မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၁၁ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ် ၁၂၊ ၂၀၂၂
◾️စက်သုံးဆီစျေးနဲ့ စီးပွားရေးအကြပ်အတည်း ဂယက်
စက်သုံးဆီ စျေးတွေနေ့စဥ်လိုလို မြင့်တက်နေပြီး တလီတာကို တပတ်အတွင်း ကျပ် ၃၀၀/၄၀၀ နဲ့ တလအတွင်း ကျပ် ထောင်ဂဏန်း အထိမြင့်တက်လာနေတာကြောင့် စက်သုံးဆီရဲ့ အကျိုးဆက် စီးပွားရေးလုပ်ငန်းတွေ တဦးချင်း အသုံးစရိတ်တွေ ထိခိုက်နေကြတာ သတင်းတွေထဲ ကြားသိနေရမှာပါ။
ကုန်ထုတ်လုပ်မှု စရိတ်တွေ မြင့်တက်လာတာ လုပ်ငန်းတချို့ ရပ်နားကြတာကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးကြတာတွေလည်း ပတ်ဝန်းကျင်မှာ ကြားသိနေရပါတယ်။
စက်သုံးဆီစျေး မြင့်တက်ချိန်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုလည်း လျော့ကျလာပြီးလျှပ်စစ်ဓါတ်အား ပြတ်တောက်ချိန်များလာတာက စက်ရုံလုပ်ငန်းတွေကို အချိန်လျော့တာ ရပ်နားတာတွေ ဖြစ်စေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ တက်စီကားတွေ ခရီးသည်မရပဲ လမ်းပေါ် လူရှာမောင်းနှင်တာမျိုး မတွေ့ရသလောက် ဖြစ်လာနေပါတယ်။ ကားလမ်းနဘေး လမ်းဆုံတွေ စျေးတွေ ကားဂိတ်တွေနားမှာ ထိုးထားပြီး ခရီးသည်စောင့်နေတဲ့ တက်စီတွေကို ပိုတွေ့လာနေရပါတယ်။
တက်စီထက် ဘတ်စ်ကားစီးသူ ပိုများလာတာ မြင်တွေ့ရပြီး မနက် အလုပ်သွားချိန် နဲ့ ညနေအလုပ်ဆင်းချိန်တွေမှာ ဘတ်စ်ကားတွေမှာ စီးနင်းသူ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ ကားအသွားအလာကတော့ သိသိသာသာကြီး လျော့နည်းသွားတာတော့ မတွေ့ရပါဘူး။ ကိုယ်ပိုင်ကား လုပ်ငန်းသုံးကားတွေတော့ သွားလာနေကြဆဲ လောင်စာဆီ အသုံးနည်းတဲ့ ကားမျိုးတွေကို ပိုရွေးချယ်သုံးလာကြတာတော့ တွေ့ရပါတယ်။
ကုန်စျေးနှုန်းမြင့်တက်မှုတွေက နေ့စဥ် စားသောက်ကုန် သွားလာစရိတ်တွေအထိ ကုန်ပစ္စည်း ဝန်ဆောင်မှုတွေကို သက်ရောက်လာနေတာ တွေ့ရပါပြီ။ စျေးထဲသွားတဲ့အခါ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါး ပုစွန် စျေးနှုန်းက အရင်ထက်မြင့်တက်လာနေတာတွေ့ရပါတယ်။ ပုစွန် ဘော့ဂျိတ်လိုမျိုးကို တပိသာ ၁၅၀၀၀ ကျပ်၊ ပုစွန်ထုပ်လို့ ဆိုတဲ့အကောင်ခပ်လတ်လတ်ကို တပိသာ၂၅၀၀၀ ကျပ်အထိ ရောက်ရှိလာတာတွေ့ရပါတယ်။
ဝက်သား ကြက်သားတော့ သိသိသာသာ မြင့်တက်တာမရှိသေးပေမယ့် ဟင်းသီးဟင်းရွက်လိုမျိုး စိုက်ပျိုးရေး ထွက်ကုန်တွေလည်း သယ်ဆောင်စရိတ်မြင့်တက်လာလို့ စျေးနှုန်းမြင့်လာတာ သတိပြုမိပါတယ်။
လောင်စာဆီ စျေးနှုန်းမြင့်တက်ခြင်းရဲ့ အကျိုးဆက်အဖြစ် အချို့သော နယ်မြို့တွေကို ပြေးဆွဲတဲ့ ယာဥ်လိုင်းတွေ ယာယီရပ်နားဖို့ ဆုံးဖြတ်လိုက်ကြတာလည်း သတင်းတွေထဲ ဖတ်ရှုနေရပါတယ်။
စိုက်ပျိုးရေးထွက်ကုန် တွေဖြစ်တဲ့ ဖရဲသီးလို တရုတ်နယ်စပ်ကိုတင်ပို့တဲ့ ကုန်စည်တွေလည်း ကားခတွေစျေးတက်တာ တဖက်မှာ နယ်စပ်ဂိတ်က ကိုဗစ်ကူးစက်မှုကြောင့် မကြာခဏပိတ်လိုက် ဖွင့်လိုက်ဖြစ်နေတာတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်တင်ပို့တာတွေလည်း လောလောဆယ် မရေရာ ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ထိခိုက်မှု အသက်ဆုံးရှုံးမှု နေအိမ်နဲ့ နေအိမ်က မသယ်နိုင်တဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေကြရတာလည်း သတင်းတွေထဲတွေ့ရမှာ ဖြစ်သလို အခုလို စီးပွားရေးကျဆင်းမှု လောင်စာဆီဂယက် နိုင်ငံရေး အကြပ်အတည်းရဲ့ သက်ရောက်မှုတွေကြောင့် ခံစားနေကြရတာ တဖြည်းဖြည်းနဲ့ လူနေမှု အဆင့် အတန်းကျဆင်းလာနေတာတွေက အထက်က အဖြစ်အပျက် သတင်းတွေလောက် ဖြစ်ရပ်တွေမဟုတ်ပေမယ့် နေ့စဥ် ဘဝတွေထဲ ပတ်ဝန်းကျင်တွေမှာ မြင်တွေ့နေရတာ ဖြစ်လို့ စီးပွားရေး အကြပ်အတည်း လူမှုဒုက္ခအကြပ်အတည်းတခုထဲကို နစ်ဆင်းနေကြသလို ခံစားမိပါတယ်။
သတင်းမီဒီယာတွေ အနေနဲ့ ရန်ကုန်မြို့ မန္တလေးမြို့တို့မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေကို အသားပေးဖေါ်ပြကြသော်လည်း National Power Grid Line ထဲက အချို့သော နယ်မြို့တွေ၊ ကျေးရွာတွေကို လျှပ်စစ်ဓါတ်အားဖြတ်တောက်တာတွေက သိပ်မသိသာ သလို သတင်းတွေထဲလည်း ပါမလာကြပါဘူး။ အထက်အညာဘက်က အချို့မြို့တွေ ရွာတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေက တခါတရံ ၄ / ၅ ရက်ကြာ လုံးဝမရရှိကြတာမျိုးလည်း ရှိတယ်လို့ဆိုပါတယ်။
အဲဒီနယ်တွေရဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုက ရန််ကုန်် မန္တလေးမြို့ကြီးတွေက လျှပ်စစ်မီးပြတ်တောက်မှုတွေလို လူသိပ်မသိကြ သတင်းတွေထဲလည်း မပါကြပါဘူး။
ကိုဗစ်ကူးစက်ကပ်ဘေး ကန့်သတ်မှုတွေ ၂ နှစ်ကြာပြီးနောက် စစ်အာဏာသိမ်းမှု တနှစ်ကြာပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အကြပ်အတည်းက တော်တော်လေး နက်ရှိုင်းနေပြီလို့ ဆိုရပါလိမ့်မယ်။ အိုင်အမ်အက်ဖ်လို ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေရဲ့ စစ်တမ်းကောက်ယူမှုတွေမှာ ဆင်းရဲမှု မျဥ်းအောက် လူဦးရေထက်ဝက်လောက် ရောက်ရှိမယ်၊ လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ လူဦးရေ ၁၄ သန်းရှိမယ် ဆိုတဲ့ ကိန်းဂဏန်းတွေ ဖတ်ရှုသိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း တကယ့် ပြင်ပမှာ ဘာတွေဖြစ်နေသလဲဆိုတာလည်း ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြည့်ရင် ဆင်းရဲကြပ်တည်းမှု အခြေအနေက မြန်မြန်ဆန်ဆန် ဆိုးရွားကျဆင်းနေပြီး ရာဇဝတ်မှုတွေလည်း ပိုမိုထူပြောလာတာတွေ ကြားသိနေကြရပါတယ်။
ဓါးပြတိုက်မှု၊ လူသတ်မှု၊ ပစ္စည်းအတွက် ငွေအတွက် လူသတ်ဖြတ်ပြီးငွေယူသွားတဲ့ အဖြစ်အပျက်တွေ နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဘယ်မြို့မှ ဘယ်သူမှ လုံခြုံတဲ့အနေအထားတော့မဟုတ်ပါဘူး။ လက်နက် ကိုင်တိုက်ပွဲပေါ် မူတည်ပြီး သတ်ဖြတ်တာ လုယူတာ ဖျက်ဆီးတာတွေ ရှိသလို တရားဥပဒေ မစိုးမိုးတော့တဲ့ အခြေအနေပေါ် အခွင့်ကောင်းယူပြီး ဓါးပြတိုက်တာ လူသတ်ပစ္စည်းယူတာတွေလည်း ဖြစ်ပွားနေတာ နေရာအတော်များများမှာ ကြုံတွေ့နေရပါတယ်။ အုပ်ချုပ်ရေး လုံးဝပျက်စီးသွားတာ မဟုတ်ပေမယ့် ရာဇဝတ်မှုတွေကို တားဆီးနိုင်တဲ့ ဖေါ်ထုတ်နိုင်တဲ့ အခြေအနေမျိုးမရှိဘူးလို့ဆိုရမယ့် အခြေအနေမို့ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အခြေအနေပေးတဲ့သဘောမျိုးဖြစ်ပါတယ်။
ဒီအခြေအနေလိုမျိုးမှာ လူထုအများစုရဲ့ လုံခြုံရေး၊ လူမှုစီးပွား ဒုက္ခတွေကို ဘယ်လိုကူညီဖြေရှင်းကြမလဲ ဘယ်လို နည်းလမ်းတွေနဲ့ အထောက်အပံ့ပေးကြမလဲဆိုတာတွေကိုလည်း နိုင်ငံရေးအရ ဦးဆောင်တဲ့အဖွဲ့အစည်းတွေ အရေးတကြီး စဥ်းစားပေးဖို့ လိုအပ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar