Breaking News

မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၁)



မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၁)
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၁

၁။ အပစ်ရပ်ခြင်းနှင့် ကတိကဝတ် 
၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ဥပဒေအထောက်အကူပြုကွန်ယက် ( Legal Aid Network ) က အငြင်းပွါးဘွယ်ရာ သုံးသပ်ချက်တစောင် ထုတ်ပြန်လာသည်ကိုတွေ့ရသည်။ ဤသဘောထားထွက်လာသည်မှာ AA အနေနှင့် အစိုးရနှင့်အပစ်ရပ်ထားသည့်နောက်ကွယ်တွင် သဘောတူညီချက်စာချုပ်တခုရှိရမည်ဟူသော စွပ်စွဲချက်မှအစပြုသည်ဟုဆိုရမည်။ ထိုစွပ်စွဲချက်အား AA တာဝန်ရှိသူမှ ယာယီအပစ်ရပ်ထားသည်သာဖြစ်ပြီး မည်သည့်စာချုပ်မှမရှိကြောင်း ငြင်းဆိုပြိးသည့်နောက် အငြင်းပွါးဘွယ်ရာသုံးသပ်ချက်ထွက်လာခြင်းဖြစ်သည်။ ပြောရလျင် စာချုပ်တခုရှိရမည်ဟုစွပ်စွဲခဲ့ပြိး မရှိပါဟု‌ဆိုသောအခါ ရှိရမည်ဟုဆိုလာပြန်သည်။ 

တကယ်တော့ ဤသုံးသပ်ချက်သည် လက်ရှိမြန်မာပြည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရ သို့မဟုတ် တပ်မတော်ကြား အပစ်အခတ်ရပ်စဲကြသည့် ပကတိအခြေအနေများနှင့်ကိုက်ညီမှုမရှိပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား အပစ်ရပ်မှုများသည် ၁၉၈၉ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ ရှိခဲ့သည်။ မတူသည့်ပုံစံအမျိုးမျိုးနှင့် အပစ်ရပ်ခဲ့ကြသည်။ အပစ်ရပ်ပြီးမှပြန်လည်တိုက်ခိုက်သည်လည်း ရှိသည်။ NCA လက်မှတ်ရေးထိုးပြိး အပစ်အခတ်မရှိတော့သည်လည်းရှိသည်။ အပစ်ရပ်လိုက်ပြန်တိုက်လိုက်ဖြစ်နေသည်လည်းရှိသည်။ သို့ရာတွင် မည်သည့်အပစ်ရပ်မှုမျိုးတွင်မဆို နိုင်ငံရေးသဘောတူညီချက်ပါလေ့မရှိပါ။ နိုင်ငံရေးသဘောတူညီချက်တရပ်ရပ်ကိုထည့်သွင်းပြီး အပစ်ရပ်ရန်ကြိုးစားပါက အောင်မြင်လေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော် တပ်မတော်ဖက်မှဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖက်မှဖြစ်စေ  နိုင်ငံရေး သဘောတူညီချက်တခုခု ထည့်သွင်းပါက သဘောတူညီချက်ရယူရန်ခက်ခဲပြီး အပစ်ရပ်နိုင်သည့်အဆင့်သို့ ရောက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် မြန်မာပြည်တွင်းရှိ အပစ်ရပ်ကြသည့်အဖွဲ့တိုင်းသည် နှုတ်ကတိဖြင့် အပစ်ရပ်သည်ဖြစ်စေ bilateral လက်မှတ်ရေးထိုးအပစ်ရပ်သည်ဖြစ်စေ အများစုမှာ မည်သည့် နိုင်ငံရေးသဘောတူညီချက်မှ ပါလေ့မရှိပါ။ နိုင်ငံရေးသဘောတူညီချက်များအား အပစ်ရပ်ပြီးမှ ဆွေးနွေးဖြေရှင်းသွားရန်  သဘောတူလေ့ရှိကြသည်။ အကယ်၍ရှားရှားပါးပါး ပါသည်ဆိုပါကလည်းယေဘူယျမျှသာဖြစ်သည်။ ဤသည်မှာ မြန်မာပြည်တွင်းရှိလက်တွေ့အခြေအနေဖြစ်သည်။ ဤသည်မှာ တိုင်းရင်းသားအဖွဲ့တဖွဲ့ အပစ်ရပ်သည့်အခြေအနေမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အားလုံး အပစ်ရပ်သည့်အခြေအ‌နေ ဖြစ် သည်။ နိုင်ငံရေးသဘောတူညီချက်တခုရမှ အပစ်ရပ်မည်ဆိုလျင် မြန်မာပြည်တွင် မည်သည့်အပစ်အခတ်ရပ်စဲရေးမှ ဖြစ်လာမည်မဟုတ်ပေ။ ယနေ့ EAO များနှင့် တပ်မတော်ကြား အပစ်ရပ်ရေးသည် ၁၉၈၁ ခုနှစ် မဆလအစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီဆွေးနွေးစဥ်က ကွန်မြူနစ်ပါတီရပ်ခံခဲ့သော အဖွဲ့အစည်းတည်ရှိခွင့်၊ တပ်တည်ရှိခွင့်၊ အခြေခံဒေသတည်ရှိခွင့် ဆိုသည် မူ ၃ ချက်အား အစိုးရ/တပ်မတော်ဖက်က အသိမှတ်ပြုသည့်အခြေခံပေါ်တွင် အပစ်အခတ်ရပ်စဲနေကြခြင်းဖြစ်သည်။ 

ထို့ပြင် အပစ်အခတ်ရပ်စဲခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန်ဖြစ်သည်။ ဆွေးနွေးပွဲအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ နိုင်ငံ ရေးဆွေးနွေးပွဲတခုမစတင်မှီ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားရန်လိုအပ်သည်။ သို့မှသာ ပွင့်လင်းလွတ်လပ်သည့် နိုင်ငံရေးဆွေးနွေးပွဲတခုဖြစ်ပေလိမ့်မည်။ အပစ်မရပ်မှီ တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ဖက်မှဖြစ်စေ၊ တပ်မတော်ဖက်မှဖြစ်စေ ကြိုတင်၍ နိုင်ငံရေးသဘောတူညီချက်ရယူရေးဆိုသည်မှာ နိုင်ငံရေးဆွေးနွေးပွဲ မစမှီ ကြိုတင်စည်းကမ်းသတ်မှတ်သကဲ့သို့ဖြစ်ပေရာ ပွင့်လင်းလွတ်လပ်သည့် နိုင်ငံရေးဆွေးနွေးပွဲတခု၊ အောင်မြင်သည့် နိုင်ငံရေးဆွေးနွေးပွဲတခု ဖြစ်မလာနိုင်တော့ပေ။ ကြိုတင်စည်းကမ်းချက်သတ်မှတ်ထားခြင်းသည်ပင်လျင် နိုင်ငံရေးဆွေးနွေးပွဲအား ကန့်သတ်ဖျက်ဆီးရာရောက်ပေသည်။ 

လက်တွေ့တွင် ဤသို့အပစ်ရပ်ခြင်းနှင့်ပတ်သက်၍ အနီးကပ်ဆုံးဥပမာတခုပြရမည်ဆိုလျင် တပ်မတော်နှင့် KIA ကြား အပစ်ရပ်ထားခြင်းဖြစ် သည်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း တိုက်ပွဲများဖြစ်ပွါးပြိီးနောက် KIA နှင့် တပ်မတော်ကြား တိုက်ပွဲများရပ်တန့်သွားသည်။ အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် ကြားဝင်ညှိနှိုင်းမှုများအရ နားလည်မှု နှုတ်ကတိဖြင့် အပစ်ရပ်ကြခြင်းဖြစ်သည်။ KIA နှင့်တပ်မတော်ကြား အပစ်ရပ်ချိန် သည် ယခု ၂၀၂၁ ခုနှစ် မတ်လ တိုက်ပွဲများပြန်ဖြစ်ချိန်ထိဆိုလျင် ၃ နှစ်နီးပါးကြာမြင့်ခဲ့သည်။ ထိုသို့အပစ်ရပ်ခဲ့ခြင်းအတွက် တပ်မတော်နှင့် KIA ကြား မည်သည် နိုင်ငံရေးသဘောတူစာချုပ်မှမရှိခဲ့သကဲ့သို့ ၂၀၁၉ ခုနှစ်အတွင်း ၆ ကြိမ်တွေ့ဆုံဆွေးနွေးရာတွင်လည်း မည်သည့်သဘောတူညီချက်မှ မရှိခဲ့ပါ။ သို့သော် ၃ နှစ် နီးပါးအပစ်ရပ်‌နေခဲ့ပါသည်။ဤသို့အပစ်ရပ်ကြသည်မှာ သဘာဝမကျဟုဆိုကောင်းဆိုနိုင်မည်ဖြစ်သော်လည်း ဤအခြေအနေသည် မြန်မာပြည်စစ်ပွဲတွင် ပုံမှန်ဖြစ်နေကျကိစ္စတခုသာဖြစ်ပါသည်။ ဤသို့အပစ်ရပ်ကြခြင်းသည် နှစ်ဖက်လုံးက မိမိအကျိုးရှိသည့် အခြေအနေတရပ် ဖန်တီးရန်ရည်ရွယ်ပြိး အပစ်ရပ်ကြခြင်းဖြစ်သည်။ နှစ်ဖက်လုံးက ထောက်ထားတွက်ဆစရာများကိုကြည့်၍ အပစ်ရပ်ကြခြင်းဖြစ်သည်။ ပြိးလျင် နှစ်ဖက်လုံးက အပစ်ရပ်လိုသည့် အခြေအနေအောက်တွင်သာ အပစ်ရပ်နိုင်ခြင်းဖြစ်ပြီး တဖက်တည်းက အပစ်ရပ်ချင်ရုံနှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်မလာပါ။ 

ထို့ပြင် AA အပစ်ရပ်သည်မှာ ၂၀၂၀ နိုဝင်ဘာ လဆန်းဖြစ်ရာ ထိုစဉ်က NLD အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် အခွင့်လမ်း ကောင်းဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၁ ဖေဖဝါရီ ၁ ရက်နေ့မတိုင်မှီမြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ယှဉ်တွဲသုံးသပ်လျင် အခြားအဖွဲ့များကဲ့သို့ မှန်တန်းကျသည့်အခြေအနေသာဖြစ်သည်။ NLD အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးလမ်းစဉ်အကောင်အထည်ဖေါ်ရန် အခွင့် ကောင်းလည်းဖြစ်သည်။ ထိုအခြေအနေနှင့် ၂၀၂၁ ဖေဖဝါရီ ၁ ရက်နေ့ နောက်ပိုင်းအခြေအနေနှင့် ရောထွေးမသုံးသပ်ရန်လိုပါသည်။ 

သို့ဖြစ်ရာ AA ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ဖြစ်စေ အပစ်ရပ်ရာတွင် သဘောတူညီချက်တခုရှိသင့်သည်ဆိုသည်အချက်မှာ လက် တွေ့မကျပါ။ လက်တွေ့မကျသည့်အပြင် နိုင်ငံရေးဆွေးနွေးပွဲသို့တက်လှမ်းရာတွင် အကန့်အသတ် ဖြစ်စေပါသည်။ ထို့ပြင် ရှည်ကြာသော စစ်ပွဲများအတွင်း နှစ်ဖက်စစ်ပွဲကိုဦးစီး‌နေကြသူများသည် မိမိအတွက် အကျိုးရှိမည့် မည်သည့်ပရိယာယ်၊ နည်းလမ်းမဆိုသုံးရန် တွန့်ဆုတ်ခြင်းမရှိကြသည်ကိုလည်း သတိပြုရန်လိုအပ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည် 
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar