Breaking News

မ၊ လ၊ ရိပ် - ယက်ဗ်တူရှင်ကာ

ယက်ဗ်တူရှင်ကာ
မ၊ လ၊ ရိပ်
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂

ဥက္ကလာဟိုးမားက ထလ်ဆာမှာ ယက်ဗ်တူရှင်ကာ ဆုံးတယ်။ ၂၀၁၇၊ ဧပြီ ၁ ရက်မှာ။ ဆေးရုံကို မတ် ၃၁ က စိုးရိမ်ရတဲ့ အခြေအနေနဲ့ရောက်၊ နောက်ရက် သူ့ဇနီးနဲ့သူ့သားနှစ်ယောက် သူ့အနားရှိတုန်းကွယ်လွန်ခဲ့တာ။ အခုသူကွယ်လွန်ပြီး ၅ နှစ်ရှိတဲ့အချိန် သူ့ကိုအမှတ်ရစရာအကြောင်းက ပေါ်လာတယ်။ သူ့ရဲ့နာမည်ကြီး ဘေးဘိုင်ယာကဗျာက ယူကရိန်းကိယက်ဗ်နားမှာ ဂျာမန်တွေက အစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ ဂျူးတွေရဲ့နေရာအကြောင်းကို ရေးထားခဲ့တာလေ။ နာဇီတွေက ဂျူး ၃၃၇၇၁ ယောက်ကို ဒုတိယကမ္ဘာစစ်တုန်းက သတ်ထားခဲ့တဲ့နေရာ။ 

        “ဘေးဘိုင်ယာမှာ ဘာအထိမ်းအမှတ်မျှ တည်မထား
        မတ်စောက်ထိုးထွက်နေတဲ့ ကျောက်စွန်းတစ်ခုသာ အကြမ်းရိုင်းဆုံး သင်္ချိုင်းမှတ်တိုင်ပမာ
        ငါထိတ်လန့်တုန်လှုပ်မိပါရဲ့။”

        ဆိုဗီယက်တွေက ဒီကြေကွဲဖွယ်အဖြစ်ကို ဖုံးဖိမသိကျိုးကျွံပြုထားခဲ့တယ်။ ဆိုဗီယက်အစိုးရမှာလည်း ဂျူးဆန့်ကျင်ရေးစိတ်ဓာတ် (Anti-semitism) ရှိခဲ့တာလေ။ စတာလင်ခေတ်လွန် ကွန်မြူနစ်အာဏာနှင်းခဲပျော်စအချိန်တွေမှာ ဆိုက်ဘေးရီယားကလာခဲ့တဲ့ လူငယ်ကဗျာဆရာလေးဟာ သူ့အသံကို ကမ္ဘာထိကြားအောင် ဟစ်နိုင်ခဲ့တဲ့ကာလပေါ့။ ကျွန်တော်လည်း ထင်းရှူးပင်ရိပ်မှာ အမေ့ရဲ့ဒုက္ခအိုးလေးနဲ့တိုးခဲ့ပြီးနောက် တိုက်ပွဲဝင်ကဗျာ ဆရာမှာတော့ အာဏာခေတ်ထဲကထိုးထွက်လာတဲ့လူငယ်ကဗျာဆရာအကြောင်း သူ့ကိုယ်တိုင်ရဲ့ ရေးသားချက်တွေက ဖတ်ခဲ့ရ (အရွယ်နဲ့မလိုက် ကိုယ် တိုင်ရေးအတ္ထုပ္ပတ္တိလို့ခေါ်ရမလား၊ မူရင်းနာမည်က။ အဲ့ဒါကိုတိုက်ပွဲဝင်ကဗျာဆရာလို့နာမည်ပေးမြန်မာပြန်ခဲ့တဲ့မောင်ပေါ်ထွန်းရဲ့ကျေးဇူးက လူငယ်စာဖတ်သူတဦးအပေါ် လေးနက်တဲ့သွန်းလောင်းမှုတခုဖြစ်ခဲ့ပါတယ်)။ နာဇီ့လက်ရာဘေးဘိုင်ယာရှိရာ ယူကရိန်းရဲ့မြို့တမြို့ ‘ဘူချာ’မှာ ယူကရိန်းအစိုးရကို နာဇီတွေဆိုပြီး အမနာပစွပ်စွဲသူတပါးနိုင်ငံထဲ ကျူးကျော်စစ်ခင်းတဲ့ပူတင်ရဲ့စစ်သားတွေဟာ ယူကရိန်းနိုင်ငံသား ၃၀၀ လောက်ကို အစုလိုက်အပြုံလိုက်သတ်ထားခဲ့တဲ့လက်ရာတွေကို အခုတွေ့ကြရသတဲ့။  

       ကဗျာဆရာတိုင်းမှာ သူအလေးအနက်ထားတဲ့ကဗျာဆရာဟာ တဦးမကရှိနိုင်ပြီး ယက်ဗ်တူရှင်ကာဟာ ကျွန်တော့်အတွက် တဦးတယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ပင်ဂွင်းကထုတ်တဲ့ကဗျာလက်ရွေးစင်စာအုပ်ကလေးကလည်း ကျွန်တော့်အတွက် ထူးခြားတဲ့စာအုပ်ကလေးပါပဲ။ ၇၀ ခုနှစ်များ နောက် ဆုံးပိုင်းနှစ်တွေ ကျောင်းပြီးစ အလုပ်မရှိအကိုင်မရှိဘဝ၊ ဆရာကေတီဦးကျော်တင့်ရဲ့ အင်္ဂလိပ်စာသင်တန်းမှာတက်နေတုန်းက ဆရာ့ဆီက ရခဲ့တာ။ စာ အုပ်လေးမှာ မှတ်မှတ်ရရကိုယ်လေးစားချစ်ခင်ရသူနှစ်ဦးပိုင်ဆိုင်ခဲ့ဖူးကြောင်း သူတို့လက်မှတ်တွေနဲ့။ အဲ့ဒီနှစ်ဦးက ကိုခင်ဝမ်းနဲ့ဆရာမြသန်းတင့်။ ဆရာမြရဲ့ဇီးမားလမ်းဆုံ ဘာသာပြန်ချက်လေးတစ်စပါတဲ့စာ မျက်နှာလေးတောင် အဲ့ဒီစာအုပ်ထဲရှိ။ အင်္ဂလိပ်စာအုပ်တွေ ထော့နင်းထော့နင်းဖတ်စ ကဗျာရေးသူ လူငယ်လေးတဦးမှာ ဆိုက်ဗေးရီးယားကလာခဲ့သူ ပြာပူမကြောက် ဆိုဗီယက်ကောင်းကင်ကိုတုတ်နဲ့ထိုးခဲ့ဖူးသူ (အဲ့ဒီခါက လူငယ်ကဗျာဆရာ)ရဲ့ ကဗျာတွေဝတ်မှုန်ကူးခဲ့ပုံပ။ (ကျွန်တော်ဖတ်ဖူးတဲ့ စာတပုဒ်မှာ ယက်ဗ်တူရှင်ကာရဲ့အိမ်က စာအုပ်စင်ခြေရင်း ဆိုက်ဗေးရီးယား ဂူးလတ်အကျဉ်းစခန်းမှာ ကွယ် လွန်တဲ့ အမည်မဲ့တဦးရဲ့သင်္ချိုင်းမှတ်တိုင်တခုထောင်ထားတာ တွေ့ရတယ်ဆိုတာကိုအမှတ်ရနေမိ။) အဲ့ဒီလို ဖတ်တတ်မဖတ်တတ်စအခါမှာ စိတ်ထဲစွဲခဲ့တဲ့ ကဗျာလေးတပုဒ်ဟာ အခုကျွန်တော်ပြန်ဖတ်တော့လည်း အရသာမပြယ်သေး။
 “ကျောင်းဆရာ”တဲ့။ ဘေးဘိုင်ယာကိုဘေးချထားပြီး ကျွန်တော်အဲ့ဒီကဗျာကိုပဲ အမှတ်တရမြန်မာပြန်ကြည့်လိုက်ပါတယ်။ 

ကျောင်းဆရာ

ပြတင်းကကြည့်ရင် အဖြူရောင်သစ်ပင်တွေပေါ်ကို မြင်ရ
ဆရာက အဲ့ဒီကနေ သစ်ပင်တွေကို ကြည့်တယ်
အကြာကြီးပဲ၊ သူကြည့်နေတာအကြာကြီးပဲ
ပြတင်းကနေပြီး သစ်ပင်တွေကို ကြည့်နေတာ
လက်တစ်ဖက်ကနေ သူ့မြေဖြူကို ဖြည်းဖြည်းချင်း ချိုးလို့။
ပြီး ဒါက အရှည်စားနည်း ခွဲနည်း ဥပဒေသတွေသာ
ပြီး သူက အရှည်စားနည်း ခွဲနည်း ဥပဒေသတွေကို မေ့သွားပြီ
အရှည်စားနည်း ခွဲနည်းကို ပြန်သတိမရဖို့ စိတ်ကူးကြည့်လိုက်ပါ
အမှားတစ်ခုက သင်ပုန်းမည်းပေါ်မှာ၊ အမှားတခု။
ကျွန်တော်တို့က သူ့ကို ခြားနားတဲ့အာရုံစိုက်ပုံမျိုးနဲ့ကြည့်ကြ
ဒီဟာအကြောင်း ဘယ်သူမှ သဲလွန်စရဖို့မလိုအပ်တဲ့ အာရုံစိုက်ပုံမျိုး
ဒီအာရုံစိုက်မှုမှာ ခြားနားမှုထက်ပိုတာ ရှိတယ်။
ကျောင်းဆရာရဲ့ ဇနီးက ထွက်သွားခဲ့ပြီ
သူ ဘယ်ထွက်သွားလဲ ကျွန်တော်တို့မသိ
သူ ဘာကြောင့် ထွက်သွားလဲ ကျွန်တော်တို့မသိ
ကျွန်တော်တို့သိတာက သူ့ဇနီးက ထွက်သွားခဲ့ပြီ။
ဆရာ့အဝတ်အစားတွေက သစ်လွင်လို့မနေ ဖက်ရှင်လည်း မကျ
သူအမြဲတမ်း ဝတ်တဲ့ဝတ်စုံကိုပဲ ဝတ်လို့
ပြီး သစ်လွင်လို့မနေဖက်ရှင်လည်း မကျ
ကျောင်းဆရာဟာ အောက်ထပ်က အဝတ်အစားခန်းဆီ ဆင်းသွားတယ်
သူ့အင်္ကျီအိတ်ထဲကို ကိုးယိုးကားယားနှိုက်လို့ လက်မှတ်ရှာတယ်။
“ဘာဖြစ်တာပါလိမ့်၊ လက်မှတ်က ဘယ်မှာလဲ
ငါ့လက်မှတ်ကို ဘယ်တုန်းကမှ မထုတ်ခဲ့ဘူး ထင်ပါရဲ့
အဲ့ဟာက ဘယ်မှာပါလိမ့်” သူ့နဖူးကို ပွတ်ရင်း။
“အို ဒီမှာကိုး။ ငါ့နှယ် အိုလာပြီ။
အိုလာတဲ့ဟာ မင်းဘာမှ အများကြီးမတတ်နိုင်ဘူး။”
အောက်ထပ်က တံခါး ကျွီခနဲပိတ်သွားတာ ကျွန်တော်တို့ ကြားရ။
ပြတင်းကကြည့်ရင် အဖြူရောင်သစ်ပင်တွေပေါ်ကို မြင်ရ
အဲ့ဒီမှာ သစ်ပင်တွေဟာ မြင့်မားပြီး လှလိုက်တာ
ဒါပေမဲ့ ကျွန်တော်တို့ အပြင်ကို လှမ်းကြည့်နေတာ သစ်ပင်တွေကိုမဟုတ်
ကျွန်တော်တို့ အသံတစ်ချက်မထွက်ဘဲ ကျောင်းဆရာကို ကြည့်နေကြတယ်။
သူက ခါးကိုင်းနေပြီး ကိုးယိုးကားယားလျှောက်နေတာ
အကာအကွယ်မဲ့ ကိုးယိုးကားယား သူရွေ့လျားနေ
နှင်းဖတ်တွေက သူ့အပေါ် ညင်သာစွာ တိတ်တိတ်ဆိတ်ဆိတ်ကျဆင်း
သစ်ပင်ဖြူဖြူတွေအောက်မှာ သူ့ကို ဖြူသွားအောင်
သစ်ပင်တွေလိုပဲ သူဟာ အဖြူထဲမှာ ဖြူလာ။
ခဏလေးနေရင် သူ့မှာ အရမ်းဖြူသွားလိမ့်
ဖြူသွားတဲ့ သစ်ပင်တွေထဲ သူ့ကို ကျွန်တော်တို့ မြင်ရတော့မှာ မဟုတ်။

မ၊ လ၊ ရိပ်
၂၀၂၂ ဧပြီ ၅

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar