မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၇ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၇ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၉၊ ၂၀၂၁ယနေ့ကျဆုံးသူပေါင်း - ၁၄
ရန်ကုန် ၁၁၊ မြင်းခြံ ၂၊ ပဲခူး ၁။
သပိတ်တိုက်ပွဲမှသည် မြို့ပြပျောက်ကြားတိုက်ပွဲ အသွင်ဆီသို့
သတင်းစာသမားတဦးက ဒီလိုမှတ်ချက်ပေးထားပါတယ်။ စကင်ဒီနေဗီယန်း နိုင်ငံသံအမတ်တွေ ဥရောပ သံအမတ်တွေကတော့ အကြမ်းမဖက်မှုကို ဆက်လက်စွဲကိုင်ဖို့ ပြောကြတယ် ၊ သူတို့က morality high ground နိုင်ငံရေးဝါဒ သဘောလို့ယူဆမိ၊ မြန်မာပြည်က အဲလိုလမ်းကို ဆက်လက်ကိုင်စွဲဖို့ မလွယ်ဘူး၊ စစ်ပဒေသရာဇ်တွေကို တိုက်ကြတာဆိုတော့ ခုအခြေအနေက ခုခံနေကြတဲ့သူတွေကို ဘယ်သူက နိုင်ငံရေးအရ ဦးဆောင်နေလဲ ပြောဖို့ခက်တယ်၊ စီအာရ်ပီအိတ်ချ်လားလို့မေးရင် မဟုတ်ဘူးလို့ပဲပြောရမယ်၊ အင်္ဂလိပ်ကိုလိုနီကျွန်ပြုလို့ ပြန်တွန်းလှန်ကြတဲ့ တိုက်ပွဲအသွင်မျိုးနဲ့ တူသလိုရှိတယ်၊ နယ်ချဲ့ အင်္ဂလိပ်တို့ကို တိုင်းရင်းသားလူမျိုးစုအသီးသီးက ရရာလက်နက် စွဲကိုင်၍ တော်လှန်ခဲ့ကြသည်၊ လက်နက်ခဲယမ်းမီးကျောက် ချင်းမမျှတမှုကြောင့် ဆုံးရှုံးခဲ့ကြသည်ဆိုတဲ့ ငယ်စဥ်က သမိုင်းစာအုပ်ထဲမှာ ကောက်ချက်ချသလို တော့မဖြစ်စေချင်ပါ။
စစ်တပ်က လမ်းပေါ်သပိတ်တိုက်ပွဲဝင်သူတွေကို ရန်သူတွေကို နှိမ်နင်းသလို နှိမ်နင်းနေဆဲ ဖြစ်ပါတယ်။ တောင်ဒဂုံတမြို့တည်းတင် လူ ၁၁ ဦး ကျဆုံးတယ်။ လောင်ခြာတွေ ဗုံးတွေ ပစ်ခွင်းပြီးတော့ လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်ပါတယ်။ ဆန္ဒပြပြည်သူတွေက စစ်တပ်ကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်နေဆဲ ဖြစ်ပါတယ်။ အမှန်တကယ်က အကြမ်းဖက် သတ်ဖြတ်နေတာကို ဆန္ဒပြပြည်သူတွေက ခုခံနေရ ကာကွယ်နေရတာ ဖြစ်ပါတယ်။ ကရင်၊ ကချင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခြေကုပ်ယူထားတဲ့ တော်လှန်ရေးနယ်မြေတွေထဲမှာလည်း မြန်မာစစ်တပ်က လေယာဉ်ပျံတွေ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ကျေးရွာအများအပြား စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကြရပါတယ်။ မြန်မာစစ်တပ်ကတော့ မြို့ကော ကျေးလက်ဒေသတွေကိုပါ စစ်မျက်နှာ အကုန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းကို ပေးပို့ရန် ကြိုးစားတဲ့ ကျည်ဆန်တွေ လက်ပစ်ဗုံးတွေ ထိုင်းနယ်စပ်တဖက်မှာ ဖမ်းမိတယ်လို့ ရှမ်းသံတော်ဆင့်သတင်းစာက ပြောပါတယ်။ မြန်မာပြည်တွင်းမှာ မြို့ပြပျောက်ကြားတိုက်ပွဲတွေ ဖော်ဆောင်နေကြပြီ သို့မဟုတ် ပြင်ဆင်နေကြပြီဆိုတာကတော့ သိသာလာပါပြီ။ မြို့ပြပျောက်ကြားတိုက်ပွဲတွေက သပိတ်တိုက်ပွဲ နဲ့ တွဲပြီး ဖော်ဆောင်မှာ မဟုတ်ဘဲ လျို့ဝှက်စွာ သိးခြား ဖော်ဆောင်ရမှာ ဖြစ်ကြောင်း မြန်မာစစ်တပ်ကို သွေးပျက် တပ်ပျက်လာအောင် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တွဲပြီး တိုက်ခိုက်ကြရမှာ ဖြစ်ကြောင်း အချို့က သဘောထားပေးကြပါတယ်။
မြန်မာစစ်တပ်က အကြမ်းဖက်မှု အရှိန်မြှင့်တာနဲ့အမျှ ပြည်တွင်းပြည်ပက အရပ်သားပြည်သူတွေက CRPH ကို ထောက်ခံမှု မျှော်လင့်မှုတွေ ပိုပြီး မြင့်မားပြင်းထန်လာပါတယ်။ GoFundMe ကို မတ် ၂၉ တရက်တည်းမှာ လူပေါင်း သောင်းချီတိုးပြီး ငွေတွေ လှူကြတယ်။ အခုသတင်းရေးနေချိန်မှာ ဒေါ်လာ ၉ သန်းခန့် ရန်ပုံငွေ ရရှိနေပြီ ဆိုပါတယ်။ ပြည်ပက လှူရုံတင်မကဘူး၊ ပြည်တွင်းကလည်း တဆင့်ခံဝန်ဆောင်မှုတွေကနေ ဒေါ်လာတွေ ပေးပို့လှူဒါန်းကြပါတယ်။ တချို့က ပြည်တွင်းကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေကို ပြည်ပကို တဆင့်ပို့ပြီး လှူစရာလားလို့ ဝေဖန်ကြသလို၊ တချို့ကလည်း ဒါက ငွေလှူတာချည်းသက်သက်မဟုတ်ဘူး။ လူတွေက Moral Protest လုပ်နေကြတာ၊ စိတ်အား ငွေအားတွဲပြီး ဆန္ဒပြနေကြတာလို့ မှတ်ချက်ပေးပါတယ်။ တချို့ကတော့ ဒါဟာ CRPH အတွက်၊ တိုင်းရင်းသားတွေအတွက်၊ ပြီးတော့ Federal Army ကြီးအတွက် ရည်မှန်းပြီး လှူနေကြတာဖြစ်တယ်လို့ သဘောထားပေးပါတယ်။ မည်သို့ပင်ဖြစ်စေ အခုချိန်မှာ CRPH က ဒီလိုလူထု၏ ထောက်ခံပြသမှုတွေကို ငွေကြေးလှူဒါန်းမှုတွေကို သဘောထား တစုံတရာ ပြောဆိုအသိအမှတ်ပြုဖို့ ထုတ်ပြန်ပေးဖို့ လိုမယ်လို့ ဆိုချင်ပါတယ်။
ပြည်တွင်း ပြည်ပမှာ မြန်မာ့အရေးလှုပ်ရှားသူ ကျွမ်းကျင်သူ စိတ်ဝင်စားသူ လူအသီးသီး အဖွဲ့အသီးသီး ကွန်မြူနီတီအသီးသိးက ဆွေးနွေးပွဲတွေ တိုင်ပင်ပွဲတွေ လုပ်လာကြပါတယ်။ CRPH နဲ့သာမက တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေး တိုင်ပင်ကြတာတွေ လုပ်ကြပါတယ်။ အဲသည်လို လုပ်ပြီး ဆွေးနွေးလာကြတဲ့အတွက် ကျယ်ပြန့်သော သဘောထား အမြင် အကြံပြုချက် စဉ်းစားစရာ လုပ်စရာတွေ ပေါ်ပေါက်လာကြပါတယ်။ အချင်းချင်းတွေကြားမှာ နားလည်မှု ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေ ရကြတာတွေလည်း ရှိပါတယ်။ ဝေဖန်ထောက်ပြတာတွေလည်း ထွက်လာပါတယ်။
ဥပမာ - ဆန်ဖရန်စစ္စကိုဘေးဧရိယာအခြေပြု လှုပ်ရှားသူအသီးသီးက CRPH Support Community Meeting လေး စလုပ်ပြီးနောက် အခြားပြည်နယ်တွေက လက်လှမ်းမီရာ အစုအဖွဲ့တွေ ကွန်မြူနီတီလှုပ်ရှားသူတွေနဲ့ ထပ်မံနှီးနှောပွဲတခု လုပ်ဖြစ်ပါတယ်။ အဲသည်က အများအကြံပေးကြ ဝေမျှကြတဲ့ထဲမှာ NLD တာဝန်ခံတဦးအဖြစ် ဆောင်ရွက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့်စိုးစကားကို ကိုးကားရရင် လမ်းပေါ်က တိုက်ပွဲဝင်ပြည်သူတွေ၏ တော်လှန်ရေးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတယ်၊ အရှိန်အဟုန်မြင့်နေတယ်။ စစ်တပ်ကလည်း တော်လှန်ရေးကို ပြဌာန်းနေသလို ဖြစ်နေတယ်။ သည်တော့ CRPH က တော်လှန်ရေးနောက်က ဒရွတ်တိုက်လိုက်နေသလို မဖြစ်စေချင်ပါ။ သူ့နောက်ကလိုက်ရတဲ့ ပြည်သူတွေအဖို့ကလည်း ဒရွတ်တိုက်လိုက်ပါနေရသလို မဖြစ်သင့်ပါလို့ ထောက်ပြပါတယ်။ ၈၈ အရေးတော်ပုံတပ်သားတဦးဖြစ်တဲ့ ကိုကျော်သက်ကတော့ နိုင်ငံရေးတွေ အခြေခံဥပဒေတိုက်ပွဲတွေ ဆိုတာထက် CRPH က တော်လှန်ရေးတိုက်ပွဲအဖြစ် ပြတ်ပြတ်တိုက်ဖို့ အကြံပြုပါတယ်။ အမေရိကန်ရှိ တိုင်းရင်းသားအစုအဖွဲ့တွေထဲက ကိုယ်စားလှယ်တွေကလည်း ဝင်ပြီး ဆွေးနွေးကြတော့ သူတို့တွေလည်း အတူတူ ဝိုင်းဝန်းနေကြတာ သူတို့နေရာကနေ ထောက်ခံအားပေးနေကြတာကို သိရပါတယ်။ အဲသည်ဆွေးနွေးပွဲတွေမှာ ပြည်သူတွေက မျော်လင့်ချက် ယုံကြည်ချက် မြင့်မားတယ်၊ အားတက် ရွှင်လန်းနေတာကို တွေ့နိုင်ပါတယ်။
နောက်တနေ့မှာတော့ (မတ်လ ၂၉ည) မှာ CRPH ကိုယ်စား ဒေါ်ဇင်မာအောင်နဲ့ အဲသည်ကွန်မြူနီတီအစုအဖွဲ့လေး တွေ့ဆုံကြတယ်လို့ သိရပါတယ်။ သူတို့အကြံပေး သဘောထားပေးတာတွေကို ဒေါ်ဇင်မာအောင်က ပြန်ကြားပေးပြီး နေ့စဉ်နဲ့အမျှ လက်တွေ့မြေပြင် ပြည်တွင်းမှာ ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ အခြေအနေတွေ စိန်ခေါ်မှုတွေကို အချိန်ယူပြီး ရှင်းပြသွားပါတယ်။ မတ်လကုန်ပြီး ဧပြီလဆန်းတာနဲ့ အမျိုးသားညီညွတ်ရေးကိုယ်စားပြုအစိုးရတရပ်ဖော်ထွန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရန် အခြေခံမူများ (charter) ထုတ်ပြန်နို်ငရေးစသည်ဖြင့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြသွားပါတယ်။ တိုင်းရင်းသားတွေနဲ့ အစုအဖွဲ့ပေါင်းစုံ၊ သပိတ်ကော်မီတီတွေ၊ တိုက်ပွဲဝင်ပြည်သူတွေ အားလုံး ပါဝင်နိုင်ရေး ကိုယ်စားပြုနိုင်ရေး စတာတွေ အရေးပါပုံ အဲသည်အတွက် အက်တီဗစ်စ်လိုမျိုးထက် သံတမန်ဆန်ဆန် သိမ်သိမ်မွေ့မွေ့ ချည်းကပ်ဆောင်ရွက်နေကြောင်း ပြောပြသွားတာဟာ မှတ်သားစရာ ဖြစ်ပါတယ်။ အဲသည်ဆွေးနွေးပွဲက အကြောင်းအရာတွေကို ဆွေးနွေးပွဲတက်သူတွေက မိမိတို့ အစုအဖွဲ့ မိတ်ဆွေတွေကြား ပြန်လည် ရှင်းလင်းတင်ပြဆွေးနွေးနိုင်ကြရင် ပိုပြီး ထိရောက်တဲ့ ခြေလှမ်းတွေ ပေါ်ထွန်းလာမယ် မျော်လင့်မိပါတယ်။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူတွေက အခုချိန်မှာ ကိုယ့်အင်အားကိုယ်အားကိုးပြီး သပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲ၊ CDM Support တွေ လုပ်ဆောင်နေကြပါတယ်။ အဲဒါအပြင် လက်တွေ့ကျတဲ့ ချည်းကပ်မှုအဖြစ် သဘောထားပြီး မြို့ပြပြောက်ကျား တိုက်ပွဲတွေလည်း လူထုခုခံမှုတိုက်ပွဲလက္ခဏာတခုအဖြစ် ပုံဖော်လာမည်လား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒေါက်တာမောင်မောင်သော်ကတော့ အဆိုပါ ကွန်မြူနီတီဆွေးနွေးပွဲမှာ သူ့အတွေ့အကြုံတခု တင်ပြရာမှာ တောင်အာဖရိကမှာ လူမည်းတွေဘက်က လက်နက်တပ်ဆင်မှု ပြင်ဆင်မှုတွေ ရှိလာတဲ့အတွက် လူဖြူအစိုးရဘက်က တဖက်သတ်တိုက်ခိုက်သတ်ဖြတ်အနိုင်ကျင့်မှုတွေ တန့်သွားခဲ့တယ်။ နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးမှု အဖြေရှာမှုတွေ ပေါ်လာတယ်လို့ ပြောဆိုခဲ့ပါကြောင်း။
#MoeMaKaMedia
#WhatsHappeningInMyanmar