Breaking News

မြတ်စံ - "နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" ( ၂)


မြတ်စံ - "နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" ( ၂)

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၉
အဖေကွယ်လွန်အပြီး ငါးလအကြာ ၂၀၁၀ နှစ်လယ်ပိုင်းလောက်မှာ မြစ်ကြီးနာထောင်ကနေ သာမာန်လွတ်ရက်နဲ့ ရန်ကုန်မှာရှိတဲ့( မိသားစုအိမ်) အဖေ့အိမ်ကိုပြန်လာခဲ့ရပါတယ်။ သက်ဆိုင်ရာနယ်မြေသတင်းတပ်ဖွဲ့က မြစ်ကြီးနားကနေ ရန်ကုန်ကို ရထားနဲ့ပဲပြန်ပို့ပေးဖို့ စီစဉ်ထားတော့ မြစ်ကြီးနား-မန္တလေး။မန္တလေး-ရန်ကုန် ရထားကို နှစ်ဆင့်ပြောင်းစီးခဲ့ရတယ်……။ မြစ်ကြီးနားကမထွက်ခင်မနက်ပိုင်းမှာ မြစ်ကြီးနား မြို့လယ်ဈေးကြီးထဲကိုခဏဝင်ပြီး ဒေသခံ ကိုနေဝင်း(NLD)တို့ရဲ့ ဆိုင်မှာ ဝင်ရောက်နှုတ်ဆက် စကား ခဏဝင်ပြော (သူနဲ့ကလည်း ကျနော် ၂၀၀၈ စက်တင်ဘာလမှာ အင်းစိန်ကနေ မြစ်ကြီးနားကိုပြောင်းရွှေ့ခံရချိန် သူနဲ့ ဒေါက်ဇော်တို့က မြစ်ကြီးနားထောင်မှာ ရှိနေခဲ့ကြ )…။ ပြီးတော့မှ မြစ်ကြီးနားဘူတာကနေ အထူးအမြန်(တရုပ်မကြီးရထား)ကိုစီးပြီး မန္တလေးကိုထွက်ခဲ့…လမ်းတလျှောက်ရပ်နားတဲ့ဘူတာစဉ်တိုင်းမှာ သူတို့အချင်းချင်း စက်နဲ့လှမ်းပြောထားပုံရပါတယ်။တဘူတာပြီး တဘူတာရောက်တိုင်း နယ်မြေသတင်းတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတွေက တစ်ယောက်ပြီးတစ်ယောက်တက်လာပြီး ကျနော့်ကိုလာရောက်သတင်းမေးသလို နယ်ဒေသခံ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကလည်း မနက်က RFA နဲ့ DVB က အင်တာဗျုးထားတဲ့သတင်းကြားပြီးဖြစ်တဲ့အတွက် ထမင်းထုပ်စားစရာများနဲ့ရေသန့်ဗူးများကိုတက်ပေးကြ လာရောက်အာပေးနှုတ်ဆက်ကြပါတယ်……။

ဒီလိုနဲ့ပဲ နောက်တနေ့မနက်မှာ မန္တလေးကိုရောက်တဲ့အခါ မန္တလေးဘူတာကြီးနားက တည်းခိုခန်းတခုမှာတည်းဖြစ်ခဲ့ပါတယ်။အမှန်တကယ်တော့ နေ့ချင်းပြန်ထွက်ရမယ့် မန္တလေး-ရန်ကုန် ရထားနဲ့ပြန်ဖို့ထောက်လှမ်းရေးအဖွဲ့တွေကစီစဉ်ထားပေမဲ့ မြစ်ကြီးနား-မန္တလေး ရထားလမ်းမှာတောက်လျှောက်ခရီးပန်းလွန်းတာကြောင့် တညအိပ်ပြီး နောက်တရက်မှာပြန်ဖြစ်မယ့်အကြောင်း ဘူတာကိုလာကြိုတဲ့နယ်မြေကတာဝန်ရှိသူကိုပြောပြလိုက်ပြီး နောက်တနေ့ရထားကိုကိုယ့်ဖာသာကိုယ်စီစဉ်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ ညနေပိုင်းမှာ တည်းခိုခန်းကို သူတို့ရောက်လာပြီး နောက်တနေ့ညနေပိုင်းစီးရမယ့်ရထားလက်မှတ်ကိုလာပို့ပေးပါတယ်။ 

အခန်းထဲမှာ ခြေဆန့်လက်ဆန့်ခဏအညောင်းဖြေပြီး အင်းစိန်နဲ့မြစ်ကြီးနားမှာအတူနေခဲ့ဖူးတဲ့ ဒေါက်ဇော်(ဒေါက်တာဇော်မြင့်မောင်-ယခု မန္တလေးတိုင်းဝန်ကြီးချုပ်)ဆီ တည်းခိုခန်းကနေ ဖုန်းလှမ်းဆက်လိုက်တော့ တအောင့်အကြာမှာ ဒေါက်ဇော် နဲ့ ကိုမျိုးနိုင် (NLD-တိုင်းတာဝန်ခံ) တို့ဆိုင်ကယ်ကိုယ်စီနဲ့ရောက်လာကြပြီး ညနေစာအပြင်မှာစားကြရင်း စကားပြောဖြစ်ခဲ့…။ နောက်တနေ့မနက်မှာ ဒေါက်ဇော်၊ ကိုမျိုးနိုင် တို့နဲ့အတူ ဦးသိန်းဒန်ဆီသွားရောက်ခဲ့။ 

မှတ်မှတ်ရရဖြစ်စရာက ကျနော်မန္တလေးကို ပြန်ရောက်တဲ့နေ့က နအဖလက်ထက် အချိန်ကာလကတည်းက ရန်ကုန် ဗဟန်းမြို့နယ် အုတ်လမ်းရှိ NLD ဌာနချုပ်ရုံးမှအပ ကျန်တဲ့ ပြည်နယ်/တိုင်းအသီးသီးမှာ ချိတ်ပိတ်ထားတဲ့ NLD ရုံးခန်းတွေကိုပြန်လည်ဖွင့်ခွင့်ရတဲ့နေ့ဖြစ်နေ။ ( ၂၀၁၀ ရွေးကောက်ပွဲကာလအပြီး လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်းပြသလို့တဲ့ ရည်ရွယ်ချက်ပေါ့)…။ ချိတ်ပိတ်ထားတဲ့ NLD မန္တလေးတိုင်းရုံးဟောင်းကြီးကို ပြန်လည်ပြင်ဆင်နေတဲ့ ဦးသိန်းဒန်နဲ့ မန္တလေးတိုင်းရုံးမှာ စကားခဏပြောပြီး ကျုံးဒေါင့်မှာရှိတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သူ ကိုမြင့်ထွန်း နဲ့မမြင့်ခိုင် တို့အိမ်ကိုဝင်ပြီး ညနေစာစားကာ ညနေပိုင်းမှာ ဘူတာရုံကို ကိုမြင်ထွန်းကိုယ်တိုင် ဆိုင်ကယ်နဲ့လိုက်ပို့ပြီး ညရထားနဲ့ရန်ကုန်ကိုပြန်ခဲ့…။

အခန်းကျဉ်းထဲမှာ နေခဲ့ရတဲ့ကာလကြာရှည်နေခဲ့တာရယ် ခရီးမထွက်ဖြစ်ခဲ့တာကြာခဲ့လို့လာမသိ။ ညဖက်အချိန် ခရီးသွားနေရင်း ရထားပေါ်မှာ အိပ်မပျော်။ မကြာခင် ရန်ကုန်မြေကိုခြေချပြီးချိန် မိသားစုအိမ်ကိုရောက်ရှိချိန်မှာ လစ်ဟာနေမယ့်ကွပ်လပ်လေးတခုကို မြင်နေမိ။ မြစ်ကြီးနားကနေ မန္တလေး။မန္တလေးကနေ ရန်ကုန် ရထားပေါ်မှာ တောက်လျှောက်နီးပါး မတွေးပဲ မစဉ်းစားပဲပေါ်နေခဲ့တာက အဖေနဲ့ပတ်သက်ခဲ့တဲ့ အတိတ်ပုံရိပ်တွေဖြစ်နေ…။

မူလတန်း ကျောင်းနေစဉ်အရွယ်ကပင် အဖေသွားလာလေ့ရှိတဲ့ သတင်းစာတိုက်။ စာပေနယ်ပယ်မှ မိတ်ဆွေများထံသွားတိုင်း ကျနော်ဟာအဖေ့လက်ကိုဆွဲပြီး တကောက်ကောက်လိုက်ပါခဲ့သူဖြစ်တယ်။ ရန်ကုန်မြို့လယ် Downtown နေရာမှာနေတဲ့ အဖေ့ထံကိုလာကြတဲ့ အဖေ့မိတ်ဆွေတွေဟာ အိမ်ကိုလာတာထက် ၃၃ လမ်းထိပ်ကရွှေကြည်အေး လဘက်ရည်ဆိုင်မှာ ဆုံဖြစ်ကြ။အဖေဟာ လဘက်ရည်ကြိုက်တတ်သူ တစ်ယောက်မဟုတ်ပေမဲ့ သူရဲ့သတင်းလောကလုပ်ဖော်ကိုင်ဖက်မိတ်ဆွေ။စာပေညီအကိုတွေနဲ့ ဆုံရတာကိုသဘောကျနှစ်သက်လို့ ဒီလိုဆုံဖြစ်ခဲ့တာလို့သိခဲ့ရ…။

ဆရာသော်တာဆွေ ဆရာဒေါင်းနွယ်ဆွေ ဆရာနန်းညွန့်ဆွေ လင်းယုန်မောင်မောင် အထောက်တော်ဦးအုန်းမြင့် အထောက်တော်ဆရာလှအောင် ... စတဲ့ သတင်းစာနဲ့စာပေနယ်မှပုဂ္ဂိုလ်များနဲ့ဆုံတွေချိန်ဆို သူတို့ပြောဆိုနေကြတဲ့ လက်ရှိကာလအဖြစ်အပျက်များဟာ အဲ့ဒီအချိန်ကတည်းက နားယဉ်နေခဲ့။ တခါတရံ ရွှေကြည်အေးနဲ့မျက်စောင်းထိုး လမ်းတဖက်မှာရှိတဲ့ အိမ်မှာနေတဲ့ ဆရာမောင်သော်က (ဗိုလ်မှုးဘသော်) လည်း စကားဝိုင်းထဲရောက်လာသလို တခါတရံ အဘသောင်း(သတင်းစာဆရာကြီး ကြေးမုံဦးသောင်း)လည်းရောက်လာတတ်တယ်။ သူတို့ရဲ့ အဲ့ဒီအချိန် အဲ့ဒီကာလရဲ့မျက်မှောက်နိုင်ငံရေးအခြေအနေအပေါ် ပြောဆိုဆွေးနွေးခဲ့ကြတာတွေဟာ နောင်မကြာခင်ကာလများမှာ ကျနော့်အတွက် နိုင်ငံရေးဖြစ်စဉ်ကြီးကို စိတ်ဝင်စားဖို့အတွက် အမြူတေစခဲ့ရာနေရာဆိုလည်း မမှားပေဘူးပေါ့။
အဲ့ဒီလိုမကြာ မကြာဆုံတွေရတဲ့အထဲမှာ ကျနော်အတွက်မှတ်မှတ်ရရဖြစ်စရာ အကိုတစ်ယောက်နဲ့ ကြုံခဲ့ဖူးတယ်။သူက စွယ်စုံရအနုပညာရှင်ဖြစ်လာတဲ့ ဇာဂနာ @ကိုသူရ…။ အကို့ရဲ့ ဖခင်ဖြစ်သူ ဆရာနန်းညွန့်ဆွေနဲ့မိခင်ဖြစ်သူ ဆရာမကြီးဒေါ်ကြည်ဦးတို့ဟာ ကျနော့်ရဲ့အဖေအမေနှစ်ယောက်စလုံးနဲ့ရင်းနှီသူများဖြစ်သလို မိသားစုလိုဖြစ်နေခဲ့ကြ။ အဘနန်းညွန့်ဆွေနဲ့ တခါတရံပါလာတတ်တဲ့ ကိုသူရ( နောင်တချိန် လူရွှင်တော် ဇာဂနာ) ဖြစ်လာမယ့်သူနဲ့လည်း နောင်နှစ်ကာလများစွာကြာတဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုကိစ္စတွေကြောင့် ကျနော်နဲ့အတူ ထောင်အတူကျ။တထောင်ထဲနေခဲ့ရလိမ့်မယ်လို့ ဘယ်သိလိမ့်မလဲ။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အကိုသူရ ပါလာတဲ့ရက်တွေဆို ကျနော်ဟာ အတူရှိနေတဲ့ ညီအကိုအဖော်တစ်ယောက်ရသလို အကို့ဆီက ဆိုင်မှာထိုင်နေရင်း ပညာရလိုက်တာရှိသေးတယ်။

 ရွှေကြည်အေး ဆိုင်ပိုင်ရှင် တရုပ်ကြီးနဲ့ စားပွဲထိုးတွေမသိအောင် ပေါက်စီ ရဲ့ဖင်ဖက်မှာကပ်ထားတဲ့ စက္ကူကိုအသာအယာလက်ရာမပျက်ခွာ။အလယ်က ဌာပနာထားတဲ့ ဝက်သားကို အသာနှိုက်စား။လေမှုတ်သွင်းပြီးပြန်ဖောင်းထား။ပြီးမှ ခုနတုန်းကခွာထားတဲ့စက္ကူကိုနေရာမပျက်ပြန်ကပ်ထားပြီး စားတတ်တဲ့အဌာကိုသိသွားခဲ့တယ်။အကိုက သူကိုယ်တိုင်တော့ယူမစားဘူး။လုပ်နည်းပဲပြသွားတာ။ သိပ်မကြာပါဘူး အဖေ သိသွားလို့ နောက်ကိုမလုပ်ရတော့ပါဘူး။အမှန်တော့ ဘယ်သူမှ မသိအောင် ခိုးလုပ်ရတာကို လူငယ်သဘာဝ သဘောတော့ကျတာပေါ့…။
၁၉၆၀ ပြည့်လွန်နှစ်များကာလ ကျနော်မမွေးခင်အချိန်ကာလလောက်ကတည်းကမြို့ထဲ ၃၁ လမ်း။အထက်လမ်းအိမ်မှာ အဖေအမေနဲ့ ကျနော်ရဲ့အထက်က အကိုနှစ်ယောက်တို့ကနေထိုင်ခဲ့ကြတာ။ကျနော်အပါအဝင် နောက်ထပ်မွေးချင်းနှစ်ယောက်ထပ်တိုးလာပြီး ညီအကိုမောင်နှမငါးယောက်စလုံးဟာ မြို့ထဲမှာမွေး မြို့ထဲမှာပဲကြီးပြင်းလာကြသူတွေပါ။ ဒါပေမဲ့ အဖေဟာ ကျနော်တို့ငယ်စဉ်ကတည်းက နှစ်ဖက်အဖိုးအဖွားတွေရှိတဲ့ တောရွာတွေဆီကို နွေကျောင်းပိတ်ရက် နဲ့အခြားသောကျောင်းပိတ်ရက်တွေရှိချိန်မှာ မကြာခဏဆိုသလိုသွားရောက်လည်ပတ်လေ့ရှိတယ်။ ပြီးတော့ အဖေအမေတို့ရဲ့ နှစ်ဖက်မိဘအိမ်တွေကို အနည်းဆုံးတပတ်တခေါက်မိသားစုစုံလင်စွာသွားရောက်လည်တဲ့ အလေ့အထကိုလုပ်ခဲ့တာကိုပြန်အမှတ်ရမိတယ်။ အဓိပ္ပါယ်ကတော့ သူ့မိဘ ကိုယ့်မိဘနှစ်ဖက်စလုံးဆီကို သားသမီးမြေးမြစ်တွေမကြာခဏသွားခြင်းအားဖြင့် ဆွေမျိုးအသိုင်းအဝိုင်းနဲ့ မိသားစုတန်ဖိုးကိုထိန်းသိမ်းခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့တယ်။
အတွေးများစွာနဲ့ မအိပ်စက်ခဲ့ပဲ မန္တလေးမှ ညနေပိုင်းကတည်းကထွက်လာခဲ့တဲ့ ခရီးဟာ ညလည်သန်းခေါင်ကျော် တောင်ငူဘူတာရောက်ချိန်ကျမှအတွေးစပြတ်သွားခဲ့တယ်။ မနေ့ညက ရေဒီယိုကသတင်းကိုကြားမိခဲ့ကြတဲ့ တောင်ငူဒေသခံမိတ်ဆွေများကလည်း တောင်ငူဘူတာကနေလာရောက်နှုတ်ဆက်နေကြ။ရထားပေါ်ကနေပဲ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေကို စကားပြောနှုတ်ဆက်နေစဉ် တောင်ငူထောင်ဝန်ထမ်း တပ်ကြပ်ကြီးတင်ဝင်း(ရုက္ခစိုးတင်ဝင်း) တို့သားအဖလည်း ကျနော်ကိုလာရောက်နှုတ်ဆက်နေကြ။ သူတို့နှစ်ယောက်စလုံးက အဖေအမေတို့နဲ့ရင်းနှီးပြီးသားဖြစ်နေ…။ 

၁၉၉၄ မှ ၂၀၀၅ ခုနှစ် နှစ်ကုန်ခါနီးအထိ တောင်ငူထောင်မှာ ၁၁နှစ်ခွဲကျော် အကျဉ်းကျနေထိုင်ခဲစဉ် ကျနော့်ဆီထောင်ဝင်စာလာတွေ့တိုင်း ဘူတာကနေ ထောင်ကို ဆိုက်ကားနဲ့သယ်ပို့ပေးခဲ့ရတဲ့သူတွေလေ…။ သူတို့မှာ ဘဝရပ်တည်ရေးအတွက် ထောင်ဝန်ထမ်းလုပ်နေရပေမဲ့ တဖက်ကလည်း ဂျုတီချိန်အပြင်မှာ မိသားစုစားဝတ်နေရေးအတွက် သားအဖနှစ်ယောက်စလုံး ဆိုက်ကားနင်းကြရတယ်။တောင်ငူထောင်ကို တလတခေါက် မိသားစုဧည့်တွေ့( ထောင်ဝင်စာ )လာတွေ့တဲ့ အဖေအမေတို့ဟာ တောင်ငူဘူတာကိုဆိုက်ရောက်ချိန်မှာ သူတို့သားအဖနဲ့ဆုံဖြစ်တိုင်း ဆိုက်ကားစီးဖြစ်ခဲ့ပြီး နှစ်ကာလကြာရှည်လာတော့ မိတ်ဆွေတွေဖြစ်နေခဲ့ကြ…။ 

ရုက္ခစိုးဦးတင်ဝင်းက ရထားထွက်ခါနီးမှာ ကျနော့်အဖေဆုံးသွားတဲ့သတင်းကို ကြားမိတဲ့အကြောင်း။၂၀၀၅ ခုနှစ်က အိမ်အပြန်ခရီးလို အဖေ့နဲ့မဆုံဖြစ်တော့မယ့်အခြေအနေကိုနားလည်မိပြီး ဂရုဏာသက်တဲ့စကားတွေနဲ့ ကျနော့်ကိုအားပေးနှစ်သိမ့်ရှာတယ်…တောင်ငူဘူတာကနေ ရထားပြန်ထွက်ချိန်မှာ ဒီတခေါက်အိမ်အပြန်ခရီးဟာ ကျနော့်အတွက် အရင်လိုပေါ့ပါးသွက်လက်မှုမရှိတော့ပဲ ရန်ကုန်မြေကိုခြေချဖို့လေးလံနေမိတော့တယ်……။

( ဆက်လက်ဖော်ပြပါ့မည် )
အစဉ်အမြဲလွမ်းဆွတ်ခြင်းများဖြင့်
ကိုမြတ်စံ
11/11/2019 ( 12:30 pm )