စစ်တွေမှာ ALP လက်နက်ကိုင် အဖွဲ့ဝင် တချို့ လုပ်ကြံသတ်ဖြတ်ခံရ၊ နယ်စပ် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အိန္ဒိယ၊ ထိုင်းနဲ့ စစ်ကောင်စီ ဆွေးနွေး
မြန်မာ့နွေဦးခရိုနီကယ် - ဇူလိုင် ၂ မြင်ကွင်း
မိုးမခ - ဇူလိုင် ၃၊ ၂၀၂၃
စစ်တွေမှာ ALP လက်နက်ကိုင် အဖွဲ့ဝင် တချို့ လုပ်ကြံသတ်ဖြတ်ခံရ၊ နယ်စပ် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အိန္ဒိယ၊ ထိုင်းနဲ့ စစ်ကောင်စီ ဆွေးနွေး
ဇူလိုင်လ ၁ ရက်နေ့က စစ်တွေမြို့ တက္ကသိုလ်သွားတဲ့လမ်းမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဒုဥက္ကဋ္ဌ နဲ့ အခြားလက်နက်ကိုင် တပ်ဖွဲ့ဝင် ၂ ဦး အရပ်ဝတ် ဝတ်ထားသူတွေက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လို့အများသိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူညီချက် NCA လက်မှတ်ရေးထိုးခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ယခုထက်တိုင် စစ်ကောင်စီဘက်က ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ကြွစွာပါဝင်လျှက်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ မကြာသေးခင် လပိုင်းအတွင်း ALP အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီးနောက် ဒေါ်စောမြရာဇာလင်းက ၄င်းဘာသာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပြီး ယခင် ALP ခေါင်းဆောင်အချို့ကို ချန်ထားခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယခု ပစ်ခတ်လုပ်ကြံခံရတဲ့အထဲပါဝင်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ခိုင်နီရောင်ဟာ ဒေါ်စောမြရာဇာလင်းတို့ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့က ဖြစ်ပါတယ်။
အခုပစ်ခတ်လုပ်ကြံမှုနဲ့ ပတ်သက်လို့ ALP အဖွဲ့က ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ AA လို့ အတိုကောက်ခေါ်ဆိုတဲ့ ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ULA/AA ရခိုက္ခိုင့်တပ်တော်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ AA ဘက်ကတော့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ALP အဖွဲ့အချင်းချင်းအကြား သဘောထားကွဲမှုတွေ ရှိနေတာကြောင့် အချင်းချင်း လုပ်ကြံတာ ဖြစ်နိုင်တယ်လို့ ငြင်းဆိုထားတာလည်း သတင်းတွေမှာ တွေ့ရပါတယ်။
ယခုနှစ် ဇန်နဝါရီလ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်တဲ့ ALP ရဲ့ ဒုဦးစီးချုပ်နဲ့ အဖွဲ့ဝင်အချို့လည်း လုပ်ကြံပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်အတွက်လည်း ALP က AA ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး AA ဘက်ကတော့ ၄င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ရှိနေပြီး ULA/AA အဖွဲ့ကတော့ ALP ထက် အင်အား အပြတ်အသတ်သာလွန်တဲ့အဖွဲ့ ရခိုင်လူထုရဲ့ ထောက်ခံမှု အများစုကို ရရှိထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ULA/AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ အခြားသော ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့တွေ တည်ရှိနေတာ၊ သို့မဟုတ် ပေါ်ထွက်လာမှာကို လိုလားပုံမရဘဲ ရခိုင်လူမျိုးတွက် လက်နက်ကိုင် အဖွဲ့ တဖွဲ့ထည်းသာ ရှိရမယ်ဆိုတဲ့ ခံယူချက်ကို ခံယူထားတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။
စစ်ကောင်စီနဲ့ ၂၀၁၈-၁၉ မှာ တကြိမ်၊ ၂၀၂၂ ခုနှစ်မှာ တကြိမ် ပြင်းထန်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် လက်နက်ကိုင် အဖွဲ့တွေအပြင် အရပ်သားတွေလည်း အများအပြား အသက်ဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေအတွင်း ကျေးရွာအများအပြားက ဒေသခံတွေ စွန့်ခွာထွက်ပြေးခဲ့ရပြီး အချို့သော စစ်ဘေးရှောင်တွေအနေနဲ့ ယခုထက်ထိတိုင် ၄င်းတို့နေရပ်ကို မပြန်နိုင်ကြသေးတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာပါ။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်လို့ အစည်းအဝေးတရပ် လုပ်ဆောင်ခဲ့သလို တပြိုင်နက်တည်းလို ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနဲ့ မြန်မာစစ်တပ် အဆင့်မြင့်အရာရှိကြီးတွေအကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အတွင်းဝန်ဖြစ်သူက မြန်မာနိုင်ငံနေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ မြန်မာစစ်ကောင်စီအကြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးကိစ္စနဲ့ တဖက်နိုင်ငံကို ထိခိုက်စေနိုင်တဲ့အရာတွေကို တဖက်က ခွင့်မပြုကြဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ခုလတ်တလော လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေတဲ့ မဏိပူရ် ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ နယ်စပ် ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်တာတွေ၊ လက်နက်ရောင်းဝယ်တာမျိုးတွေကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုရအောင် ဆွေးနွေးကြတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လက်ရှိ အာဏာရ အစိုးရ ဖြစ်တဲ့ အမျိုးသားရေးဝါဒီလို့ ခေါ်ဆိုကြတဲ့ မိုဒီဦးဆောင်တဲ့ အစိုးရနဲ့ စစ်ကောင်စီတို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး မကြာသေးခင်က အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဝါရှင်တန် ခရီးစဥ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကိုတော့ နေပြည်တော် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက် ကိစ္စကလွဲရင်တော့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစု၊ လက်နက်ကိုင်တော်လှန်ရေးကိုစွဲကိုင်ထားတဲ့ NUG အစိုးရတို့နဲ့ ထိတွေ့ဆက်ဆံမှုထက် လက်ရှိ နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားဆဲ စစ်ကောင်စီအစိုးရနဲ့သာ ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို လက်နက်နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတွေ ရောင်းချမှု ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အထူးသံတမန် ဖြစ်သူရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာရဲ့ နောက် အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကိစ္စဆက်ဆံရေးတွေမှာလည်း စစ်ကောင်စီ အနေနဲ့ ထိုင်းစစ်တပ်နဲ့ တိုက်ရိုက် ဆက်သွယ်ဆက်ဆံမှုတွေ ပုံမှန်ရှိနေပြီး ခုရက်ပိုင်းမှာ မြန်မာနိုင်ငံဘက်က ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ တက်ရောက်တဲ့ နှစ်နိုင်ငံနယ်စပ်အရေးကိစ္စတွေ နဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ဇွန်လ ၂၈ ကနေ ၃၀ ရက်နေ့အထိ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။
ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဟာ စစ်အာဏာသိမ်းပြီးခါနောက် နှစ်နဲ့ချီ ရန်ကုန်စစ်တိုင်းမှူးအဖြစ်တာဝန်ယူခဲ့ပြီး ယခုလက်ရှိမှာ မွန်-ကရင် ဒေသတွေက စစ်ဆင်ရေး ကိစ္စရပ်တွေကို တာဝန်ယူထားတဲ့ ကစထမှူး ဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပိုမိုပြင်းထန်ထာနေ သလို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်း လက်နက်ကိုင် လှုပ်ရှားမှုတွေအတွက် လက်နက်ရရှိတဲ့ အရင်းအမြစ်နေအနဲ့ မြန်မာ-ထိုင်းနိုင်ငံနယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေကို အားထားနေကြရတာလည်း ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ လက်နက်ဝယ်ယူပြီး တင်သွင်းလာတဲ့ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ နယ်နိမိတ်မျဥ်း အနီးက နယ်စပ်စစ်ခြေကုပ်စခန်းတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့အခါ နယ်နိမိတ်မျဥ်း ဖြတ်ကျော်မှု၊ လေကြောင်းပျံသန်းမှု ကိစ္စရပ်လိုမျိုးတွေကို ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar