Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၈)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၈)
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၉

● လွယ်မော်ကာကွယ်ရေး
အဆိုပါကာလများတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်အတွင်း လွယ်မော်ကာကွယ်ရေးဟုသော အဖွဲ့တခုလည်း ပေါ်ထွက်လာခဲ့သည်။ ရှမ်းပြည်နယ်အတွင် စစ်ဆင်ရေးကို ပြုလုပ်နေသည့် တပ်မတော်သည့် နယ်မြေကျွမ်းကျင်မှု နှင့် သတင်းထောက်လှမ်းရရှိမှု တို့အတွက် နယ်မြေအလိုက် ကာကွယ်ရေး၊ ပြည်သူ့စစ်၊ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့စသည့် အဖွဲ့များ ဖွဲ့စည်းပြီး လက်နက်အချို့ တပ်ဆင်ပေးထားခဲ့ရာ လားရှိုးခရိုင်အတွင်းမှ လွယ်မော်ကာကွယ်ရေးလည်း တဖွဲ့အပါအဝင်ဖြစ်သည်။ လွယ်မော်ဒေသသည်မြောက်ဖက် သိန္နီ-ကွန်လုံကားလမ်း၊ အနောက်ဖက် သိန္နီ-လားရှိုးကားလမ်း ၊တောင်ဖက် လားရှိုး-တန့်ယန်းကားလမ်းနှင့် အရှေ့ဖက် သံလွင်မြစ်ကြားဒေသဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် တပ်မတော် အရှေ့ပိုင်းတိုင်းမှူ း၏ခွင့်ပြု ချက်ဖြင့် ခွန်ဆာ ခေါ် ကျန်ချီးဖူး ခေါင်းဆောင်သည့် လွယ်မော်ကာကွယ်ရေးအား အင်အား ၄၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ SSIA မှ တန်းယန့်အား ၁၉၅၉ ခုနှစ်ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်မှု ပြု လုပ်ခဲ့ရာ တပ်မတော်ကလည်း ရှမ်းလက်နက်ကိုင်များအား တုန့်ပြန်ရန်တွင် အထောက်အကူပြု နိုင်ရန်အတွက်ဖွဲ့စည်းခဲ့သည့် ဒေသခံကာကွယ်ရေးများတွင် တန့်ယန်းမြောက်ဖက်ရှိ လွယ်မော်ကာကွယ်ရေးလည်းတခုအပါအဝင်ဖြစ်ခဲ့သည်။ လွယ်မော်ကာကွယ်ရေး သည် အခြားကာကွယ်ရေးတပ်ဖွဲ့များနည်းတူ တပ်မတော်အတွက် နယ်မြေ အတွင်းသတင်းစုဆောင်းပေးခြင်း၊ လမ်းပြခြင်းစသည်တို့ကို ဆောင်ရွက် ပေးရသည်။ တဖက်တွင်လည်း တပ်မတော်တပ်ဖွဲ့များ လက်လှမ်းမမှီအောင် ကျယ်ပြန့်သည့် နယ်မြေအတွင်း လက်နက်ကိုင်ထားသူများဖြစ်သည့်အား လျော်စွာ လွယ်မော်ကာကွယ်ရေးသည် ၎င်းတို့ လှု ပ်ရှားရာဒေသတွင်း၌ လူထု အား စိုးမိုးချုပ်ကိုင်နိုင်ခဲ့သည်။

တချိန်တည်းတွင် လွယ်မော်ကာကွယ်ရေးတပ်ဖွဲ့သည် ၎င်းတို့တပ်ဖွဲ့အတွက်လည်း စီးပွါးရေးကို လုပ်ဆောင်လာခဲ့သည်။ ထိုစီးပွါးရေးမှာ ဘိန်းရောင်းဝယ်မှု ဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တာမိုးညဲဒေသ၊ ကိုးကန့်ဒေသနှင့် လွယ်မော်ဒေသတို့၌ ဘိန်းအမြောက်များထွက်ရှိသည့်အပြင် သံ လွင်မြစ်အရှေ့ခြမ်းဒေသ ဝ နယ်မှလည်း ဘိန်းအများအပြား ထွက်ရှိသည် ဖြစ်ရာ လွယ်မော်အဖွဲ့သည် ဘိန်အရောင်းအဝယ်လုပ်ငန်းကို ပတ်သက်လာ သည်။ လက်နက်ကိုင်ထားသော လွယ်မော်ကာကွယ်ရေးသည် ဘိန်းအရောင်း အဝယ်လုပ်ငန်း တွင်သာမန် လက်နက်မဲ့ဘိန်းကုန်သည်များအား ထိမ်းချုပ် နိုင်ခဲ့သည်။ ကာကွယ်ရေးအား ဖွဲ့စည်းခွင့်ပေးခဲ့သည့် မြန်မာစစ်ဖက်တာဝန် သရှိသူများသည်လည်း ကာကွယ်ရေးတပ်ဖွဲ့၏ စားဝတ်နေရေးကိစ္စနှင့်လိုအပ် သည့် ရံပုံငွေရရှိစေရန် တရားဝင် မဟုတ်သော်လည်း ဤကိစ္စအား မျက်နှာလွှဲ ထားပုံရသည်။ ထို့ပြင် အစိုးရကို ပုန်ကန်သူများအား တိုက်ခိုက်ရေးကိုသာ အဓိကထားနေပုံရသည်။ တဖက်ကလည်းလမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး တောတောင်ထူထပ်သည့် ဒေသတွင် မြန်မာစစ်ဖက်က ထိမ်းချုပ်ရန် မဖြစ် နိုင်ခဲ့ပေ။

၁၉၆၃ ခုနှစ်တွင် လွယ်မော်ကာကွယ်ရေးသို့ ကူမင်တန်တပ်မှ ကျန်း စုရှင်းနှင့် စဝ်လိုင်စင့် တို့ရောက်လာသည်။ ကျန်းစုရှင်းသည် နောင်တွင် ခွန်ဆာ ၏ လက်ရုံးဖြစ်လာခဲ့သည်။ ခွန်ဆာနှင့်အနီးကပ်နေခဲ့သူ စိုင်းမုခ်က ခွန်ဆာသည် SUA Shan United Army ကို ထိုစဉ်က စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ သို့သော် တရားဝင်ထုတ်ပြန်ချက်များတွင် မတွေ့ရ၍ လျှို့ဝှက်ဖွဲ့ စည်းခဲ့ပုံရ သည်။ သို့သော် လွယ်မော်ဒေသမှ ထိုင်းနှင့် လာအိုတို့အထိ ဘိန်း အရောင်းအ ဝယ်မှများစွာအမြတ်အစွန်းထွက်လာသည့် ခွန်ဆာအဖိ့ု အမျိုး သားရေးအလံ လွှင့်၍ သူ၏လက်နက်ကိုင်တပ်ဖွဲ့ကို ပို၍အင်အားတောင့် တင်းစေရန် ဆောင်ရွက်လာခဲ့သည်။

၁၉၆၄ ခုနှစ် နောက်ပိုင်းတွင် ခွန်ဆာသည် သူ့၏ ဦးလေးတော်သူ စဝ်ခွန်ဆိုင်နှင့် ကျန်စုရှင်း၊ စဝ်လိုင်စင့်တို့အား ထိုင်းနယ်စပ်တွင် အခြေပြု ရန်စတင်စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တွင်းရှိ ဟင်းတက်တွင် စတင်အခြေပြု ခဲ့သည်။ လက်နက်လူသူ စုဆောင်းပြီး နောင် SUAဟုထင်ရှားလာမည့် တပ်ဖွဲ့အား စုစည်းလေ့ကျင့်တည်ထောင်ခဲ့ကြသည်။ တဖက်ကလည်း ထိုင်းနိုင်ငံအတွင် ဘိန်းအရောင်းအဝယ်အတွက် ခြေကုပ်စခန်း
တခု စတင်လိုက်သည်ဟုဆိုရမည်။ ခွန်ဆာအဖွဲ့ စတင်အခြေစိုက်စဉ်ကာလက ဟင်းတက်သည် အိမ်ခြေ ၇ အိမ်ခန့်သာရှိသည့် ရွာလေးဖြစ်သည်။ ထိုစဉ်က ထိုင်းအစိုးရဝန်ကြီးချုပ်မှာ ထနွန်ကာတီကာချွန်ဖြစ်သည်။ ထိုင်းအစိုးရ၏ ပေါ်လစီမှာ နယ်စပ်တွင် လက်နက်ကိုင်သူပုန်များနေထိုင်ခွင့်ပြု ပြီး ကြား ခံနယ်မြေထားသော ပေါ်လစီကိုကျင့်သုံးနေသည့်ကာလဖြစ်သည်။

လွယ်မော်ကာကွယ်ရေးအဖွဲ့၏ ဘိန်းကုန်ကူးမှု တွင် ကမ္ဘာကျော်သည့်အဖြစ်အပျက်တခုသည် ၁၉၆၇ ခုနှစ်အတွင်းဖြစ်အျက်ခဲ့သည်။ ၁၉၆၇ ခုနှစ်ဇူလိုင်လအတွင်း လွယ်မော်ကာကွယ်ရေးအဖွဲ့သည် ဝနှင့်ရှမ်းမြောက်မှ ဘိန်းများအား ဝန်တင်လားများဖြင့် သယ်ဆောင်၍ လွယ်မော်မှ မိုင် ၂၀၀ အကွာတွင်ရှိသော လာအိုနယ်စပ် ဘန်ကွမ့်သို့ထွက်ခွါခဲ့သည်။ အဆိုပါ လွယ်မော်ကာကွယ်ရေးအဖွဲ့တွင် ဘိန်း ၁၆ တန်အားတင်ဆောင်ထားသည့် ဝန်တင်လား အကောင် ၃၀၀ ခန့်နှင့် လားတန်းလုံခြုံ ရေးယူထားသည့် လက်နက်ကိုင်အား ၈၀၀ ခန့်ပါဝင်ခဲ့သည်။ အဆိုပါ များပြားသည့် လက်နက်ကိုင်အင်အားများသည် တပ်မတော်က ထိမ်းချုပ်ထားသည့်နယ်မြေများကို ဖြတ်သန်းလာနိုင်သည်မှာ အံ့သြဘွယ်ဖြစ်သည်။ ထိုစဉ်က အရှေ့မြောက် ကွန်မြူ နစ်များ ဝင်မလာသေးပေ။

လွယ်မော်အဖွဲ့ ဘန်ကွမ့်အရောက်တွင် နောက်ရောင်ခံလိုက်လာသောကူမင်တန်တပ်များ၏ တိုက်ခိုက်ခြင်းကို ခံရသည်။ လွယ်မော်အဖွဲ့ ထိုင်း၊ လာအိုနယ်သို့ ထိုးဖေါက်၍ ဘိန်းအရောင်းအဝယ်လုပ်သည့် အချိန်မှစ၍ နယ်စပ်တလျောက် ဘိန်းအရောင်းအဝယ်လုပ်ငန်းအား ထိမ်းချုပ်ထားသည့် ကူမင်တန်တို့ ပဋိပက္ခများ တိုး၍တိုး၍မြင့်မားလာခဲ့ပေသည်။ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မဲခေါင်မြစ်အား ဖြတ်ကူးလာသည့် လွယ်မော်ကာကွယ်ရေးအဖွဲ့အား ကူမင်တန်တရုပ်ဖြူ အင်အား ၁၀၀၀ ခန့်က ရှေ့ဖက်မှ ဂငယ်ပုံဝိုင်းဝန်းပိတ်ဆိ့ုတိုက်ခိုက်ခဲ့ရာ လွယ်မော်အဖွဲ့လည်း မဲခေါင်မြစ်အားကျောပေး၍ အပြင်းအထန်ခုခံခဲ့ရသည်။

ထိုသို့ လွယ်မော်အဖွဲ့နှင့် ကူမင်တန်တို့ တိုက်ပွဲဖြစ်ပွါးနေသောနေရာသို့လာအိုစစ်တပ်ကလည်း လေထီးတပ်ရင်းစေလွှတ်တိုက်ခိုက်ခဲ့သည့်အပြင် စစ်လေယဉ် ၆ စီးအသုံးပြု ပြီး လွယ်မော်နှင့်တရုတ်ဖြူ ၂ ဖွဲ့လုံးအား လေ ကြောင်းမှတိုက်ခိုက်ခဲ့သည်။ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁ နေ့ထိ ၃ ရက် ၃ ညအပြင်းအထန်တိုက်ခိုက်ခဲ့ကြရာ လွယ်မော်အဖွဲ့ရော ကူမင်တန်တို့ပါ နှစ်ဖက်စလုံး အထိနာခဲ့သည်။ ထို့နောက် လွယ်မော်အဖွဲ့သည် မဲခေါင်မြစ်ကို ဖြတ်၍မြန်မာပြည်ဘက်သို့၎င်း၊ကူမင်တန်အဖွဲ့သည်ထိုင်းနိုင်ငံတွင်းရှိ မယ်ဇလောင်းနှင့် ထမ်ငုတ် တို့သို့ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။ ဤတိုက်ပွဲသည် ရွှေတြိဂံနယ်မြေမှ ဘိန်းစစ်ပွဲအဖြစ် ကမ္ဘာကျော်ခဲ့တော့သည်။

ဤသို့ဖြင့် လွယ်မော်အဖွဲ့နှင့် ခေါင်းဆောင်ဖြစ်သော ခွန်ဆာတို့ တစတစ နံမည်ကြီးလူသိများလာသည့် အပြင် ၁၉၆၉ ခုနှစ်တွင် လွယ်မော်ကာကွယ်အဖွဲ့သည် လူအင်အား ၂၇၂၂ ယောက် ၊ လက်နက်ကိုင်အင်အား ၁၃၀၀ခန့်အထိရှိလာပြီး တန့်ယန်းဒေသအပြင် ရှမ်းအရှေ့ ကျိုင်းတုံဒေသသို့ ချဲ့ထွင်လှုပ်ရှားခဲ့ကြသည်။မူလက အစိုးရအားဆန့်ကျင်သည့် သူပုန်များအားတိုက် ခိုက်ခြင်းနှင့် ကူမင်တန်တရုတ်ဖြူ တို့နှင့်တိုက်ခိုက်ခြင်းများ ပြုလုပ်နေခဲ့သော် လည်း လွယ်မော်အဖွဲ့သည် အင်အားတဖြည်းဖြည်းကြီးထွားလာခြင်း၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIA /SSA တို့အား မတိုက်တော့ ဘဲနားလည်မှု ယူပြီး စီးပွါးရေးကို ဇောင်းပေးလုပ်၍ အင်အားစုဆောင်း လာခြင်း၊ ဘိန်းရောင်းဝယ်မှု ကိစ္စတွင် ကမ္ဘာသိနံမည်ထွက်လာခြင်း စသည့် အကြောင်းများကြောင့် အစိုးရက ၁၉၆၉ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ လက်နက်အပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ခွန်ဆာအား တောင်ကြီးသို့ခေါ်ယူထိမ်းသိမ်းခဲ့သည်။

၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် လွယ်မော်ကာကွယ်ရေးစခန်းများအား တပ်မတော်မှ ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ အချို့ ကျ ဆုံးဖမ်းမိခဲ့ခြင်းများရှိသော်လည်း အများစုမှာ တိမ်းရှောင်၍ အစိုးရအားပြန်လည်ပုန်ကန်ခဲ့ကြသည်။ လွယ်မော်အဖွဲ့အား ခွန်ဆာ၏ သစ္စာရှိလူယုံ ကျန်းစုရှင်းက ခေါင်းဆောင်ပြီး ကျောက်မဲ၊ လားရှို းခရိုင်တောင်ဖက်ခြမ်းဒေသ၊ လွိုင်လင်ခရိုင် ကျေးသီးမန်စံဒေသတို့တွင် ဖြန့်ခွဲလှု ပ်ရှားခဲ့သည်။ လွယ်မော်အဖွဲ့သည် ၁၉၇၂ ခုနှစ်တွင် တန့်ယန်းမြောက်ဖက် နောင်လိုင်တွင် ဌာနချုပ်အခြေ စိုက်ပြီး တပ်ခွဲ ၁၆ ခွဲ အင်အား ၁၅၀၀ ခန့်ဖြင့် ဖြန့်ခွဲလှု ပ်ရှားခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ကျန်းစုရှင်း၏အစီအစဉ်ဖြင့် တောင်ကြီးစဝ်စံထွန်းအစိုးရဆေးရုံတွင် အလုပ်လုပ်နေသော ရုရှားဆရာဝန် ၂ ဦးအား လွယ်မော်အဖွဲ့မှ ပြန်ပေးဆွဲခဲ့သည်။ ထိုရုရှားဆရာဝန် ၂ ဦးအား ထိုင်းနယ်စပ်သို့ အရောက်ခေါ်လာခဲ့ပြီး ခွန်ဆာအား လွှတ်ပေးရန်တောင်းဆိုခဲ့ပြီး ထိုင်းအစိုးရက ကြားလူအဖြစ် စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ သို့နှင့် ၁၉၇၄ ခုနှစ် ဖေဖဝါရီလ၇ ရက် ရှမ်းပြည်နယ်နေ့တွင် ခွန်ဆာအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးထောင်မှ ပြန်လည်လွှတ်ပေးခဲ့ရသည်။ ထို့နောက် ခွန်ဆာလည်း ထိုင်းနိုင်ငံဟင်းတက်သို့ ရောက်ရှိလာပြီး ၎င်း၏တပ်ဖွဲ့ကို ပြန်လည်ကွပ်ကဲခဲ့တော့ သည်။

● အကွဲကွဲအပြားပြား ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့်ရှမ်းအရှေ့
သို့ဖြစ်ရာ ၁၉၇၃ ခုနှစ်ထိ ကြည့်လျင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အကွဲကွဲအပြားပြား ဖြစ်ပေါ်နေသည်ကို တွေ့ရပေသည်။ပထမ နွမ်စစ်ဟန်အဖွဲ့ပေါ်လာသည်။ ၎င်းနွမ်စစ်ဟန်အဖွဲ့မှ SSIA နှင့် SNUFတို့ခွဲထွက်သည်။ ၎င်းပြင် ကျိုင်းတုံဒေသခံ SNA တပ်ဖွဲ့ထပ်မံထွက်ပေါ်လာသည်။ ၁၉၆၄ တွင် နွမ်စစ်ဟန်၊ SSIA/ SNUF တို့ ပူးပေါင်း၍ SSA ဖွဲ့စည်းသည်။ SNA က SSA တွင် ပါဝင်ခြင်းမရှိခဲ့။ ၁၉၆၇ ခုနှစ်တွင် SNA မှ စဝ်ခွန်မြင့်၏ တပ်ဟန်စစ်တိုင်း SSA ခွဲထွက်ပြန်သည်။ တဖန် ၁၉၆၉ ခုနှစ်တွင် SSA မှ SURA ပြန်လည်ခွဲထွက်သည်။ ၁၉၆၉ ခုနှစ်တွင် လွယ်မော်ကာကွယ်ရေးမှ တောခိုပြီး SUA ပေါ်ထွက်လာပြန်သည်။

သို့ဖြစ်ရာ ၁၉၅၈ ခုနှစ် ရှမ်းလက်နက်ကိုင်ပုန်ကန်မှု များစပြီး ၁၅ နှစ် အကြာ ၁၉၇၃ ခုနှစ်တွင် တွေ့မြင်ရသည့် အခြေအနေမှာ ရှမ်းပြည်နယ်အနှံ့တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ ပုန်ကန်ထကြွနေသော်လည်း တစုတစည်းထဲမရှိပေရာ ရှမ်းအမျိုးသားရေးရည်မှန်းချက်ပေါက်မြောက်ရန် မလွယ်ကူသည်ဟုဆိုရပေမည်။ ဤသို့ဖြစ်ရခြင်းမှာ ရှမ်းပြည်နယ်တွင်း၌ ရှမ်းစော်ဘွားများသည် ကိုယ်နယ်သူ့နယ်ဖြင့် အုပ်ချုပ်ခဲ့သည့် အချိန်ကာလ နှစ်ပေါင်း ရာပေါင်းများစွာ ကြာမြင့်ခဲ့ရာ တစုတစည်းတည်းစုစည်း ခေါင်း ဆောင်ရန်စနစ်တခု မတည်ဆောက်နိုင်ခြင်းက အခြေခံဖြစ်ပုံရသည်။ ရှမ်း စော်ဘွားတို့ဖက်ဒရယ်ရှမ်းစတိတ်အနေနှင့် စုစည်းရန်ကြံရွယ်ခဲ့ကြသော် လည်း အကောင်အထည်မပေါ်ခဲ့သည့်အပြင် အစိုးရနှင့် လက်နက်ကိုင်တိုက် ခိုက်ရသည့်အချိန်တွင် ပိုမိုစုစည်းရန် ခက်ခဲသွားပုံရသည်။

ဒုတိယအချက်အနေနှင့် ရှမ်းပြည်နယ်သည် ကျယ်ပြန့်ပြီး တိုင်းရင်းသား လူမျိုးများများပြားပေရာ ထိုတိုင်းရင်းသားများသည် ရှမ်းအမျိုးသားရေးအလံအောက်သို့ မဝင်ကြဘဲ ၎င်းတို့တိုင်းရင်းသားကိုယ်ပိုင်လက္ခဏာဖြင့်ရပ်တည်ရန် ကြို းစားလာခဲ့ရာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များအနေနှင့်ရှမ်းပြည်နယ်မြေအလိုက်ပင် စည်းရုံးသိမ်းသွင်းရန် အကန့်အသတ်များစွာကြုံ တွေ့နေရပြီး ဖြေရှင်းရန် ခက်ခဲနေခဲ့သည်။

တတိယအနေနှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် တပ်ဖွဲ့စည်းရန်လိုအပ်သော ရံပုံငွေနှင့် လက်နက်ခဲယမ်းမီးကျောက် လိုအပ်ချက်ကို ဖြည့်ဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်တွင်း အများအပြားထွက်ရှိသော ဘိန်းရောင်းဝယ်မှု အား မှီခိုအားထားရပေရာ အဆိုပါ ဘိန်းရောင်းဝယ်မှု မှ ရရှိသောအကျ ိုးအမြတ်များကြောင့် ကိုယ်ကျ ို းရှာသူများပေါ်လာခြင်း၊ တပ်ဖွဲ့တွင်းစည်းလုံးမှု ပြို ကွဲပြီး တဗိုလ်တမင်းဖြစ်လာခြင်းတို့ကို ထိမ်းသိမ်းရန် ခက်ခဲလာသည်ကို ကြုံ တွေ့ခဲ့သည်။ တဖက်တွင်လည်း ဘိန်းနှင့်ကိုယ်ကျ ိုးစီးပွါးရှာလိုသူများကလည်း အမျိုးသားရေးအလံလွှင့်၍ ဝင်ရောက်ပါလာမှုများကို ကြုံ လာရပေရာ ရှမ်းတော်လှန်ရေးအတွင်း ရှု ပ်ထွေးမှု များကိုရှောင်လွှဲ၍ မရပေ။

စတုတ္ထအနေနှင့် ထိုင်း၊ လာအို၊ မြန်မာနယ်စပ်တလျောက် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ အထိ အမေရိကန် CIA ၏ တရုတ်ပြည်မကြီးအား ထောက်လှမ်းမှုများအား ရှမ်းပြည်နယ်အရှေ့ပိုင်းအား အသုံးပြု ၍ လုပ်ဆောင်ခြင်း၊ ကူမင်တန်တရုတ်ဖြူ များကလည်း ထိုနယ်စပ်တလျောက် နှစ်ရှည်လများ အခြေချခဲ့ခြင်း၊ ထိုင်းအစိုးရကလည်း ထိုကာလက သူ၏နယ်စပ်တလျောက် ကြားခံနယ်မြေထားသည့်စနစ်ကျင့်သုံးခြင်း၊ ရှမ်းပြည်နယ်မှ ထွက်သမျှ ဘိန်းများအား ပြည်ပသို့ပိ့ုရာတွင် လာအိုနှင့်ထိုင်းနယ်စပ်မှသာ ဖြတ်သန်းပိ့ုဆောင်ရသည်ဖြစ်ရာ ထို နှစ်နိုင်ငံမှ အာဏာပိုင်အချို့ ပါဝင်ပတ်သက်ခြင်း၊ ဘိန်းကုန်သည်များနှင့် ဆက်နွယ်ပတ်သက်ခြင်းတို့ကို ရှမ်းအရှေ့ နယ်စပ်တလျောက်ရှောင်လွှဲ၍ မရပေ။ သို့ဖြစ်ရာ အဆိုပါရှုပ်ထွေးသော ပတ်သက်မှု များသည်ရှမ်းလက်နက်ကိုင်အဖွဲ့များအပေါ် အနည်းနှင့်အများ ဂယက်ရိုက်မှု ခံရသည်။

ဤသို့သော အကြောင်းအချက်များအောက်တွင် ၁၉၅၈ မှ စတင်ခဲ့သည့်ရှမ်းလက်နက်ကိုင်ပုန်ကန်မှု သည် ၁၅ နှစ်ကြာသည့်ကာလအထိ အကွဲကွဲ အပြားပြားနှင့် ခက်ခဲစွာရုန်းကန်နေရဆဲဟုဆိုရပါမည်။ ၁၉၆၈ ခုနှစ်မှစ၍အရှေ့မြောက်၌ အခြေစိုက်လာပြီး အင်အားတစထက်တစ ကောင်းလာသောကွန်မြူ နစ်များကလည်း နောက်ပိုင်းတွင် ရှမ်းလက်နက်ကိုင်များကြား သဘောထားကွဲလွဲမှု အသစ်ကို ဖြစ်စေခဲ့ပေသည်။

မည်သို့ပင် အဖွဲ့များကွဲပြားသည်ဖြစ်စေ ရှမ်းလက်နက်ကိုင်အဖွဲ့အားလုံးလိုလို စတင်ဖွဲ့စည်းရာ အခြေစိုက်ရာသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဖြစ်ခဲ့သည်ကို တွေ့ရသည်။ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများအတွက် လက်နက် နှင့် ဘဏ္ဏာရရှိရေးအတွက်သာမက နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းလည်း ဖြစ်ပေရာ ရှမ်းအရှေ့သည် အရေးပါသောဒေသဖြစ်ခဲ့သည်။ နောက်ပိုင်းကာလများတွင် ကွန်မြူ နစ်များနှင့်ပေါင်းရေး မပေါင်းရေးသဘောထားကွဲသောအခါ ကွန်မြူ ဆန့်ကျင်သည့် ရှမ်းလက်နက်ကိုင်များသည် ရှမ်းအရှေ့အား ပို၍ အားပြု လာပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး