Breaking News

ရဲသျှမ်း- ဝါဆောက ရုပ်သေးဆရာလေးမီခါ


ဝါဆောက ရုပ်သေးဆရာလေး မီခါ
 ရဲသျှမ်း
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၁

နာဇီခေတ် အနိဋ္ဌာရုံ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ကျွန်တော်တို့ အမျာကြီး ဖတ်ဖူး၊ ကြည့်ခဲ့ဖူးပါတယ်။ ည၊ မိုးသောက်အရုဏ်၊ နေ့၊ စန္ဒယားဆရာ၊ အိုက်ခမန်း၏ငရဲခန်းများ၊ အင်နာ….စသဖြင့်ပေါ့။ ဖတ်ရတိုင်း၊ ရုပ်ရှင်ကြည့်ရတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရတာပါပဲ။ ဂက်စတာပိုတွေရဲ့ ရက်စက်မှု၊ ဂျူးတွေရဲ့ နှိပ်စက် ညှဉ်းပမ်းခံရမှုတွေကတော့ ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်သွားတာပါ။ ဒါကြောင့်လည်း မဟာမိတ်တွေက ဂျာမန်တွေကို ချေမှုန်းခဲ့၊ သုံ့ပန်းအဖြစ် ဆိုက်ဘေးရီးယားအထိ ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။။ နောက်ဆုံးတော့ အမုန်းတွေ၊ အာဃာတတွေက လူ့အသက်သန်းပေါင်း များစွာကို နှုတ်ယူသွားကြတာ မဟုတ်လား။

သည်ရက်ပိုင်းဖတ်ဖြစ်တဲ့နာဇီခေတ်ဝတ္ထုကတော့ ဆရာစိန်ဝင်းစိန် ဘာသာပြန်တဲ့ ဝါဆောက ရုပ်သေးဆရာ လေး ဖြစ်ပါတယ်။ မူရင်းစာရေးဆရာ Eva Weaver ရဲ့ The Puppet Boy of War Saw ဖြစ်ပါတယ်။အရင်ဖတ်ဖူးတဲ့ဝတ္ထုတွေနဲ့မတူတာက နာဇီခေတ်ကာလအပြင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးတဲ့နောက် ဂျာမန်စစ်သားမက်ခ်ဆ် နဲ့ ဂျူး ရုပ်သေးဆရာလေး မီခါ တို့ရဲ့ မျိုးဆက်တွေ အထိ ဇာတ်အိမ်က ခံ့လှပါတယ်။

ဇာတ်လမ်းအကျဉ်း ပြောရရင် ၁၉၃၈က ပိုလန်နိုင်ငံ ဝါဆောမြို့ရဲ့ အခြေအနေကို အဘိုးဖြစ်သူ(မီခါ)က မြေးကလေးကို ပြောတဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဝတ္ထုကို ပုံဖော်ပြီး ရေးပါတယ်။ စစ်ရိပ်သန်းလာတော့ မီခါရဲ့အဘိုးရူပဗေဒပါမောက္ခကြီးက လျှို့ဝှက်အိတ်ကပ်တွေပါတဲ့ ကုတ်အင်္ကျီကြီး တစ်ထည်ချုပ်ခဲ့တယ်။ နာဇီတွေ ပိုလန်ထဲ ရောက်လာပြီး ဂျူးတွေကို တစ်ရစ်ချင်း လူ့အခွင့်အရေးတွေ ပိတ်ပစ်ခဲ့တယ်။ ကျောင်းထုတ်တာ၊ အလုပ်က ထုတ်ပယ်တာ၊ စျေးဝယ်ခွင့်ပိတ်တာ၊ ပန်းခြံတွေမှာ ဝင်ရောက်ခွင့်မပေးတာတွေ လုပ်ပြီး နောက်တော့ ဂျူးရပ် ကွက်ဆိုပြီး အုတ်တံတိုင်းခတ် ပိတ်လှောင်ထားလိုက်ပါတော့တယ်။ အဲသည်ဂျူးရပ်ကွက်မှာ ပါမောက္ခအဘိုး နာဇီတွေပစ်သတ်လို့သေဆုံးတော့ မီခါလေးက သူ့အဘိုးကုတ်အင်္ကျီကြီး ဝတ်၊ သူ့အဘိုးလုပ်ထားခဲ့တဲ့ ရုပ်သေး ရုပ်ကလေးတွေကို အိတ်ကပ်တွေထဲထည့်ပြီး ဆေးရုံ၊ ဂေဟာတွေမှာ သေကောင်းပေါင်းလဲ ဖြစ်နေတဲ့ ကလေးတွေကို ဘဝတူ အယ်လီဆိုတဲ့ ကလေးမလေးနဲ့ ရုပ်သေးပွဲလိုက်ပြပါတယ်။ အခိုက်အတန့်လေးလောက်တော့ အပျော်လေးကို ဖန်တီး ပေးကြတာပဲ ဖြစ်ပါတယ်။

တစ်ရက်မှာ မက်ခ်ဆ်ဆိုတဲ့ ဂျာမန်စစ်သားက မီခါကို စစ်မေးရင်း ရုပ်သေးရုပ်လေးတွေ တွေ့ပြီး သူတို့တပ်ထဲခေါ် ပြခိုင်းတော့တယ်။ အဲသည်လို ရုပ်သေးပြတဲ့အတွက် ပေါင်မုန့်လေး၊ ယိုလေး ဒိန်ခဲလေး အနည်းအကျဉ်းရပြီး သူတို့ မိသားစုတွေ အသက်ဆက်ခဲ့ရတယ်။ နောက်တော့ ဂျာမန်တပ် အပြင်မှာရှိတဲ့ ဂျူး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ချိတ်ပြီး ဆေးရုံမှာ လာပစ်ထားတဲ့ ကလေးငယ်တွေကို ပို့ဆောင်ပေးတဲ့အထိ အန္တရာယ်ကြားကနေ စွန့်စားခဲ့ပါတယ်။ သည်လှုပ်ရှားမှုတွေမှာ ရုပ်သေးရုပ်ကလေးတွေနဲ့ အနုပညာစွမ်းအားက အများကြီး ပါခဲ့တာပေါ့။ မီခါရဲ့ လှုပ်ရှားမှုတွေကို မသိမသာ ကူညီ ပေးသွားတာကတော့ ဂျာမန်စစ်သား မက်ခ်ဆ်ပါပဲ။ ချာတိတ်လေးမီခါက သံယောဇဉ်စိတ်နဲ့ သူ သိပ်နှစ်သက်တဲ့ မင်းသားရုပ်ကလေးကို မက်ခ်ဆ်အတွက် လက်ဆောင် ပေးခဲ့ပါတယ်။ နောင်တော့ ဂျူးရပ်ကွက်လေးကနေ ပျောက်ကြားစစ်ဆင်ရေးတွေ လုပ်ကြပြီး နာဇီတွေကို တိုက် ခိုက်ခဲ့တယ်။

မီခါနဲ့ အယ်လီတို့လည်း ချစ်သူတွေ ဖြစ်နေကြပါပြီ။ မြေအောက် ပိုက်လိုင်းကနေ လွတ်မြောက်ဖို့လမ်း တွေ့ပေမဲ့ အယ်လီက မလိုက်ဘဲ ကတုတ်ကျင်းကနေပဲ ဂျာမန်တွေကို ဆက်တိုက်ဖို့ ကျန်နေခဲ့တယ်။ မီခါတို့ကတော့ အုတ်တံတိုင်းခတ်ထားတဲ့ ဂျူးရပ်ကွက်ကနေ တောထဲရောက်ပြီး မြေအောက် တော်လှန်ရေး လုပ်ရင်း စစ်ကြီး ပြီးဆုံး သွားပါတယ်။ မီခါ အမေရိက၊ နယူးယောက်ကို ရောက်သွားပါတယ်။ အယ်လီကိုတော့ ပြန်မတွေ့တော့ဘုး ကျဆုံးသွားပြီ ထင်ပါတယ်။ နယူးယောက်မှာ ပိုလန်သူ ဂျူး ရုသ်နဲ့ အိမ်ထောင်ကျ၊ ပညာဆက်သင်တဲ့အထိ အဘိုးမီခါက မြေးမလေးကိုပြောတဲ့ပုံစံနဲ့ဇာတ်လမ်းကို ပြည်ဖုံးကားချပါတယ်။ သို့ပေမဲ့ စာရေးဆရာက ဒုတိယပိုင်း အဖြစ်မက်ခ်ဆ် အကြောင်း ပုံဖော်ပါတယ်။

စစ်ကြီးပြီးတော့ ဂျာမန်စစ်သား မက်ခ်ဆ်တို့ သုံ့ပန်းတွေဟာ ရေခဲအောက် ၁၆ ဒီဂရီ နိမ့်တဲ့ ဆိုက်ဘေးရီးယားကို ရထား၊ ခြေလျင်သွားခဲ့ရပြီး ဒုက္ခတွေ့ပါတော့တယ်။ သေတဲ့သူတွေ၊ ဒဏ်ရာရသူတွေ၊ အစာရေစာ ပြတ်သူတွေဖြစ်ကုန်ကြပါပြီ။ သုံ့ပန်းဘဝရဲ့အနိဋ္ဌာရုံတွေပါပဲ။ မကခဆ်နဲ့ ၃ ယောက် ဆောင်းဦးပေါက်မှာ ထွက်ပြေးကြပါတယ်။ နောက်ဆုံးမက်ခ်ဆ်တယောက်သာကျန်တော့တဲ့အထိ ခရီးက ဆိုးရွားလွန်းလှပါတယ်။ မက်ခ်ဆ်ကတော့ စိတ်ဓာတ်ကျတိုင်း မီခါလက်ဆောင်ပေးလိုက်တဲ့မင်းသားရုပ်ကလေးနဲ့ စကားတွေ ပြောနေတော့တာပါ။ မက်ခ်ဆ် ပိုလန်ပြန်ရောက်ပြီးနောက် မီခါကို ရှာနေပါတော့တယ်။ မက်ခ်ဆ် ကျန်းမာရေးဆိုးရွားပြီး ကွယ်လွန်ခါနီးမှာ သားကမွေးတဲ့မြေးမလေးကို မင်းသားရုပ်ကလေးအကြောင်းပြောပြပြီး အရုပ်လေးရဲ့ပိုင်ရှင် မီခါကိုရှာဖို့ မှာသွားခဲ့ပါတယ်။
မက်ခ်ဆက်ရဲ့ မြေးမလေးက ရုပ်သေးပညာသင်ပြီး အမေရိကန်မှာ ရုပ်သေးပွဲသွားကတော့ …။ နောက်ဆုံး မီခါမသေခင်လေးမှာ မင်းသားရုပ်ကလေး ပြန်ပေးနိုင်ခဲ့ပါတယ်။ ဒါ ဝတ္ထုဇာတ်လမ်း အကျဉ်းမျှပါ။ ဇာတ်အိမ်က အလွန်ကျယ်ပြန့်ပါတယ်။

အဒီနာ ဘလေဒီ ဆွာဂျာ(သူနာပြု)၊ ဂျနုကော်ဇက် (ကလေးအထူးကု) ဟနု ဟာချင်ဘတ်( ကဗျာဆရာလေး)၊ အိုင်ရီနာ ဆင်းဒလား ( လူမှုဝန်ထမ်း လုပ်သား)၊ ဟာကီနာ အိုလိုမောက်ကာ( ပန်းချီဆရာမ)၊ နီဗဲလီ (မျက်လှည့်ဆရာ)၊ ဆုဖီရှိုးလ်(ဂျာမဏီ နှင်းဆီဖြူ အကြမ်းမဖက် အုပ်စုဝင်) စတဲ့ သက်ရှိ ဇာတ်ကောင်တွေနဲ့ ဖွဲ့တည်ထားတဲ့ တကယ့်ဖစ်ရပ်မှန်ဝတ္ထု ဖြစ်ပါတယ်။ အနုပညာ ဖန်တီးမှုအရ စာရေးဆရာ ကွန့်မြူးမှုတွေကတော့ ရှိမှာပါ။ သည်အတိုင်း ဖြစ်ရပ်မှန်ကို အနုပညာ၊ ဖန်တီးမှုတွေ မပါဘဲ ရ ရေးမယ်ဆိုရင် စိတ်ဝင်စားဖို့ ကောင်းမှာမှ မဟုတ်တာ။ သတင်းပေး၊ မှတ်စုလောက် ဖြစ်သွားမှာကိုး။
သမိုင်းဖြစ်ရပ်မှန်တွေကို စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဓာတ်ပုံ..စတဲ့ အနုပညာတွေနဲ့ ဖန်တီးပြီး မျှဝေတာကြောင့်လည်း သင်ခန်းစာတွေ၊ ဆင်ခြင်စရာတွေ၊ လူသားချင်း ညှာတာ ထောက်ထားမှုတွေ၊ မေတ္တာတရားတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ အကြင်နာ ခေါင်းပါးမှုတွေ၊ စွန့်စားမှုတွေ၊ အရှုံးမပေး စိတ်ဓာတ်တွေ ခံစား သိရှိတာပဲ ဖြစ်ပါတယ်။

ညစ်ပတ်စုတ်ပြတ်အဝတ်တွေ ဝတ်ထားပြီး ခြေထောက်ဗလာနဲ့ ၊ ကျပ်ခဲ ဆံပင်နဲ့၊ နုံးခွေပြီး အစာရေစာ ပြတ်တောက်နေတဲ့ မျက်လုံးသေ ဂျူးကလေးငယ်လေးတွေ၊ အကျဉ်းစခန်းတွေမှာ ပစ်သတ်ခံရတဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဂျူးမိခင်တွေ၊ အဘိုးအိုတွေ ရဲ့ အနိဌာရုံတွေကို ကျွန်တော်တို့ သိခွင့်ရတာဟာ သမိုင်းကို ဖျောက်ဖျက်ပစ်လို့ မရတာကြောင့်ပဲ ဖြစ်ပါတယ်။

သမိုင်းဆိုတာ ဖျောက်ဖျက်လို့လည်း မရဘူး ပြင်ဆင်လို့လည်းမရပါဘူး။ ဘယ်လောက်ပဲ ဖုံးကွယ်ဖို့ ကြိုးစားပါစေ အမှန်တရားတွေက လူတွေရဲ့ နှလုံးသားမှာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အဲသည်နှလုံးသားတွေကနေပဲ စာပေတွေ၊ ရုပ်ရှင်တွေ၊ ပန်းချီကားတွေ ဖြစ်လာကြတာပါပဲ။ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ ကျူးကျော်စစ်တွေ၊ ဘာသာရေး အကြောင်းပြစစ်ပွဲတွေ နိုင်ငံ အတော်များများမှာ ဖြစ်ခဲ့တာပါ။ ကမ္ဘာကြီးက လက်ပိုက်ကြည့်နေတာမဟုတ်ပါဘူး။ အခွင့်အခါရတဲ့အခါမှာ အဓမ္မဝါဒီတွေကို တရားသော စီရင်မှု ပေးလိုက်ကြတာပါပဲလေ။

ပိုပေါ့၊ နာဇီ၊ ဟစ်တလာ၊ ဆဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်၊ ဂဒါဖီး….စတဲ့ အမည်တွေကို ကမ္ဘာကြီးက မေ့မှာမဟုတ်သလို သမိုင်းစာမျက်နှာတွေမှာလည်း အဆိုးမှတ်တမ်း အဖြစ် ဆက်လက်ရှိနေမှာပါပဲ။ သည်လိုပါပဲ နိုင်ငံအတွက်၊ လူမျိုးအတွက် အသက်ကိုပင် စွန့်နိုင်ခဲ့တဲ့ သူတွေကို သမိုင်းက ဂုဏ်ယူဖွယ် မှတ်တမ်း တင်ထားမှာပါပဲ။ ဂန္ဒီ၊ လင်ကွန်း၊ ဟိုချီမင်း၊ ဂျိုရေရီဇော်၊ မင်ဒဲလား၊ အောင်ဆန်း..စတဲ့ အမည်တွေပဲ​ ​ပေါ့။

အညတရ သူရဲကောင်းတွေ ဆိုတာလည်း ရှိနေနိုင်တာပဲလေ။ အဲသည် လို သူရဲကောင်းလေးတွေ ထဲမှာ ရုပ်သေးအနုပညာနဲ့ ဂျူးကလေးငယ်လေးတွေကို အသက်ကယ်ခဲ့ ခွန်အားတွေပေးခဲ့၊ တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ဝါဆောက ရုပ်သေးဆရာလေး မီခါလည်းပါရလိမ့်မယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျွန်တော့်အဆိုကို လက်ခံ (သို့မဟုတ်) လက်မခံချင်ဘူးဆိုတာကတော့ ဆရာစိန်ဝင်းစိန်ဘာသာပြန်တဲ့ ဝါဆောက ရုပ်သေးဆရာလေးဆိုတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဝတ္ထုကို ဖတ်မှ ဖြစ်မယ်နော်။ ကဲ…ဖတ်ကြည့်လိုက်ကြပါလား။

ရဲသျှမ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar