Breaking News

ကိုသန်းလွင် - မျောက်ကျောက်ရောဂါ

ကိုသန်းလွင် - မျောက်ကျောက်ရောဂါ

(မိုးမခ) ဇွန် ၅၊ ၂၀၂၂


( ၁ )

ကျန်းမာရေးအရာရှိများက မျောက်ကျောက်ရောဂါ (Monkeypox) နှင့် ပတ်သက်၍ ကိစ္စ ၂၀၀ ခန့်ကို ရောဂါဖြစ်သည်ဟု သေချာသော ကိစ္စများနှင့် သံသယရှိသည့်ကိစ္စများကိုပါ အောက်ပါနိုင်ငံများတွင်လေ့လာခဲ့ကြ ပါသည်။ ၎င်းသည် အာဖရိကမှအပ ဖြစ်ပြီး  သြစတြေးလျ၊ ဘယ်ဂျီယံ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ် သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့ဖြစ်ပါသည်။ ကနေဒါက လူ ၂၆ ဦးတွင်ရောဂါပိုး တွေ့သည်ဟု ဆိုသည်။ 

ကိုရိုနာရောဂါဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း နေထိုင်ခဲ့ရမှုကြောင့် ဗိုင်းရပ်မှ ကူးသော ရောဂါ ဖြစ်ကြောင်းကြားလိုက်ရသည်နှင့်ကမ္ဘာလုံးအနှံ့ဖြစ်ပွားမည့်အရေးကိုစိုးရိမ်ခဲ့ကြပါသည်။ သို့သော်ဤရောဂါသည် ကိုရိုနာဗိုင်းရပ်ကဲ့သို့ တကမ္ဘာလုံးကို အလုပ်ရှုပ်စေမည့်ကိစ္စမဟုတ်ကြောင်း ပြောကြပါသည်။ ရောဂါကိုလေ့လာ သူ ပိုများလာသည်နှင့်အမျှ ပိုမိုများသော ကိစ္စများကို တွေ့ကြရပြီး ကိုဗစ်ကဲ့သို့မဟုတ်ကြောင်း ကို ကုလသမဂ္ဂ အရာရှိ များက ပြောပါသည်။ 

( ၂ )

မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်ပိုးအသစ်မဟုတ်ပါ။ လူတစ်ယောက်မှ တစ်ယောက်သို့ ကူးစက်ရန် လည်းခက်ခဲပါသည်။ လူတို့သည် ရောဂါဖြစ်နေသည့်သတ္တဝါများနှင့်တရင်းတနှီးနေမိရာမှ ကူးစက်ရပါသည်။ အ ကောင်က ကိုက်၍သော်လည်းကောင်း၊ ကုတ်မိခြစ်မိရာမှလည်းကောင်း၊ ခန္ဓာကိုယ်မှထွက်သော အရည်များ မှ လည်းကောင်း နူးနပ်အောင်ချက်မထားသည့် ရောဂါဖြစ်နေသည့်သတ္တဝါ၏အသားကိုစားမိရာမှ လည်းကောင်း ကူးနိုင်ပါသည်။

ဤဗိုင်းရပ်ပိုးကို ၁၉၅၈ ခုနှစ်တွင် ဓာတ်ခွဲခန်းရှိမျောက်များ၌ စတင်တွေ့ရှိရပြီး မျောက်ရောဂါအဖြစ်နာ မည်ရခဲ့ပါသည်။ ရောဂါပြန့်နှန့်အောင် အဓိကအားဖြင့် ကြွက်(Rodents) များမှ တောထဲတွင် ကူးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ ၎င်းကိုအာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများတွင် တွေ့ရှိရပြီး သစ်တောများနှင့် နီးစပ်သောရှဉ့်များ ကြွက်များမှာ အဓိကသယ်ဆောင်သူ များဖြစ်ကြသည်။

အာဖရိက ဗိုင်းရပ်မှာ ထိုသတ္တဝါများတွင်သာရှိနေခဲ့ကြပြီးအခြားနေရာများတွင်လည်း တိရစ္ဆာန်များတွင် သာ တွေ့ခဲ့ရသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပါပြီ။ ပထမဆုံး လူတွင် ရောဂါဖြစ်ခြင်းကို ကွန်ဂို နိုင်ငံတွင် ၁၉၇၀ ခုနှစ်ကစတင်တွေ့ရှိရသည်။ ရောဂါသည် ကျယ်ကျယ်ပြန့်ပြန့်လည်းမဟုတ် နေရာကျဉ်းကျဉ်းကလေးသာ ဖြစ် ပွားပြီး အာဖရိကနိုင်ငံ ၁၁ နိုင်ငံတို့တွင် တွေ့ခဲ့ရပါသည်။

လူအနည်းငယ်၌သာ အခြားနိုင်ငံများတွင်ကူးစက်သည်ကိုတွေ့ရှိရပါသည်။ ခရီးသွားသူများနှင့်တိရစ္ဆာန် များကိုနိုင်ငံအတွင်းသို့တင်သွင်းရာမှကူးကြပါသည်။ ဗိုင်းရပ်ပိုးသည် အိမ်မွေးတိရစ္ဆာန်များ၎င်းမှတဆင့် ၎င်းတို့ ၏ ပိုင်ဆိုင်သူများကို ကူးကြပါသည်။

သို့သော် မျောက်ကျောက်ရောဂါသည် လူမှ လူ သို့ကူးသွားခြင်းမှာ အလွန်ရှားပါးပါသည်။ ရောဂါကူးရ ခြင်းမှာ ကိုယ်ခန္ဓာအရေပြားခြင်းထိစပ်ရာမှကူးခြင်းဖြစ်ပြီး ထိုအဓိပ္ပာယ်ဖြင့်ကြည့်ပါကကိုဗစ်ရောဂါနှင့် ပုံသဏ္ဍာန် မတူညီပါ။ ရောဂါပြန့်ပွားရခြင်းမှာ အဝတ်အစားများကို ကိုင်တွယ်မိခြင်း၊ အိပ်ယာခင်းများပေါ်တွင် ထိုင်မိခြင်း၊ နှာချေ၊ ချောင်းဆိုးရာမှ အရည်အစက်များ ပြန့်နှံ့ကုန်ခြင်းကြောင့်လည်း ဖြစ်ရသည်ဟု WHO က ဆိုပါသည်။ 

ထိုသို့ ဆိုခြင်းဖြင့်  ဤရောဂါသည် ကိုဗစ်ဖြစ်ခါစ အခြေအနေများနှင့် ဆင်ဆင်သွား၍တူညီပါသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ အသက်ရှုရာမှ ထွက်လာသော အစက်အပြောက်များနှင့်ရောဂါပိုးရှိသော မျက်နှာ ပြင်များမှကူးရခြင်းဖြစ်ပါသည်။ နောက်ထပ်သိရသည်မှာ ကိုရိုနာဗိုင်းရပ်ပိုးသည်လေထဲတွင်ရှိသည့် အမှုန်အမွှား များမှတဆင့် ၆ ပေထက်မနည်းသောနေရာများသို့ပျံ့နှံ့နိုင်သည်ဟူ၍ ဖြစ်ပါသည်။ သို့သော်မျောက်ကျောက်ရော ဂါမှာထိုသို့ ကူးသွားနိုင်လိမ့်မည်ဟု ယူဆ၍ မရပါ။ ကိုရိုနာဗိုင်းရပ်မှာ သေးငယ်ပြီး (Single Strand) သာရှိသည့် RNA ဗိုင်းရပ်ဖြစ်ပြီး ၎င်းသည် လေထဲမှ ကူးစက်သွားလာနိုင်ပါသည်။ 

မျောက်ကျောက်ရောဂါဗိုင်းရပ်မှာ Double Strand DNA ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗိုင်းရပ်သည် ပို၍ ကြီးမားပြီး လေးလည်းလေးကာ ခရီးဝေးဝေးမသွားနိုင်ပါ။ ၎င်းသည်ရိုးရိုးကျောက်ရောဂါ (Small Pox) ဖြစ်သော ဗိုင်းရပ်နှင့် ဆင်ဆင်တူပါသည်။ အမေရိကန်ပြည် ရောဂါထိမ်းချုပ်ရေးဌာန (Center For Disease Control) က ပြောသည်မှာ ရောဂါ၏အသွင်လက္ခဏာများသည် ၆ ရက်မှ ၁၃ ရက်အတွင်း ဖြစ်ပေါ်လာကြပါသည်။ ၃ ပါတ်ခန့် လည်းကြာနိုင်ပါသည်။ လူများသည်ခေါင်းခဲခြင်း၊ ကြွက်သားများနာခြင်း၊ အာသီးရောင်ခြင်း၊ မောပန်းနေခြင်းများ ဖြစ်နိုင်ပါသည်။

ဖျားနာပြီး ၁ ရက်မှ ၃ ရက်ကြာသောအခါ လူများစွာတို့တွင် အသားများ နာကျင်ခြင်း ဖြစ်တတ်သည်။ ပထမဦးစွာ ကိုယ်ခန္ဓာတွင်အနီရောင်အစက်အပြောက်များဖြစ်လာပြီး အင်ပြင်ထလာသည်။ နောက်ထပ် ၅ ရက် မှ ၇ ရက်အတွင်း ထိုအနီမှတ်များမှ အရည်ကြည် (pus) များဖြင့်ပြည့်နေသည့် အဖုအပိန့် များထွက်တတ်သည်။ လူနာ၏မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်အတွင်းပိုင်းသူတို့၏လိင်အင်္ဂါများပေါ်တွင်စတင်ဖြစ်ပေါ်ပြီးတစ်ကိုယ် လုံးပြန့်နှံ့သွားတော့သည်။ 

ရောဂါဖြစ်သော လူတို့တွင် ထိုအဖုအပိန့်များ အနာဖေးတက်ကာ ပျောက်ကွယ်သွားသည့် ၂ ပါတ်ကြာ လျင် သူတို့သည်မကူးစက်နိုင်တော့ပါ။ ကလေးငယ်များနှင့်လူကြီးများတွင် ခုခံအားမကောင်းပါက ပိုမိုဆိုးရွားစွာ ခံရလေ့ရှိသည်။ သို့သော်မျောက်ကျောက်ရောဂါသည်သေနိုင်စေလောက်သည့် ဒဏ်ရာကိုမဖြစ်စေပါ။ အာဖရိ ကတွင် တွေ့ရသည့် ရောဂါသယ်အချို့တွင်သာ ၁၀% မျှသာသေဆုံးကြသည်။ ယခုပြန့်နှံ့နေသည့် ရောဂါအမျိုး အစား မှာ ၁% ထက်လျော့နည်းပြီး သေနှုန်းရှိသည်။

ကိုဗစ်ရောဂါသည် လက္ခဏာပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ၊ ပြန့်နှံ့နိုင်ပါသည်။ သို့သော် မျောက် ကျောက်ရောဂါသည် အင်ပြင်ကဲ့သို့အရာပေါ်လာပြီး လက္ခဏာပြပြီးမှ ရောဂါဖြစ်လာသော ကြောင့် အန္တရယ် ဖြစ်တော့မည်ကြိုတင်သိနိုင်ကြသည်။ 

မျောက်ကျောက်ရောဂါ ဗိုင်းရပ်ပိုးသည် ပို၍ ရောဂါကို ပြင်းထန်စေသည်ဟူ၍လည်းကောင်း ပို၍ပြန့်နှံ့ စေနိုင်သည်ဟူ၍လည်းကောင်းပြောင်းလဲသွားသည်ကိုလက်တွေ့တွင်မတွေ့ရပါ။ DNA ဗိုင်းရပ် ဖြစ်သောကြောင့် ပို၍တည်ငြိမ်ပြီး RNA ဗိုင်းရပ်လောက် အပြောင်းအလဲမှာများစွာမတွေ့ရချေ။ ယခုအချိန်တွင် ၎င်းတို့ အကြောင်း ပိုသိအောင် အပြင်းအထန်လေ့လာလျက်ရှိကြပြီး ပြောင်းလဲမှု (Mutation) ရှိမရှိ ပို၍ ကူးစက်နိုင်စွမ်း ရှိမရှိနှင့် တခြားလက္ခဏာ သဘာဝများကို သိနိုင်ရန် စူးစမ်းလေ့လာလျက်ရှိသည်။ သို့သော် များစွာပြောင်းလဲမှုရှိမည်ဟု မမျှော်လင့်ကြချေ။

မကြာမီက ရောဂါအဖြစ်များသည်ကိုရှင်းလင်းပြသနိုင်ပါသည်။ ရောဂါရှိသောအကောင်များနှင့်လူတို့၏ ထိတွေ့မှု ပိုများလာခြင်း၊ (Zoonotic Spill Over) အဖြစ်အပျက်များမှာလွန်ခဲ့သည့် ၁၀ စု နှစ်အတွင်းပို၍များပြား လာသည်။ မြို့ပြတွင်လူနေများပြားလာခြင်း၊ သစ်တောများပြုန်းတီးလာခြင်းမှာတောတိရစ္ဆာန်များနှင့်လူတို့အထိ အတွေ့ ပို၍ များပြားလာခြင်းကို ပြဆိုပါသည်။ လင်းနို့နှင့် ကြွက် သတ္တဝါများမှာ ဗိုင်းရပ်ကို သယ်ဆောင်သဖြင့် ထိုအကောင်များ ဦးရေများပြားလာခြင်းမှာအကြောင်းတစ်ခုဖြစ်သည်။ 

ပင်ဒဲမစ်ကြောင့် လူအသွားအလာလျော့နည်းသွားခဲ့သော်လည်း ပင်ဒဲမစ် ဖြစ်ပြီးသည့်နောက် ပို၍ ခရီးသွားလာများခဲ့ပါသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားလေ့ရှိသည့် နိုင်ငံများသို့ လူနာကိုယ်တိုင်မသွား ရောက်ခဲ့ သော်လည်း သူတို့ထံရောဂါရောက်လာပုံကို (Contact Tracing) လုပ်ငန်းများမှတဆင့်လာမည့်ရက် သတ္တပါတ် များတွင် သိသာဖွယ်ရာရှိသည်။ ကိုဗစ်ဖြစ်ပွားစဉ်က လူတို့ပြုလုပ်ခဲ့ကြသော တစ်ဦးနှင့်တစ်ဦး အနေကွာခြင်း (Social Distancing)၊ အများတကာသွားလာသည့်နေရာများတွင် မျက်နှာကို ဖုံးအုပ်ထားခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းစင်ကြယ်စွာနေခြင်း စသည်တို့မှာ မျောက်ကျောက်ရောဂါကာကွယ်ရာတွင် ကောင်းသော အလေ့အထ များပင်ဖြစ်ကြပါသည်။

( ၃ )

ရောဂါဖြစ်ပြီဆိုလျှင် ဆေးမှာအသင့်ရှိပြီးဖြစ်သည်။ ဗိုင်းရပ်ကာကွယ်ဆေး (Antiviral drug) ဖြစ်သော Cidofovir နှင့် Tecovirsmat များမှာ အဆင်သင့်ရှိပြီဖြစ်သည်။ ကျောက်ရောဂါကို ကာကွယ်ရန်တီထွင်ထားသော သွေးကြောသွင်းသို့ ထိုးသွင်းရသည့် ဆေးကို ခုခံအားကို ပိုမိုကောင်းမွန်စေရန် ထိုးသွင်းနိုင်ပါသည်။ ယခုအချိန်တွင် ဤရောဂါကို ဘယ်လောက်ကြာအောင် ရင်ဆိုင်ကြရမည်ကို သိရန် စောပါသေးသည်။ ယခင်က ရင်ဆိုင်ခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ ထပ်မံရင်ဆိုင်ရန် မခက်ခဲတော့ပါ။ ကျွန်တော်တို့တွင် ကာကွယ်ရန်ဆေးနှင့် ဘယ်လိုနေထိုင်ကြရမည်ကို သိရှိကြပြီးလည်းဖြစ်ပါသည်။

ကိုသန်းလွင်

Ref: How worry should you be about monkeypox By KnvulSheikh NY Times May 27 2022



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar