Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၂၈၊ ၂၀၂၁

• ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်မလား 
ရက်ပိုင်းအတွင်း တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်း ဘုဂနာက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြန့်နှံ့လာနေပြီလို့ ဆော်သြလိုက်ပြီး နိုင်ငံတကာက မြန်မာစစ်ခေါင်းဆောင်တွေကိုဖယ်ရှားပြီး ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်မယ့် ခေါင်းဆောင်တွေနဲ့ အစားထိုးနိုင်ဖို့လိုအပ်ကြောင်း ပြောဆိုလိုက်တဲ့သတင်း ယနေ့ဖေါ်ပြကြတာတွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က အရင့်အရင်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေ ဝါဒအရ ကွဲပြားတဲ့ ကွန်မြူနစ်ဝါဒ စွဲကိုင်တဲ့ လက်နက်ကိုင်အဖွဲ့၊ အဲဒါအပြင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြားနဲ့ အာဏာရ အစိုးရ၊ အာဏာသိမ်းအစိုးရ၊ စစ်အစိုးရ တို့နဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်လာတဲ့ ပြည်တွင်းစစ်က အခု စစ်အာဏာသိမ်းအပြီးမှာတော့ ကျယ်ပြန့်တဲ့ အသွင်နဲ့ ဖြစ်လာမယ့် သဘောမျိုးလို့ နားလည်ပါတယ်။ ကုလအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတဝှန်း ပြည်တွင်းစစ်မီးပျံ့နှံ့လာတယ်လို ရည်ရွယ်ပြောဆိုထားရာမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ရည်ညွှန်းတယ်လို့ နားလည်ပါတယ်။ 

ခု လက်ရှိအခြေအနေဟာ ၁၉၄၉-၅၀ ခုနှစ်တွေတုန်းက ပြည်တွင်းစစ်လိုမျိုး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနိုင်ခြေရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ အခုလက်ရှိ အနေအထားမှာတော့ လက်နက်တွေရဖို့ကြိုးစားနေကြ၊ စုဖွဲ့နေကြတဲ့အနေအထားလည်းဖြစ်ပြီး အချို့ဒေသတွေမှာတော့ ရှိတဲ့လက်နက်နဲ့ အနီးဆုံး စစ်ကောင်စီတပ်၊ ရဲ၊ သတင်းပေးသူလို့ ယူဆရသူတွေကို တိုက်ခိုက်၊ သတ်ဖြတ်တာတွေ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကလည်း ပုံမှန်အင်အားနဲ့ ဖြိုခွဲ ဖမ်းဆီး ချေမှုန်းတာတွေအပြင် အချိန်ပြည့် လက်နက်ကိုင်တပ်သားတွေနဲ့ဖွဲ့ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးကြီးသဖွယ် သံချပ်ကာကားတွေ လက်နက်ကြီး လက်နက်ငယ်တွေ စုစည်းပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ကိုချီတက်ကာ တိုက်ခိုက်ချေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကို မြန်မာနိုင်ငံထဲမှာ နေထိုင်သူအများစုက သိရှိပြီးသား ဖြစ်ပါတယ်၊ ပြည်တွင်းစစ် ဖြစ်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ မေလဝန်းကျင်ကတည်းက ပြည်သူအချို့ကြားထဲ စိုးရိမ်မှု ပြောဆိုမှုတွေရှိခဲ့ပေမယ့် အဲဒီအချိန်ကာလကတော့ ပြည်တွင်းစစ်ဖြစ်ပွားဖို့ အခြေအနေအကြောင်းအချက်တွေ အခုလို ပြည့်စုံနေတဲ့အနေအထားမဟုတ်လို့ စိုးရိမ်လွန်တာလို့ ယူဆခဲ့ကြကောင်း ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ 

ခုနေခါမှာတော့ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တခု ဖြစ်ပွားလာဖို့ နှုတ်ခမ်းဝရောက်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး။ လူထုအနေနဲ့တော့ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်အတွက် ပြင်ဆင်ထားကြပြီလား၊ ပြင်ဆင်နိုင်ကြပြီလားလို့မေးရင် ဘာပြင်ဆင်မှုမှ မရှိသေးဘူးလို့ပဲ ဆိုရမှာပါ။ 

ပြီးခဲ့တဲ့ နှစ် ၇၀ လုံးလုံးပြည်တွင်းစစ်ဖြစ်ပွားလာတာပဲ ထူးထူးခြားခြား ပြင်စရာမလိုဘူးလို့ ယူဆသူ မှန်းဆသူတွေလည်း ရှိနိုင်ပါတယ်။ ၁၉၄၉-၅၀ ခုနှစ်နောက်ပိုင်း မှာ ဖြစ်တဲ့ ပြည်တွင်းစစ်တွေဟာ နယ်စပ်ဒေသတွေ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေခဲ့တာ ဖြစ်ပြီး ပြည်မလို့ဆိုတဲ့ တိုင်းဒေသတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိခဲ့ပါဘူး။ စီးပွားရေးအရ တနိုင်ငံလုံးအေပါ် သက်ရောက်တာမှန်ပေမယ့် လုံခြုံရေးအရတော့ ပြည်မဒေသတွေက ဘာမှထူးထူးခြားခြား အန္တရာယ်မကျရောက်ပဲ နေထိုင်နိုင်ခဲ့ကြတာပါ။ 

ခုစစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာမယ့် ပြည်တွင်းစစ်ကတော့ အရင်ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်းမရှိခဲ့တဲ့ ဒေသတွေမှာ ဖြစ်ပွားလာမယ့်သဘောဖြစ်ပြီး အဲဒီဒေသတွေက နိုင်ငံရဲ့ကုန်သွယ်ရေးလမ်းကြောင်း၊ အထက်အောက် ကူးလူးဆက်ဆံရေးလမ်းကြောင်းတွေဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုး၊ မော်လမြိုင် စတဲ့မြို့တွေပါဝင် လာမှာဖြစ်လို့ နိုင်ငံအနေနဲ့ ကုန်သွယ်မှု စိုက်ပျိုးမှု ထုတ်လုပ်မှု စတာတွေပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေရှိနိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

ရိက္ခာ မထုတ်လုပ်နိုင်တော့တဲ့ အခြေအနေမျိုး၊ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ရပ်ဆိုင်းလုနီးနီး ဖြစ်သွားတာမျိုး လျှပ်စစ်စွမ်းအင်လိုမျိုး မထုတ်လုပ်နိုင်တော့တာ ဆေးဝါးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားတာမျိုးတွေ ဖြစ်နိုင်ခြေရှိတဲ့ ပြည်တွင်းစစ်အဆင့်လို့ မှန်းဆမယ်ဆို မှန်းဆနိုင်ပါတယ်။ 

လတ်တလော အရေးကြီးဆုံးမေးခွန်းက ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ခြေရှိလားဆိုတာပါ။ 

ရှောင်လွှဲနိုင်ခြေရှိခဲ့ရင် ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ဖို့ အဓိကကျတဲ့ အဖွဲ့ /လူပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲလို့ မေးစရာ မေးခွန်းရှိလာမယ် ထင်ပါတယ်။ နိုင်ငံတကာကလား ပြည်တွင်းကလားလို့လည်း မေးစရာရှိနိုင်ပါတယ်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချမှု၊ ပိတ်ဆို့မှုတွေက ပြီးခဲ့တဲ့ စစ်အစိုးရ နှစ် ၃၀ ကျော်မှာလည်း ထင်သလောက် မထိရောက်ခဲ့တာ တွေ့ရမှာပါ။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှု သံတမန်ရေး ပိတ်ဆို့မှုတွေကို ခေါင်းမာတဲ့ စစ်အာဏာရှင်တွေက အံတုပြီး စီးပွားရေးအရ နိုင်ငံချွတ်ချုံကျလျင် ကျပါစေ ဆိုပြီး တင်းခံခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ခုတကြိမ်ပိတ်ဆို့မှုက အရင် ၉၀ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းကလိုပဲ အနောက်နိုင်ငံများရဲ့ ပိတ်ဆို့မှုသာဖြစ်ပြီး တရုတ်၊ ရုရှားနဲ့ အရှေ့တောင်အာရှ နိုင်ငံ၊ တောင်အာရှနိုင်ငံတွေက သူတို့ရဲ့မူဝါဒနဲ့သူတို့ စီးပွားရေးအရ ဆက်ဆံလုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

အခုလို နိုင်ငံတကာက ဖိအား၊ ပိတ်ဆို့မှု ၊ သံတမန် အထီးကျန်ဆန်အောင် ဖယ်ကျဥ်မှုတွေက ကျယ်ပြန့်လာနိုင်ခြေရှိတဲ့ ပြည်တွင်းစစ်ကို ရှောင်လွှဲဖို့ မစွမ်းဆောင်နိုင်ဖူးဆိုရင် ပြည်တွင်းက အင်အားစုတွေကသာလျင် အဆုံးအဖြတ် ဖြစ်တယ်လို့ ဆိုစရာ ရှိပါတော့တယ်။ 

ဖြစ်နိုင်ခြေ ၂ခု ကိုတွက်ဆကြည့်ရင် စစ်အာဏာရှင်အုပ်စုက ရပ်တည်ချက် အယူအဆ ပြောင်းလဲဖို့ တခုနဲ့ မဟုတ်ရင် အခြားတဖက်ဖြစ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ အုပ်စုတွေက စစ်ရေးနည်းလမ်းဟာ တခုထည်းသော နည်းလမ်းမဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက် အယူအဆ ပြောင်းလဲဖို့သာဖြစ်မယ် ထင်ပါတယ်။ 

စစ်အာဏာသိမ်းအုပ်စုက ရပ်တည်ချက် အယူအဆ ပြောင်းလဲလာဖို့ဆို လက်ရှိခေါင်းဆောင်လုပ်နေသူ မင်းအောင်လှိုင်ကိုဖယ်ရှားပြီး အခြားစစ်ခေါင်းဆောင်နဲ့အစားထိုးတဲ့ ဖြစ်နိုင်ချေတခု၊ သို့မဟုတ် စစ်ကောင်စီတပ်တွေ ပြိုကွဲပြီး လက်နက်ကိုင်အဖွဲ့အချို့က အတိုက်အခံ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ လာရောက်ပူးပေါင်းတဲ့ ဖြစ်နိုင်ချေ ဖြစ်ပါလိမ့်မယ်။ 

အထက်က ဖြစ်နိုင်ချေ ၂ ခုထဲက ဒုတိယတခုဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့အင်အားစုတွေဘက်က စစ်ရေးနည်းလမ်းသည်သာ တခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့ အယူအဆကိုစွန့်ပြီး အခြားနည်းလမ်းတွေနဲ့ ဒီမိုကရေစီအရေး၊ အာဏာရှင်ပြုတ်ကျရေးကိုလုပ်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီဒုတိယနည်းလမ်းလည်း ဖြစ်နိုင်ချေနည်းပါးတယ်လို့ ဆိုရပါလိမ့်မယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ပဋိပက္ခမှာ ပါဝင်နေတဲ့အင်အားစုတွေအားလုံးကို သြဇာရှိတဲ့ တခုထည်းသော နိုင်ငံရေးအဖွဲ့အစည်းက အားကောင်းပြီး နိုင်ငံရေးနဲ့ စစ်ရေး ၂ ခုစလုံးမှာ  ဦးဆောင်အဖွဲ့အစည်းအနေနဲ့ ဦးဆောင်မှု ရယူထားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်ရှိပဋိပက္ခမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဖက်ဒရယ်အရေး၊ လွတ်မြောက်ရေးလို အကြောင်းခံပြီး စုစည်းဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အင်အားစုတွေလည်း အများအပြားရှိနေတာကြောင့် ဗဟိုပါဝါက အင်အားအကောင်းကြီးမဟုတ်ဘူးလို့ ယူဆစရာတွေ ရှိနေပါတယ်။ 

အခုလို အနေအထားမှာတော့ မှန်းဆကြည့်ရသလောက်တော့ ပြည်တွင်းစစ်ကို မတိုက်ရသေးပဲ တပွဲတလမ်း လက်ရည်မစမ်းရသေးပဲနဲ့တော့ ရှောင်လွှဲနိုင်ချေ မမြင်မိပဲ တပွဲတလမ်း တိုက်ပြီးနောက် အဆင့်တခုမှာ ဘက် ၂ ဘက် (သို့မဟုတ်) ၂ ဘက်ထက်ပိုတဲ့ အဖွဲ့အစည်းတွေအတွင်းထဲမှာ ပြန်လည်သုံးသပ်ပြီး စစ်ပွဲဆက်ဖြစ်မလား စကားပြောမလားဆိုတာ ဖြစ်လာနိုင်မယ်လို့ ထင်မြင်မိပါတယ်။ 

ဒီကံကြမ္မာဟာ မြန်မာနိုင်ငံအတွက်တော့ ကောင်းတဲ့ကံကြမ္မာတော့မဟုတ်တာ သေချာပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar