Breaking News

လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၂ )

လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၂ )

(မိုးမခ) စက်တင်ဘာ ၂၅ ၊ ၂၀၂၄


စီးပွားရေးဆိုင်ရာအဆောက်အအုံ အကန့်အသတ်များ

ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးနောက် ပထမဆုံးသော အစိုးရဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနုရဲ့ ဖဆပလ အစိုးရခေတ်မှာ အလွန်ခေတ်စားခဲ့တဲ့ ကြွေးကြော်သံတရပ် ရှိပါတယ်။

"ပြည်တော်သာစီမံကိန်း" တဲ့။ လူတကိုယ် တိုက်တလုံး၊ ကားတစီး၊ လခ ၈၀၀ ရရစေမယ် တဲ့။

ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်က ရေးဆွဲပေးပြီး လိုအပ်တဲ့ငွေကြေးကို ထုတ်ချေးပေးမယ် တဲ့။

အကြံပေးအဖွဲ့ ပထမ ရောက်လာပါတယ်။ အဲဒီအဖွဲ့၀င်တွေရဲ့ လခကို အဲဒီကမ္ဘာ့ဘဏ်က ထုတ်ချေးထားတဲ့ (ဒေါ်လာ)ငွေနဲ့ ပြန်ပေးရပါတယ်။

အဲဒီအကြံပေးအဖွဲ့ရဲ့ အကြံပေးချက်နဲ့ တည်ဆောက်ခဲ့တဲ့ ပထမစီမံကိန်းဖြစ်တဲ့ (ကျပ်ငွေ သုံးကုဋေ ရင်းနှီးမြှုပ်နှံရတယ် ဆိုတဲ့) သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံကြီးကို ကြည့်ရအောင်။

စက်ယန္တရားအားလုံးဟာ အမေရိကန်နိုင်ငံက ခေတ်မမီတော့တဲ့ စက်ရုံတရုံက အကျတွေကို ဖြုတ်ယူလာတာပါ။ ကျသင့်ငွေကိုလည်း ချေးငွေထဲက ဒေါ်လာနဲ့ပဲ ပေးရပါတယ်။ အဲဒီစက်က အမေရိက ကထွက်တဲ့ ဝါဂွမ်းနဲ့ပဲ လည်လို့ရပါတယ်။ ဒီတော့ အဲဒီ ဝါဂွမ်း ပြန်၀ယ်ပေါ့။ အမေရိကန်က ဝါဂွမ်းစျေးကို ကစားချင်တိုင်း ကစားခွင့်ရသွားပါတယ်။ တခါ စက် တစုံတရာ ချို့ယွင်းရင် အမေရိက ပြန်ပို့ပြီး ပြင်ရပါတယ်။

ဒီတော့ ဒီစက်က အမြတ်မပြောနဲ့၊ အရင်းတောင် ပြန်မရနိုင်တော့ဘဲ ငွေတွေ ထပ်ချေးရ၊ အတိုးတွေ တက်ပြီးရင်တက်နဲ့ အကြွေးထောင်ချောက်ကြီးထဲကျရောက်ပြီး စက်ရုံလည်း လည်တချက် ရပ်တချက်နဲ့ ၄-၅-၁၀ နှစ်အတွင်းပြုတ်သွားပါတော့တယ်။

တခြားစက်ရုံများ၊ စီမံကိန်းများလည်း အားလုံးနီးပါး ဒီကြမ္မာမျိုးနဲ့ ရင်ဆိုင်ရပြီး ကျပ်ငွေကုဋေ  ၂၀၀ ကုန်တယ်ဆိုတဲ့ ပြည်တော်သာစီမံကိန်းကြီးတခုလုံး ရေစုန်မျောသွားပါတော့တယ်။ ရသမျှ အကူအညီ ချေးငွေများကိုလည်း ဒီစီမံကိန်းများမှာပဲ သုံးလိုက်ရပြီး ကျန် ပညာရေး၊ ကျန်းမာရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ဆိုင်ရာများမှာ မသုံးနိုင်တော့။ သိပ်လိုအပ်လာရင်လည်း ထပ်ချေးပေါ့။ကြွေးသံသရာ ထပ်လည်ဖို့ချည်းပဲ။

ဒါဟာ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းအမျိုးမျိုး (ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ် စသဖြင့်)က-လွတ်လပ်ရေးရခါစ (တနည်း) ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကိုလိုနီနိုင်ငံဟောင်းများ ကိုယ့်ခြေပေါ် ကိုယ်မရပ်နိုင်ဘဲ စီးပွားရေးအရ သူတို့ ကိုလိုနီအရှင်သခင်ဟောင်းများအပေါ် မှီခိုနေရဖို့ စီမံကိန်းတကျ ပြင်ဆင်ထားတဲ့(in-design) စီးပွားရေးဆိုင်ရာ အဆောက်အအုံ ကန့်သတ်ချက်များပါ။

အရင် ကိုလိုနီတိုင်းပြည်များ (အာရှ၊ အာဖရိက)စတာတွေမှာ စိုက်ပျိုးရေး အားစိုက်လုပ်ကြလို့စားနပ်ရိက္ခာ လုံလောက်ခဲ့ကြပြီး နိုင်ငံခြားများကိုတောင် တင်ပို့နိုင်ကြပါတယ်။

အဲဒီတုန်းက အာဖရိကနိုင်ငံများဟာ ကိုယ့်ဟာကိုယ် လုံလောက်တဲ့အပြင် ဥရောပအတွက် စပါးကျီဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီနိုင်ငံတွေ လွတ်လပ်ရေးရပြီးနောက် ကိုလိုနီသခင်ဟောင်းများက စားနပ်ရိက္ခာနဲ့ပတ်သက်လို့ ဘယ်လိုလုပ်လဲ ကြည့်ရအောင်ပါ။

၁၉၅၅ ရောမစာချုပ် (ဥရောပသမဂ္ဂ ရှေ့ပြေး)ကို ဥရောပနိုင်ငံများက ချုပ်ဆိုရာမှာ စိုက်ပျိုးရေးဆိုင်ရာ ဘုံသဘောတူညီချက် ပါလာပါတယ်။

ဥရောပနိုင်ငံများက ဒီလို ပြောလာပါတယ်။ 

"တို့တတွေအနေနဲ့ စားနပ်ရိက္ခာကို အာဖရိကတိုက်ကို မှီခိုနေရတာ၊ ဒါကြောင့် တို့ရဲ့ စားနပ်ရိက္ခာလုံခြုံရေး (food security)အတွက် ဆိုပြီး ဒီစီမံကိန်းချလိုက်တာပါ။"

အဲဒါကတော့ ဥရောပလယ်သမားများကို အတော်မြင့်မားတဲ့ အမတော်ကြေးများပေးပြီး အဓိကရိက္ခာတွေဖြစ်တဲ့ ဂျုံ၊ ပြောင်း၊ ပဲအမျိုးမျိုး စတာတွေ စိုက်ခိုင်းပါတော့တယ်။ ဥရောပနိုင်ငံများတင်သာမက အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ စတဲ့နိုင်ငံများအပြင် အဲဒီတုန်းက ဆိုဗီယက်ယူနီယံပါ အဲဒီလမ်း လိုက်ကြပါတယ်။ ဒီလို အစိုးရ အမတော်ကြေးများအပြင် လယ်ယာလုပ်ငန်းများကို စက်မှုတပ်ဆင်ထားတဲ့ (ကိုလိုနီ သခင်ဟောင်း)နိုင်ငံများက အဆင့်မြင့်လယ်ယာထွက်ပစ္စည်းများကို အာဖရိက အာရှနိုင်ငံများက ထွက်ကုန်များက မယှဉ်ပြိုင်နိုင်ပါဘူး။ ဒီတော့ ဒီနိုင်ငံများရဲ့ ဈေးကွက်တွေပျက် အလုပ်လက်မဲ့တွေ ဖြစ်ပြီး အငတ်ဘေးတွေ ကျရောက်ပါတော့တယ်။ 

ဒီတော့ စီးပွားရေးပုံစံတွေ ပြောင်းရမယ်ဆိုပြီး လယ်သမားတွေကို ကော်ဖီ၊ လက်ဖက်၊ ကိုကိုး၊ ငှက်ပျောသီး စတဲ့ သူတို့နိုင်ငံတွေ လိုအပ်တဲ့ အဖြည့်ခံသီးနှံတွေကို စိုက်ရပါတယ်။

(ဒါတွေကြောင့် အာဖရိက က ရွှေ့ပြောင်းဒုက္ခသည်များ (immigrant) ပြဿနာပေါ်လာရတာ။)

ဒီလိုနဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများဟာ မိမိစားတဲ့ အစားအစာများကို တင်သွင်းရပြီး မိမိမစားနိုင်တဲ့အရာများကို စိုက်နေရတာပါ။ ဒါဟာ ဒီနိုင်ငံများအတွက် စားနပ်ရိက္ခာ မလုံခြုံမှု (food insecurity) ဖြစ်ရတဲ့ အကြောင်းရင်းပါ။

နောက်တကြောင်း-စွမ်းအင်မလုံလောက်မှု (energy insecurity)

ဗမာပြည်မှာ ထွက်တဲ့ ရေနံစိမ်းကို တင်ပို့ပေးရပြီး လိုအပ်တဲ့ ကုန်ချော(ဓာတ်ဆီ လောင်စာအမျိုးမျိုး) ကို စျေးကြီးပေး ပြန်တင်သွင်းနေရပါတယ်။

ဒီအချောကိုင်တဲ့ နည်းပညာကို ဖွံ့ဖြိုးပြီးနိုင်ငံများက မပေးပါဘူး။

ဒီလိုနည်းတွေနဲ့ (ကိုလိုနီဟောင်း) ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေဟာ ကန်ု့သတ်ပိတ်ပင်မှုအမျိုးမျိုးကို ခံနေရပြီး ဆင်းရဲမွဲတေမြဲ ဆင်းရဲမွဲတေနေကြရပါတယ်။ ဘာကြောင့်လဲ။

ဒီဖွံ့ဖြိုးဆဲနိုင်ငံများကို အဓိက အကူအညီပေးနေတာက ကမ္ဘာ့ဘဏ်နဲ့ အိုင်-အမ်-အာဖ်(နိုင်ငံတကာငွေကြေးအဖွဲ့)ပါ။ ဒီတော့ ဒီအဖွဲ့အစည်းတွေမှာ တာ၀န်ရှိတာပေါ့။ သူတို့ကပဲ သူတို့ပေးတဲ့ ချေးငွေတွေကို ဘယ်နေရာမှာ သုံးရမယ်။ ဘယ်နေရာမှာ မသုံးရဘူးလို့ သတ်မှတ်ထားတာပါ။ နိုင်ငံတွေရဲ့အကြီးစားစီးပွားရေးပေါ်လစီ (macroeconomics) ကို သူတို့ပဲ ကိုင်ထားတာ။ ဒီတော့ ဒီပေါ်လစီအလွဲအများတွေဟာ သူတို့ရဲ့ ပေါ့လျော့မှု အမှားလား။ တမင်စီမံကိန်းကျ လုပ်ဆောင်ချက်တွေလား။

ဒီအချိန်မှာပဲ စာရင်းဇယားတခု ထွက်လာပါတယ်။

ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများက စီးဆင်းသွားတဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းအ၀၀ (ရင်းနှီးမြှုပ်နှံမှုများနဲ့ ကြွေးမြီများအတွက် ဆပ်ငွေ၊ အတိုးငွေ၊ စတာများ)အတွက်ငွေကြေး လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒေါ်လာဘီလီယံ ၅၀၀)ဖြစ်ပြီး ၂၀၂၃ မှာတော့ ၂ ထရီလျံ ဖြစ်လာနေပြီး ဆက်လည်း တိုးပွားနေဦးမှာတဲ့။

ဒီတော့ သိပ်သေချာသွားပြီ။ အခုလောလောဆယ် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ဟာ ကိုလိုနီစနစ် (သွေးစုပ်မှုစနစ်)နဲ့ မခြားဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ တကယ်ပဲ ဆင်းရဲတွင်းက လွတ်ချင်ရင် ဒီစနစ်တွေကို ပြောင်းပစ်ရမယ်။

ဘယ်လို ပြောင်းကြမလဲ။ နောက်တပတ်မှာ ဆက်ပါ့မယ်။

လှကျော်ဇော

၂၁-၉-၂၀၂၄။


👉လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar