ဂျာကာတာ အစည်းအဝေးရလဒ်၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၇ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၂
ဂျာကာတာ အစည်းအဝေးရလဒ်၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူ
မြန်မာ့အရေးကို ဘယ်လို ဆက်လုပ်မလဲလို့ အများစိတ်ဝင်စားကြတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အစည်းအဝေးက ယနေ့ပြီးဆုံးသွားပြီး အာဆီယံမူ ၅ ချက်ကိုပဲ ဆက်လက်ကိုင်စွဲဖို့ သဘောတူကြတယ်လို့ အချုပ်အားဖြင့် သတင်းတွေမှာ ဖေါ်ပြကြတာတွေ့ရပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ တို့လိုနိုင်ငံတွေကလည်း တနိုင်ငံစီ ကြားဝင်ဆောင်ရွက်တာ ဖြေရှင်းတာထက် အာဆီယံရဲ့ လုပ်ဆောင်မှုကိုပဲ ထောက်ခံထားကြပြီး အာဆီယံကို အခုထက်ပိုပြီးတက်တက်ကြွကြွလုပ်ဖို့ လိုလားနေကြတဲ့ သဘောမျိုးတော့ တွေ့ရပါတယ်။ သို့ပေမယ့် အာဆီယံ အဖွဲ့ ကိုယ်၌က တနိုင်ငံရဲ့ ပြည်တွင်းရေး နိုင်ငံရေးမှာ အခြားတနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးဆိုတဲ့ မူဝါဒရှိနေတာကြောင့် စစ်ကောင်စီက အဲဒီအချက်ကို ထောက်ပြပြီး အခြားနိုင်ငံတွေက ဖြစ်စေ၊ အာဆီယံကဖြစ်စေ ဖိအားပေးတာ တိုက်တွန်းတာတွေကို လက်ခံလေ့မရှိတာလည်း တွေ့ရပါတယ်။
အာဆီယံနိုင်ငံတွေအနက် ဒီမိုကရေစီ နိုင်ငံစစ်စစ်ဆိုလို့ရှိရင် ဖိလစ်ပိုင်နိုင်ငံ အင်ဒိုနီးရှားနိုင်ငံလောက်သာ ရည်ညွှန်းပြောဆိုနိုင်ပြီး ကျန်တဲ့နိုင်ငံတွေအနေနဲ့ တစိတ်တပိုင်းအားဖြင့် ဒီမိုကရေစီလို့ ဆိုရမယ့် သဘောမျိုးလည်းဖြစ်လို့ မြန်မာ့အရေးမှာ အမြင်ချင်းထပ်တူထပ်မျှ ကျချင်မှကျလိမ့်မှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့အနက် ၉ နိုင်ငံရဲ့ အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးတက်ရောက်ခဲ့ကြပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ဖိတ်ကြားခြင်း မပြုတဲ့အစည်းအဝေးက ဆုံးဖြတ်ချက်ဖြစ်လို့ အာဏာသိမ်းထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကလည်း အာဆီယံ ဆုံးဖြတ်ချက်တွေကို သဘောမတူ ကန့်ကွက်ကြောင်း အချိန်ကိုက်ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ဧပြီလက သဘောတူခဲ့တဲ့ အာဆီယံမူ ၅ ချက်ကို နှစ်နဲ့ချီတဲ့အထိ စစ်ကောင်စီက အကောင်အထည်မဖေါ်နိုင်တာကြောင့်လည်း အာဆီယံကြိုးပမ်းမှုတွေ မအောင်မြင်ဘူး တိုးတက်မှုမရှိဘူးလို့ အကဲဖြတ်ကြတာဖြစ်ပါတယ်။ ခုတကြိမ်မှာတော့ အာဆီယံရဲ့ အကြောင်းပြချက်က မြန်မာ့အရေးက ဆယ်စုနှစ်နဲ့ချီတဲ့ အကြောင်းရင်းခံတွေ ရှိတာကြောင့် အာဆီယံရဲ့ အားနည်းချက်ဆိုတာထက် ၊ မြန်မာ့အရေးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ဆင်ခြေပေးကြတဲ့သဘောလည်း ဖြစ်ပါတယ်။
မြန်မာ့အရေး၊ ရခိုင့်ရိုဟင်ဂျာအရေး စတဲ့အရေးကိစ္စတွေကို ရှုထောင့်တခုထဲက တန်ဖိုးတခုထဲက မူဝါဒတခုထဲကနေ ဖြေရှင်းဖို့ မလွယ်ဘူး၊ ဆယ်စုနှစ်များစွာ ဖြစ်တည်လာတဲ့ ပဋိပက္ခ အကြောင်းခံတွေ ၊ အတိတ်သမိုင်း နောက်ခံတွေကို နားလည်မှသာ ဖြေရှင်းနိုင်မယ်၊ ချက်ခြင်း မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့မလွယ်ဘူးလို့ ရခိုင်အရေးဖြစ်ပွားစဥ်ကရော ၊ လက်နက်ကိုင် ပဋိပက္ခတွေကနေ ငြိမ်းချမ်းရေးဆွေးနွေးကြစဥ်မှာ ပြောဆိုလေ့ရှိကြတာ ဖြစ်ပါတယ်။
အတိုင်းအတာတခုထိ မှန်ကောင်းမှန်ပေမယ့် ပြဿနာ မပြေလည်နိုင်တဲ့အကြောင်းရင်းကို တည့်တည့် ပြောဆိုဆွေးနွေးကြဖို့ထက် အကျိုးစီးပွားတွေကို ပထမဦးစားပေးကြတာကြောင့်လည်း နိုင်ငံရေး အကြပ်အတည်း၊ လက်နက်ကိုင် ပြဿနာတွေကို ပြေလည်မှုမရနိုင်တာလို့ မြင်မိပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နှလုံးရောဂါနဲ့ ပျံတော်မူတဲ့ သတင်းဖြစ်ပါတယ်။
နိုင်ငံ့အရေးတွေမှာ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်တဲ့ မန္တလေးမြို့က လူသိများ ထင်ရှားတဲ့ဆရာတော် တပါးဖြစ်ပြီး စစ်တပ်ကို ဝေဖန်ပြောဆိုတာတွေ ရှိတာကြောင့် စစ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းဆီးခဲ့ပြီး အဲဒီကာလမတိုင်ခင် တပ်က စွဲဆိုထားတဲ့ ပုဒ်မ ၅၀၀ (အသရေပျက်စေမှု ) နဲ့ ရုံးတင်စစ်ဆေးခဲ့ပေမယ့် အမှုက ခိုင်လုံခြင်းမရှိပဲ ယမန်နှစ် သြဂုတ်လမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် လအတန်ကြာမှာ ဆရာတော်အနေနဲ့ ပြန်လည်ဖမ်းဆီးခံရနိုင်တာကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တိမ်းရှောင်ခဲ့ပြီး ထိုင်းနိုင်ငံမှာ သီတင်းသုံးနေရာက အခုလိုရုတ်တရက် နှလုံးရောဂါ လက္ခဏာဖြစ်တဲ့ ရင်ဘတ်အောင့်ရာက ညပိုင်းမှာ ပျံတော်မူခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ထောင်သောင်းနဲ့ချီတဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ရာမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေက စစ်အာဏာရှင်ဆန့်ကျင်သူ နိုင်ငံရေး သမား၊ နိုင်ငံရေး ဝေဖန်ပြောဆိုတဲ့ ဘာသာရေးခေါင်းဆောင်၊ အနုပညာသည်၊ သတင်းသမား၊ စာရေးဆရာ စသဖြင့် ရာ၊ ထောင်ချီသူတွေပါဝင်ခဲ့ပါတယ်။ လွတ်မြောက်လာသူတွေ ၊ ဖမ်းဆီးမခံရခင်မှာ ထွက်ပြေးတိမ်းရှောင်ကာ တဖက်နိုင်ငံမှာနေထိုင်ရသူတွေ အနေနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တရားဝင် အထောက်အထားမရှိပဲ နေထိုင်ရတဲ့အနေအထားကြောင့် ကျန်းမာရေး ထိခိုက်ကာ အသက်ဆုံးရှုံးရတဲ့ အဖြစ်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အခု အဖြစ်အပျက်ဟာ အဆိုပါ အခြေအနေတွေကို ပြသတဲ့ နမူနာ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar