Breaking News

ညိုထွန်းလူ - သူ့အရေး ကိုယ့်အရေး

ညိုထွန်းလူ - သူ့အရေး ကိုယ့်အရေး
(မိုးမခ) မတ် ၁၅၊ ၂၀၂၂

ယူကရိန်းပြဿနာ ရှေ့ဆက်ဘာတွေဖြစ်ကြမှာလဲ။ ရုရှားသမ္မတပူတင်က ယူကရိန်းကိုလက်နက်ထောက်ပံ့နေသည့် အနောက်နိုင်ငံတွေကိုဝမ်နင်ပေးလိုက်၍ စစ်ပွဲကရှေ့ဆက်တိုးကြတော့မည်လား။ အမေရိကန်သမ္မတဘိုင်ဒင်ကတော့ ယူကရိန်းအရေးမှာNATO ပါလိုက်သည်နှင့်တတိယကမ္ဘာစစ်ဖြစ်ပြီဟု ပြောသည်။

မြန်မာ့အရေးနှင့် ယူကရိန်းအရေးကိစ္စသည် မတူညီကြောင်း နိုင်ငံရေးသမားတစ်ဦးက အချက်အလက်တွေနှင့်ရှင်းပြလိုက်၍ အမြင်ရှင်းသွားပြီး အသိဉာဏ်တွေ လင်းသွားရ၏။ သို့ရာတွင် မတူတဲ့အချက်တွေပြောနေပေမယ့် တူတဲ့အချက်ကိုတော့ ဘာလို့ချန်ထားရတာလဲဟု တစ်ယောက်က ကွက်ရှင်ထုတ်သည်။ အင်း- -ဒါလည်းဟုတ်ပေသားပဲ။ မနေ့တုန်းက အီရတ်နိုင်ငံ Irbil မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို အီရန်တို့က ဒုံးပျံတွေဖြင့်တိုက်ခိုက်သည့်သတင်းကို တွေ့လိုက်ရသည်။ အလို-ကြောက်စရာ။ အမေရိကန်၏နားရွက်ကို တံတွေးဆွတ်လိုက်လို့တော့ ကမ္ဘာအရေးသည် ပွဲကြမ်းတော့မည်လားမပြောတတ်။

ကျွန်တော်သည် ပူလောင်သောရာသီဥတုနှင့် ချွေးတလုံးလုံးဖြစ်နေသည့် ကိုယ့်ကိုယ်လည်း သတိမပြုနှိုင်ဘဲ ဖေ့စ်ဘွတ်ကိုကြည့်ရင်း ကမ္ဘာ့အရေးကိစ္စထဲမှာ နစ်မွန်းနေမိသည်။ ကမ္ဘာ့အရေးကို ကျွန်တော်စိတ်ဝင်စားသည်။ တွေးရင်းဖြင့်၁၉၉၀ ခုနှစ်လောက်ဆီသို့ ပြန်ရောက်သွားသည်။

ထိုစဥ်က ကျွန်တော်တို့တတွေ မနက်တိုင်း လက်ဖက်ရည်ဆိုင်မှာ ဆုံကြသည်။ လက်ငင်းကြုံနေရသည့် မြန်မာ့အရေးကို ပြောကြ။ ဟိုဟိုသည်သည်က ကြားရသည့်သတင်းတွေကို ဖလှယ်ကြ။ သို့ရာတွင် ​နှစ်ကိုယ်ကြားအသံတိုးတိုးဖြင့် ပြောရစမြဲ။ ပြောရင်းဖြင့် ကိုယ့်နောက် ကျောကိုမလုံ၍ လိုသော်ရှိ မလိုသော်ရှိ ခဏခဏချောင်းဆိုးဟန်ပြုပြီး နောက်သို့ပြန်လှည့်ကြည့်ရ၏။ အသံကျယ်လောင်၍မဖြစ် နံရံတိုင်းမှာနားရှိသည်ကိုး။

သို့ရာတွင် ကမ္ဘာ့အရေးမှာတော့ သည်လိုမဟုတ်။ ကြိုက်သလောက် အသံကျယ်ကျယ်ပြောနိုင်၏။ စိတ်လည်း လွတ်လပ်ပေါ့ပါး၏။ လေးငါးလလောက်ကြာတော့ ထောက်လှမ်းရေးအစီရင်ခံသည့် သတင်းတစ်ခု လွင့်လာသည်။ လက်ဖက်ရည်ဆိုင်မှာ မြန်မာ့အရေးကိုမပြောကြတော့ လူတွေခေတ်မီသွားပြီ။ ကမ္ဘာ့အရေးကိစ္စတွေကိုပဲပြောကုန်ကြသည်တဲ့။ သည်သတင်းကိုကြားရတော့ ကျွန်တော်တို့မှာ ကျေနပ်အားရစွာဖြင့်တခွိခွိရယ်နေမိကြသည်။
× × × ×

"မယ်တို့ရွာသာစခန်း အလည်လာစမ်းပါကွယ် မြရောင်ချယ်လယ်ယာခင်းနဲ့ ကန်သင်းရိုးတလျှောက်ဝယ် ထနောင်းပင်တွေအသွယ်သွယ် ဖူးကြတယ်ပွင့်ကြတယ် စိတ်မှာပျော်မြူးလို့ကြည်နူးတယ် - -"

မိုးကောင်းကင်ဆီက အပူရှိန်တွေထပ်ဆင့်တိုးမြှင့်ပေးဖို့အတွက် ကီသွင်းနေသည့်ရှင်နေမင်းကိုကြည့်ရင်း အဆိုတော်ဒေါ်လှလှရီ၏ ရွာသာ ယာသီချင်းကို အမှတ်မထင်သတိရလိုက်မိသည်။ တကယ်တော့ ရာသီဥတုကပူပြင်းနေချိန် လျှပ်စစ်မီးကလည်းမလာသည်မို့ စိတ်အာရုံကိုတေးသီချင်းထဲမှာ ဇွတ်ကြီးနှစ်မြုတ်၍ထားရခြင်းဖြစ်သည်။

သီချင်းထဲကအေးချမ်းသာယာသည့်ရွာကလေးကိုမြင်ယောင်သွားရင်း ပူလောင်မွန်းကြပ်နေသည့် လက်ရှိဘဝကို တခဏမျှမေ့လျော့သွားသည်။ ကျွန်တော့်မှာ ချောင်းသာ ငွေဆောင်တို့လိုအရပ်ဒေသသို့သွားပြီး ပင်လယ်လှိုင်းတွေထဲတွင် လေထိုးတာယာကွင်းကြီးစီး၍ ခြေ ထောက်နှစ်ချောင်းဖြင့် တဗွမ်းဗွမ်းလုပ်၍ရေမကူးနိုင်။ ထို့အတူ ရာသီဥတုအေးမြသည့် ပြင်ဦးလွင်နှင့် ကလောမြို့ဆီသို့လည်း ခြေမဆန့်နိုင်။အပူတောထဲမှာပဲ ချွေးတလုံးလုံးဖြင့်နေရင်း လျှပ်စစ်မီးလာမည့်အချိန်ကိုမျှော်နေရ၏။

ကမ္ဘာဦးလူသားတို့သည် နေနှင့်လကို တောင့်တကြသလို မြန်မာနိုင်ငံမှ၂၁ ရာစုခေတ် လူသားကျွန်တော်တို့သည်လည်း လျှပ်စစ်မီးနှင့်စည် ပင်ကရေပေးရေးကို မျှော်နေရသည်။ အမှန်တော့ သို့ကလိုမျှော်ရသည့်ဒုက္ခကိုတစ်ချိန်က ကြုံခဲ့ပြီးပြီမို့ ဒုက္ခဟူ၍လည်းမမြင်တော့။ လျှပ်စစ် မီးမလာတော့ ဘက်ထရီမီးချောင်းထွန်းသည်။ ဖရောင်းတိုင်ဖြင့် အမှောင်ခွင်း၍အလင်းဆောင်သည်။ ယခုခေတ်တော့ ပါဝါဘိုက်နှင့် အယ်လ်အီးဒီ မီးလုံးလေးတွေပေါ့။ ညအိပ်ချိန်ရောက်ပြန်တော့ ခြင်ထောင်ထဲမှာ ယပ်တဖျတ်ဖျတ်ခတ်ရင်း စက်တော်ခေါ်ရသည်။ မှေးကနဲအိပ်ပျော်သွားချိန် လက်ထဲကယပ်တောင်ကလွတ်ကျသွားပြီး ဒေါက်ကနဲအသံကြောင့် လန့်နိုးသွားသည်။ ထို့ကြောင့် ယပ်ခပ်ရင်း အိပ်ပျော်အောင်ကြိုးစားရပြန်သည်။ သည်လိုပဲ ကြက်အိပ် ကြက်နိုးဖြင့် ညဉ့်သုံးယံခါကို လွန်မြောက်ခဲ့သော်လည်း လေပြေကမလာနိုင်။ ခွကျလှသည်။

လျှပ်စစ်မီးနှင့် စည်ပင် ရေပေးရေးသည် အတိုင်အဖောက်မညီလျှင်  ဒုက္ခရောက်ရစမြဲ။ လျှပ်စစ်မီးလာသည့်အချိန် စည်ပင် ရေပေးရေးက ရေမလွှတ်လျှင် ခက်ပြီ။ တဖန် စည်ပင် ရေပေးရေးက ရေလွှတ်ပေးပြန်တော့လည်း လျှပ်စစ်မီးမလာလျှင်လည်း မောရပြန်သည်။ စည်ပင်ရေပေးရေးကလည်း လျှပ်စစ်မီးလာချိန်မှရေလွှတ်ပေးရသဖြင့် သူ့ရေပေးရေးအချိန်က ခန့်မှန်း၍မရ။

ရေလာသည်နှင့် မော်တာဖြင့်ဆွဲသည်။ မော်တာခမျာ တဝူးဝူးအသံတွေထွက်နေသော်လည်း ပိုက်ခေါင်းထဲမှာ ရေတွေရောက်မလာ။ ထို့ကြောင့် ရေတုန်ကင်ကလေးကိုနှိပ်ပြီး ရေခြူရသည်။ ဆယ့်ငါးမိနစ်လောက်အကြာ ရေတွေ ဝေါကနဲပန်းထွက်လာ၍ ပျော်လို့မဆုံး။ သို့သော်လည်းလျှပ်စစ်မီးပျက်သွား၍ မော်တာလည်သံတွေရပ်သွားသည်။ ကျွန်တော်သည် ဒေါသဖြစ်ရင်း နင့်မေလွှားမှပဲဟူ၍သာ ရွတ်ဆိုနေမိတော့သည်။နေ့စဉ် နေ့တိုင်း သည်လိုချည်းကြုံတွေ့နေရ၍ ကျွန်တော်၏နင့်မေကလွှားသည်လည်း ဟောက်ပက်ဖြစ်နေသည့် ရေကန်ထဲမှာ ပြည့်လျံလုလု ရှိနေလေပြီ။ ရေမီးအစုံဖြင့် လေထီးခုန်ဆိုသည့် ခေတ်ပေါ်အသုံးအနှုံးက ဘာကိုဆိုချင်မှန်းမသိ။ ရေမီးစုံ၍ လေထီးဖြင့်ခုန်သော်လည်း လေထီးမပွင့်လျှင် ခက်ရချည့်။

မည်သို့ပင်ဖြစ်စေ ကိုယ့်ဒုက္ခတွေကိုမေ့လျော့ကာ သီချင်းလေးသီဆိုပြီး ရွာသာယာက မယ်တို့ရွာသာစခန်းဆီသို့ စိတ်ကူးဖြင့်သွားလိုက်သည်။စိမ်းမြလယ်ကွင်းတွေ သစ်ပင်အုပ်အုပ်တွေထဲက ရွာကလေး။ အေးချမ်းသာယာလှပေစွ။ ကြည်နူးပျော်ရွှင်စရာကောင်းပေစွ။ သို့ဖြင့် ရွာကလေး၏သာယာလှပပုံကို မျက်လုံးထဲမှာမြင်ယောင်ခံစားနေဆဲ ဖေ့စ်ဘွတ်ထဲက စစ်မီးကြောင့် ရွာကလေးတွေ၏အနိဌာရုံတွေကို သတိရလိုက်မိသည်နှင့် အယ်ကနဲ။ လက်တွေ့မှာတော့ မယ်တို့ရွာသာစခန်းလည်း မသာယာနိုင်ကြတော့။ သူတို့ဒုက္ခတွေက ကိုယ့်ထက်ကြီးမားသည်။ ကိုယ့်မှာနေစရာကလေးရှိသေးသည်။ စိတ်မောလူမောဖြစ်သွားပြီး နင့်မေကလွှားမှပဲဟုလည်း အော်ချင်စိတ်လည်း ကုန်ခမ်းသွားသည်။ သို့ဖြင့် အတွေးတွေဖြင့်ငိုင်နေဆဲ လွန်ခဲ့သည့်ဆယ်နှစ်လောက်က ကွယ်လွန်သွားခဲ့သည့်မိတ်ဆွေတစ်ယောက်ပြောပြသည်ပုံပြင်ကိုသတိရလိုက်မိပြန်သည်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ မုဆိုးမသားအမိရှိသတဲ့။ သူတို့အိမ်က ရွာအစွန်မှာရှိပြီး ခြေတံရှည်အိမ်တဲ့။ ညမှာ သမီးအပျိုက အခန်းထဲမှာအိပ်ပြီး အမေကတော့ဝရံတာမှာ ထွက်အိပ်သတဲ့။ တစ်ညတော့ သူတို့အိမ်ကို လူကပ်ပါလေရော။ မကြာခင် အခန်းထဲမှာနေတဲ့သမီးက ကြောက်အားလန့်အားနဲ့ အမေရေ သမီးကိုကယ်ပါဦး။ လူတစ်ယောက် သမီးကို မဟားဒယားလုပ်နေတယ်တဲ့။ အဲသည်လိုအော်သံကြားတော့ ဝရံတာမှာအိပ်နေတဲ့ အမေဖြစ်သူကလည်း ငါ့သမီးရေကိုယ့်ပြဿနာကိုယ်ရှင်း အမေလည်းညည်းလိုပဲ မဟားဒယားလာလုပ်တဲ့သူနဲ့လုံးသတ်နေရတယ်လို့ ပြန်အော်ပြောလိုက်တာတဲ့ဗျ။

နားထောင်နေကြသူ ကျွန်တော်တို့အားလုံး ပြုံးစိပြုံးစိဖြစ်ကုန်ကြသည်။ သို့ရာတွင် ယခုတော့ ကျွန်တော်မပြုံးရယ်နိုင်တော့ပါ။ ကျွန်တော်တို့အားလုံးကြုံတွေ့ရင်ဆိုင်နေရသည့်အရေးကိစ္စတွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေကြရသည်။ သူ့အရေးက ကိုယ့်အရေးထက်ကြီး မားနေသည်ကိုမြင်တွေ့ရတိုင်း စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမျှမကူညီနိုင်တာကြောင့် ကိုယ့်ကိုယ်လည်း အားမလိုအားမရဖြစ်ခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက် စိတ်ဓာတ်ခွန်အားတွေပေးပြီး ကြံ့ကြံ့ခံဖြတ်သန်းနိုင်အောင်ကြိုးစားရတော့မည်။ သေချာတွေးကြည့်လျှင် သူ့အရေးသည်လည်း ကိုယ့်အရေးဖြစ်သည်။ ထို့အတူ ကိုယ့်အရေးကိစ္စသည်လည်း သူ့အရေးကိစ္စဖြစ်သည်။ သည်လိုနှင့်ခက်ခဲသည့်နှစ်ကာလတွေကို အတူတကွရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရသည်ကော။

တွေးရင်းဖြင့် အင်အားသတ္တိတွေတိုးဝင်လာခဲ့သလို ခံစားလိုက်ရသည်။ ထိုအခိုက် လျှပ်စစ်မီးလာပြီဟု အမျိုးသမီးကအော်ပြောလိုက်၍ ဝမ်းသာသွားသည်။ ရေမော်တာကိုဖွင့်၍ တုန်ကင်နှိပ်ပြီး ရေခြူသည်။ ဝင်းဝင်းတောက်နေသည့်နေရောင်ခြည်ကိုလည်းမမှု။ တုန်ကင်နှိပ်ရင်းရေတွေ ဝေါကနဲပန်းထွက်လာလျှင် ကျွန်တော်ပျော်ပြီ။ ရေတွေလာနေတုန်း လျှပ်စစ်မီးပျက်သွားမှာလား။ ရေတုန်ကင်ကို မနားတန်းနှိပ်နေရသော်လည်း ရေမရလျှင် ဘယ်လိုလုပ်မလဲ။ မဖြစ်သေးသည့်အရေးအတွက် စိတ်ပူပန်ကြောင့်ကျမနေတော့။ အရေးကြီးတာက ရေရဖို့။နောက်ကြုံတွေ့ ရနိုင်သည့်အရေးကို  နောက်မှပဲဖြေရှင်းကြရုံသာ။ ရေတုန်ကင်က မောင်းတံကို အဆက်မပြတ်နှိပ်နေရင်း ရေဖြန့်ဝေပေးမည့်မော်တော်ကားကို မျှော်နေကြသူတွေကိုမြင်ယောင်သွားသည်။ သူတို့နှင့်နှိုင်းစာလျှင် ကိုယ့်အခက်အခဲက​ ဘာမျှမဟုတ်တော့ပြီ။ သြော် -ငါ့မှာ ပိုက်ထဲကရေတွေ ထွက်လာလိုထွက်လာငြား အားကိုးစရာ တုန်ကင်လေးရှိနေသည်ပဲဟုတွေးရင်း အားတက်သွားသည်။ မျှော်လင့်ချက်တွေရှိနေဆဲ။ သို့ဖြင့် ညနေခင်းသုံးနာရီပူပြင်းသောနေရောင်ခြည်အောက်မှာ တက်ကြွစွာဖြင့် တုန်ကင်ကိုနှိပ်ရင် းပါးစပ်ကလည်း ကဲဟယ်-ကဲဟယ်ဟု အော်ဟစ်နေလျှက်။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar