Breaking News

မိုက်ခဲစိန် - ၂၀၂၀ မှာ ကမ္ဘာကြီီီး ဘာလဲ ဘယ်လဲ

မိုက်ခဲစိန် - ၂၀၂၀ မှာ ကမ္ဘာကြီီီး ဘာလဲ ဘယ်လဲ

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၀

၂၀၂၀ ကို အီရန် - အမေရိကန်စစ်၊ ဩစတြေးလျတောမီး၊ ပွာတိုရီကို (အမေရိကန်၏ကျွန်း) မြေငလျင်၊ အီရန်လေဆိပ် ယူကရိန်းလေယျာဉ်ပျက်ကျ၊ စတဲ့ ကပ်ဘေးတွေနဲ့ စဖွင့်တယ်လို့ ဆိုရမယ် ထင်ပါတယ်။ အမေ့ရိကားမှာ သမ္မတကြီးထရန့်ကို လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ဖို့ ဆုံးဖြတ်ကြတယ်။ မြန်မာပြည်မှာကတော့ ဒေါ်အောင်ဆန်းစုုကြည် ICJ ခုံရုံးမှာ သွားရောက် ဖြေရှင်းခဲ့ရတယ်။ ဟောင်ကောင်မှာ ကျောင်းသားလူငယ်တွေရဲ့ သပိတ်မှောက်စစ်ပွဲသံတွေကလည်း တခြိမ်းခြိမ်းပဲ။ ဗြိတိန်ကလည်း ဘရိတ်ဇစ်ဆိုတဲ့ ၀င်္ကပါအကြပ်အတည်းထဲမှာ တဝဲလည်လည်။ တောင်အမေရိကားက ဒုက္ခသည်တွေဟာ အမေရိကန်နယ်စပ်မှာ စုဝေးအုံကြွလို့ ... အို ကောင်းတဲ့ သတင်းတွေလည်း မရှိပါလား။

၂၀၁၉ တုန်းကလည်း မျိူးဆက်တွေ ဝါဒတွေ အုပ်စုတွေ နိုင်ငံတွေ ပါတီတွေ ကြားမှာ ပဋိပက္ခတွေ ဖြစ်ပြီး ဖြတ်သန်းခဲ့ကြရတယ်လို့ ဆိုရပါမယ်။ အမေရိကန်မှာ ဒေါ်နယ်ထရန့်သမ္မတရဲ့ အာဏာအလွဲသုံးမှုအရေးဟာ သတင်းမျက်နှာဖုံး၊ ရုရှားက အမေရိကန်၏ ၂၀၁၆ရွေးကောက်ပွဲ ဝင်စွက်ဖက်မှု အယ်ဖ်ဘီအိုင်၏ စုံစမ်းရေးအစီရင်ခံစာဂယက်၊ အမေရိကန်နဲ့ တရုတ်ကအစ အခြားအားလုံးနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကားက လူမျိူးရေး ဘာသာရေး ပဋိပက္ခတွေ၊ အိန္ဒိယက ဘာသာရေးအချင်းများမှု၊ တူရကီက ကာဒ်တွေ ခိုကိုးရာမဲ့ဖြစ်နေရတဲ့ အရေးအခင်း ... မြန်မာပြည်တွင်းမှာလည်း ပြည်တွင်းစစ်မီးများ ရခိုင်ပြည်နယ်တွင်း တိုးပွားတောက်လောင်လာခြင်းများ။

၂၀၁၉ မှာ ထင်ရှားတဲ့ စိန်ခေါ်သံအသစ်တွေကတော့ မျိုးဆက်ဟောင်း အတွေးအခေါ်ဟောင်းတွေကို မျိုးဆက်သစ်တွေက ဝေဖန်ထောက်ပြမှုတွေ တဆင့်ပြီးတဆင့်တိုးလို့ ဖြစ်လာတယ်လို့ ဆိုချင်ပါတယ်။ အမျိုးသမီးတွေ လူနည်းစုတွေ အင်အားနည်းသူတွေအတွက် အခွင့်အရေးတန်းတူညီမျှမှု အကာအကွယ်ပေးနိုင်မှု တရားဥပဒေ၏ စောင့်ရှောက်မှု ရှိဖို့ မျိူးဆက်သစ်တွေက တိုးလို့ ပိုတောင်းဆို တိုက်ပွဲဝင်လာကြပါတယ်။ ပတ်ဝန်းကျင် ဥတုရာသီပြောင်းလဲဖောက်ပြန်မှုတွေကိို ကာကွယ် ထိန်းသိန်းဖို့ တောင်းဆိုမှုတွေ တိုးတက်လာပါတယ်။ နည်းပညာတိုးတက်မှုနဲ့ ဥစ္စာဓနကြွယ်၀သူများ အားကောင်းသည်ထက် အားကောင်းလာပြီး ဆင်းရဲသူ ပညာနည်းသူတို့ ဆင်းရဲတွင်းနက်လာတာ၊ ရပ်တည်ဖို့ ခက်ခဲလာတာကို မျိုးဆက်သစ်တွေက ထောက်ပြ ပြစ်တင် ဝေဖန်ပြီးတော့ အစိုးရတွေ ကော်ပိုရေးရှင်းတွေ ကွန်မြူနီတီအသီးသီးက လူတွေက ကြိုတင်ကာကွယ် ပြုပြင်ရေးတွေလုပ်ကြဖို့ ထောက်ပြတောင်းဆိုလာကြပါတယ်။ မျိုးဆက်သစ်တွေအဓိက တောင်းဆိုနေတဲ့ အချက်ကတော့ အနာဂတ်မှာ သူတို့တွေ အသက်ဆက်ရှင်နိုင်ဖို့အခွင့်အရေးအတွက် မျိုးဆက်ဟောင်းတွေက လိုက်လျောမှုတွေ ပြင်ဆင်မှုတွေ လုပ်ကြဖို့ပါ။ ဒါက စိန်ခေါ်မှုပါပဲ။

သည်ပုံစံအတိုင်း လူကြီးတွေ ခေါင်းမာနေရင် ရန်လိုနေရင် ငါတကောကော ကောနေကြရင် ကလေးတွေအတွက် လောကကြီးဆိုတာ ရှိနိုင်ပါဦးတော့မလားလို့ ကလေးတွေက မေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။

သို့သော်လည်း ၂၀၂၀ ကို ဖွင့်လိုက်တာက ငြိမ်းချမ်းရေးတေးသံ ကောင်းသတင်း မျော်လင့်ချက်အလင်းရောင်တွေ မဟုတ်တာကတော့ အမှန်တရားဖြစ်နေပါတယ်။ စစ်သတင်း သဘာ၀ဘေးဒဏ်သတင်း ကပ်ဘေးသတင်းတွေက ရှေ့တန်းကို ရောက်လို့ နေတာပါပဲ။ ခေါင်းဆောင်တွေ ဘာသာရေးဦးဆောင်သူတွေ ဦးစီးဦးဆောင်လုပ်နေသူတွေဆီက new year resolution လို့ ခေါ်တဲ့ နှစ်သစ်ဆုတောင်း ရည်မှန်းချက် ကောင်းကောင်းကန်းကန်းလည်း တလုံးမှ ထင်ထင်ရှားရှား မကြားလိုက်ရပဲ (ခွန်အားတွေ မဖြစ်လိုက် အားတွေ မတက်လိုက်ရဘဲ) နှစ်သစ်ကိုု ကူးခဲ့ကြရတယ်လို့ ထင်မိပါတယ်။

 အနည်းဆုံး အဆိုးထဲကအကောင်းပြောရရင် ဗြိတိန်က တော်ဝင်မိသားစုထဲက မင်းသားဟယ်ရီနဲ့ မင်းသမီးမာခယ်တို့၏ ပြတ်ပြတ်သားသား ထုတ်ဖော်မှုပါပဲ။ တော်ဝင်နန်းတော်ကို ပုန်ကန်လိုက်တာပါ။ သူတို့တွေက တော်ဝင်မိသားစုတွေ၏ တော်ဝင်ထီးတော်ရိပ်ကနေ ထွက်ခွာကြတော့မယ်တဲ့။ သူတို့ တော်ဝင်ဘ၀ကနေ သာမန်လူတွေလို ကိုယ့်ဖာသာကိုယ် ရပ်တည်နေထိုင်ကြဖို့ ဆုံးဖြတ်တော့မယ်လို့ ကြေညာလိုက်တာပါ။ ဘုရင်မကြီး အယ်လီဇဘက်ကတော့ ဆွေ့ဆွေ့ခုန်နေတယ်လို့ ကြားပါတယ်။ မျိုးဆက်သစ်တွေဟာ မျိူးဆက်ဟောင်းတွေရဲ့ အရိပ်အမိုး ဩဇာဟောင်းတွေအောက်ကနေ မလိုအပ်တော့ဘူးလို့ ထင်မြင်တာနဲ့ စွန့်ခွာဖို့ လမ်းခွဲဖို့ လိုတဲ့အကြောင်း ပြသလိုက်တဲ့ နမိတ်ကောင်းလို့ ရှားရှားပါးပါး ဆိုရမယ် ထင်ပါတယ်။

၂၀၂၀ မှာ ဟိုးအရင်တုန်းကိုပဲ မပြောင်းမလဲ ဆက်ပြီး ထိန်းသိမ်းနေထိုင်သွားမယ်လို့ နှစ်သစ်သံန္နိဌာန်ချတယ်ဆိုတာ အတော်ကို ညံ့ဖျင်းတယ်လို့ ဝေဖန်ရမှာပါ။ တော်လှန်သော သစ်လွင်သော ရဲရင်သော စွန့်စားရသော စိန်ခေါ်မှုတွေ ပြည့်နေသော ထူးခြားတဲ့ နှစ်သစ်သံန္နိဌာန်တခုခုတော့ ချကြမှ ဖြစ်မှာပါ။ သည်အတွက်ကတော့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဆုံးဖြတ်ချက်တွေ ခြေလှမ်းသစ်တွေကိုသာ စောင့်မျော်ကြည့်ကြရန်သာ လိုအပ်ပါကြောင်းနဲ့ မျိူးဆက်ဟောင်းတွေဆီကတော့ ဓာတ်ပြားဟောင်းပြန်ဆိုတေးတွေက လွဲပြီး ဘာအသစ်အဆန်းကိုမှ မျော်နေစရာမလိုတော့ဟုသာ ပြောလိုက်ပါကြောင်း။