မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၂
ဧပြီလ ၁၂ ရက် - ပင်လယ်ဘူးတိုက်ပွဲ၊ မီးရှို့ခံရပြန်တဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့
စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက ပင်လယ်ဘူးမြို့ကို အဲဒီဒေသက PDFတွေ မြို့ထဲက အုပ်ချုပ်ရေးရုံးတွေ အစိုးရရုံးတွေအထိ အချိန်အတိုင်းအတာတခုထိ သိမ်းပိုက်နိုင်ခဲ့ပြီး နောက်စစ်ကောင်စီက ထိုးစစ်ဆင်လာလို့ ပြန်ဆုတ်ပေးလိုက်ရတယ်လို့ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကလည်း ဗိုလ်မှူး အဆင့် အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အတော်များများ သေဆုံးခဲ့တယ်လို့ သတင်းတွေထဲမှာ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းရွှေဘိုခရိုင် ကျွန်းလှမြို့နယ်နဲ့ နယ်ချင်းဆက်စပ်နေတဲ့ ပင်လယ်ဘူးမြို့ဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လုံခြုံရေးအရ စစ်ကောင်စီဘက်က ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်တဲ့ မြို့တမြို့တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ယမန်နှစ် နှောင်းပိုင်းလတွေကတည်းက လုံခြုံရေးအခြေအနေအရ PDF တွေခြိမ်းခြောက်နိုင်တဲ့ မြို့လို ဖြစ်နေခဲ့တာ သတင်းတွေထဲ ဖတ်ရှုခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း အထက်အောက်နဲ့ အရှေ့ အနောက် မြို့နယ်အတော်များများက ကျေးရွာတွေမှာ ဒေသအလိုက် PDF တွေ တိုက်ခိုက်၊ ဗုံးခွဲ၊ ဒလန်ရှင်းလင်းရေးဆိုတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ စစ်ကိုင်းတိုင်းက နေ့စဥ်သတင်းတွေထဲမှာ တနေရာမဟုတ်တနေရာ ပါနေတာလည်း ဖြစ်ပါတယ်။
မုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော်၊ မင်းကင်း စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ နေ့စဥ်လိုလို စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်တာ၊ စစ်ကောင်စီက ရွာတွေ ဝင်ရောက်ဖျက်ဆီးမီးရှို့တာ ၊ မသင်္ကာသူ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာ အသက်ဆုံးရှုံးရတာတွေက နေ့စဥ် သတင်းတွေလို ဖြစ်နေပါတယ်။
အခု ပင်လယ်ဘူးမြို့ထဲက အစိုးရရုံးတွေအထိ ယာယီ သိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီအတွက် အကြီးအကျယ် သိက္ခာကျစရာဖြစ်သလို၊ မြို့တွေကို PDF တွေဝင်ရောက် သိမ်းယူနိုင်ပြီလားဆိုတဲ့ PDF တွေအဖို့ စိတ်အားတက်ကြွစရာတခုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ဗိုလ်မှူး အဆင့်ရှိသူ သေဆုံးသွားတယ် ဆိုတဲ့သတင်းကို ကြည့်ရင် တိုက်ပွဲက ဘယ်လောက် ပြင်းထန်သလဲဆိုတာ မှန်းဆနိုင်ပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ KIA/PDF ပူးပေါင်းတပ်ဖွဲ့လို့ သုံးနှုန်းထားပြီး ဧပြီလ ၇ ရက်နေ့မှာ မြို့ပေါ်က နေရာအချို့ကို ဆုတ်ခွာပေးလိုက်ရတယ်ဆိုတာကို ဝန်ခံထားပြီး နောက်ရက်တွေမှာ ပြန်သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ယင်းမာပင်မြို့နယ်ထဲက ကံစုရွာကို စစ်ကောင်စီတပ်တွေ ဝင်လာပြီး နေအိမ်တွေ မီးရှို့ရာမှာ နေအိမ် ၃၀ လောက် မီးလောင်သွားတဲ့သတင်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတာကြောင့် မဟုတ်ပဲ PDF ထောက်ခံသူတွေ အိမ်ကို အဓိကပစ်မှတ်ထားပြီး မီးရှို့တာလို့ သတင်းဖေါ်ပြမှုတွေထဲမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ကျေးရွာတွေ မီးရှို့တဲ့ သတင်းက နေ့စဥ်လိုလို သတင်းထဲပါနေတဲ့ သတင်းခေါင်းစဥ် တခုလို ဖြစ်လာနေပါတယ်။ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေ ဖြစ်တဲ့ မုံရွာနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေမှာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ကလေးမြို့တောင်ဘက်က ကျေးရွာတွေမှာ ၊ မကွေးတိုင်း မြောက်ပိုင်း ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါ စတဲ့ဒေသတွေနဲ့ ကယားပြည်နယ်က ကျေးရွာအချို့မှာ နေ့စဥ်လိုလို တနေရာမဟုတ် တနေရာ မီးရှို့ခံနေကြရတာ ဖြစ်ပါတယ်။
စစ်တိုက်ကြရာမှာ လက်နက်ကိုင်သူအချင်းချင်း တိုက်ကြတာမျိုးမဟုတ်တော့ဘဲ လက်နက်ကိုင်တွေ ခိုလှုံနိုင်မယ့် ကျေးရွာတွေကိုပါ အသိုက်ဖျက်ဆီးတဲ့ သဘောနဲ့ နေစရာမရှိအောင် မခိုအောင်းနိုင်အောင် ဖျက်ဆီးနေကြတဲ့ နည်းဗျူဟာအဖြစ် စစ်ကောင်စီက အသုံးချနေတယ်လို့ ကောက်ချက်ချရပါတယ်။
အရင်က ဖြတ်လေးဖြတ် စနစ်ကိုသုံးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ချေမှုန်းဖို့ အနိုင်ယူဖို့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ဟာ အခုတကြိမ်မှာတော့ ဖြတ်လေးဖြတ်ထက် ပိုမိုဆိုးရွားတဲ့ မြေလှန်စနစ်ကို သုံးလာတာ ဖြစ်ပါတယ်။ ဒီစနစ်ကို ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ၂၀၁၉ ခုနှစ်တွေမှာ သုံးခဲ့ဖူးပြီး အခု အခါ စစ်ကိုင်းတိုင်း မကွေးတိုင်း၊ ကယားပြည်နယ်တို့မှာ ကျင့်သုံးနေတာ ဖြစ်ပါတယ်။
အရင် စစ်အစိုးရလက်ထက်က ရှမ်းပြည်နယ်မှာ ၁၉၉၆ ခုနှစ်ဝန်းကျင်က ကျေးရွာ ထောင်နဲ့ချီ ဖျက်ဆီးခဲ့ဖူးသလို ကရင်ပြည်နယ်မှာလည်း ဒုက္ခသည် သိန်းဂဏန်း ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံရတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ရွှေ့ပြောင်းစေတဲ့ နည်းတွေ သုံးခဲ့တာ သမိုင်းအဖြစ်အပျက်တွေမှာ ရှိပါတယ်။ ထိုင်းနိုင်ငံဘက်အခြမ်း မြန်မာနယ်စပ်တလျှောက် ယခုတိုင် ရှိနေတဲ့ ဒုက္ခသည်စခန်း ၅ ခုဟာ ၁၉၉၀ ပြည့်နှစ်များမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ကျေးရွာတွေ ဖျက်ဆီးခံရပြီး ထွက်ပြေးရတဲ့သူတွေ ဖြစ်ပါတယ်။
အလားတူပဲ ၇ သိန်းကနေ ၁ သန်းကြား အရေအတွက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြရသူ ရိုဟင်ဂျာ လို့ အမည်ခေါ်ဝေါ်ကြတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေလည်း သူတို့နေထိုင်တဲ့ ကျေးရွာပေါင်း ရာချီ မီးရှို့ဖျက်ဆီးခံရခဲ့တာ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ဆယ်စုနှစ်ချီ ကာလတလျှောက်မှာ စစ်တပ်ရဲ့ သုံးစွဲခဲ့တဲ့ နည်းလမ်းတွေက ကြွက်မနိုင်ရင် ကျီမီးရှို့တဲ့ နည်းလမ်းမျိုးကို သုံးစွဲခဲ့တာ ခုထိတိုင်ဖြစ်ပြီး ဒီလိုရက်စက်တဲ့ ရပ်ရွာကိုပါ မီးတိုက်တဲ့ လုပ်ရပ်မျိုး မြန်မာနိုင်ငံမှာ ဘယ်တော့မှ ပေါ်မလာတော့အောင် အဆုံးသတ်သင့်ပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar