Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၁

ကိုဗစ် ကူးစက်မှုရဲ့ အကျအဆုံးကိန်ဂဏန်းများ

ကိုဗစ် ကူးစက်မှုက ပေါက်ကွဲမှု သဖွယ်ဖြစ်ပွားပြီး ရန်ကုန်နဲ့ အခြားမြို့တွေမှာ သေဆုံးနှုန်းတရက်တရက်ကို ရာ၊ ထောင်ဂဏန်းတွေအထိ မြင့်တက်နေပြီး ခုချိန်ထိ ကျဆင်း ခြင်းလည်းမရှိသေး သလို တန့်လည်း မသွားသေးပါဘူး။

စစ်ကောင်စီ ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ ခုရက်ပိုင်းမှာ တရက်ကို အတည်ပြုလူနာ ၅ထောင်ကျော် ၆ ထောင် တွေ့ရှိနေပြီး သေဆုံးသူ ၃၀၀ စွန်းစွန်းရှိနေတာပါ။ ဒီကိန်းဂဏန်းတွေဟာ အဖြစ်အပျက်ကြီးရဲ့ အစိတ်အပိုင်းတခုကိုသာ ကိုယ်စားပြုတယ်လို့ ဆိုရမှာပါ။ နေမကောင်းဖြစ်လို့၊ ရောဂါလက္ခဏာ ပြလို့ ကျန်းမာရေးဌာနမှာ စစ်ဆေးတာဖြစ်စေ၊ ကျန်းမာရေးဌာနက အသိအမှတ်ပြုတဲ့ ဓါတ်ခွဲခန်း၊ ဆေးရုံမှာ ဖြစ်စေစစ်ဆေးပြီး အတည်ပြုတဲ့သူတွေမှသာ အတည်ပြုလူနာစာရင်းထဲ ထည့်သွင်းဖေါ်ပြတာဖြစ်သလို၊ သေဆုံးသူ အရေအတွက်ဆိုရာမှာလည်း အစိုးရ ဆေးရုံ အသိအမှတ်ပြု ပုဂ္ဂလိကဆေးရုံမှာ ကိုဗစ်နဲ့ သေဆုံးတယ်ဆိုတဲ့ စာရင်းထဲ ပါသူတွေသာဖြစ်ပြီး ရန်ကုန်မြို့၊ မန္တလေးမြိုံနဲ့ အခြားမြို့တွေမှာ အခု ဖြစ်ပျက်နေတဲ့ ကိုဗစ်လက္ခဏာ၊ ဝေဒနာခံစားနေရပေမယ့် စစ်ဖို့၊ ဆေးရုံတက်ဖို့ အခွင့်အရေးမရသူ တွေအနေနဲ့ နေအိမ်မှာပဲ ကုသမှုရဖို့ မိမိတို့ဘာသာ ကြိုးစားရင်း ၊ အချို့လည်း ဆရာဝန်တယောက်နဲ့မျှကိုယ်တိုင် ပြသခွင့် မရရှိပဲ အသက်ဆုံးရှုံးသွားရသူတွေအားလုံးဟာ အထက်က စာရင်းထဲ ပါဝင်ခြင်း မရှိပါဘူး။

အဲလို စာရင်းထဲမပါသူတွေက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာထက် ၅ဆ၊ ၇ဆ လောက်ထိ များပြားလိမ့်မယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေလကုန် ဇွန်လတွေကတည်းက အခု ဗိုင်းရပ်စ်မျိုးကွဲရဲ့ နှိပ်စက်မှုအကြောင်း သတင်းတွေထဲ ဖတ်နေမြင်နေရပေမယ့် အခြားမြို့တွေကို အခုလို ကူးစက်လာမယ်၊ မြန်မြန်ဆန်ဆန် ရောက်လာမယ်လို့ မမျှော်လင့်ခဲ့ကြပဲ ဘာပြင်ဆင်မှုမှ လုပ်မထားခဲ့ကြပါဘူး။ စစ်ကောင်စီအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ၊ ကာကွယ်မှု ၊ ကြိုတင်ပြင်ဆင်မှုဆိုတာတွေထက် အာဏာသိမ်းပြီးနောက် နိုင်ငံရေး စစ်ရေးမှာ အသာစီးရဖို့အတွက် ဖမ်းဆီးတာ၊ ရိုက်နှက် သတ်ဖြတ်တာတွေကိုသာ အာရုံစိုက် လုပ်ဆောင်နေခဲ့လို့ ဇူလိုင်လဆန်းက စတင်ခဲ့တဲ့ ပေါက်ကွဲမှုသဖွယ် ကူးစက်မှုဟာ တနေ့ တနေ့ လူထောင်နဲ့ချီ သေဆုံးစေတဲ့ အထိ ဖြစ်နေပါပြီ။

ရန်ကုန်မြို့ရဲ့ လူသေဆုံးမှု ကိန်းဂဏန်းတွေကို ပြန်လေ့လာ ကြည့်ရာမှာ ဇူလိုင် ၁ ရက်နေ့က အခြားရောဂါနဲ့ ကိုဗစ် အပါအဝင် သေဆုံးသူစုစုပေါင်း ၁၅၃ ဦးသာရှိရာက ဇူလိုင် ၁၁ ရက်နေ့ရောက်တဲ့အခါ ၅၆၂ ဦးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဆယ်ရက်ခန့်အတွင်းမှာ ၄ ဆနီးနီး မြင့်တက်လာတာဖြစ်ပြီး နောက်ထပ် သီတင်းတပတ်အကြာ ဇူလိုင် ၁၈ ရက်နေ့မှာတော့ ၁၂၃၄ ဦးထိ ရောက်ရှိခဲ့ပြီး အဲဒီနောက်တရက်မှာ ၁၅၀၀ စွန်းစွန်းထိ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့က နေ ၁၈ ရက်နဲ့ ပြန်နှိုင်းယှဥ်ကြည့်ရင်တော့ဆယ်ဆ မြင့်တက်သွားတာ ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ လူဦးရေ ငါးသန်းကျော်ရှိတဲ့ ရန်ကုန်မြို့ကို တုန်လှုပ် ခြောက်ခြားစေပါတယ်။

မြို့နယ်တိုင်းမှာ နာရေးကူညီမှု ပရဟိတကားတွေ နေ့စဥ် ဝင်ထွက်ပြီး သေဆုံးသူတွေကို သယ်ပေးနေရတဲ့ မြင်ကွင်း၊ လူနာတင်ကားတစီးမှာ ပုံမှန်ဆို သေဆုံးသူရုပ်အလောင်း တလောင်းသာ တင်လေ့ရှိသော်လည်း အခုအနေအထားအရ ကားတစီးကို ၂ လောင်း၊ ၃ လောင်း သယ်ယူရတဲ့ အခြေအနေဖြစ်လာနေတာ၊ နေ့စဥ် လူနာတင်ကား၊ သေဆုံးသူသယ်ဆောင်ပေးတဲ့ကားတွေရဲ့ အရေးပေါ် ဥသြဆွဲသံတွေက မိုးလင်းက နေ မိုးချုပ်တဲ့အထိ ပြတ်သွားတယ်မရှိပဲ ၃ မိနစ်တခါ ၅ မိနစ်တခါ ကြားနေရတာလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်း သန်လျင် သဘာဝတရားရိပ်သာ မှာ ခိုလှုံနေကြတဲ့ အသက်ကြီးအဖိုးအဖွားတွေထဲက ကိုဗစ်နဲ့ ရော အခြားရောဂါအပါအဝင် ကွယ်လွန်သူ တရက်ထဲ ၁၇ ဦးရှိပြီး ကားတစီးပေါ်မှာ သေဆုံးသူရုပ်အလောင်း ၁၇ လောင်းကို စုပြီးတင်ဆောင် ကာ သုဿန်ကို သယ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့ ဓါတ်ပုံတပုံလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ မြင်တွေ့လိုက်ရပါတယ်။

ဒီလို ကာလမှာ နိုင်ငံခြားတက္ကသိုလ်တခုက မြန်မာနိုင်ငံအရေး သုတေသနလုပ် စာအုပ်တွေ ရေးသားခဲ့သူ မေရီပီကယ်လဟန်က ပဋိပက္ခ၊ ကူးစက်ကပ်ဘေးကြောင့် မကြာမီကာလများအတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀သန်းမှ ၁၅ သန်းထိ လျော့ပါးသွားနိုင်တယ်ဆိုတဲ့ သတင်းဆောင်းပါးတပုဒ်ကို ဖတ်မိတဲ့အခါ အချို့က တုန်လှုပ်သွားကြပါတယ်။ အဲလောက်ထိ ကိုဗစ်က မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ခြွေသွားနိုင်သလာစသဖြင့် ဆွေးနွေး ငြင်းခုံစရာတွေ ဖြစ်လာပါတယ်။ နောက်မှာတော့ ဆောင်းပါးရေးသူက ကိုဗစ်ရောဂါနဲ့ ဒီလောက် သေဆုံးမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပဲ ကိုဗစ်၊ လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေး ဆုတ်ယုတ်မှု စတာတွေနဲ့ လာမယ့်နှစ်တွေအထိ သေဆုံးနိုင်တဲ့ ကိန်းဂဏန်းလို့ ပြန်ရှင်းလင်းပါတယ်။

အခုလို ပေါက်ကွဲနေတဲ့ ကိုဗစ်ကူးစက်မှု ကပ်ရောဂါကာလမှာ လက်ရှိ အခြေအနေက ထွက်ပေါက်မရှိတော့ဘူးလား။ အရေးပေါ် လုပ်ဆောင်ချက်က ဘာဖြစ်မလဲ၊ ဗီလိန်ဖြစ်တဲ့ လူဆိုး၊ လူထုအပေါ် မငဲ့ညှာတဲ့ စစ်ကောင်စီကို ခဏဖယ်စဥ်းစားရင် ကျန်တဲ့အဖွဲ့အစည်းတွေ အနေနဲ့ ဘာတွေလုပ်နိုင်လဲ ၊ လူထုကိုရော ဘာတွေ တိုက်တွန်းနိုင်လဲ ၊ နိုင်ငံတကာကို ဘာတွေ အကူအညီတောင်းနိုင်လဲ ကူညီနိုင်ခြေရော ရှိလား စတဲ့ မေးခွန်းတွေက အရေးတကြီး စဥ်းစားဆုံးဖြတ် လုပ်ဆောင်ရမယ့် မေးခွန်းတွေ ဖြစ်လာနေပါတယ်။

လတ်တလော သေဆုံးမှု မြင့်တက်နေခြင်းကနေ လျော့ပါးဖို့ဆိုရင် လက်ရှိ ကူးစက်ပြီး ဖြစ်တဲ့ လူနာတွေ အရေးတကြီး ကုသမှု၊ ဆေးဝါး စောင့်ရှောက်မှု ရဖို့လိုအပ်ပါတယ်။ ဒီအချက်က အငြင်းပွားစရာကိုမရှိ လူတိုင်းသိတဲ့အချက်ဖြစ်သော်လည်း အဖြေက အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ကုသမှု အတွက် အစိုးရဆေးရုံတွေ အခုထက်ပို လက်ခံနိုင်အောင် ဝိုင်းကူကြမလား၊ သို့မဟုတ် ပုဂ္ဂလိက ဆေးရုံတွေ လက်ခံနိုင်အောင် အားဖြည့်တိုက်တွန်းကြမလား၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကူညီမယ်ဆိုရင် လက်ရှိရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အဦကို အားဖြည့်တာ မျိုးလုပ်ပေးဖို့ တောင်းဆိုကြမလား၊ ဗော်လံတီယာ ဆေးကုသမှု အဖွဲ့တွေ ဖွဲ့စည်းပြီး လုပ်ကြမလား၊ အခုလည်း လုပ်သလောက်လုပ်နေပေမယ့် စုစည်းမှု၊ ချိတ်ဆက်မှု၊ ထောက်ပံ့အားပေးမှု နည်းပါးပြီး လူနာတွေရဲ့ တောင်းဆိုမှုကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။ ရန်ကုန်မြို့တမြို့ထဲ စဥ်းစားတာထက် နယ်မြို့တွေကိုပါ ထည့်သွင်းစဥ်းစားဖို့လည်း အရေးကြီးပါတယ်။

နောက်တချက်က ထပ်မံကူးစက်နိုင်တာတွေကို လျော့ချဖို့လည်း အရေးကြီးပါတယ်။ နို့မဟုတ်ရင် ကူးစက်ခံရသူတွေကို စောင့်ရှောက်ဖို့ကြိုးစားရင်း တဖက်မှာ ထပ်ကူးစက်တဲ့ ကိန်းဂဏန်းတွေ တိုးပွားရင်းနဲ့ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်မယ့်အရေး ရှိပါတယ်။

ထပ်ကူးစက်မှုကို တားခြင်းက နိုင်ငံတိုင်းမှာလုပ်ဆောင်တဲ့ အဓိက မဟာဗျူဟာ ဖြစ်ပါတယ်။ လက်ရှိ ကူးစက်မှုဖြစ်ပွားနေတဲ့ အခြေအနေကို ကွင်းဆက်တွေ ဖြတ်နိုင်သလောက် ဖြတ်ဖို့ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နေတာ၊ မရှိမဖြစ်တဲ့ လုပ်ငန်းတွေ လည်ပတ်ဖို့လည်း လိုသလို အခြား မရှိမဖြစ်မဟုတ်တဲ့ လုပ်ငန်းမျိုး ကို တတ်နိုင်ရင် တပတ် နှစ်ပတ် ထိတွေ့မှု မရှိအောင် လုပ်ဖို့ အရေးကြီးပါတယ်။

ခုလည်း စစ်ကောင်စီက ရုံးပိတ်ရက်ရှည် ၉ ရက်တခါ နောက်တဖန် ရက်ထပ်တိုးပိတ်ပေမယ့်လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ရုံးတွေလောက်သာ တိတိကျကျ လိုက်နာပြီး အခြားနယ်ပယ်မှာတော့ ဂရုမစိုက်ကြတာကို တွေ့ရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်တဲ့ stay at home အမိန့်ဆိုတာ အရင်လို လိုက်နာအောင် ကြပ်မတ်နိုင်တဲ့အခြေအနေမရှိ ၊ အောက်ခြေ အုပ်ချုပ်ရေး အလုပ်မလုပ်နိုင် မဖွဲ့စည်းနိုင်တာ အများစုမို့လို့ ကျန်းမာရေး ကြိုတင်ကာကွယ်မှု လုပ်ဆောင်တာက ထင်သလောက် အရာမထင်တာ တွေ့ရမှာပါ။

လူထုတွေထဲက အများအပြားက ကိုဗစ်ကူးစက်ရောဂါဒဏ်ခံစားနေရတဲ့ မိသားစုဝင်တွေ အတွက် ခြေမကိုင်မိလက်မကိုင်မိ အောက်စီဂျင်ရှာ၊ ဆေးခန်းရှာ၊ ဆေးရှာ၊ သေဆုံးသွားခဲ့ရင် သေစာရင်း ထုတ်ပေးမယ့်သူကို ရှာ၊ သယ်ပေးမယ့် နာရေးကူညီမှု အသင်းကို ရှာတာမျိုးနဲ့ လိုက်နာသင့်တဲ့ ကျန်းမာရေး ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ မလိုက်နာနိုင်ကြတာတွေလည်း တွေ့နေရပါတယ်။

ယခုလ ၂၀ ရက်နေ့ လွတ်လပ်တဲ့အာရှအသံရဲ့ သတင်းတပုဒ်ထဲမှာ ပြည်ပရောက် မြန်မာကျန်းမာရေး ပညာရှင်တွေ စုပေါင်း တောင်းဆိုချက် ထုတ်ပြန်တဲ့ သတင်းမှာ ဟောင်ကောင်ရောက် မြန်မာ ဆရာဝန် ဒေါက်တာ ဖြူဖြူသင်းဇော် ရဲ့ မှတ်ချက်က “ပြောရရင် အခု ထိန်းချုပ်တဲ့အဆင့်က အရမ်းနောက်ကျတယ်။ ကူးစက်မှုက အရမ်းမြန်နေတဲ့အခါ ပုံမှန်တိုင်းဆိုရင် ဒီအချိန်ကို မရောက်ခင်ထဲက ကူးစက်မှုတွေ စစ်မယ်။ ဘယ်သူတွေကို ကူးတယ်ဆိုတာ လိုက်မယ်။ ပြီးရင် isolation quarantine သီးခြားခွဲပြီး နေထိုင်စေမယ်။ ပြီးရင် severe ဖြစ်တဲ့ အရမ်းဆိုးတဲ့ case တွေကို ဆေးရုံပို့မယ်။ ဒါတွေအားလုံးကို ဒီအခြေအနေမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားတဲ့အချိန်မှာ စဉ်းစားလို့မရဘဲနဲ့ ပြည်သူတွေထဲမှာ ပိုးက လွတ်လွတ်လပ်လပ်ကြီး ပြန့်သွားတဲ့ သဘောရှိတယ်။ ဒီလို လွတ်လွတ်လပ်လပ်ပြန့်သွားတဲ့အခြေအနေမှာ ကျမအနေနဲ့ အတတ်နိုင်ဆုံး မြင်မိတာက နှစ်ခုရှိတယ်။ ၁ - အောက်ဆီဂျင် တန်းစီတဲ့နေရာနဲ့ ၂- သေဆုံးသွားသူတွေကို သင်္ဂြိုလ်တဲ့နေရာ ပေါ့နော်။ primary contact လို့ခေါ်တဲ့ တိုက်ရိုက်ရောဂါ ဖြစ်သူနဲ့ တိုက်ရိုက်ထိတွေ့တဲ့ မိသားစုကိုယ်တိုင်က အောက်ဆီဂျင် တန်းစီရတယ်၊ အစားအသောက်ထွက်ဝယ်ရတယ်၊ အသုဘမှာ သူကိုယ်တိုင် ဆောင်ရွက်နေတာတွေကို ချက်ချင်း ရပ်တန့်ရမယ်။ အောက်ဆီဂျင်လိုသူတွေကို အနည်းဆုံး အောက်ဆီဂျင်တန်းစီ တဲ့ နေရာမှာ ၆ ပေ ခြားတာမျိုး၊ ဒါမှမဟုတ် PPE က နိုင်ငံတကာက ရနိုင်မယ်ဆိုရင် ချက်ခြင်း အောက်ဆီဂျင်နေရာမှာ ဝေပေးထားတာမျိုး၊ ခက်တော့ခက်တာပေါ့နော် ဒါပေမဲ့ အနည်းဆုံးတော့ဒါတွေ ချက်ခြင်းလုပ်ရမယ်။ ပြီးရင် ရှိသမျှ အစဉ်အလာအရ လုပ်တဲ့ အသုဘ သင်္ဂြိုလ်တဲ့နေရာတွေမှာ PPE တွေ body bag အလောင်းထည့်တဲ့အိတ်တွေ ချက်ချင်းကို နိုင်ငံတကာက ယူသင့်ပါတယ်။ နောက်တဆင့်အနေနဲ့ ပြည်သူတွေအားလုံး အတတ်နိုင်ဆုံး အပြင်မထွက်ဘဲနဲ့ အိမ်မှာပဲ နေကြဖို့ လိုပါတယ်။” လို့ မှတ်ချက်ချထားပါတယ်။

ဒီမှတ်ချက်ဟာ ကျန်းမာရေး ပညာရှင် တယောက်ရဲ့ လက်ရှိ ကူးစက်မှု ကို ကြားဖြတ်လုပ်ဆောင်ဖို့ အကြံပေးချက်လည်း ဖြစ်ပါတယ်။ ဒီလိုအကြံပေးချက်တွေ လူထုကြားထဲရောက်ဖို့ လူထုက လိုက်နာလုပ်ဆောင်ကြဖို့ အတွက် လူထုက အလေးထားနားထောင်တဲ့ အဖွဲ့အစည်းတွေလိုမျိုးက လူအများဆီရောက်ရှိနေတဲ့ မီဒီယာတွေက တဆင့် တိုက်တွန်းဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။

ဒီအဖြစ်အပျက် အခြေအနေဆိုးကြီး အိပ်မက်ဆိုးကြီးထဲက လွတ်မြောက်ဖို့ ရုန်းကန်ကြိုးစားနေချိန်မှာပဲ တပြိုင်နက်ထဲ ရန်ကုန်မြို့လို၊ ကလေးမြို့လို အခြေအနေမျိုး မကျရောက်သေးတဲ့ မြို့တွေ ဒေသတွေအတွက်လည်း ခုအချိန်ကတည်းက တပတ်၊ နှစ်ပတ် ၊ ရတဲ့အချိန်အတွင်း ကြိုတင်ပြင်ဆင်မှုတွေ ကျန်းမာရေး စည်းမျဥ်းစည်းကမ်းတွေ ကာကွယ်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ အရေးတကြီးလိုအပ်နေတာကိုလည်း သက်ဆိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးကို အရေးတကြီးတိုက်တွန်းချင်ပါတယ်။မကြာခင် ဒုတိယ ရန်ကုန်၊ ဒုတိယ ကလေးမြို့တို့လို မဖြစ်အောင် တားဆီးနိုင်ကြဖို့အရေးကြီး လိုအပ်နေပါပြီ။

ပြည်ပရောက် ဆေးပညာရှင်တွေ ကျန်းမာရေးသမားတွေက ကိုဗစ်အရေးပေါ်အခြေအနေအတွက် နှိုးဆော်နေချိန်မှာ ဇူလိုင် ၂၄ နေ့စွဲဖြင့် စစ်ကောင်စီနဲ့ တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပေါင်းပြီး ကိုဗစ်တိုက်ဖျက်ရေးလုပ်ဖို့ ထုတ်ပြန် လိုက်ပါတယ်။ သူတို့ PPST အဖွဲ့က သူတို့အလုပ်အဖွဲ့ကို NCA-S EAO Covid19 ထိမ်းချုပ်ရေးကော်မီတီလို့မည်ပေးထားပါတယ်။ ပြည်တွင်းမှာ စစ်ကောင်စီအဖွဲ့တွေနဲ့ စလုပ်ရမှာ ဖြစ်ပြီး နိုင်ငံတကာ ၀င်နိုင်အောင် လမ်းကြောင်းခင်းပေးတဲ့ သဘော ဖြစ်တယ်လို့ဆိုကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ NUG နဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက ဒေါ်စင်သီယာမောင်၊ ဦးဇော်ဝေစိုးတို့ ဦးဆောင်တဲ့ Covid Task Force ဖွဲ့ထားပြီး နောက်ထပ် တိုင်းရင်းသားနယ်မြေမှာ ပေါ်လာတဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်တွေဦးဆောင်တဲ့ ကိုဗစ်အဖွဲ့ဖြစ်ပါတယ်။ ကိုဗစ်ကို တွန်းလှန်ဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်ကြမယ့် နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေခြေလှမ်းကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မနေ့က SNLD ပါတီခေါင်းဆောင်ပြောသလို နိုင်ငံရေးဘောင်က ကျဉ်း၊ စစ်ရေးဘောင်က ကျယ်နေတော့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက NCA စွဲကိုင်တွေကလည်း ကိုဗစ်စစ်ပွဲထဲ ပါလာတာဟာ စစ်ရေးဘောင်နောက်ခံနဲ့ ဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေလို့ ခေါ်တဲ့ NCA လက်မှတ်မထိုးတဲ့ အထူးသဖြင့် သူ့ခြံစည်းရိုးနဲ့နီးတဲ့ KIA / UWSA/ MNDAA/ Mongla အဖွဲ့တွေ တရုတ်အစိုးရထံက ကိုဗစ်ကာကွယ်ဆေးတွေ အရင်ရတယ်လို့ More Myint သတင်းဆိုက်က ပြောထားပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက UWSA၊  ဇွန်လကစပြီးကိုးကန့်နဲ့မိုင်းလားမှာ စပြီးထိုးနှံတာကို ရွှေဖီမြေသတင်းဌာနသတင်းမှာ တွေ့ရပါတယ်။ အခု ဇူလိုင်လထဲမှာ SSPP ဆေးထိုးနေတာကို ဖေ့စ်ဘွတ်မှာ တွေ့ရပါတယ်။ မြောက်ပိုင်းအဖွဲ့ထဲက ကျန်တာက TNLA နဲ့ AA ပါ။ တရုတ်က စစ်ကောင်စီကော မြောက်ပိုင်းမဟာမိတ်နဲ့ပါ နီးကပ်တဲ့ ဆက်ဆံရေးရှိထားတာကို ဖော်ပြပါတယ်။ ကျန် EAO တွေနဲ့ NUG နဲ့ လက်တွဲထားသူတွေက အာရှနဲ့ အနောက်မဟာမိတ်တွေ အနောက်အဖွဲ့အစည်းတွေကျောထောက်နောက်ခံနဲ့ ကိုဗစ်ကာကွယ်ရေးလုပ်လာမည့် ခြေလှမ်းကို စောင့်ကြည့်ရပါမယ်။

ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ SSPP/SSA (ရွှေဖီမြေသတင်းဌာန)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar