Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၄ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၄ ရက်မြောက်နေ့ မြင်ကွင်း 
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၁

◾️ အင်တာနက် ဒေတာနှုန်းထားမြှင့်မယ့်ဂယက်၊ လွတ်မြောက်နယ်မြေ ဖြစ်/မဖြစ် 

မိုဘိုင်းအင်တာနက်ဒေတာ စျေးနှုန်းတွေတက်မယ့်အကြောင်း မိုဘိုင်းအော်ပရေတာကုမ္ပဏီအချို့က မက်ဆေ့ချ်ပို့ အသိပေးနေတာ ၁ ရက် ၂ ရက်ရှိနေပါပြီ။ ဘယ်လောက်ရာနှုန်း မြင့်တက်သွားမလဲတော့ တိတိကျကျ မသိသေးပေမယ့် အချို့သောသတင်းတွေအရတော့ ၁၀၀ ရာနှုန်းနီးနီး မြင့်တက်သွားမယ်ဆိုပါတယ်။ 

ရက်အနည်းငယ်အတွင်း တက်မယ့်နှုန်းထားတွေ သိရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်တက်ဖို့ အမိန့်ထုတ်ညွှန်ကြားရသလဲဆိုတာကို မှန်းဆကြည့်တဲ့အခါ ဆိုရှယ်မီဒီယာသုံးစွဲမှုကို လျော့နည်းသွားအောင် ရည် ရွယ်တာက ပထမအချက်၊ အခွန်အခပိုရဖို့က ဒုတိယအချက်ဖြစ်မယ်လို့ ယူဆရပါတယ်။ 

နိုင်ငံရေးစစ်ရေး လှုံ့ဆော်မှု သတင်းအချက်အလက်ဖလှယ်မှုတွေမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအမျိုးမျိုးကိုသုံးပြီးလုပ်ဆောင်နေကြတာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းကတည်းကဖြစ်တာကြောင့် အင်တာနက်လိုင်းအားလုံးကို ရက်အနည်းငယ်ဖြတ်တောက်ခဲ့သလို မိုဘိုင်းအင်တာနက်ကို လနဲ့ချီဖြတ်တောက်ခဲ့ပြီး အင်တာနက် ကာဖျူးလို့ခေါ်တဲ့ ည ၁ နာရီကနေ မနက် ၉ နာရီအထိ ဖြတ်တောက်တာကိုလည်း လနဲ့ချီ လုပ်ခဲ့ပြန်ပါတယ်။ တဖန် သြဂုတ်လနဲ့ စက်တင်ဘာမှာ မြို့နယ် ၂ ဒါဇင်လောက်မှာ အင်တာနက် မြန်နှုန်းလျော့ချပြီး သုံးလို့မဖြစ်လောက်အောင်လုပ်ထားတာလည်းဖြစ်လို့ နိုင်ငံရေးဆန့်ကျင်မှုနဲ့ စစ်ရေးတိုက်ခိုက်မှုတွေမှာ ဆိုရှယ်မီဒီယာပလက်ဖောင်းအသုံးပြုတာတွေလျော့ကျအောင်ရည်ရွယ်ပြီး ထပ်မံလုပ်ဆောင်တာ ဖြစ်မယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ဒီလို မိုဘိုင်းအင်တာနက်ကို စျေးနှုန်းမြှင့်တင်လိုက်တာရဲ့အကျိုးဆက်က နဂိုကတည်းက ထိခိုက်နေတဲ့ စီးပွား ရေးနယ်ပယ်၊ ပညာရေးနယ်ပယ်တို့ကို ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေပါလိမ့်မယ်။ 

ကိုဗစ်ကူးစက်မှု ကြောင့် ပိတ်ဆို့ကန့်သတ်ထားတဲ့ကာလမှာ ခေတ်စားလာတဲ့ အွန်လိုင်းစျေးဝယ်တာတွေ ပို့ ဆောင်ရေးတွေ ဝန်ဆောင်မှုတွေအတွက်လည်း ကုန်ကျစရိတ်မြင့်တက်လာစေမှာ ဖြစ်ပါတယ်။ 

ကိုဗစ်ကပ်ရောဂါကြောင့်ရော စစ်အာဏာသိမ်းမှုကြောင့် မြို့တွေရွာတွေ မတည်ငြိမ်တာတွေကြောင့် အလုပ် အကိုင်အခွင့်အလမ်းတွေ ကျဆင်း၊ လူတွေ အလုပ်ဆုံးရှုံးနေကြပြီး ဝယ်လိုအား ကျဆင်းတာ ကျပ်ငွေတန်ဖိုးကျကာ လူနေမှုစရိတ်ကြီးမြင့်လာတဲ့ အခြေအနေအောက်မှာ နှစ်ဖက်သွားဖြစ်စေတဲ့ ကုန်ကျစရိတ်များအောင် စျေးနှုန်းမြှင့်တင်လိုက်ခြင်းဟာ အမြှော်အမြင်နည်းပါးတဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တခုဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်သတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ် မြောင်မြို့မှာ ချင်းတွင်းမြစ်တွင်း ဖြတ်သန်းသွားလာတဲ့ သင်္ဘော ၂ စင်းကို စစ်တပ်ပိုင်ဖြစ်တယ်လို့ တွေ့ရှိရပြီး သိမ်းဆည်းထားလိုက်တဲ့သတင်းနဲ့ မြောင်မြို့ကို အဝင်အထွက် ဂိတ်တွေထားစစ်ဆေးသွားမယ်ဆိုတဲ့ မြောင်မြို့ ပီဒီအက်ဖ်တပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ကြောင့် ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဂယက်တွေရိုက်ခတ်ခဲ့ပါတယ်။ မြောင်မြို့ဟာ ပထမဆုံး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းမှာ လွတ်မြောက်နယ်မြေဖြစ်လာပြီဆိုတဲ့ပို့စ်တွေကို သတင်းပေ့ချ်အမည်ခံတဲ့ ပေ့ချ် တခု ၂ ခုက တင်ခဲ့ရာကနေ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုဖြစ်ပြီး အင်အားနဲ့ ဖိခံရမှာကို စိုးရိမ်တဲ့ပို့စ်တွေ ရေးသားမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပါခဲ့တာတွေ့ရတာပါ။ 

မြောင်မြို့ကို ယာယီအားဖြင့် မြို့အဝင်အထွက်ကို ထိန်းချုပ်ထားနိုင်တာ ဖြစ်ကောင်းဖြစ်ပေမယ့် မြို့ကို ထိန်း ချုပ်ထားဖို့ အင်အား၊ အစီအစဥ် တစုံတခုဖြစ်လာခဲ့ရင် အကူအညီနဲ့ ပြန်ခုခံဖို့ စတဲ့ ပြင်ဆင်မှုတွေ မပြည့်စုံသေးတဲ့အခြေအနေမှာ အသံကျယ်ကျယ်လောင်လောင် မထွက်သင့်ဘူးလို့ ထင်မြင်ယူဆသူတွေ အများအပြားရှိကြတဲ့သဘောလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသားဒေသတွေမှာ လွတ်မြောက်နယ်မြေဖြစ်နေတာ အများအပြားရှိပြီး တိုင်းရင်းသားဒေသတွေရဲ့ လွတ်မြောက်နယ်မြေတွေ အနေနဲ့ ပထဝီ အနေအထားအရ တောတောင်အကာအကွယ် နောက်ခံအိမ်နီးချင်းနယ်စပ် အနေအထားစတဲ့ အားသာချက်တွေအပေါ်မှီတည်ပြီး လွတ်မြောက်နယ်မြေအဖြစ်ထူထောင်ထားကြတာဖြစ်ပြီး စစ်ကိုင်းတိုင်းရဲ့ မြို့တမြို့ကို လွတ်မြောက်နယ်မြေအဖြစ် ကြေညာ တည်ထောင်နိုင်မလားဆိုတဲ့ အပေါ် လိုအပ်ချက် အများအပြားရှိနေလိမ့်မယ် ဖြစ်ပါတယ်။ 

နောက်သတင်းတပုဒ်ကတော့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူ စစ်အာ ဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖြိုခွဲပစ်ခတ်တာတွေ၊ ဖမ်းဆီးဖို့ ပစ်ခတ်တာတွေကြောင့်၊  ပီဒီအက်ဖ် စွပ်စွဲခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ စသဖြင့် စုစုပေါင်း ၁၃၀၃ ယောက်ရှိပြီလို့ အေအေပီပီက ထုတ်ပြန်လိုက်ပါတယ်။ 

ဒီကိန်းဂဏန်းတွေထဲမှာ ပီဒီအက်ဖ် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ရင်းအသက်ဆုံးရှုံးမှုတွေ ပါဝင်သလားမပါဝင်သလား ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တဖက်မှာတော့ သတင်းပေးလို့ စွပ်စွဲခံရသူ သံသယရှိသူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေမှာ သေဆုံးတဲ့ ကိန်းဂဏန်းတွေကို စစ်ကောင်စီဘက်က အပြစ်မဲ့ အရပ်သားသေဆုံးမှု ခေါင်းစဥ်နဲ့ကောက်ယူနေပြီး အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိပါတယ်။ 

လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှုမပါခဲ့ရင်တောင် စစ်အာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဖက်စလုံးမှာ သေ ဆုံးမှု အရေအတွက်ဟာ ၂၀၀၀ ကျော်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar