ကျော်ကျော် မြရည်စမ်း - ရုပ်ရှင်ရုံရှေ့က ငယ်ဘဝတွေ
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂
(၁)
ရန်ကုန်မြို့ထဲသွားတိုင်း ရုပ်ရှင်ရုံတွေအနားရောက်တဲ့အခါ ငယ်ဘဝကိုပြန်သတိရမိတယ်။ ဗိုလ်ချုပ်လမ်းပေါ်က ရုပ်ရှင်ရုံတွေအနားမှာ ကျွန်တော်ငယ်ငယ်က စျေးသည်တွေရန်လုပ်တာခံရဖူးတယ်။ တခြားကြောင့်တော့မဟုတ်ဘူး၊ သူတို့ရောင်းတဲ့ပစ္စည်းတွေကိုတခုချင်းပြခိုင်းပြီး နောက်ဆုံးမှာ မယူတော့ဘူးပြောလိုက်လို့ ဝိုင်းပြီးရန်လုပ်ကြတာ။
ပစ္စည်းတွေဆိုတာကလည်း ထွေထွေထူးထူးကြီးမဟုတ်ပါဘူး။ ဂျင်းအင်္ကျီမှာတပ်ပြီးဝတ်ကြတဲ့ရင်ထိုးတွေ၊ ငါးမြှောင့်ကြယ်တွေပါ။ သူတို့က ပထမတော့ဝယ်မယ်ထင်ပြီး စိတ်ရှည်ရှည်နဲ့ပေါ့။ သူတို့တပ်ပေးထားကြတဲ့ကျွန်တော့်ဂျင်းအင်္ကျီကတံဆိပ်တွေကို ပြန်ဖြုတ်ခိုင်းတဲ့အထိ ဘာမှမဖြစ်ကြသေးဘူး။ အဲတာတွေပြီးတဲ့အချိန်တခုမှမဝယ်တော့ဘူးလို့လည်းပြောလိုက်ရော ဝိုင်းပြီးရန်လုပ်ကြတာ။ ကျွန်တော်ကလည်း ငယ်စိတ်နဲ့ဆိုတော့ဘာမှမတွေးမိဘူး။ ရေခဲခြစ်ဆိုင်က သံပိုက်လုံးကိုကောက်ကိုင်ထားလိုက်တယ်။ တကယ်တော့ ကျွန်တော်ကံကောင်းလို့ခေါင်းမကွဲခဲ့တာ။ ရုပ်ရှင်ထဲကအတိုင်း ရဲတွေရောက် လာလို့လည်း မဟုတ်ဘူး။ အသားဖြူဖြူရုပ်ရည်သန့်သန့်နဲ့လူတယောက်က 'မင်းတို့...ဒီကျောင်းသားလေးကိုဘာမှမလုပ်ကြနဲ့'လို့ တခွန်းတည်းပြောလိုက်ရုံနဲ့ စျေးသည်တွေအကုန်ငြိမ်ဆင်းသွားကြတာ။ ကျွန်တော်ကလည်း အခွင့်အရေးရတုန်း မြန်မြန်လစ်ထွက်ခဲ့တာပါပဲ။ လမ်းနံဘေးက ပလတ်စတစ်အခင်းပေါ်မှာ ဖရိုဖရဲဖြစ်နေတဲ့တံဆိပ်တွေနဲ့လူတစုဟာ ရုပ်ရှင်ရုံတွေအနားမှာကျန်နေခဲ့ကြတယ်။
အိမ်ရောက်တော့ တံဆိပ်တွေအကြောင်း ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ သူများတကာရဲ့အင်္ကျီပေါ်မှာ မြင်နေရတုန်းကတော့ ကျွန်တော်လိုချင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော့်ဂျင်းအင်္ကျီပေါ်မှာ အဲ့ဒီတံဆိပ်တွေတပ်လိုက်တဲ့အခါ ဝတ်ရမှာရှက်သလိုရွံ့သလို ခံစားလိုက်ရတယ်။ အဲတာကြောင့် ငြင်းဆန်ခဲ့မိတာ။
(၂)
စွန့်စားခန်းဝတ္ထုတွေ၊ အချစ်ဝတ္ထုတွေ၊ စုံထောက်ဝတ္ထုတွေ၊ ဘဝသရုပ်ဖေါ်ဝတ္ထုတွေအပါအဝင် ဝတ္ထုဇာတ်လမ်းအတော်များများထဲမှာ ရုပ်ရှင်ရုံတွေ ပါတတ်ကြတယ်။ အဲဒီလိုပါပဲ ရုပ်ရှင်ရုံတွေဟာလည်း အပစ်အခတ်၊ အညှစ်အသတ်ဇာတ်လမ်းတွေနဲ့ ကင်းလို့မရခဲ့ပါဘူး။ အော်စကာဆုတွေ၊ အကယ်ဒမီဆုတွေနဲ့ထိုက်တန်တဲ့ဇာတ်ကားကြီးတွေကိုရုံတင်ခဲ့ရသလို ဆယ်ရက်တစ်ကားနှုန်းနဲ့တွက်ချက်ပြီးရိုက်ကူးထားတဲ့ စုတ်တိစုတ်ချာဇာတ်ကားမျိုးကိုလည်း ရုံတင်ခဲ့ရမှာပါပဲ။
"ရုပ်ရှင်ကြည့်ပြီး...ရူးချင်တယ်ဆိုလည်း... ကပ်လက်စနဲ့ကပ်အုန်းပေါ့...ထရံထက်မှာ၊ ...ရွှေမင်းသမီး ဇာတ်ကားကြော်ငြာ..."
ဘိုထီးဆိုထားတဲ့ပလက်ဖောင်းမင်းသားသီချင်းကို ကျွန်တော် မကြားဖူးသေးတဲ့အချိန်ပေါ့။
ဗိုလ်ချုပ်လမ်းကရုပ်ရှင်ရုံတွေအနားမှာ လမ်းနံဘေးတံဆိပ်သည်နဲ့လည်း ကတောက်ကဆမဖြစ်ဖူးသေးတဲ့အချိန်ပေါ့။ အဲဒီလိုအချိန်လေးမှာ ကျွန်တော်တို့မြို့လေးရဲ့ ရုပ်ရှင်ရုံအနားမှာ ကျွန်တော်တို့ဘဝတချို့ ရှိခဲ့ဖူးတယ်။ ကလေးဘဝပေါ့။
(၃)
ဝတ္ထုတပုဒ်ကို အစကနေအဆုံးထိပြန်ပြောဖြစ်တဲ့ကိစ္စဟာ ရုပ်ရှင်ရုံတရုံရဲ့အရှေ့မှာ ဖြစ်ခဲ့တာပါ။ အဲဒါဟာပထမဆုံးအနေနဲ့ ဝတ္ထုတပုဒ်လုံးကို ပြန်ပြောခဲ့တာပါပဲ။
နားထောင်တဲ့သူတွေက နားစိုက်ထောင်နေကြတော့ ပြောရတာအားရပါးရရှိတယ်။ တခါတလေ သူတို့နားမရှင်းတဲ့ကိစ္စမျိုးကျတော့ ပြန်ပြန်မေးကြတယ်။ ဆရာကြီးဂိုက်ပေါက်ပြီးပြောဖြစ်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ အဲဒီဝတ္ထုလေးကိုနှစ်သက်ပြီး ပြန်ဖောက်သည်ချဖြစ်တာမျိုးပါ။
ဝတ္ထုထဲက ဇာတ်ကောင်လေးကလည်း ကျွန်တော်တို့နဲ့ရွယ်တူဆိုတော့ အားလုံးကစိတ်ဝင်စားကြတယ်။ သူငယ်ချင်းတွေအားလုံးက အဲဒီဇာတ်လိုက်ကောင်လေးရဲ့ဘက်မှာရပ်နေကြပုံကိုမြင်ရတော့ ပြောရတာအားရှိတယ်။ ဘယ်သူမှ အဲဒီကောင်လေးကိုမကောင်းမပြောကြဘူး။ ကောင်လေးကို ပထမတော့သနားကြတယ်။ နောက်တော့ ကောင်လေးရဲ့လုပ်ရပ်တွေကိုထောက်ခံကြတယ်။ ကောင်လေးကိုအနိုင်ကျင့်ခဲ့တဲ့ လူယုတ်မာကြီးရဲ့ ဇာတ်သိမ်းကို အားလုံးက သဘောကျသွားကြတယ်။
(၄)
ခေတ်က အပိုဆာဒါးနည်းတဲ့ခေတ်ပေါ့။ ကလေးတယောက်အဖို့စိတ်ဝင်စားစရာ နည်းနည်းပဲရှိတယ်။ ဂိမ်းဆိုတာ ဝေလာဝေး။ ဖုန်းဆိုတာမျိုးကိုလည်း အရုပ်ထဲ ရုပ်ရှင်ထဲပဲမြင်ဖူးတာ။ ဒါတောင်မှ ကြိုးဖုန်းတွေ။ တံခါးပိတ်ထားတယ်။ ကစားစရာအတွက် စတိုးဆိုင်တွေမှာစျေးချိုချိုနဲ့မရဘူး။ ဖုန်းနဲ့ ကစားချင်ရင် နို့ဆီခွက်နှစ်ခွက်ကိုအပေါက်ဖောက်၊ အိပ်ချည်ကြိုးနဲ့ ဂျိုင်းပြီး ဓာတ်မီးတိုင် တတိုင်အကွာအဝေးကနေ စကားပြောတမ်းဆော့ကစားကြရတယ်။
သားရေကွင်းပစ်မယ်၊ ဂျင်ပေါက်မယ်၊ ရေသွားကူးမယ်၊ ဂေါ်လီရိုက်မယ်၊ ငှက်သိုက်လည်းနှိုက်တဲ့အခါ နှိုက်မယ်။ ကိုပူစီဖတ်မယ်။ ရွှေဂေါင်းပြောင်ဖတ်မယ်။ သမိန်ပေါသွပ်ရဲ့ မြင်းကိုစိတ်ကူးနဲ့ဝင်စီးပြီး 'တက်ကလောက်...တက်ကလောက်..တက်ကလောက် 'လုပ်မယ်။ အလကားကျော်စွာနဲ့နှိုင်းရင် မကြိုက်ဘူး။ အလကားကျော်စွာဆိုတာ အသုံးမကျတဲ့ဇာတ်လိုက်မှန်း ရွယ်တူတွေအကုန်နီးပါးကသိကြတယ်လေ။
အဲသလိုအချိန်မှာ စာအုပ်အဖုံးလေးကိုစိတ်ဝင်စားပြီး ဝတ္ထုစဖတ်ဖြစ်ခဲ့တယ်။ ဇာတ်လိုက်ကရွယ်တူဆိုတော့ စာအုပ်ကိုအပြီးအထိ ဖတ်ဖြစ်သွားတယ်။
စာရေးဆရာမင်းသိင်္ခရဲ့ ပုဂံသားမောင်ဘမော်...တဲ့။ မောင်ဘမော်လေးနှိပ်စက်ခံရ အနိုင်ကျင့်ခံရရင် စိတ်ထဲမကောင်းဘူး။ စိတ်ထဲမကောင်းဖြစ်ရာက စိတ်တိုလာတယ်။သူ့ကိုနှိပ်စက်နေသူတွေကို ဒေါသထွက်လာတယ်။ မောင်ဘမော်ပြန်ပြီးအနိုင်ရတဲ့စာမျက်နှာကို ရောက်ချင်လာတယ်။ ဖတ်ချင်လာတယ်။အဲ့အနေအထားမှာ တအုပ်လုံးကုန်တဲ့အထိဖတ်ဖြစ်သွားတာပါ။ ကလေးဘဝမို့လို့ထင်ပါရဲ့။ စာလည်း ကျော်မဖတ်ဖြစ်ဘူး။ တလုံးချင်းဖြည်းဖြည်းဖတ်တော့ အခန်းအလိုက်အလွတ်နီးပါးမှတ်မိသွားတယ်။ စာအုပ်ဖတ်နေချိန်မှာ ပူပန်စရာကလည်းဘာမှမရှိတော့ အာရုံက တကြောင်းတည်းပဲကိုး။
အဲဒီတုန်းကတော့ အခုခေတ်ကလေးတွေလို စာပြီးရင်းစာတဲ့ခေတ်လည်းမဟုတ်သေးဘူး။ ဆရာဝန်ကြီးဖြစ်ပါစေ...အင်ဂျင်နီယာကြီးဖြစ်ပါစေ..ဆိုတဲ့မိဘတွေ အနည်းအကျင်းတော့ရှိကြတာပေါ့။ မြို့လေးမှာက အဲသလိုမိဘမျိုးတွေက ရှိတော့ရှိတယ်၊ ရှားတယ်ပေါ့။ လူကြီးမိဘတွေကိုယ်တိုင်က ည နေစောင်းရင် မီတာ (၁၀၀) သာသာရှိတဲ့ညစျေးတန်းဆိုတဲ့နေရာကို လမ်းလျှောက်ကြတယ်။ ညစျေးတန်းထိပ်မှာ အင်မတန်ကောင်းတဲ့မုန့်ပျားသလက်နဲ့မုန့်လင်မယားဆိုင်ရှိခဲ့ဖူးတယ်။လမ်းလျှောက်ပြီးအပြန်ကျ အဲ့ဆိုင်မှာ တန်းစီစောင့်ပြီး မုန့်ဝယ်ကြရတယ်။ ညစျေးတန်းမှာကလည်း အကောင်းဆုံးအစား အစာဟာ မုန့်ပျားသလက်ပါပဲ။ ထန်းလျက်ရည်က စစ်တဲ့အပြင့် ပျစ်နှစ်နေတာကိုး။
ကျွန်တော်က ရုပ်ရှင်ရုံနားမှာနေတော့ မိဘတွေလစ်ပြီဆို ရုပ်ရှင်ရုံဖက် ပြေးလာတယ်။ ရုံဖွင့်ချိန်ဝင်ကြည့်တတ်ကြတဲ့သူငယ်ချင်းတွေ ရုပ်ရှင်ရုံနားမှာ ရှိနေကြတယ်။ ရုပ်ရှင်ရုံမဖွင့်သေးခင် လက်ကောက်ဝတ်ကိုယ်စီမှာပါလာတဲ့သားရေကွင်းလေးတွေကို လမ်းထောင့်ကလက်ရွေးစင်လက်ဖက်ရည်ဆိုင်ရဲ့အုတ်နံရံမှာကပ်ချိတ်ပြီး ပစ်ကစားကြတယ်။ ဗာဒံသီးတွေထုစားကြတယ်။ မောကြပြီဆို ပုံပြင်တွေအပြန်အလှန်ပြောကြ၊ ကာတွန်းဇာတ်လမ်းတွေ၊ တိတ်ခွေဇာတ်လမ်းတွေ အပြန်အလှန်ပြောကြနဲ့ပေါ့ ။
ရုပ်ရှင်ရုံဖွင့်ပေးဖို့ အတော်ကြီးစောင့်ကြရတယ်။ "ပျင်းတယ်ကွာ...ပုံပြောတမ်း ကစားရအောင်"လို့ တယောက်က စ,လိုက်တော့ ပုံပြောဖို့ မင်းပြော ငါပြောလုပ်ကြတယ်။အဲဒီမှာ ဖတ်ဖူးတဲ့ဝတ္ထုလေးကိုပြောဖြစ်ခဲ့ရတာ။
အနှိမ်ခံအဖိနှိပ်ခံဘဝကိုရွယ်တူချင်းမို့ ကိုယ်ချင်းစာမိကြတယ်ထင်ပါတယ်။ ရုံဖွင့်တာတောင် ဝင်မကြည့်ကြတော့ဘူး။ တကယ်တော့ ကျွန်တော်တို့သာဝင်မကြည့်ဖြစ်ခဲ့ကြတာ။ အဲဒီညကပြတဲ့ရုပ်ရှင်ဇာတ်ကားက တကယ့်နာမည်ကြီးဇာတ်ကား။ လူတွေဟာ လက်မှတ်ရဖို့မနည်းကြီး လုံးပန်းကြရတယ်တဲ့။ ကျွန်တော်တို့ကတော့ ရုပ်ရှင်ပြီးတဲ့အခါ လူအုပ်ထဲမှာရောပါလာကြရင်း သူတို့ပြောနေကြတဲ့ လုံးရာကပြားတာတို့ ပြားရာကလုံးတာတို့ကို နားနဲ့သာ ကြားနေရတယ် စိတ်မဝင်စားမိကြတော့ဘူး။ ကျီးယောင်ဆောင်သောဒေါင်းလား၊ ဒေါင်းယောင်ဆောင်သောကျီးလားလည်း ကွဲကွဲပြားပြားမသိကြပါဘူး။
(၅)
တနေ့ကလည်း ရန်ကုန်မြို့ထဲရောက်တော့ ဆူးလေလမ်းအတိုင်းလျှောက်လာရင်း ရှေ့ဆောင်ရုံကို ငေးမိသေးတယ်။ ဗိုလ်ချုပ်လမ်းကိုဖြတ်အကူးမှာ ခေါင်းကိုငဲ့ပြီး ငယ်ဘဝအမှတ်တရလေးတွေကို ပြန်မြင်ကြည့်သေးတယ်။
အဲသည်လိုနဲ့ သမ္မတရုံနားရောက်တော့ စိုင်းစိုင်းခမ်းလှိုင်ကို နံရံပေါ်မှာ မြင်နေရတယ်။ ဖုန်တွေတသောသောတက်နေတာ ထုနဲ့ထည်နဲ့ ရှိရော့မယ်။ သမ္မတဟာလည်း သူ့နောက်ခံဘက်ဂရောင်းက အဆောက်အဦတွေနဲ့ယှဉ်လိုက်ရင် ပုချာချာဖြစ်သွားပြီ။ တရံတခါဆီတုန်းက ဘက်ဆဲလ်လားစာရေးဆရာတချို့ သမ္မတဟိုတယ်မှာ အိပ်စားရင်းစာရေးတဲ့အကြောင်း စာအုပ်ထဲဖတ်ခဲ့ဖူးတာကိုအတွေးရောက်သွားတာ ဘူတာကြီးယာဒ်ဝန်းထဲက ရထားမဲ့နေတဲ့ သံလမ်းတွေကို မြင်ရတဲ့အထိပါပဲ။
ဖျတ်ခနဲအတွေးထဲပေါ်လာတာက ငယ်ဘဝတုန်းကစားခဲ့ရတဲ့ မုန့်ပျားသလက်။ ထန်းလျက်ရည်စစ်စစ်နဲ့လုပ်ထားတဲ့ မုန့်ပျားသလက်။ သဘာဝကာလာနဲ့ နီညိုရောင်ပြေးပြီး ဖောင်းကားစူထွက်နေတာ။
အဲတာမျိုးကို အခုအချိန်မှာ တမ်းတနေမိတယ်ဆိုတာကို ကျွန်တော်ဘယ်သူ့ကိုမှ ပြောမပြဝံ့ပါဘူး။ ပတ်ဝန်းကျင်မှာ တစိမ်းတွေများလိုက်တာ။
ကျော်ကျော် မြရည်စမ်း
၂၈/၃/၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar