Breaking News

နန္ဒလင်းရှိန် - နွေဦးတော်လှန်ရေး နဲ့ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် အန္တရာယ်



နန္ဒလင်းရှိန် - နွေဦးတော်လှန်ရေး နဲ့ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် အန္တရာယ်

(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၁

မြန်မာနိုင်ငံပြဿနာကို သံတမန်နည်းလမ်းအရ အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံ အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြတာကြောင့် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့တယ်။ အစည်းအဝေးအပြီးမှာ မြန်မာစစ်ကောင်စီ အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တယ်။

အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး အစွမ်းကုန် သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွား ကို ရှေ့ရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘောတွေ့ဆုံဆွေးနွေးကြဖို့၊ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူး ကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်း ဆောင်ရွက်ပေးဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုအထောက်အကူပြုစင်တာ ကတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ဖို့၊ ပဥ္စမအချက် အနေနဲ့ အာဆီယံ အထူး ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ စတဲ့ အချက် ၅ ချက်ပါဝင်တယ်လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅-ချက်ကို အပေါ်ယံအမြင် ကြည့်တဲ့အခါ သံခင်းတမန်ခင်းအရ အောင်မြင်သယောင် ပြောဆိုနေကြတာတွေ့ရတယ်။ ဒါပေမယ့် မြန်မာပြည်သူတို့အကျိုးဘက်က ကြည့်ရင်တော့ ဒီအခြေအနေဟာ တရုတ်ရဲ့ နိုင်ငံရေး သတ်ကွင်းထဲ တိုက်ရိုက်ကျဆင်းသွားပြီလို့ ဆိုချင်တယ်။ တရုတ်နိုင်ငံက အာဆီယံအစည်းအဝေးဖြစ်မြောက် ရေးအတွက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံပြဿနာကို အာဆီယံအဖွဲ့အတွင်းမှာ ဆွေးနွေးအဖြေရှာဖို့စတင်တိုက်တွန်းခဲ့တာ အများသိ ကိစ္စဖြစ်တယ်။ ဆွေးနွေးအဖြေရှာရာမှာ အပြုသဘောဆောင်ဖို့ အားလုံးသဘောတူညီမှုအရ ဆုံးဖြတ်ဖို့ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ တရုတ်က သတိပေးပြောဆိုခဲ့တာ ကြားခဲ့ရတယ်။ နိုင်ငံခြားဆိုတာ အနောက်နိုင်ငံတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ အထူး သဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံများကို ဆိုလိုတာဖြစ်တယ်။ နိုင်ငံခြားစွက်ဖက်မှုတွေကို လက်မခံဖို့ ပြောနေတဲ့ တရုတ်ကိုယ်တိုင်ကတော့ မြန်မာကိစ္စမှာ နည်းမျိုးစုံ ၀င်ရောက်စွက်ဖက်နေတာ မြင်နေရတယ်။

မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို နောက်ဆုံး အာဆီယံ (၁၀) နိုင်ငံ သဘောတူညီချက် ၅ ချက်မှာ ပါဝင်လာခြင်း မရှိတာတွေ့ရတယ်။ ဒီအချက်က အရေးအကြီးဆုံး မပါမဖြစ် ပါရမယ့်အချက်ဖြစ်တယ်။ ဒီအချက်ကို ချန်ထားခဲ့တာဟာ ကောက်ကျစ်စဉ်းလည်းမှုရဲ့ အစဖြစ်တယ်။ ဘာကြောင့်လဲ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကို လွှတ်မပေးချင်လို့ဖြစ်တယ်။ NLD ပါတီကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ချင်တဲ့ အကြံဆိုး ရှိနေလို့ဖြစ်တယ်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကလိန်ဉာဏ်ဆင် အကြောင်းပြပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်။ အမှန်စင်စစ်၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်းပြည်ပက အသိအမှတ်ပြုထားပြီးဖြစ်တယ်။

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်လိုမှုအရ အကြောင်းမရှိ အကြောင်းရှာ အာဏာသိမ်းခဲ့တာဖြစ်တယ်။ ဒီမိုကရေစီ ကိုယ်စားပြုတဲ့ အစိုးရ အာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုပေါင်း ကုဋေကုဋာနဲ့တကွ စစ်ရာဇဝတ်မှု ပေါင်းများစွာကို ဖေါ်ထုတ်ဖွင့်ချခံရမှာ ကြောက်တဲ့အတွက် အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်စစ်အာဏာရှင်ဝါဒတို့ ကြားက တိုက်ပွဲဖြစ်တယ်။ အာဆီယံဒေသအတွင်းကတဆင့် နိုင်ငံတကာ အထိ ကျယ်ပြန့်လာနိုင်တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင်တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေတာကို မမေ့ဖို့လိုတယ်။ မြန်မာ့ နွေဦးတော်လှန်ရေး(သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ ဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ စိုးရိမ်နေကြပုံရတယ်။

မြန်မာဖက်ဆစ် စစ်အုပ်စုကို လတ်တလော ကျောထောက် နောက်ခံပေးနေတာ ဘယ်သူလဲလို့ မေးရင် ကိုယ်ကျိုးစီးပွား ပဓါနထားတဲ့ တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ တရုတ်က မီးစိမ်းပြခဲ့လို့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ပစ်ပယ် ပြီး မင်းအောင်လှိုင် ဖက်ဆစ် စစ်အုပ်စုက အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ တရုတ်က မင်းအောင်လှိုင်ကို ဘာကြောင့် အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တာလဲ။ “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း” (BRI) လို့ ကမ္ဘာမှာ ကျော်ကြားနေတဲ့ တရုတ် အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းကြီးကို ကြားဖူးကြမယ်ထင်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကို ကုန်းလမ်း-ရေလမ်း နှစ်မျိုးလုံး အသုံးပြု ပြီး၊ ကုန်သွယ်ရေးလမ်းကြောင်းကြီးတခု တရုတ်နိုင်ငံက ဖော်ဆောင်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ကနေ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဒေသအထိ ခေတ်သစ် ပိုးလမ်းမက ဖြတ်သန်းမှာဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တရုတ်က သူ့အကျိုးစီးပွားအတွက် စိတ်တိုင်းကျ ချယ်လှယ်သိမ်းပိုက်လိုတယ်။ နယ်ချဲ့လိုတယ်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ရဲ့ ပထမ အကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၂၀ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်။ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့တယ်။ ‘BRI စီမံကိန်း ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ’ ရဲ့ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ (၆၀)ကျော် ပါဝင်ပတ်သက်နေကြောင်း၊ အခြေခံအဆောက် အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် ကျယ်ပြန့်တဲ့ အစီအစဉ် တစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ တယ်။ ပထဝီ အနေအထားအရ မြန်မာနိုင်ငံဟာ BRI ပိုးလမ်းမ စီမံကိန်းမှာ မဟာဗျူဟာကျနေတာကြောင့် ပါဝင်သွားဖို့ ရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် စီမံကိန်း ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား မျှမျှတတ ဖြစ်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာများချမှတ်ဆောင်ရွက်သွားဖို့လိုအပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

BRI စီမံကိန်း အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်” နဲ့အညီ ဆောင်ရွက် ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်။ စီမံကိန်းများဆောင်ရွက်ရာမှာ ပြည်သူများအတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားဖို့ လိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်မှာ ဆောင်ရွက်ရမယ့် စီမံကိန်းတွေ ဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသား စီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများ နဲ့လိုက်လျော ညီထွေမှုရှိဖို့လည်း လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်။

ဒါကြောင့် BRI ပိုးလမ်းမ စီမံကိန်းတွေ အကောင်အထည်ဖေါ်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်”နဲ့တကွ ဥပဒေစည်းမျဉ်းစည်းကမ်း ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့လိုက်လျော ညီထွေမှုရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို ကြည်ရင် စစ်အစိုးရနဲ့လုပ်ရသလို တွက်ခြေမကိုက်နိုင်တာကို တရုတ် ခေါင်းဆောင်တွေ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် မြန်မာ့ ရေမြေတောတောင် သဘာဝသယံဇာတတွေကို အချောင် နှိုက်ယူနိုင်ဖို့ဆိုရင် စစ်အုပ်စု အာဏာရဖို့လိုတယ်လို့ တရုတ်နိုင်ငံက တွက်ဆခဲ့ပုံရတယ်။ ဒါကြောင့် မြန်မာနဲ့ ဆက်ဆံ ရာမှာ တရုတ်ရဲ့ မူဝါဒဟာ မိးစတဖက် ရေမှုတ်တဖက်ဖြစ်ခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကြိုးကိုင် ချယ်လှယ်နိုင်ရေး အမြဲကြိုးပမ်း ကြံစည်နေတာကို ကြည့်ရင် တရုတ်ရဲ့ကိုယ်ကျိုး စီးပွားပဓါနထားတဲ့ မူဝါဒကို မြင်နိုင်တယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံပြဿနာ အဖြေရှာကြရာမှာ တရုတ်က သူ့အကျိုးအတွက် မင်းအောင်လှိုင် စစ်အုပ်စုကို အကာအကွယ်ပေးနေခြင်း ဖြစ်တယ်။ အခု စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ရက်ပေါင်း ၈၀ ကျော်အတွင်းမှာတောင် နေ့စဉ်မြန်မာ့အဖိုးတန်သစ်တွေ တန်ချိန်ပေါင်းများစွာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်နေကြတယ်။ မြေရှား(Rare earth) အပါအဝင် သတ္ထုအမျိုးမျိုးနဲ့ကျောက်စိမ်းတွေ နေ့စဉ် တရုတ်ဘက်ကို ခိုးယူနေကြတာကို ကြည့်ရင် သိနိုင်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း စစ်အစိုးရခေတ်မှာ မြန်မာ့ သယံဇာတ အတော်များများကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ နှိုက်ယူ ခဲ့လို့ အတော် နစ်နာ ဆုံးရှုံးခဲ့ရတယ်။ သစ်တောတွေ ပြန်လည် စိမ်းလန်းလာစေဖို့ NLD အစိုးရက ပြန်လည် ပျိုးထောင်မှု လုပ်ခဲ့ရတယ်။ အခြား ကျောက်စိမ်းဒေသ၊ ကြေးနီတောင်ဒေသ၊ ပယင်းနဲ့ ရွှေထွက်ရာဒေသ၊ မြစ်ကြောင်း များတလျှောက် ရေအားလျှပ်စစ် ထုတ်ယူနိုင်မယ့် နေရာဒေသများ၊ နိကယ်ထုတ်ယူရာဒေသ နဲ့ မြန်မာနိုင်ငံအထက်ပိုင်း စိုက်ပျိုးမြေများ ငှားရန်းထားရာ ဒေသများ အစရှိသဖြင့် တရုတ်တို့ စီးပွားရေးချဲ့ထွင်လုပ်ကိုင်နေမှုတွေဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းများ နဲ့ အညီမဟုတ်ကြောင်း သတင်းတွေ မကြာမကြာ ကြားသိ နေရတယ်။ MOU ရေးထိုး လုပ်ကိုင် နေတဲ့ တရုတ်ကုမ္ပဏီ လုပ်ငန်းတွေကို သေချာစိစစ်မယ်ဆိုရင် တရားမဝင် တရုတ်နိုင်ငံသားတွေကို ခေါ်သွင်းလာခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်တဲ့ အားနည်းချက်တွေကို အခွင့်ကောင်း ယူပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာ့စီးပွားရေးလုပ်ကွက်တွေကို ၀င်ရောက်ထိန်းချုပ်လာနေကြ တယ်။ မြန်မာအုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ဥပဒေစိုးမိုးရေးတာဝန်ရှိသူများအနေနဲ့ လာဘ်ပေး လာဘ်ယူ အကျင့်ပျက် ခြစားမှု ကို မထိန်းချုပ်နိုင်ကြရင် ရေရှည်မှာ အချုပ်အခြာအာဏာကိုတောင် ထိပါးလာနိုင်တယ်။ လိုရင်းတိုရှင်းပြောရရင် စစ်တပ်သာ တိုင်းပြည့်အာဏာကို ဆက်ရသွားရင် မြန်မာဟာ တရုတ်နယ်ချဲ့ သမားလက်အောက် ကျရောက်သွား လိမ့်မယ်။

လက်ရှိ အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူချက်ဟာ တရုတ်ရေးတဲ့ ဇာတ်ညွှန်းဖြစ်တယ်။ အချိန်ဆွဲပြီး ပြည်သူ လူထုရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများကို တဖြည်းဖြည်း အရှိန်လျော့ကျလာအောင် ရေရှည် စီမံကိန်းချလိုက်တာ ဖြစ်တယ်။ မင်းအောင်လှိုင်စစ်အုပ်စုကို သက်ဆိုးရှည်အောင် ကာကွယ်ပေးတာဖြစ်တယ်။ လက်ရှိအခြေအနေအထိ အာဆီယံက CRPH နဲ့ NUG တို့ရဲ့ အခန်းကဏ္ဍကို မှေးမှိန် ထားတာ တွေ့ရတယ်။ အာဆီယံခေါင်းဆောင်အချို့ ကိုယ်တိုင် အကြောင်းကြောင်းကြောင့် တရုတ်သြဇာခံ ဖြစ်နေကြတယ်။

ဒါပေမယ့် အီးယူ အဆင့်မြင့်သံတမန် Josep Borrell ရဲ့ အီးယူကြေညာချက်မှာ အာဆီယံဆွေးနွေးပွဲသဘောတူညီချက် ၅-ချက်ဟာ ရှေ့တလှမ်းတက်ဖို့ တွန်းအားပေးမှုတခုလို့ ဖေါ်ပြထားတယ်။ ဆွေးနွေးတုံးက သဘောတူထားတဲ့ အတိုင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆွေးနွေးပွဲမှာ CRPH နဲ့ NUG ကိုယ်စားလှယ်တွေ ပါရမယ်လို့ Josep Borrell က တောင်းဆိုထားတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့လည်း အီးယူက တောင်းဆိုထား တယ်။ လက်ရှိပြဿနာတွေကို ယုံယုံကြည်ကြည်နဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိသူ သက်ဆိုင်သူအားလုံးပါဝင်မဲ့ ဆွေးနွေးပွဲတွေကို ထောက်ခံသွားမှာဖြစ်ပေမယ့် ပြည်သူက ရွေးချယ်ထားသူတွေကို အမြန်ဆုံးအာဏာပြန်ပေးမယ့် ဆွေးနွေးပွဲတွေ ဖြစ်ရ မယ်လို့ အီးယူကြေညာချက်မှာဖေါ်ပြထားတာတွေ့ရတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ တရုတ်နဲ့လက်ဝါးရိုက်ပြီး ထုတ်ပြန်လာတဲ့ အာဆီယံမူ ၅ ချက် ဟာ တရုတ်ရဲ့ဗျူဟာမြောက် ထောင်ချောက် ဖြစ်ကြောင်း သတိပြုသင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကို ချွင်းချက်မရှိ ချက်ချင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုရမယ်။ CRPH နဲ့NUG အစိုးရအဖွဲ့တို့ဟာ လက်ရှိ ပြည်သူ့ ကိုယ်စားပြုအဖွဲ့ ဖြစ်တာကြောင့် ဆက်လက်ပြုလုပ်မယ့် အာဆီယံဆွေးနွေးပွဲတွေမှာ ပါ၀င်ခွင့်ရှိရမယ်။

အနှစ်ချုပ်ရရင် အာဆီယံမူ ၅-ချက်ဟာ နွေဦးတော်လှန်ရေး တဖြည်းဖြည်း အားနည်းအောင်လုပ်ဖို့ဆင်ထားတဲ့ တရုတ်ရဲ့ ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက်ဖြစ်တယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံတို့က သူတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ အတွက် အကြမ်းဖက် စစ်ကောင်စီကို အကာအကွယ် ပေးနေခြင်းဖြစ်တယ်။ မြန်မာ့အချုပ်အချာအာဏာ ပိုင်ရှင် မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို အာဆီယံနဲ့ တရုတ်တို့က သေးသိမ်အောင် မှေးမှိန်ထားတာကို သတိပြု ကြရမယ်။ မြန်မာ့နိုင်ငံရေးပြဿနာ တစုံလုံးရဲ့ နောက်ကွယ်က လက်မည်းဟာ တရုတ်ဖြစ်တယ်။ ခေတ်သစ် နယ်ချဲ့နည်း အမျိုးမျိုးကို အသုံးပြုပြီး မြန်မာနိုင်ငံ ကို တရုတ်က ကျွန်ပြုဖို့ကြိုးစားနေတဲ့အချက်ကို သတိပြုသင့်တယ်။ တရုတ်ရဲ့ အန္တရာယ်စက်ကွင်းက လွတ်ကင်းဖို့ အတွက် လာမယ့် အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲအစီအစဉ်များဟာ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက်ဖြစ် တယ်။ အချိန်ဆွဲပြီး နွေဦးတော်လှန်ရေး အားပျော့လာခဲ့ရင်၊ စစ်ကောင်စီ အုပ်ချုပ်ခွင့် အသာစီး ပြန်ရလာအောင် လုပ်နေခြင်း သာ ဖြစ်တယ်။ ဒီ အချက်ကို အထူး သတိပြုကြစေချင် တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar