှိပါသေးတယ်။
မြန်မာပြည်၏ နွေဦးအရေးတော်ပုံမှာ တိုက်ပွဲအဆင့်ဆင့် အောင်မြင်မှုအဆင့်ဆင့်နဲ့ ဆက်လက်တောင့်ခံနိုင်အောင် ထိန်းသိမ်းမှု အဆင့်ဆင့်ရှိတာကို တွေ့ရပါတယ်။
မြန်မာ ISP ၏ သုံးသပ်ချက်အရဆိုရင် တိုင်းပြည်တော်လှန်ပြောင်းလဲဖို့အတွက် ဒေါက်တိုင် ၆ တိုင်ရှိတယ်ဆိုပြီး ထောက်ပြထားပါတယ်။
(အာဏာရှင်တွေ နိုင်ငံရေးအင်အား ရှိ မရှိ ဆိုခြင်းအပေါ် Gene Sharp ပြောတဲ့ အခါ အာဏာဒေါက်တိုင် ခြောက်ချောင်း အပေါ်မူတည်တာကို တွေ့နိုင်ပါတယ်။
(၁) အာဏာကိုင်စွဲ အုပ်ချုပ်ခွင့်ရှိခြင်း - လူထုက အာဏာရှင် အဖွဲ့အစည်းဟာ တရားဝင် ဖြစ်တယ်၊ ဒါ့ကြောင့် အာဏာရှင်တွေ ချမှတ်တဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေနဲ့အညီ နေထိုင်မယ်လို့ လက်ခံလိုက်ခြင်း၊
(၂) လူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာရှိခြင်း - အာဏာရှင်စနစ် အောက်မှာ နာခံမယ့်၊ ပူးပေါင်းမယ့်၊ ကူညီမယ့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ အင်အား ကောင်းသလား၊ ဩဇာ ရှိကြသလား၊ နာမည်ကောင်းရှိသလား၊
(၃) အာဏာရှင် အဖွဲ့အစည်းရဲ့ အသိပညာနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိခြင်း - အာဏာရှင် အဖွဲ့အစည်းဟာ နည်းနာ ကြွယ်ဝပြီး လုပ်ငန်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံ ဆောင်ရွက်ခြင်း၊
(၄) ရုပ်ဝတ္ထုပစ္စည်းများ ရင်းမြစ်များ လုံလောက်စွာ ရှိခြင်း - သဘာဝ သယံဇာတ၊ ငွေကြေး အရင်းအမြစ်၊ စီးပွားရေးစနစ်၊ ပို့ဆောင် ဆက်သွယ်ရေး စနစ်တွေ အပေါ်မှာ အာဏာရှင်က ဘယ်လောက် ထိန်းချုပ်နိုင်မှု ရှိသလဲ၊
(၅) လူထု ယုံကြည်ချက် ပျက်သွားစေမယ့် အကြောင်းများ - လူထုက အာဏာရှင်ကို ကြောက်ပြီး ယုံကြည်ချက် ပျက်သွားမယ့်၊ ဘက်ပြောင်း သွားစေနိုင်မယ့် အကြောင်းများရှိသလား၊
(၆) ဖိနှိပ်အရေးယူ ဆောင်ရွက်ခြင်း - အကြမ်းမဖက် လှုပ်ရှားမှုတွေကို အာဏာရှင်က ခြိမ်းခြောက်ခြင်း၊ ထိရောက်အောင် ဖိနှိပ် အရေးယူ နိုင်ခြင်းတွေ လုပ်နိုင်စွမ်း ရှိလား စတာတွေပဲ ဖြစ်ပါတယ်။)
Myanmar ISP ကတော့ ပြည်သူတွေက ၁ ကနေ ၄ အထိကို ဆောင်ရွက်နိုင်လိုက်ပြီတဲ့။ လူထုက စစ်တပ်ကို အသိအမှတ်မပြုဘူး။ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူး။ စစ်တပ်မှာ အသိပညာကျွမ်းကျင်မှု မတည်ဆောက်နိုင်ဘူး။ အရင်းအမြစ်များစွာဟာ ဖြတ်တောက်ခံနေရတယ်။ နောက်ဆုံး ၂ ချက် - ပြည်သူတွေမှာ စိတ်ပြောင်းသွားတာ ရှိမရှိနဲ့ စစ်အုပ်စုဖိနှိပ်မှု ထိရောက်ခြင်းဆိုတာကတော့ ခုချိန်မှာ ပြည်သူလူထုဘက်က ကြံ့ကြံ့ခံထားနိုင်ဆဲ ဆိုနိုင်ပါတယ်။
မြန်မာစစ်တပ်က ပုဂ္ဂလိကဘဏ်တွေကို ဆက်ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ကျောင်းတွေကိုလည်း ၁နှစ် ၂တန်းနှုန်းဖွင့်မယ်လို့ အသံပေးပြန်ပါတယ်။ ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ မက်လုံးတွေ ပေးပါတယ်။ လူထုကတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ လူမျိုးပေါင်းစုံကို ကိုယ်စားပြုတဲ့ အစိုးရနဲ့ တပ်မတော်ကိုပဲ ခိုင်ခိုင်မာမာတောင်းဆိုနေတာ တွေ့ရပါတယ်။ CRPH က မဖော်ဆောင်နိုင်ရင်တောင် ပြည်သူလူထုကတော့ ပြည်သူလူထုအင်အားနဲ့ စိတ်ဓာတ်နဲ့ ရအောင်ဖော်ဆောင်မှသာ စစ်အာဏာရှင်တွေ အမြစ်ပြတ်တဲ့ တိုင်းပြည်ဖြစ်မယ်ဆိုတာ အမြင်ရှင်းသွားပြီ ဖြစ်ပါတယ်။
တပ်မတော်အာဏာသိမ်းပြီး ရက်အလိုက်မြင်ကွင်းတွေ ရေးထားတာ ၅၂ ရက် မြောက်ပါပြီ။ မောင်စွမ်းရည်က မိုးမခကလူတွေက တပ်မတော် ဆိုပြီး သုံးနေတုန်းပဲလားဆိုပြီး ဝေဖန်ပါတယ်။ သည်တော့ တပ်မတော်အာဏာသိမ်းပြီးမြင်ကွင်းတွေကို ခေါင်းစဉ်ပြောင်းပြီးတော့ စစ်တပ်အာဏာသိမ်းပြီးမြင်ကွင်းအဖြစ် ရေးသားပါ့မယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar