Breaking News

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (ဒုတိယအချက်)

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (ဒုတိယအချက်)
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၁


၂။ ကမ်းရိုးတန်းဒေသများကစက်မှုလုပ်ငန်းများနဲ့ အတွင်းပိုင်းဒေသများက စက်မှုလုပ်ငန်းများအကြားဆက်ဆံမှု
အရင်ကာလများက ကျွန်တော်တို့ရဲ့စက်မှုလုပ်ငန်းများကို ကမ်းရိုးတန်းဒေသများမှာသာ စုစည်းထားခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသများဆိုတာကတော့ လျောင်နင်၊ ဟိုပေ၊ ပီကင်း၊ တျန်းကျင်း၊ ဟိုနန်အရှေ့ပိုင်း၊ စံတုန်း၊ အန်ဟွေး၊ ကန်စု၊ ကျဲ့ကျန်း၊ ဖုကျင့်၊ ကွမ်တုံးနဲ့ ကွမ်ရှီးဒေသများကို ဆိုလိုပါတယ်။ ကျွန်တော်တို့စက်မှုလုပ်ငန်းများရဲ့ (၇၀) ရာနှုန်း၊ အသေးစားရော၊ အကြီးစားပါ၊ ဒီကမ်းရိုးတန်းဒေသများမှာ တွေ့နိုင်ပြီး အတွင်းပိုင်းဒေသတွေမှာတော့ (၃၀) ရာခိုင်နှုန်း လောက်သာရှိပါတယ်။ ဒီအကျိုးအကြောင်းမဲ့အခြေအနေဟာ သမိုင်းရလဒ်ဖြစ်တယ်။

ကမ်းရိုးတန်းက အခြေခံစက်မှုလုပ်ငန်းတွေကို အပြည့်အဝအသုံးချရမှာဖြစ်ပေမယ့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ၊ အတွင်းပိုင်းက စက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာရေးအတွက် လုပ်ငန်းတွေကိုပုံမှန်ဖြစ်အောင် ဖြန့်ပေးရမယ်။ ဒီဆက်ဆံမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ အမှားအယွင်း ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဒါပေမဲ့ မကြာသေးမီနှစ်များအတွင်းက ကျွန်တော်တို့တတွေ ကမ်းရိုးတန်းဒေသက စက်မှုလုပ်ငန်းများအပေါ် တစုံတရာ အတိုင်းအတာနဲ့ လျှော့တွက်ခဲ့ပြီး၊ ဒါတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်မှု မလုံ လောက်ခဲ့ပါဘူး။ ဒါကို မုချပြင်ရမယ်။

မကြာသေးခင်ကာလက ကိုးရီးယားစစ်ပွဲတိုက်နေရပြီး နိုင်ငံတကာအခြေအနေကလည်း တစုံတရာ တင်းမာနေပါတယ်။ ဒါတွေက၊ကမ်းရိုး တန်းဒေသစက်မှုလုပ်ငန်းများနဲ့ပတ်သက်တဲ့ ကျွန်တော်တိုရဲ့သဘောထားအမြင်တွေအပေါ် သက်ရောက်မှုတွေရှိခဲ့ပါတယ်။ အခုအခါကြည့်ရတာကတော့ လောလောဆယ်ကာလများအတွင်း တရုတ်ပြည်ကို ကျူးကျော်စစ်အသစ်သော်လည်းကောင်း၊ နောက်ကမ္ဘာစစ်တပွဲထပ်ဖြစ်ဖို့သော်လည်းကောင်း၊ ဖြစ်ဖို့မမြင်သေးပါဘူး။ ဆယ်စုနှစ်တခု (သို့မဟုတ်) ပိုကောင်းပိုနိုင်တဲ့ ငြိမ်းချမ်းရေးကာလတခု ရရှိနိုင်နေပါတယ်။ ဒါကြောင့် ကမ်းရိုးတန်းဒေသစက်မှုလုပ်ငန်းများရဲ့ စက်ရုံစွမ်းအင်များနဲ့ နည်းပညာဆိုင်ရာအင်အားစုများကို အပြည့်အဝအသုံးမချရင် မှားသွားပါလိမ့်မယ်။ ကျွန်တော်တို့မှာ (၁၀) နှစ် အချိန်မရတောင်၊ (၅) နှစ်ပဲ အချိန်ရတယ်ဆိုပါစို့။ ကျွန်တော်တို့အနေနဲ့ (၄) နှစ်လောက် ကမ်းရိုး တန်းဒေသက စက်မှုလုပ်ငန်းတွေတိုးတက်ဖွံ့ဖြိုးရေးအတွက် အပြင်းအထန်လုံးပန်းပြီး၊ ပဉ္စမနှစ်မှာ စစ်ဖြစ်လာရင် ရွှေ့ပြောင်းကြတာပေါ့။ရရှိထားတဲ့အချက်အလက်များအရ၊ အသေးစားစက်မှုလုပ်ငန်းများမှာ စက်ရုံတည်ဆောက်ရေးနဲ့ ဒါတွေက အရင်းအနှီးစုဆောင်းပေးတာတွေဟာ ယေဘုယျအားဖြင့် အတော်မြန်မြန်ဆန်ဆန် လုပ်နိုင်ပါတယ်။ စက်ရုံတခုလုံးထုတ်လုပ်ရေးနဲ့ လည်ပတ်နိုင်ပီဆိုရင်၊ (၄) နှစ်အတွင်းရရှိတဲ့အကျိုးအမြတ်ဟာ အရင်းအနှီးပြန်ပေါ်ရုံမက စက်ရုံအသစ် (၃) လုံး သို့မဟုတ် (၂) လုံး သို့မဟုတ် (၁) လုံး ပြန်ဆောက်နိုင်ပါတယ်။ ဒီလောက်မြတ်တဲ့အလုပ် ဘာဖြစ်လို့မလုပ်ရမှာလဲ။ အနုမြူဗုံးက ခေါင်းပေါ်မှာဝဲနေပြီး စက္ကန့်ပိုင်းအတွင်းကျလာတော့မယ်ဆိုတဲ့ တွက်ဆချက်ဟာ တကယ့်အဖြစ်မှန်နဲ့လွဲပါတယ်။ ဒီအမြင်ပေါ်ကနေ ကမ်းရိုးတန်းဒေသ စက်မှုလုပ်ငန်းတွေအပေါ် မသင့်တော်တဲ့အမြင်တွေ ထားနေရင် မှားပါလိမ့်မယ်။

စက်ရုံအသစ်များအားလုံး ကမ်းရိုးတန်းဒေသတွေမှာ တည်ဆောက်ရမယ်လို့လဲ မဆိုလိုပါဘူး။ စက်မှုလုပ်ငန်းအသစ်အများစုကို အတွင်းပိုင်းမှာတည်ဆောက်ရမယ်ဆိုတာကတော့ သံသယရှိစရာမလိုပါဘူး။ ဒါမှသာ စက်မှုလုပ်ငန်းများအနေနဲ့ တဖြည်းဖြည့်း မျှမျှတတ ပျံ့နှံ့မှုရှိမှာဖြစ်ပြီး ကျွန်တော်တို့စစ်ရေးပြင်ဆင်မှုအတွက်လည်း အကျိုးရှိပါလိမ့်မယ်။ ဒါပေမဲ့ တချို့စက်ရုံသစ်တွေ၊ မိုင်းတွင်းတွေ၊ ခပ်ကြီးကြီးတွေကိုလည်း ကမ်းရိုးတန်းဒေသတွေမှာ တည်ဆောက်နိုင်ပါတယ်။ ကမ်းရိုးတန်းဒေသက ရှိရင်းစွဲ အသေးစားနဲ့ အကြီးစား စက်မှုလုပ်ငန်းများတိုးချဲ့ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျွန်တော်တို့ အရင်ကလုပ်ဆောင်ရာမှာ မဆိုးပါဘူး။ အနာဂတ်မှာလည်း ပိုကောင်းအောင် လုပ်ရပါလိမ့်မယ်။

ကမ်းရိုးတန်းဒေသက စက်မှုလုပ်ငန်းဟောင်းတွေကို ကောင်းကောင်းအသုံးပြုပြီး ၄င်းတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ခြင်းအားဖြင့် အတွင်းပိုင်းက စက်မှုလုပ်ငန်းတွေကို ပိုမိုတိုးတက်စေရေးအတွက် အထောက်အကူအများကြီးဖြစ်စေနိုင်ပါလိမ့်မယ်။ ဒါကိုမမြင်ရင် ဒီအတွင်းပိုင်းစက်မှုလုပ်ငန်းများရဲ့အလျင်အမြန်တိုးတက်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ထုံးစံအတိုင်းပဲ အတွင်းပိုင်းဒေသတွေရဲ့စက်မှုလုပ်ငန်းတွေကို တိုးတက်စေချင်တဲ့စိတ်ဆန္ဒဟာ အစစ်အမှန် ဟုတ်/မဟုတ် မေးခွန်းပေါ်လာပါတယ်။ ဒါဟာ ဟန်ဆောင်တာမဟုတ် အစစ်အမှန်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ကမ်းရိုးတန်းဒေသကစက်မှုလုပ်ငန်းတွေ အထူးသဖြင့် အသေးစားစက်မှုလုပ်ငန်းတွေကို ပိုမိုတက်ကြွစွာ အသုံးပြုပြီး တိုးတက်အောင်လုပ်ရပါလိမ့်မယ်။

လှကျော်ဇော
၄-၁၂-၂၀၂၁။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar