Breaking News

လင်းလက်နွေဦး - စိတ်မလွတ် လက်မလွတ်

 
Photo- Crd

စိတ်မလွတ် လက်မလွတ်
လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၁
 

မနေ့က အတူနေတဲ့ ကလေးမလေးတစ်ယောက်က အဝေးရောက် မိဘဆွေမျိုးတွေကို ဖုန်းနဲ့ လှမ်းကန်တော့နေတာတွေ့တော့ စိတ်ထဲ ဝမ်းနည်းသလိုလိုတောင် ဖြစ်သွားတယ်။ ဒီကလေးလိုမျိုး တကွဲတပြားဖြစ်နေတဲ့၊ အဝေးရောက်သားသမီးတွေ ဘယ်လောက်တောင် များနေပြီလဲ။ အဝေးရောက် တပည့်တွေ ဘယ်လောက်တောင် များနေပြီလဲ။ ဖျတ်ကနဲ နှစ်စဉ် လူကြီးမိဘတွေကို ကန်တော့ခဲ့တာလေး တွေကို သတိရလာတယ်။ ခုတော့ မခေါ်မပြောနိုင်တဲ့ အထက်လူကြီးတွေက ရှိနေပြီကိုး။ ‘မျက်နှာချင်းဆိုင် လမ်းမှာတွေ့တာ၊ ရှောင်လွှဲစရာ လမ်းက ကျဉ်းမြောင်းလွန်းပြီလေ…’ သီချင်းလေးလိုပေါ့။ တမင် ရှောင်ဖယ်ရ တဲ့ မျက်နှာတွေ၊ တမင် ဝေးကွာနေရတဲ့ မျက်နှာတွေ။ မြင်ချင်တဲ့ မျက်နှာတွေ၊ မမြင်ရတဲ့ မျက်နှာတွေ။

ဒီသီတင်းကျွတ်ဟာ လုံးဝ ပျော်စရာမကောင်းဘူး။ ဘုရားသွား၊ ကျောင်းတက်လုပ်နိုင်တဲ့ ‘နေကြာပန်း’တွေတော့ တွေ့တယ်။ သီတင်းကျွတ်မှာ ဝတ်ဖို့ အင်္ကျီအသစ် ဝယ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ကလေးတွေကိုလည်း ဝယ်မပေးမိဘူး။ ဆိုးတာက၊ ဖယောင်းတိုင်မီးထည့်ထွန်းကတဲ့ မီးပလုံး အရုပ်ကားလေး တောင် ဝယ်မပေးမိဘူး။ အကြမ်းဖက်စစ်ကောင်စီကတော့ ကြေညာထားတယ်၊ ‘ဗောက်အိုးမဖောက်ရ’တဲ့။ မီးရှူးမီးပန်းတောင် ဝှေ့ရမ်းမဆော့ကြဘူး။ ဘုရားရင်ပြင်တော်ပေါ်မှာ ‘တော်လှန်ရေးသီတင်းကျွတ်’ ဆင်နွှဲနေ ကြတာတွေ့ရဲ့။ သွားမလို့ပါပဲ၊ ကလေးတွေကိုပဲ မီးပူဇော်ခိုင်းလိုက်တယ်။ ဘာလို့မှန်းမသိဘူး၊ သီတင်းကျွတ် ကိုပါ စီဒီအမ်လိုက်တယ်။

တကယ်တော့ ဖေ့ဘုတ်စ်ပေါ်လည်း မရောက်တာ ကြာပြီရယ်။ ဘယ်နေရာမှာ ဘယ်လိုတိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာတောင် သူများပြောမှ သိတာ။ စစ်ကနယ်ဂရုထဲတောင် မဝင်လို့၊ လမ်းတူ ဘော်ဒါတွေနဲ့ တောင် ရောက်တတ်ရာရာ ရင်မဖွင့်ဖြစ်ဘူး။ ဘာလို့လဲ…. ခဏ ခဏ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ အရင်က လိုင်းပေါ်တက်၊ ဟော့နေတာတွေ လိုက်ရှာ၊ ပြန်ဖြန့်၊ အောက်လုံးအလိမ္မာတွေနဲ့ ဟာသဖောက်၊ ပေါ့ပေါ့ပါးပါး ပေါ့လေ။ ခုတော့ စိတ်တွေဟာ ရေစိုနေတဲ့ ငါးစပ်စောင်ကြီးတစ်ထည်ပါပဲ။

သီတင်းကျွတ် ငယ်ဘဝအကြောင်းကို အက်ဆေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ပြန်တွေးကြည့်တော့လည်း အရင်လို လတ်ဆက်မလာဘူး။ စိတ်ထဲမှာ ပျော်ရမှာကို စိုးရိမ်နေသလိုမျိုး။ ငယ်အတိတ် ပြန်လွမ်းရမှာကို မဝံ့မရဲ ဖြစ်နေသလိုမျိုး။ ဟဲ့….သူများပျော်တော့လည်း မပျော်နိုင်၊ ကိုယ်တိုင်လည်း ပျော်အောင် မနေတတ် ဖြစ်နေပါပကော။ ‘သူများပြောလို့မှ ကိုယ့်မှာ မပျော်နိုင်… ရည်စားပျောက် ပျောက်လို့ မှိုင်…’။

ဘာလို့လဲ… ပြန်မေးမိပြန်တယ်။ ဘာလို့လဲ…။ စိတ်ထဲ မတင်မကျကြီး။

ဒီအချိန် သေမယ်ဆိုရင် ပြိတ္တာပဲ ဖြစ်မယ် ထင်တယ်။ အစွဲတွေနဲ့ မကျွတ်မလွတ်သေရင် ပြိတ္တာ ဖြစ်တတ်တယ် မဟုတ်လား။ ဆယ်တန်းအောင်ပြီးစက ဆီဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ဖူးတယ်။ အိမ်စီး ကားရှိတဲ့သူတွေ ဆီထုတ်ရောင်းတဲ့အချိန်ပေါ့။ ဆီသယ်ပေးတဲ့ ဆိုက်ကားဆရာက ပြောဖူးတယ်၊ နောက်ဘဝ ကျ ‘ခွေး’ဖြစ်ချင်တယ်တဲ့။ ဗျာ… အံ့ဩသွားတာပေါ့။ သူက အောင်နိုင်သူ အပြုံးနဲ့ ‘ငါ မကျေနပ်တဲ့သူတွေဆို လည်မြိုတက် ကိုက်ပစ်မယ်’တဲ့။ ခုလည်း ပြိတ္တာဖြစ်ရင် ‘မအလကို ဂုတ်ချိုးသတ်မယ်’။

ထားပါတော့၊ ခါကြီးရက်ကြီးမှာ အဘိဇ္ဈာ မပွားတော့ပါဘူး။ အဲ ဟုတ်သေးပါဘူး၊ ဒင်းတို့ကသာ ငါတို့ အပိုင်တွေကို မတရားခိုးထားတာပါ။

ဒီလို စိတ်လက်လေးလံကြီးနဲ့ နှေးတွဲ့နေတုန်း သားတော်မောင်က မေးလာတယ်၊ ‘သီတင်းကျွတ် လပြည့်နေ့က ဘုရားမွေးနေ့လား’တဲ့။ မီးထွန်းရမယ်၊ ပူဇော်ရမယ်ဆိုတော့ ‘ဟက်ပီးဘက်ဒေး’ ထင်နေရှာပေါ့။ အဲဒါနဲ့ သရက်ဖြူပင်ရင်း တန်ခိုးပြပုံကနေ၊ တာဝတိံသာမှာ အဘိဓမ္မာဟော၊ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်း တန်းနဲ့ ‘သင်္ကဿနဂို’ဆိုလား ဘာဆိုလား ရွာလေးအနားကို ပြန်ဆင်းလာပုံတွေ ပြောပြမိ တယ်။ ပြောရင်းပေါ့လေ၊ ဘုရားက ဘုရားစစ်ကြောင်း ပြရသေးတာ၊ ဘာတန်ခိုးမှ မရှိတဲ့ကောင်တွေက သရက်ပင်တွေ လိုက်ခုတ်တာ၊ အချိန်တန်တော့ သရက်သီး လာလှူတဲ့သူ ပေါ်လာတာတွေ…တန်ခိုးပြပြီး ဝှဲချီးဩဘာသံတွေကြား ကျေ နပ်မနေဘဲ၊ လုပ်စရာရှိတဲ့ နောက်တစ်ခုကို ဘုရား ချက်ချင်းလုပ်သွားတာနော်။ တာဝတိံသာနတ်ပြည်ကို ကြွသွားပြီး မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို အမှူးပြုပြီး တရားသွားဟောတာ။ အားရတာတစ်ခုက နတ်ပြည်ရောက်နေပေမယ့်၊ လူပြည်နဲ့ အဆက်အသွယ် မပြတ်စေတာပဲ၊ တပည့်ဖြစ်သူကို တရားပြန်ဟောပြတယ်နော်။

နောက်တစ်ခုက ကာလံဒေသံကို နားလည်ခြင်းပါပဲ၊ နတ်တွေက လူတွေထက် သဘောပေါက်လွယ် တာမို့ အဘိဓမ္မာအကျယ်ဟောတယ်၊ ပညာအရာမှာ ဧတဒတ်ရတဲ့ အရှင်သာရိပုတ္တရာကိုတော့ အကျဉ်းမျှ ဟောတယ်။ ကိုယ်တို့မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမယ့် ကာလံဒေသံကို မရိပ်စားမိကြဘူးနော်။

ဒီလို ကိုယ်သိသလောက်လေး လျှောက်ပြောနေချိန်မှာ စိတ်ပေါ့ပါးနေတာပါ။ ကလေးတွေက အိပ်ကုန်ပြီ၊ ဘုရားရင်ပြင်တော်ပေါ် သွားကြည့်တော့လည်း ဆီးမီးတွေက ငြိမ်းကုန်ပြီ။ လပြည့်ကြီးကလည်း ပြည့်ပြည့်ဝဝ ဝင်းပနေတာပါပဲ။ မြောက်လေက တစိမ့်စိမ့် သွေးနေတယ်။ ဘုရားကို ဦးနှိမ်ရှိခိုးလိုက်တယ်။

စိတ်တွေက မငြိမ်သေးဘူး။  

လင်းလက်နွေဦး
၂၁.၁၀.၂၀၂၁ မနက် ၉နာရီ ၂၈မိနစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar