ရွှေခလောက် - နွေဦးတောကြောင်များ
(မိုးမခ) မေ ၂၉၊ ၂၀၂၂
အခုမေလထဲမှာ နွေဦးတော်လှန်ရေးရှေ့ဆက်လမ်းအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကျယ်ကျယ်လောင်လောင်အသံတွေထွက်ပေါ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မပူးပေါင်းရသေးတဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက် ကိုင်တွေ၊ တိုင်းရင်းသားပါတီတွေ၊ လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံတကာ၊ စစ်ဘေးသင့်ပြည်သူတွေ၊ CDM ဝန်ထမ်းတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ပရဟိတသမားတွေနဲ့ အလှူရှင်တွေက ရှေ့ဆက်လမ်းအတွက် မေးခွန်းထုတ်ရာကနေ ရင့်သီးတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတာတွေအထိရှိလာခဲ့ပါတယ်။
၁။ NUG နဲ့ မပူးပေါင်းရသေးတဲ့ PDF တွေ
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေက လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ခဲ့တာကို ဝါရင့်နိုင်ငံရေး သမားတချို့ စိုးရိမ်မှုတွေရှိခဲ့ပေမယ့် စစ်တပ်ရဲ့လုပ်ရပ်တွေက ဒီလိုဖြစ်အောင်တွန်းပို့ခဲ့တာဖြစ်တဲ့အတွက် ဝေဖန်ဖို့ကြပ်တည်းခဲ့ပါတယ်။ NUG ရဲ့မှတ်တမ်းတွေအရ နိုင်ငံတဝှမ်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိနေပြီး NUG နဲ့မပူးပေါင်းရသေးတဲ့အဖွဲ့ပေါင်း ၄၀၀ ဝန်းကျင်အထိရှိနေပါတယ်။ အာဏာသိမ်းပြီး ၁၅လ အကြာမှာတော့ PDF တွေက စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို တုံ့ပြန်နိုင်စွမ်းရှိလာပါတယ်။ တုံ့ပြန်နိုင်စွမ်းရှိလာတာနဲ့အတူ အားကောင်းလာတဲ့အဖွဲ့တွေမှာ ကိုယ်ပိုင်ဆန္ဒတွေလည်းရှိလာပါတယ်။ အကူအညီလိုအပ်ချိန်မှာ အပြည့်အဝအကူအညီမပေးနိုင်ခဲ့တဲ့အတွက် တုံ့ပြန်နိုင်ချိန်အရောက်မှာ သူတို့သဘောမတွေ့တဲ့ NUG ရဲ့လုပ်ငန်းစီမံဆောင်ရွက်ပုံတွေကို မေးခွန်းထုတ်လာကြပါတယ်။ ဒီအခြေအနေမှာ တကွဲတပြားဖြစ်ပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လွယ်လင့်တကူပြန်ဖြစ်နိုင်ပါ့မလားဆိုပြီး ပြည်သူတွေဟာ စိုးရိမ်မှုမြင့်တက်လာပါတယ်။
တော်လှန်ရေးဖြစ်စဉ်သမိုင်းတွေအရ ဒီလိုဖြစ်စဉ်တွေဟာ သမရိုးကျသဘာဝပဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင် စစ်တပ်ရဲ့အရှိန်အဝါလျော့ကျလာတာကြောင့် တော်လှန်ရေးသမားတွေအကြားမှာ ရှေ့ဆက်မယ့်လမ်းအတွက် မကြေလည်မှုတွေကို ဆွေးနွေးဖို့ဖြစ်လာတာလို့ သုံးသပ်ကြပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် ပေါ့ဆလို့မရဘဲ စနစ်တကျ ညီညီညွတ်ညွတ်ဖြစ်အောင် စိတ်ရှည်ရှည်နဲ့ NUG က ကိုင်တွယ်နိုင်ဖို့တော့လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
"တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုအတွင်းမှာ သဘာဝကျတဲ့ကိစ္စတွေပါပဲလို့ ကျွန်တော်မြင်တယ်။ အားလုံးညီညီညွတ်ညွတ်ဖြစ်လာဖို့ဆိုတာ အချိန်တခုဖြတ်သန်းရမယ့်အနေအထားဖြစ်ပါတယ်။ အဲ့ဒီအနေအထားတွေ ပိုပြီးမဆိုးရွားအောင် ကိစ္စတခုချင်းမှာတော့ NUG က စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ စည်းမျည်းစည်းကမ်း ချမှတ်တာတွေ တတ်နိုင်သလောက်လုပ်နေသော်ငြားလည်း သောင်းပြောင်းစိတ်ခံစားမှုနဲ့ ကိုယ့်ဒေသမှာ ကိုယ့်ဘာသာလုပ်ကိုင်ထားတဲ့အဖွဲ့အစည်းတွေကလည်းရှိနေတဲ့အခါမှာ အဖွဲ့ ၄၀၀ အတွင်းမှာ ပြဿနာကတော့ ၄၀၀ မကပေါ်နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ မြင့်မားလာတာနဲ့အမျှ စစ်ကောင်စီရဲ့လုံခြုံရေးအင်အားစုတွေနဲ့တိုက်နေတဲ့တိုက်ပွဲတွေအတွင်းမှာ တဖြေးဖြေးချင်း NUG က ဖွဲ့စည်းထားတဲ့ စီမံကွပ်ကဲရေးအဖွဲ့က ထိန်းသိမ်းချုပ်ကိုင်သွားလိမ့်မယ်လို့ ယူဆပါတယ်။ လတ်တလောမှာတော့ အဲ့ဒီလိုအနေအထားတွေရှိနိုင်တယ်။ ဆက်ရှိနေဦးမယ်။ ကာလတစ်ခုအထိတော့ရှိနေမယ်လို့ ယူဆတဲ့အကြောင်းပြောချင်ပါတယ်။" လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် ဆိုပါတယ်။
၂။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားပါတီတွေ
NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားပါတီတွေရဲ့မကြေလည်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန် NLD အာဏာရခဲ့တဲ့အချိန်မှာ စတင်ခဲ့တဲ့ မီးစဖြစ်ပါတယ်။ NLD က စစ်တပ်နဲ့ရင်ကြားစေ့ရေးကို အားစိုက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးမှာတော့ အားနည်းခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)နဲ့ ဆွေးနွေးပွဲတွေအကြိမ်ကြိမ်ကျင်းပခဲ့ပေမယ့် NLD လက်ထက်မှာ ငြိမ်းချမ်းရေးဟာ ရှေ့မရောက်ခဲ့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ မဟာမိတ်ဖြစ်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) နဲ့ဆက်ဆံရေးဝေးကွာခဲ့တာဟာ တိုင်းရင်းသားပါတီတွေနဲ့ NLD အကြား နိုင်ငံရေးအရ နားမလည်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ NLD က စစ်တပ်နဲ့ရင်ကြားစေ့ဖို့ကြိုးစားတာဟာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာဟာ တိုင်းရင်းသားတွေဘက်က ထောက်ပြစရာဖြစ်လာတာပါ။
စစ်အာဏာသိမ်းချိန်မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီမှာအရေးပါတဲ့ခေါင်းဆောင်အားလုံးနီးပါးကို စစ်ကောင်စီက နာရီပိုင်းအတွင်းမှာ ထိန်းသိမ်းခဲ့ပါတယ်။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေ အနေမှာ NLD မှာ ပါတီကိုဦးဆောင်မယ့်သူမရှိတော့သလို ပြည်သူကိုစည်းရုံးနိုင်စွမ်း ပျောက်ဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် ကာကွယ်ရေးနဲ့လုံခြုံရေးအစီအစဉ်တွေမရှိခဲ့တဲ့ ခေါင်း ဆောင်တွေကို NLD အမတ်တချို့ကိုယ်တိုင်က ဝေဖန်တာတွေရှိခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့တင်သွင်းမှုအပေါ်အခြေခံပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ဧပြီလမှာ ဖွဲ့စည်းနိုင်ခဲ့ပေမယ့် NLD ပါတီကိုကိုယ်စားပြုပြီး မူဝါဒတွေကို တိတိပပပြောနိုင်မယ့်သူ ဒီနေ့အထိပေါ်မလာခဲ့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့လိုလားတဲ့ တန်းတူညီမျှရေးနဲ့ဖက်ဒရယ်မူကိုကိုင်စွဲညှိနှိုင်းပေမယ့် NLD ဘက်က ရှေ့ဆက်ဖို့အတွက် စု၊ ရွေး၊ လွှတ်လမ်းကို ဆက်ကိုင်ထားမယ့်သဘောမျိုးဖြစ်နေတဲ့အတွက် မကြေလည်မှုတွေဟာ လူသိရှင်ကြားဖြစ်လာတာပါ။
ဒီအခြေအနေတွေဟာ နိုင်ငံရေးစနစ်တစ်ခုအတွက် လိုချင်တဲ့ပုံစံကို အပြိုင်တင်သွင်းညှိနှိုင်းကြတာဖြစ်ပြီး ကြားကာလအလွန် တော်လှန်ရေးအောင်ချိန်မှာ ပြည်သူကသာ အဆုံးအဖြတ်ပေးရမယ့်ကိစ္စ ဖြစ်ပါတယ်။ လတ်တလောမှာ ဘက်အသီးသီးကအစုအဖွဲ့တွေအနေနဲ့ ဒုက္ခဖြစ်နေတဲ့ပြည်သူတွေကို ထိထိရောက်ရောက်အကူအညီပေးဖို့ ကြိုးစားပြီး ပြည်သူကိုစည်းရုံးတာက နည်းလမ်းမှန်ပိုဖြစ်နိုင်တယ်လို့ ချင်းဒေသခံတော်လှန်ရေးလူငယ်တစ်ယောက်က သုံးသပ်ပါတယ်။
"အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာပြည်သူလူထုနဲ့ပူးပေါင်းထားနိုင်တယ်ဆိုရင် နောက်ကျရင် ပြည်သူတွေကပဲ PDF၊ CDF တွေကို ပြန်ဆွဲခေါ်ထားနိုင်မှာ။ PDF၊ CDF တွေကို လက်နက်ကိုင်တွေကိုယ်တိုင်က မထောက်ခံတော့ဘူးဆိုရင် ပြည်သူတွေရဲ့အကျိုးစီးပွားကို မကာကွယ်တော့ဘူးဆိုရင် ပြည်သူတွေက အားလုံးကို အမြင်ကပ်သွားပြီဆိုရင် ကျွန်တော်တို့သည်အမှားဖြစ်သွားပြီ။ အုပ်ချုပ်ရေးပိုင်းကသော်လည်းကောင်း လူမှုဆက်ဆံရေးအပိုင်းအရသော်လည်းကောင်း ပြည်သူကိုပြန်စုစည်းထားနိုင်တယ်။ ကြားကာလ တော်လှန် ရေးအလွန်မှာ ပြန်လည်တည်ဆောက်ရေးကိုမသွားနိုင်ခင်မှာ မင်းမဲ့စရိုက်ကိုထိုးကျမသွားအောင် တည်ငြိမ်မှုနဲ့သွားရမယ်။ တော်လှန်ရေးကိုကြည့်ရင် အရှိန်အဟုန်နဲ့သွားနေတယ်။ ဒါပေမယ့် တောမီးလောင် တောကြောင်လက်ခမောင်း ခတ်တာကြောင့် မင်းမဲ့စရိုက်အချိန်ကို အချိန်မရွေးရောက်သွားနိုင်တယ်။ ပညာရေး၊ ကျန်းမာ ရေး၊ စားနပ်ရိက္ခာအရ ကူညီရင်းနဲ့ ပြည်သူကိုစုစည်းထားနိုင်ဖို့လိုမယ်ထင်ပါတယ်။" လို့ ချင်းဒေသခံတော်လှန်ရေးလူငယ်တယောက်က ဆိုပါတယ်။
၃။ NUG၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ
၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်မတိုင်ခင် နှစ်ပိုင်းအတွင်းမှာ ပြောရဲဆိုရဲရှိတဲ့လူငယ်အဖွဲ့တွေပေါ်ပေါက်လာပြီး နိုင်ငံ တကာ(အထူးသဖြင့်အနောက်နိုင်ငံတွေ) ရဲ့ပံ့ပိုးမှုကြောင့် သူတို့ဟာ အချိန်တိုအတွင်းမှာ အားကောင်းလာကြပါတယ်။ လူငယ်အဖွဲ့တွေက လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး၊ ဘာသာရေး စသဖြင့်လွတ်လပ်ပွင့်လင်းတဲ့အမြင်တွေကို ဒီမိုကရေစီနဲ့အတူ မြန်မာနိုင်ငံထဲကို သယ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တပ်ကကာလရှည် မူဝါဒမှိုင်းတိုက်ခဲ့တာကြောင့် ကောင်းမွန်တဲ့ရလဒ်ထက် အငြင်းပွားစရာရလဒ်တွေ ပိုပြီးဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာလူမျိုးရေးနဲ့ ဘာသာရေးဟာ ဦးသိန်းစိန်လက်ထက်မှာ မဘသတွေကြောင့် ပဋိပက္ခအသွင်အထိဆောင်ခဲ့ပြီး NLD လက်ထက်မှာလည်းမဖြေရှင်းနိုင်တဲ့ ချည်ငင်ဖြစ်ခဲ့ပါတယ်။ သည်ဟေ့မြို့က ICJ တရားရုံးအထိ စစ်ခေါင်းဆောင်တွေကိုအကာအကွယ်သွားပေးခဲ့တဲ့ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးသမားတွေနဲ့ ရပ်တည်ချက်ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးအကြမ်းဖက်လုပ်ရပ်တွေလုပ်လာတဲ့အခါ NLD ကို လူ့အခွင့်အရေးသမားတွေရဲ့အကြောင်းပြထိုးနှက်ချင်စရာအကောင်းဆုံးအချက်ဟာ ရိုဟင်ဂျာအရေးဖြစ်ခဲ့ပါတယ်။ ၂၀၂၁ မေလ ၃ရက်နေ့မှာ NUG က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး ရိုဟင်ဂျာအရေးကိုအရင်ဆုံးကိုင်တွယ်ခဲ့ပေမယ့် မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးသမားတွေနဲ့ မွတ်စလင်တွေဆီက ယုံကြည်မှုကို အပြည့်အဝမရနိုင်တော့ပါဘူး။ လက်ရှိအချိန်အထိမြေပြင်မှာ ဒုက္ခတွေ့နေတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့အကူအညီတွေမပေးနိုင်ခဲ့တဲ့အတွက်လည်း NUG နဲ့ NLD ရဲ့ ရှေ့ဆက်မူဝါဒအပေါ် မေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့အကူအညီတွေကိုလက်ခံရယူချင်တယ်ဆိုရင် အစိုးရတရပ်ဟာ နိုင်ငံတကာက လက်ခံကျင့်သုံးတဲ့ လူ့အခွင့်အရေးဆိုင်ရာမူဝါနဲ့နဲ့လမ်းစဉ်တွေကို အမှန်တကယ်လေးစားလိုက်နာကျင့်သုံးဖို့လိုတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာ့အရေးနဲ့ ယူကရိန်းအရေးကို နှိုင်းယှဉ်ကြည့်လိုက်ရင် နိုင်ငံ တကာရဲ့အာရုံစိုက်မှုနဲ့ အကူအညီပေးမှုတွေ သိသိသာသာကွာဟခဲ့တာဟာ ဒီအကြောင်းအချက်တွေအပေါ်အခြေခံတာမျိုး ဖြစ်နိုင်ပါတယ်။ အာဏာသိမ်းပြီး အချိန် ၁၅ လနီးပါးကြာချိန်ရောက်မှ NUG နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ အခွင့်အရေးရခဲ့တာပါ။ စစ်ကောင်စီထက် မျက်နှာသာ ပေးခံခဲ့ရတယ်ဆိုပေမယ့် NUG နိုင်ငံခြားရေးဝန်ကြီးဟာ အစည်းအဝေးကို အလွတ်သဘောသာ တက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
"အမေရိကန်နိုင်ငံက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတာဟာ မိတ်မပျက်ရုံ သဏ္ဍာန်အဆင့်လောက်ပဲရှိနေသေးတယ်။ ယူကရိန်းကို ဒေါ်လာဘီလီယံ ၄၀ လောက်ပံ့ပိုးခဲ့ပေမယ့် အာဆီယံ၁၀နိုင်ငံစလုံးကို ထောက်ပံ့တဲ့ငွေကြေးပမာဏဟာ ဒေါ်လာသန်း ၁၅၀ ပဲရှိခဲ့တယ်" လို့ တရုတ်နိုင်ငံရောက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။
၄။ မေးခွန်းထုတ်လာတဲ့ စစ်ဘေးသင့်ပြည်သူတွေ၊ CDM တွေ၊ ပရသမားတွေနဲ့ အလှူရှင်တွေ
NUG အစိုးရဟာ အဆိုးဆုံးဖိအားပေးခံခဲ့ရတဲ့ စစ်ကိုင်း၊ ချင်း၊ မကွေးနဲ့ ကရင်နီဒေသတွေက စစ်ဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့အကူအညီမပေးနိုင်ခဲ့တဲ့အတွက် ပြည်သူတွေ၊ ပရဟိတသမားတွေနဲ့ အလှူရှင်တွေရဲ့မေးခွန်းထုတ်တာတွေကို ဆက်တိုက်ရင်ဆိုင်နေရပေမယ့် မီဒီယာစာမျက်နှာတွေကနေတဆင့် တိတိပပရှင်းလင်းပေးတာမျိုးမရှိခဲ့ပါဘူး။ လနဲ့ချီကြာမြင့်လာတဲ့အထိ ဘာဖြစ်ရင်ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်စီစဉ်တာမျိုးမရှိသေးတာ (သို့မဟုတ်) ဝင်ငွေနည်းနေတာ (သို့မဟုတ်) မရှင်းပြတာတွေကြောင့် မေးခွန်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
အရပ်ဖက်အဖွဲ့တွေ အချင်းချင်းကြားထဲမှာလည်း နားလည်မှုလွဲတာတွေရှိနေပြီး ဒီအခြေအနေကို "အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာလည်း အကွဲအပြဲဇာတ်လမ်းတွေစတော့မယ်။ ငါတို့က ပြည်တွင်းမှာနေတာမို့ အခြေအနေပိုသိတယ်ဆိုပြီး တမူးပိုရှုကြဦးမယ်။ ၂၀၁၀ မတိုင်ခင်အခြေအနေမျိုး အတွင်းအပြင် ကွဲကြဦးမယ်" လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Synergy အဖွဲ့ရဲ့ ဒါရိုက်တာ ကိုသက်ဆွေဝင်းက လူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
CDM သမားတွေကတော့ အချိန် ၁၅ လကြာ ခက်ခက်ခဲခဲရှင်သန်ရပ်တည်နေရတဲ့အတွက် အကူအညီတွေကိုမျှော်လင့်နေတာပါ။ မျှော်လင့်တယ်ဆိုပေမယ့် အထောက်အပံ့တွေမရလည်း CDM လမ်းကြောင်းကနေ မပြောင်းဘူးလို့ စစ်ကိုင်းဒေသတွင်း CDM တွေက ပြောထားပါတယ်။
၅။ NUG PDF နဲ့ Local PDF
မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေထဲမှာ PDF တွေအချင်းချင်းကြားထဲဖြစ်ပေါ်နေတဲ့မကြေလည်မှုတွေကလည်း ပြည်သူတွေကို စိတ်မလုံခြုံမှုဖြစ်စေခဲ့ပါတယ်။ စစ်တပ်ကအကြမ်းဖက်မှာကိုကြောက်ရသလို PDF အချင်းချင်းမကြေလည်ရာကနေ(သို့မဟုတ်) ပုဂ္ဂိုလ်ရေးမကျေနပ်မှုကို ဒလန်လို့စွပ်စွဲပြီးသတ်ဖြတ်မှုတွေရှိနေတာတွေကို NUG ဆီတင်ပြပေမယ့် အရေးယူမှု(သို့မဟုတ်) ဖြေရှင်းချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးတာက ပြည်သူတွေရဲ့စိတ်ကို သို့လော သို့လော ဖြစ်စေပါတယ်။
"နိုင်ငံရေးအရ ဦးဆောင်နိုင်မှုအခန်းကဏ္ဍအားနည်းနေတယ်လို့ပဲသုံးသပ်ပါတယ်ဗျ။ နိုင်ငံရေးယုံကြည်ချက်ကနေ မာမာချာချာမရှိဘဲ အားနည်းရတဲ့အခါ ငါတို့ဘာလို့လက်နက်ကိုင်ရသလဲဆိုတဲ့ဟာက တဖြေးဖြေးနဲ့ဝေဝါးလာတဲ့ အနေအထားလေးတွေတော့ တွေ့ရတယ်။ အရာအားလုံးက PDF အချင်းချင်းဖြစ်တဲ့ပြဿနာတော့မဟုတ်ဘူးဗျ။ စစ်ကောင်စီဘက်ကနေ PDF အသွင်ယူပြီးတော့ မီးမွှေးနေတာတွေလည်းရှိတယ်။ စစ်ကိုင်းတိုင်းက တော်လှန်ရေးမှာ အားအကောင်းဆုံး၊ သို့သော် ငြားလည်း စုစည်းနိုင်မှုကတော့ အားနည်းနေသေးတယ်။ ဘယ်လိုပုံစံနဲ့စုစည်းလို့ရမလဲဆိုတာကိုတော့ ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းတိုင်ပင်ကြဖို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။" လို့ မုံရွာဒေသခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။
၆။ တောကြောင်နဲ့ ကျီးအာသီး
အပေါ်မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ ဖြစ်စဉ်တွေကို မှတ်တမ်းသဘော အရပ်သားပြည်သူတွေကိုတင်ပြခဲ့တာဖြစ်ပါတယ်။ (ကျွမ်းကျင်သူများကို မရည်ရွယ်ပါ။) ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်အရ ပြဿနာတွေနဲ့အငြင်းပွားမှုတွေကို ခြုံပြောရရင် ဆန္ဒနဲ့ အကျိုးစီးပွားရေးရာတွေကို ညှိနှိုင်းဖို့ခက်ခဲနေတာဖြစ်ပါတယ်။ ဒုက္ခဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေကို ကူညီရေးထက် အနာဂါတ်ပါဝါအတွက် မူဝါဒရေးရာသွတ်သွင်းချင်စိတ်အပေါ် အာရုံရောက်နေကြတဲ့သဘောလို့မြင်ပါတယ်။ အစုအဖွဲ့အချင်းချင်း၊ လူပုဂ္ဂိုလ်အချင်းချင်း အပြန်အလှန်အသုံးချတာတွေ၊ အခွင့်အရေးယူတာတွေ၊ အသာစီးယူဖို့ကြိုးစားတာတွေလည်းရှိနေပါတယ်။
မမေ့သင့်တာက တော်လှန်ရေးခရီးနေရာတခုအထိပေါက်လာတာဟာ တပ်တွင်းသတင်းပေး ဖရဲသီးတွေကြောင့်ဆိုပြီး ကျေနပ်ရသလို တော်လှန်ရေးအင်အားစုတွေထဲမှာလည်း တောကြောင်နဲ့ ကျီးအာသီးတွေ ရှိနေနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါမှ အားလုံးမျှော်မှန်းတဲ့ လွတ်မြောက်ရေးလမ်းကို အမြင်ရှင်းရှင်းနဲ့ ခပ်မြန်မြန်ရယူနိုင်မယ်လို့ ယူဆမိပါတယ်။
(တော်လှန်ရေးကို ထိခိုက်စေနိုင်မယ့်အကြောင်းအရာတွေ၊ အမည်တွေ၊ အဖွဲ့စည်းအမည်တွေကိုချန်ထားခဲ့ပြီး တော်လှန် ရေးအောင်ချိန်မှာ တင်ပြနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar